မတ်၂၁ရက်က မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ရှိ ဆန္ဒပြသူများ တည်ဆောက်ထားသည့် အတားအဆီး၊ အကာအရံအနီး ကားတာယာမီးလောင်ကျွမ်းနေသည်ကို အဝေးမှ လှမ်းမြင်ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

မန္တလေးဆန္ဒပြပွဲများကို အန္တရာယ်လက်တစ်ကမ်းအကွာက သတင်းရယူခြင်း

မတ်၂၇ရက်က သတင်းရယူနေတုန်း ကျည်ဆန်ထိမှန်ခဲ့တဲ့ ဖရွန်းတီးယားမြန်မာ သတင်းထောက်တစ်ယောက်က မန္တလေးမြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေအကြောင်း ပြန်ပြောင်းပြောပြထားပါတယ်။

ဖရွန်းတီးယားမြန်မာ

မတ်၂၇ရက်က စာရေးသူ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က စိန်ပန်းရပ်ကွက်ကိုရောက်သွားတဲ့အချိန်မှာ တစ်ခွင်တစ်ပြင်လုံးဟာ စစ်မြေပြင်အလားပါပဲ။ ၄၁လမ်းရဲ့မြင်ကွင်းဟာ စစ်တလင်းပြင်အလား လမ်းဆုံလမ်းခွတွေမှာ မီးခိုးငွေ့တွေ တလိပ်လိပ် တက်နေပါတယ်။

သဲအိတ်နဲ့ ဝါးကပ်အကာအရံတွေနောက်မှာ လူငယ်တွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ဖြိုခွင်းလာရင် ရင်ဆိုင်ကာကွယ်ဖို့အတွက် အသင့်အနေအထားနဲ့ ပြင်ဆင်နေကြပါတယ်။

ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်ဘယ်လောက်ကြီးမားသလဲဆိုတာ သိကြပေမဲ့ လူငယ်တွေဟာ ဒါကိုမှုပုံမပေါ်ပါဘူး။ အဲဒီနေ့မတိုင်ခင် လွန်ခဲ့တဲ့ နှစ်ပတ်လောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဒီစိန်ပန်းရပ်ကွက်က ဒီမိုကရေစီအရေး ဆန္ဒပြသူတွေ ကျည်ဆန်အစစ်တွေနဲ့ ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ အဲဒီဖြိုခွင်းမှုအတွင်း လူအတော်များများ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူလည်း အတော်များများ ရှိခဲ့ပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေအတော်များများဟာ စိန်ပန်းရပ်ကွက်ရဲ့ နောက်ဖေးလမ်းကြားတွေမှာ ပိတ်မိခဲ့ပြီး သူတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရန်က ဘေးလွတ်ရာကယ်ထုတ်ဖို့အတွက် ပရဟိတအသင်းတွေဟာ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။

မတ်၂၇ရက်ဟာ တပ်မတော်နေ့ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဒီမိုကရေစီအင်အားစုတွေကတော့ “တော်လှန်ရေးနေ့”အဖြစ်သာ ခေါ်ဆိုကြပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးခေတ် ၁၉၄၅မှာ မြန်မာနိုင်ငံဟာ ဖက်ဆစ်ဂျပန်လက်အောက်က လွတ်မြောက်မှုအထိမ်းအမှတ်အဖြစ် မတ်၂၇ရက်ကို တော်လှန်ရေးနေ့လို့ သတ်မှတ်ခဲ့ပါတယ်။

အဲဒီက နောင်နှစ်ပေါင်း၇၀အကျော် ဒီနှစ်၊ မတ်၂၇ရက်မှာတော့ မန္တလေးက ဒီမိုကရေစီတောင်းဆိုကြတဲ့ လူငယ်တွေဟာ စိန်ပန်းရပ်ကွက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုကို ဟန့်တားဖို့ ပြင်ဆင်နေကြတာပါ။

သိပ်မကြာခင်မှာဘဲ ၄၁လမ်းအတိုင်း အရှေ့အရပ်ကနေ ရဲကားနှစ်စီးအရှိန်အဟုန်နဲ့ မောင်းနှင်လာပြီး လုံခြုံရေးအကာအရံတွေရဲ့ မီတာ၂၀၀ခန့် အကွာအဝေးအရောက်မှာ ကားရပ်တန့်သွားပါတယ်။ ကားပေါ်ပါလာတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကားပေါ်က ရုတ်တရက်ဆင်းချလာပြီး ဆန္ဒပြလူငယ်တွေ ရှိရာအရပ်ကို ကျည်ဆန်အစစ်တွေနဲ့ တရစပ်ပစ်ခတ်ပါတော့တယ်။

သတင်းဓာတ်ပုံရိုက်ကူးနေတဲ့ စာရေးသူကိုယ်တိုင်ပင်လျှင် ချက်ချင်းနောက်ဆုတ်၊ အသက်ဘေးလွတ်ရာကို ပြေးလွှားပြီး သဲအိတ်အကာအကွယ်တွေရဲ့ နောက်ကွယ်ကို ဝင်ပုန်းနေလိုက်ပါတော့တယ်။ စက္ကန့်ပိုင်းသာနောက်ကျခဲ့ရင် မတွေးဝံ့စရာအခြေအနေရောက်သွားနိုင်တာကို ပြန်တွေးမိတိုင်း ရင်ထဲတုန်လှုပ်နေမိပါတယ်။ စာရေးသူအတွက်တော့ စစ်မြေပြင်မှာ သတင်းရယူနေတဲ့အလား ထိတ်လန့်ခြောက်ခြားစရာ အခြေအနေတစ်ခုပါပဲ။

ဒါနဲ့စာရေးသူဟာ သဲအိတ်တွေရဲ့နောက်ကွယ် မီတာ၁၀၀ခန့်အကွာမှာ သတင်းဓာတ်ပုံရိုက်ဖို့ အကာအကွယ်ယူလိုက်ပါတယ်။ အဲဒီအချိန် စာရေးသူရဲ့နောက်ဘက် မလှမ်းမကမ်းမှာ ပုန်းကွယ်နေရာက မိုဘိုင်းဖုန်းတွေနဲ့ ဓာတ်ပုံရိုက်နေတဲ့ လူငယ်သုံးဦးကို တွေ့လိုက်ပါတယ်။ “ငါညီတို့ ကျည်စစ်ကျည်မှန်တွေနဲ့ ပစ်နေတာ ရှေ့မတိုးနဲ့ နောက်ဆုတ်နောက်ဆုတ်”လို့ လှမ်းပြီးသတိပေးလိုက်ပါတယ်။

သေနတ်ပစ်ခတ်သံတွေကြားလိုက်ရပြီး ရုတ်တရက်ဆိုသလို စာရေးသူရဲ့ ဘယ်ဘက်လက်ဝါးကို တစ်စုံတစ်ခု စူးခနဲစိုက်ဝင်သွားပြီး နာကျင်မှုဆိုတဲ့ ခံစားချက်က အသိစိတ်ထဲ ဝင်ရောက်လာပါတယ်။ လှမ်းကြည့်လိုက်တော့ ကျည်ဆန်တစ်တောင့်ဟာ စာရေးသူရဲ့ ဘယ်ဘက်လက်သန်းကြွယ်ကနေ ဖောက်ဝင်ပြီး လက်ဖမိုးကို ဖောက်ထွက်သွားပါတယ်။

တကယ်လို့များ စာရေးသူလက်ကို မထိမှန်ခဲ့ရင် အနောက်မှာ ဖုန်းနဲ့ဓာတ်ပုံရိုက်နေတဲ့ လူငယ်သုံးယောက်ထဲက တစ်ယောက်ယောက်တော့ ကျည်ဆန်ထိမှန်မှာပဲလို့ တစ်ဒင်္ဂတွေးမိလိုက်ပါတယ်။ ကျည်သင့်ဒဏ်ရာကြောင့် စာရေးသူရဲ့လက်ဟာ ထူပူထုံကျင်သွားပြီး အဲဒီနောက်မှာတော့ မိမိလက်အခြေအနေအတွက် စပြီးစိုးရိမ်ပူပန်တော့တာပါပဲ။

အဲဒီအချိန်မှာ ခုနကလူငယ်တွေထဲက နှစ်ယောက်က စာရေးသူကို အနီးစပ်ဆုံးဆေးအဖွဲ့ရှိရာကို တွဲကူခေါ်ပြီး လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်။ ဆေးအဖွဲ့က ရှေးဦးသူနာပြုနည်းနဲ့ အနာသွေးတိတ်အောင် အရင်ကုသပေးပေမဲ့ ဒဏ်ရာအခြေအနေ ဆိုးရွားတာကြောင့် နောက်ထပ်အရေးပေါ်ကုသမှုခံယူဖို့လိုပါတယ်။ ဆေးအဖွဲ့က ကျနော့်ကို အနီးဆုံးလူနာတင်ယာဉ်ဆီ မော်တော်ဆိုင်ကယ်နဲ့ပို့ဆောင်ဖို့ စီစဉ်ခဲ့ပေမဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လေးဘက်လေးတန်ပိတ်ဆို့ပြီး တရစပ်ပစ်ခတ်ဖြိုခွင်းနေတာကြောင့် လုံးဝနည်းလမ်းရှာမရဖြစ်နေခဲ့ပါတယ်။

ကံကောင်းထောက်မစွာနဲ့ပဲ ထွက်လမ်းရှာဖွေရင်း ၄၁လမ်းနဲ့ ကမ်းနားလမ်းမှာ လူနာတင်ယာဉ်တစ်စီးကို တွေ့ရှိခဲ့ပါတယ်။ ဒါနဲ့ လူနာတင်ယာဉ်ပေါ်က ဆေးအဖွဲ့က စာရေးသူနဲ့ ခင်မင်ရင်းနှီးနေတဲ့ ဆေးအဖွဲ့တစ်ဖွဲ့ ဖြစ်နေပါတယ်။ ကားပေါ်ရောက်တဲ့အချိန်မှာ သူတို့ကပဲ အနာသွေးတိတ်အောင် ဆက်ပြီး ကူညီကုသ ပေးခဲ့ကြပါတယ်။

စိန်ပန်းရပ်ကွက်အတွင်း အင်အားအများအပြားနဲ့ နေရာယူပစ်ခတ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတိကြီးကြီးထား ရှောင်ရင်းတိမ်းရင်း နောက်ဆုံးတော့ လူနာတင်ကားဟာ နေ့လယ် ၂နာရီ၃၀မိနစ်ရောက်မှ ကုသမှုခံယူမယ့် ဆေးခန်းကို ရောက်သွားပါတယ်။ စာရေးသူလက်ကို ကျည်ဆန်ထိမှန်တာ နေ့လယ်၁၁နာရီခွဲလောက်ကဖြစ်ပြီး ဆေးခန်းကိုရောက်ဖို့ အချိန်သုံးနာရီလောက် ကြာသွားပါတယ်။

တော်လှန်ရေးနေ့ဟုလည်း အများကခေါ်ဆိုသည့် မတ်၂၇ရက် (တပ်မတော်နေ့)က မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် ဆန္ဒပြသူများက သဲအိတ်၊ အကာအရံများနောက်ကွယ်တွင် နေရာယူ၍ လေးခွအကြီးစားဖြင့် ပြန်လည်ခုခံပစ်ခတ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှေ့သို့တက်မလာနိုင်အောင် ဟန့်တားခဲ့ကြသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

သွေးစွန်းခဲ့သော ရက်သတ္တပတ်

တကယ်တော့ အဲဒီနေ့မှာ နေတောင်မွန်းမတည့်သေးပေမဲ့ စိန်ပန်းရပ်ကွက်မှာတော့ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကို ဆန္ဒပြလူငယ်တွေ၊ ဒေသခံတွေက သုံးကြိမ်တိုင်တိုင် ကြံ့ကြံ့ခံရင်း ရင်ဆိုင်ခဲ့ကြပါတယ်။

မတ်၂၇ရက်၊ တော်လှန်ရေးနေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ၁ရက်ကနေဆိုရင် အင်အားအများဆုံးဆန္ဒပြတဲ့ ရက်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ သပိတ်စစ်ကြောင်းအသီးသီးဟာ မန္တလေးမြို့တွင်း နေရာအနှံ့ ချီတက်လှည့်လည်၊ စီတန်းဆန္ဒပြခဲ့ကြပြီး ဒီမိုကရေစီရရှိဖို့အတွက် ငြိမ်းငြိမ်းချမ်းချမ်း တောင်းဆိုခဲ့ကြပါတယ်။

မနက်၆နာရီလောက်မှာ ကျန်းမာရေးဝန်ထမ်းများရဲ့ သပိတ်စစ်ကြောင်းဟာ အာဏာရှင်ဆန့်ကျင်ရေးတပ်ဦး အလံတော် လေမှာတလူလူလွင့်လို့နေပါပြီ။ မော်တော်ဆိုင်ကယ်ကိုယ်စီနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေ ဟစ်ကြွေးပြီး အောင်မြေသာစံမြို့နယ်အတွင်း စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ကြွေးကြော်မှုအရှိန်ကောင်းနေတုန်း ရုတ်တရက် စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ သပိတ်စစ်ကြောင်းအနီး ရောက်ရှိလာတာကြောင့် ချက်ချင်းလူစုခွဲလိုက်ရပြီး ကြိုတင်ချိန်းချက်ထားတဲ့အတိုင်း အခြားတစ်နေရာမှာလူပြန်စုပြီး ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီ၈ရက်ကတည်းက နေ့စဉ်ရက်ဆက်ထွက်ရှိနေတဲ့ မြတောင်သပိတ်စစ်ကြောင်းကလည်း အဲဒီနေ့မှာ တခြားသပိတ်စစ်ကြောင်းတွေလိုပဲ ချီတက်ဖို့ပြင်ဆင်နေခဲ့ပါတယ်။ မဟာအောင်မြေမြို့နယ်ကနေ စတင်ချီတက်ဖို့ ပြင်ဆင်နေတုန်းမှာပဲ မြတောင်သပိတ်စစ်ကြောင်းကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပြီးတော့ အကြမ်းဖက်ဖြိုခွင်းလိုက်ပါတယ်။

“စစ်ကြောင်းတောင်မထွက်ရသေးဘူး စစ်ကြောင်းစုရပ်သုံးဘက်ကို စစ်ကောင်စီလက်နက်ကိုင်တွေက ပိတ်ဆို့တားဆီးပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မယ့် ကျနော်တို့လူငယ်တွေကို အင်အားသုံးအကြမ်းဖက်ဖြိုခွင်း ရိုက်နှက်ဖမ်းဆီးတော့တာပဲ။ စုရပ်နေရာကျဉ်းတဲ့အတွက် လူငယ်၆၅ယောက် ဖမ်းဆီးခံခဲ့ရတယ်။ ဆိုင်ကယ်တွေကိုလည်း သိမ်းသွားတယ်”လို့ မြတောင်သပိတ်စစ်ကြောင်းမှာ နေ့စဉ်ပါဝင်ဆန္ဒပြတဲ့ ကိုကျော်ကြီးက ပြောပါတယ်။

“ပုန်းနေတဲ့ လူငယ်တွေကို ညနေပိုင်းလောက်မှ ကယ်ထုတ်နိုင်ခဲ့တယ်။ ဒီမိုကရေစီတိုက်ပွဲအတွက် ကျနော်တို့ကတော့ ဓမ္မဘက်ကရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်နေအုံးမှာပဲ”လို့ သူက အခိုင်အမာ ပြောဆိုပါတယ်။

မဟာအောင်မြေမြို့နယ်အတွင်း ၃၇လမ်းကနေလမ်း၄၀အတွင်းနဲ့ လမ်း၈၀ကနေ ၈၄လမ်းအတွင်း ရပ်ကွက်တစ်လျှောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လမ်းသွားလမ်းလာတွေ၊ ရပ်ကွက်နေပြည်သူကိုပါမရှောင် တွေ့သမျှ ပစ်ခတ်ပြီး လိုက်လံဖမ်းဆီးခဲ့ပါတယ်။ အင်မတန်ကြမ်းကြမ်းတန်းတန်း ပစ်ခတ်ဖြိုခွင်းတဲ့အတွက် စာရေးသူကိုယ်တိုင် အန္တရာယ်ကင်းရာကို ပုံစံမျိုးစုံရှောင်ပုန်းပြီး လွတ်အောင်ပြေးရင်း သတင်းရယူခဲ့ရပါတယ်။

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ မတ်၂၇ရက် အပါအဝင် အဲဒီရက်တွေဟာ မန္တလေးအတွက်တော့ အလွန်တရာမှ သွေးစွန်းခဲ့တဲ့ ရက်သတ္တပတ်ဖြစ်ခဲ့ပါတယ်။ တစ်ပတ်အတွင်း အနည်းဆုံး လူအယောက်၇၀သေဆုံးတဲ့အထိ သွေးစွန်းခဲ့ပါတယ်။

တော်လှန်ရေးနေ့မတိုင်ခင် အရင်ရက်တွေမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ချမ်းမြသာစည်မြို့နယ်အတွင်းက အောင်ပင်လယ်၊ အောင်သာယာနဲ့ မြရည်နန္ဒာရပ်ကွက်တွေကိုအာရုံစိုက်ပြီး ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။ မန္တလေးမြို့တောင်ဘက်အရပ်မှာတည်ရှိပြီး လူဦးရေသိပ်သည်းထူထပ်တဲ့ အဲဒီရပ်ကွက်တွေဟာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ဖြိုခွင်းမှုကို အလွယ်တကူအလျှော့မပေးခဲ့တာကြောင့် စစ်ကောင်စီ ဘက်ကလည်း အင်အားအလုံးအရင်းနဲ့ အပြင်းအထန်ချေမှုန်းခဲ့တာပါ။

မတ်၂၀ရက်ကစတင်ပြီး အဲဒီရပ်ကွက်တွေမှာ ဆန္ဒပြသူလူငယ်တွေနဲ့ ဒေသခံတွေဟာ သဲအိတ်တွေ၊ ဝါးထားရံတွေသုံး၊ အကာအရံတွေလုပ်ပြီး မနော်ဟရီလမ်းနဲ့ သိပ္ပံလမ်းအကြားက လမ်းသွယ်တွေကို ပိတ်ဆို့ခဲ့ကြပါတယ်။ လမ်း၁၁၀လို့လည်း ခေါ်ကြတဲ့ ချမ်းမြသာစည်မြို့နယ်ထဲက မနော်ဟရီလမ်းဟာ လူစည်ကားရာအဓိကလမ်းမကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မတ်၂၀ရက် နောက်ပိုင်းမှာတော့ အဲဒီနေရာတွေဟာ စစ်မြေပြင်အတွင်း ကျရောက်နေတဲ့ မြို့ပျက်ကြီးတစ်ခုအလား ထင်မှတ်မှားရလောက်အောင် ခြောက်ခြားစရာဖြစ်ခဲ့ပါတယ်။

အဲဒီရပ်ကွက်တွေမှာ ညဘက်မှာဆိုရင် ရပ်ကွက်နေလူထုက ကိုယ့်လုံခြုံရေးအတွက် ကိုယ်တာဝန်ယူပြီး ညကင်းစောင့်ကြရသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေဖျက်ဆီးခဲ့တဲ့ အကာအရံတွေကိုလည်း ထပ်မံအားဖြည့် တည်ဆောက်ကြရပါတယ်။ ဒီလိုလုပ်ဆောင်ပေမဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ညစဉ်ရပ်ကွက်တွေထဲကို ပုံမှန်ဝင်ရောက်ပြီး နယ်ခံတွေကို ပစ်ခတ်တာ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မတ်၂၂ရက်က ချမ်းမြသာစည်မြို့နယ်တွင် ဆန္ဒပြသူများက လောက်လေးခွအကြီးဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခုခံကြပြီး ၎င်းတို့ရှေ့တိုးလာသောအခါ လူစုခွဲ၍ ရှောင်တိမ်းကြသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

အကြမ်းဖက်ဖြိုခွင်းမှု

မတ်၂၂ရက်မှာ အောင်ပင်လယ်၊ အောင်သာယာနဲ့ မြရည်နန္ဒာရပ်ကွက်တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အကြမ်းတမ်းဆုံးနည်းလမ်းတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ ဗွီဒီယိုဂိမ်းတွေထဲက သေနတ်ပစ်ဂိမ်းဆော့သလိုပါပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မြင်မြင်သမျှ ဆန္ဒပြသူတွေကို ကျည်ဆန်အစစ်တွေသုံးပြီး တရစပ်ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ စာရေးသူကိုယ်တိုင်လည်း ခေါင်းပေါ်ပျံလွှားနေတဲ့ ကျည်ဆန်တွေကြားက ကိုယ့်အသက်ကို ဖက်နဲ့ထုပ်ထားသလိုပဲ ဘေးလွတ်ရာကို ပြေးလွှားရှောင်တိမ်းခဲ့ရပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မြရည်နန္ဒာရပ်ကွက်မှာ မတ်၂၀ရက်မတိုင်ခင်ကတည်းက ညဘက်ကင်းစောင့်နေခဲ့ပါတယ်။ မနက်အာရုဏ်တက်ပြီဆိုတာနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေ တည်ဆောက်ထားတဲ့ အကာအရံ၊ အတားအဆီးတွေကို စတင်ဖြိုဖျက်လိုက်ပါတယ်။ အဲဒီအကာအရံ၊​ အတားအဆီးတွေဟာ “Generation Z”လို့ခေါ်ရမယ့် လူငယ်တွေနဲ့ ရပ်ကွက်နေဆန္ဒပြပြည်သူတွေ တည်ဆောက်ထားတာဖြစ်ပါတယ်။

ရပ်ကွက်နေပြည်သူတွေကတော့ စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့တွေ ရှေ့တိုးလာရင် အလွယ်တကူမမြင်ရအောင် ဟန့်တားဖို့သဘောနဲ့ ကားတာယာတွေကို မီးရှို့နေကြပါတယ်။ သိပ်မကြာခင်မှာပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကြိုတင်သတိမပေးဘဲ ဆန္ဒပြသူတွေကို ကျည်ဆန်အစစ်တွေနဲ့ စတင်ပစ်ခတ်ပါတော့တယ်။

ဘာမပြော၊ ညာမပြောအလစ်ငိုက်မှာ ပစ်ခတ်ခံလိုက်ရတာကြောင့် လူငယ်တွေလည်း ကစဉ့်ကလျား ဖြစ်ကုန်ကြပြီး ဘေးလွတ်ရာကို အော်ဟစ်ပြေးလွှားခဲ့ကြပါတယ်။ အခွင့်သင့်ရင် သင့်သလို ဓာတ်ပုံရိုက်ကူးဖို့ အကာအရံတစ်ခုရဲ့ နောက်ကွယ်ကို စာရေးသူလည်း ဆန္ဒပြသူတွေနဲ့အတူ အပြေးအလွှား ဝင်ရောက်ပုန်းခိုလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ နားထဲက “ရွှီး”ခနဲမြည်တဲ့အသံ ကြားလိုက်ရပြီး တစ်ဘက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ အသက်၂၀စွန်းစွန်းသာရှိဦးမယ့် လူငယ်တစ်ယောက် ပုံလျက်သား လဲကြနေပါပြီ။ တစ်ခဏအတွင်း အဲဒီလူငယ်ရဲ့ ဦးခေါင်းနားတစ်ဝိုက်မှာ သွေးတွေအိုင်ထွန်းလာပြီး မလှုပ်မယှက် ဖြစ်သွားပါတယ်။ ကျည်ဆန်အစစ်နဲ့ ပစ်ခတ်ဖြိုခွင်းခံရပြီး ကိုယ့်နားကလူတစ်ယောက် မျက်စိရှေ့တင်ပစ်ခံလိုက်ရတာမြင်တော့ ပိုမိုလန့်ဖြတ်သွားခဲ့ရပါတယ်။

ဆန္ဒပြသူတွေဟာ လဲကျသွားတဲ့လူငယ်ကို မော်တော်ဆိုင်ကယ်တစ်စီးပေါ်တင်ပြီး လူမှုကူညီရေးအသင်းတွေနဲ့ ဆေးအဖွဲ့တွေရှိရာကို ပို့ဆောင်ပေးခဲ့ကြပေမဲ့ လူငယ်လေးဟာ လမ်းမှာတင် အသက်ပျောက်ခဲ့ပါတယ်။ ပိုပြီးခြောက်ခြားတဲ့အတွေးတစ်ခု စာရေးသူရဲ့ စိတ်အတွေးရေအလျဉ်ထဲ ဝင်ရောက်လာပါတယ်။​ ပစ်ခံလိုက်ရတဲ့ လူငယ်ဟာ စာရေးသူနဲ့ နီးကပ်နေခဲ့တာကြောင့် သေကံမရောက် သက်မပျောက်ခဲ့ပါလားဆိုပြီး ကိုယ့်ကိုယ်ကို တွေးတောရင်း ပိုပြီးထိတ်လန့်ခဲ့ရပါတယ်။ ပစ်ခတ်သံတွေအနည်းငယ်စဲသွားတော့ စာရေးသူတို့လည်း ဘေးလွတ်တဲ့ဘက်ကို အမြန်ဆုံးထွက်ပြေးခဲ့ပါတော့တယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှေ့ကိုတိုးလာတဲ့အချိန်မှာတော့ ဆန္ဒပြသူလူငယ်တွေဟာ ပုန်းခိုရာနေရာတွေကို စွန့်ခွာပြီး အသက်လုပြေးကြရပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ လက်ထဲမှာ သေစေနိုင်တဲ့ သေနတ်၊ ကျည်အစစ်တွေရှိပေမဲ့ ဆန္ဒပြလူငယ်တွေကတော့ ပစ်ခတ်ဖြိုခွင်းမှုတွေကို ရှောင်ရတိမ်းရနဲ့ပါ။ လူငယ်တွေလက်ထဲမှာရှိတာဆိုလို့ မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ဖြိုခွင်းခံရရင် မီးငြိမ်းသတ်ဖို့ မီးသတ်ဆေးဘူးတွေနဲ့ လက်လုပ်ခုခံကာကွယ်ရေးပစ္စည်းတွေသာ ရှိပါတယ်။

ဆန္ဒပြသူတွေဟာ အသက်လုပြေးနေရပေမဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ သူတို့ရဲ့အသက်ကို ငဲ့ညှာပုံမပေါ်ပါဘဲ ဆက်လက်ပစ်ခတ်နေဆဲပါ။ တရစပ်၊ မရပ်မနားပစ်ခတ်နေတဲ့ပုံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သူသေကိုယ်သေ တိုက်ပွဲဆင်နွှဲနေတဲ့ပုံစံလိုပါပဲ။

စာရေးသူကိုယ်တိုင်လည်း ပြေးလွှားရင်း၊ ဓာတ်ပုံရိုက်ရင်း၊ ရှောင်တိမ်းနေတဲ့အချိန်မှာ အနီးက လမ်းဘေးတဲတစ်ခုကို အကာအကွယ်ယူပြီး ချောင်းကြည့်နေတဲ့သူတစ်ယောက် နောက်ကျောကို ကျည်ထိမှန်ပါလေရော။ “အသက်ပေးခဲ့တဲ့ သူတွေထက်စာရင် အခုကျနော့်ဒဏ်ရာက အသက်မသေနိုင်ပါဘူး”လို့ အဲဒီလူက စာရေးသူကိုပြောပြီး တခြားသူတွေကို သွားကယ်တင်ဖို့ ဆိုလာပါတယ်။

ဒါပေမဲ့ သူ့ကိုကြည့်လိုက်တော့ ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံး သွေးတွေပေကျံနေတာကြောင့် အပစ်ထားဖို့ ဆုံးဖြတ်လိုက်ပြီး လူမှုကူညီရေးအသင်းတစ်ခုကို လူနာတင်ယာဉ်လွှတ်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆေးရုံကားတွေပါမချန် တရစပ်ပစ်ခတ်နေတာကြောင့် နောက်ဆုံးမှာ မော်တော်ဆိုင်ကယ်တစ်စီးကို အကူအညီတောင်းပြီး လူနာတင်ယာဉ်ရှိတဲ့နေရာ ရောက်အောင် ဒဏ်ရာရနေခဲ့တဲ့လူကို ပို့ဆောင်စေခဲ့ပါတယ်။

ဒဏ်ရာရသူတွေကို အလွယ်တကူမကယ်ထုတ်နိုင်တာက ဒီဆန္ဒပြပွဲတွေမှာ ဖြစ်နေကျအခက်အခဲတစ်ခုမှန်း နောက်ပိုင်း စာရေးသူကိုယ်တိုင် ကြုံတွေ့လာရတာပါပဲ။ ပစ်ခံရသူ၊ ဒဏ်ရာရသူတွေဆီကို အရောက်မသွားနိုင်တဲ့ အခက်အခဲသာမက သွားရောက်ကယ်တင်မယ့်သူတွေရဲ့ လုံခြုံရေးဟာလည်း ဘာအာမခံချက်မှ မရှိတဲ့ အခြေအနေဖြစ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ပစ်ခတ်ဖြိုခွင်းပြီဆိုတာနဲ့ ဘယ်သူ၊ ဘယ်ဝါဆိုပြီး ခွဲခြားတာမျိုးမရှိပါဘူး။ သတင်းသမားပဲဖြစ်ဖြစ်၊ ဒဏ်ရာရသူကို ကယ်ထုတ်မယ့် ဆေးအဖွဲ့ပဲဖြစ်ဖြစ်၊ ဘေးကရပ်ကြည့်တဲ့သူပဲဖြစ်ဖြစ် ဆန္ဒပြတဲ့လူငယ်တွေနဲ့ မခွဲခြားဘဲ အကုန်လုံးကိုပစ်ခတ်တာပါပဲ။

မတ်၂၂ရက်၊ ချမ်းမြသာစည်မြို့နယ်တွင် ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာအပြင်းအထန်ရရှိသွားသူတစ်ဦးကို အခြားဆန္ဒပြသူနှစ်ဦးက နီးစပ်ရာပရဟိတဆေးခန်းသို့ ပို့ဆောင်ခဲ့ကြစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ဒီလိုအခြေအနေရှိပေမဲ့ ရှေ့တန်းက ပရဟိတအသင်းအဖွဲ့တွေ၊ ဆေးအဖွဲ့တွေဟာ ကိုယ့်အသက်ကို ပဓာနမထားဘဲ သူ့အသက်ကိုကယ်တင်ဖို့ စွန့်စားကြပါတယ်။ သူတို့ကိုယ်တိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားမှာကို မမှုဘဲအကြိမ်ပေါင်းများစွာ ဒဏ်ရာရသူတွေရဲ့ အသက်ကိုကယ်တင်နေကြတာကို ကိုယ်တိုင်မြင်တွေ့ရသူမို့ သူတို့ကိုမချီးကျူးဘဲမနေနိုင်ပါဘူး။ တကယ်တော့ သူတို့တွေဟာလည်း အညတရသူရဲကောင်းတွေဖြစ်ပြီး စာရေးသူကတော့ သူတို့အပေါ်မှာ အမြဲဂုဏ်ယူနေမှာဖြစ်ပြီး ကျေးဇူးလည်းတင်နေမှာပါ။

အဲဒီနေ့က အဖြစ်အပျက်တွေဟာ အင်မတန်ဆိုးရွားလှပေမဲ့ ချမ်းမြသာစည်မြို့နယ်ရဲ့ ရပ်ကွက်သုံးခုက အကြမ်းဖက်ဖြိုခွင်းမှုတွေကတော့ နောက်တစ်ရက်ဖြစ်တဲ့ မတ်၂၂ရက်မှာ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။ နောက်တစ်နေ့မနက် ၁၀နာရီခွဲလောက်မှာ မနော်ဟရီလမ်းတစ်လျှောက် ဆန္ဒပြသူတွေနဲ့ ရပ်ကွက်နေပြည်သူတွေ တည်ဆောက်ထားတဲ့ အကာအရံ၊ အတားအဆီးတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မြေကော်စက်တွေနဲ့ စတင်ဖယ်ရှားပါတယ်။ ခါတိုင်းနေ့တွေလိုပဲ ဆန္ဒပြသူတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။

အဲဒီအချိန်မှာပဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရုတ်တရက်ပစ်လိုက်လို့ လူတစ်ဦးခေါင်းမှာကျည်ဆန်ထိမှန်သွားပါတယ်။ လူမှုကူညီရေးအသင်းတစ်ခုက အနီးဆုံးပရဟိတ ဆေးခန်းတစ်ခုကို အမြန်ပို့ဆောင်ခဲ့ပေမဲ့ အသက်မမီလိုက်ပါဘူး။ လမ်းမှာတင် ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အဖွဲ့သုံး၊​ လေးဖွဲ့ခွဲပြီး အောင်ပင်လယ်၊ အောင်သာယာနဲ့ မြရည်နန္ဒာရပ်ကွက်တွေထဲဝင်ရောက်ပြီး ဆန္ဒပြသူတွေ၊ ခေါင်းဆောင်တွေကို လိုက်လံဖမ်းဆီးတော့ပါတယ်။ လူနေအိမ်တွေအတွင်းကို ဝင်ရောက်ရှာဖွေပြီး မသင်္ကာတဲ့လူမှန်သမျှကို အမေးအမြန်းမရှိ ရိုက်နှက်၊ စစ်ဆေး၊ ဖမ်းဆီးတဲ့ပုံစံကတော့ အတော်လေးစိုးရိမ်စရာကောင်းပြီး လူမိုက်ဆန်ဆန်လို့ ပြောရမလိုပါပဲ။

ဆန္ဒပြသူတွေနဲ့ ရပ်ကွက်နေပြည်သူလူထုကြောက်လန့်ရတာက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုမှ မဟုတ်ပါဘူး။ ရန်ကုန်နဲ့မတူညီတဲ့အချက်က မန္တလေးမှာ ဆန္ဒပြပွဲတွေကို ပစ်ခတ်ဖြိုခွင်းမှုတွေအတွင်း အရပ်ဝတ်နဲ့လူတစ်ချို့ဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လိုက်ပါကူညီခဲ့ကြပါတယ်။ လူအများစုကတော့ အဲဒီအရပ်ဝတ်နဲ့လူတွေကို “စွမ်းအားရှင်”တွေဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ စွမ်းအားရှင် ဆိုတာကတော့ ဟိုးအရင်စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးတက်ကြွသူတွေကို ဖြိုခွင်းဖို့ လက်သပ်မွေးထားတဲ့ လူမိုက်တွေကို ဆိုလိုတာဖြစ်ပါတယ်။

အဲဒီစွမ်းအားရှင်အဖွဲ့ဝင်တွေဟာ အများအားဖြင့် အရပ်ဝတ်တွေနဲ့ သွားလာလေ့ရှိပြီး ရဲတပ်ဖွဲ့နဲ့ စစ်တပ်စတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လူဖမ်းပွဲတွေမှာ ဝင်ရောက်ကူညီလေ့ရှိကြပါတယ်။ တစ်ချို့အခြေအနေတွေမှာတော့ သူတို့တွေဟာ ဆန္ဒပြသူတွေကို ကိုယ်ထိလက်ရောက်ကျူးလွန်ဖမ်းဆီးပြီး ရဲလက်အပ်တာမျိုးလည်း ပြုလုပ်ကြပါတယ်။

မတ်၂၃ရက်က စာရေးသူကိုယ်တိုင် အဲဒီအဖွဲ့တွေကို အနီးကပ်ရင်ဆိုင်ခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ကြုံတွေ့ခဲ့ပါတယ်။ အဲဒီနေ့ ညနေပိုင်း အောင်ပင်လယ်ရပ်ကွက်မှာ ၅၈လမ်းကနေ ၅၂လမ်းနဲ့ ၁၀၃လမ်းတစ်လျှောက်မှာ အရပ်ဝတ်နဲ့ ၁၀ယောက်လောက်ပါတဲ့ လူတစ်စုဟာ မော်တော်ဆိုင်ကယ်တွေနဲ့ ဝင်ထွက်သွားလာနေကြတာကို မြင်တွေ့လိုက်ပါတယ်။ အမှတ်တမဲ့ နယ်ခံတွေလို့ထင်လိုက်မိတာကြောင့် ဓာတ်ပုံရိုက်မိလိုက်ပါတယ်။

ဒါပေမဲ့ အနီးကိုရောက်လာချိန်မှာ ရုတ်တရက်လေးခွနဲ့ချိန်ရွယ်ပြီး စာရေးသူကို ပစ်ခိုက်လိုက်တဲ့အခါမှာ မိမိရဲ့အတွေးနဲ့ လက်တွေ့အတော်လွဲနေတယ်ဆိုတာ သိလိုက်ရပါတယ်။ စာရေးသူလည်း ချက်ချင်း ကင်မရာကိုလွယ်အိတ်ထဲထည့်ပြီး သူတို့နဲ့ ဝေးရာကိုပြေးထွက်လာခဲ့ပါတယ်။ သူတို့သာမိသွားရင် စာရေးသူကို ဖမ်းခေါ်သွားမှာ အသေအချာပါပဲ။

မြရည်နန္ဒာရပ်ကွက်ဘက် ဓာတ်ပုံရိုက်၊ သတင်းယူပြီး အိမ်ပြန်အရောက်၊ ချမ်းမြသာစည်မြို့နယ်က အသက်ခုနှစ်နှစ်အရွယ် ကလေးငယ်လေးကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပစ်လိုက်လို့ သေဆုံးသွားပြီဆိုတဲ့ သတင်းကို ပုံနဲ့တကွ မြင်တွေ့ဖတ်ရှုလိုက်ရတဲ့အခါမှာတော့ အချိန်အတော်ကြာအောင် ဆွံ့အသွားခဲ့ရပါတယ်။ ဖခင်ဖြစ်သူရဲ့ ရင်ခွင်ထဲမှာ ရှိနေစဉ်မှာပဲ သမီးငယ်လေး ခင်မျိုးချစ်ဟာ ပစ်သတ်ခံလိုက်ရတာဖြစ်ပါတယ်။

ကလေးငယ်ရဲ့ ရုပ်အလောင်းကို စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက အပူတပြင်းရှာဖွေခဲ့တာကြောင့် မိသားစုဝင်တွေဟာ မခင်မျိုးချစ်လေးကို ချက်ချင်းပဲ သဂြိုဟ်ဖို့ ကြိုးပမ်းခဲ့ကြပြီး အစ္စလာမ်ဘာသာဝင်တို့ရဲ့ ထုံးစံအတိုင်း သဂြိုဟ်ဖို့ဆောင်ရွက်ခဲ့ရာမှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။

မတ်၂၄ရက်မှာ နိုင်ငံတစ်ဝန်း အသံမဲ့သပိတ်ဆင်နွှဲခဲ့ကြတဲ့အတွက် မန္တလေးတစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်လို့ နေပါတယ်။ အဲဒီနေ့က တိတ်ဆိတ်ငြိမ်သက်မှုဟာ ခေတ္တခဏသာဖြစ်ခဲ့ပြီး နောက်ထပ် သုံးရက်အကြာ မတ်၂၇ရက်ဟာ စစ်အာဏာသိမ်းမှုစတင်ခဲ့တဲ့ ဖေဖော်ဝါရီ၁ရက်ကစရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူတွေသေဆုံးမှု အများဆုံးနေ့ တစ်နေ့ဖြစ်ခဲ့ပါတယ်။

မတ်၂၇ရက်မှာ နိုင်ငံတစ်ဝန်း ဆန္ဒပြသူ ၁၁၂ယောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုတွေကြောင့် ကျဆုံးခဲ့ပါတယ်။ အဲဒီနေ့က မန္တလေးတိုင်းဒေသကြီးအတွင်း သေဆုံးသူဦးရေဟာ ၄၈ဦးထက်မနည်း ရှိခဲ့ပြီး အများစုက မန္တလေးမြို့ပေါ်မှာ ဖြစ်ခဲ့တာပါ။

မတ်၂၂ရက်က ချမ်းမြသာစည်မြို့နယ် ဆန္ဒပြမှုကို ဖြိုခွင်းမှုအတွင်း ကျောကုန်း၌ ကျည်ဆန်သင့်ဒဏ်ရာရရှိသွားသူတစ်ဦးကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

အသက်နဲ့ရင်းရတဲ့ အလုပ်

စစ်ကောင်စီလုံခြံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုနည်းလမ်းတွေ ပိုမိုရက်စက်လာတာနဲ့အမျှ သတင်းထောက်တွေအတွက် ဆန္ဒပြပွဲတွေကို နယ်မြေကွင်းဆင်းသတင်းရယူရတာဟာ ပိုပြီးခက်ခဲလာသလို ပိုပြီးလည်း အန္တရာယ်ရှိလာပါတယ်။

ဒါဟာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ခံယူချက်ကြောင့်လို့ ဆိုနိုင်ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူတွေကို သေစေနိုင်လောက်တဲ့ လက်နက်တွေအသုံးပြုပြီး ဖြိုခွင်းတာဟာ လက်ခံဖို့ခက်ခဲပါတယ်။ ဒီလိုဖြိုခွင်းတဲ့အခါမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သတင်းထောက်နဲ့ ဆန္ဒပြသူတွေကို ခွဲခြားတာမျိုးလုံးဝမရှိပါဘဲ မြင်မြင်သမျှ အကုန်သိမ်းကျုံးပစ်ခတ် ဖမ်းဆီးတာပါပဲ။

၂၀၁၄မှာ ပြဋ္ဌာန်းခဲ့တဲ့ သတင်းမီဒီယာဥပဒေ အခန်း(၃)၊ အပိုဒ်(၇)အရ သတင်းမီဒီယာသမားတစ်ဦးဟာ စစ်မက် ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူဆန္ဒပြရာနေရာဒေသတွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ အညီသတင်းရယူခွင့်ရှိတယ်လို့ ဆိုထားပါတယ်။

ဒါ့ပြင် လုံခြုံရေးအဖွဲ့အစည်းများရဲ့ အကာအကွယ်ကို တောင်းခံခွင့်ရှိသလို၊ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းရယူခြင်းနဲ့ သက်ဆိုင်တဲ့ ကိရိယာတွေကိုသိမ်းယူခံရခြင်း၊ ဖျက်ဆီးခံရခြင်းတွေကနေ ကင်းလွတ်စေရမယ်လို့လည်း ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ဥပဒေအရ ဒီလိုဆိုထားပေမဲ့လည်း လက်ရှိမြေပြင်မှာ ဆန္ဒပြပွဲတွေကို ကွင်းဆင်းသတင်းရယူနေတဲ့ သတင်းထောက်တွေဟာ ဖမ်းဆီးခံရသလို ပစ်ခတ်တာတွေလည်း ခံနေရတယ်ဆိုတာ စာရေးသူရဲ့အဖြစ်အပျက်က သက်သေပါပဲ။

ယခင်တုန်းကတော့ မန္တလေးမြို့မှာ စာရေးသူတို့ သတင်းထောက်တွေဟာ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရှိရာ နေရာတွေကနေ အနီးကပ်ဓာတ်ပုံရိုက်ခွင့်၊ သတင်းရယူခွင့်ရှိခဲ့ပါတယ်။ တစ်ခါတစ်လေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိတဲ့ဘက်ကနေတောင် လှမ်းပြီး သတင်းဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဖေဖော်ဝါရီ၂၀ရက်၊ ရတနာပုံဆိပ်ကမ်းမှာဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်း၊ ပစ်သတ်ခဲ့တဲ့ ပုံရိပ်တွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့သွားတဲ့အခါမှာတော့ သူတို့တွေဟာ တစ်မျိုးပြောင်းလဲသွားပါတော့တယ်။

သတင်းထောက်တွေအပါအဝင် ဆန္ဒပြပွဲဖြိုခွင်းမှုကို သတင်းရယူဖို့ကြိုးစားသူဘယ်သူမဆိုဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်မှတ်ဖြစ်လာပါတော့တယ်။ အကျိုးဆက်အဖြစ် စာရေးသူတို့ သတင်းထောက်တွေဟာလည်း မရေမတွက်နိုင်လောက်အောင် ကြိမ်ဖန်များစွာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လက်ကလွတ်အောင် ပြေးလွှားခဲ့ရပါတယ်။

မတ်၃၁ရက်အထိ စာရင်းတွေအရ အာဏာသိမ်းမှုစတင်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သတင်းထောက်အရေအတွက် ၅၆ဦးရှိပြီဖြစ်ပြီး သတင်းမီဒီယာတိုက်ငါးခုကတော့ သတင်းထုတ်လုပ်ခွင့် လုံးဝပိတ်သိမ်းခံလိုက်ရပါတယ်။ တစ်ချို့သတင်းသမားတွေ ပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့ ကျန်ရှိနေသေးတဲ့ အထိန်းသိမ်းခံသတင်းသမားတွေကတော့ ထောင်ဒဏ်သုံးနှစ်အထိ ကျခံရနိုင်တဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်၊ တရားစွဲဆိုခံထားရပါတယ်။

စာရေးသူလို ကျန်တဲ့တစ်ချို့သတင်းသမားတွေကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း အန္တရာယ်ကြုံတွေ့ကြရပြီး ကိုယ်ရောစိတ်ပါ ဒဏ်ရာ၊ ဒဏ်ချက်တွေနဲ့ နွမ်းလျကြရပါတယ်။

မတ်၂၇ရက်က ဆေးခန်းရောက်ပြီး သိပ်မကြာခင်မှာပဲ ကျည်ဆန်ထိမှန်သွားတဲ့ စာရေးသူရဲ့ လက်ကို ဓာတ်မှန်ရိုက်ပါတယ်။ ဓာတ်မှန်အဖြေအရ စာရေးသူရဲ့ ဘယ်ဘက်လက်၊ လက်သန်းကြွယ်၊ လက်ခလယ်နဲ့ လက်ညိုးတို့ရဲ့ အရိုးတွေဟာ ကြေမွပျက်စီးသွားပြီး လက်ဖမိုးတခုလုံး အသားအစားထိုး ကုသရမယ်လို့ ဆရာဝန်ကဆိုပါတယ်။

ဖရွန်းတီးယားမြန်မာသတင်းထောက်၏ ကျည်ဆန်ထိမှန်သောလက်ကို ဓာတ်မှန်ရိုက်ခဲ့သည်။ (ဖရွန်းတီးယားမြန်မာ)

လက်ရှိအချိန်ထိ စာရေးသူဟာ လက်ကို ခွဲစိတ်ကုသမှု သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီဒဏ်ရာကို ဘယ်လောက်ကြာအောင် ခံစားရဦးမလဲဆိုတာ တွေးလိုက်တိုင်း အဖြေမရှိတဲ့ ပုစ္ဆာလိုပါပဲ။ စိတ်မနှစ်မြို့စရာကောင်းတာတစ်ခုကတော့ ဒီဒဏ်ရာကြောင့် ဆန္ဒပြပွဲတွေကို အရင်လို နယ်မြေကွင်းဆင်းပြီး လိုက်ပါသတင်းမရယူနိုင်တော့ပါဘူး။

ရက်ပေါင်း၅၀ကျော်နေ့စဉ်ရက်ဆက် မပျက်မကွက် အန္တရာယ်ကြားတွေထဲမှာ သတင်းနဲ့ ဓာတ်ပုံရယူပြီး ဆန္ဒပြပွဲတွေကို မြေပြင်ကွင်းဆင်း ရေးသားတင်ဆက်ခဲ့တဲ့ သတင်းထောက်တစ်ယောက်အနေနဲ့ အခုချိန် ကုတင်ပေါ်လှဲ၊ ဆေးကုသမှုခံယူနေရတာကို မနစ်မြို့လှပါဘူး။

ဖေဖော်ဝါရီ၁ရက်ကစရင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို မန္တလေးမြို့ခံတွေက ဦးဆုံးဆင်နွှဲခဲ့တာဖြစ်ပါတယ်။ လက်ကို ကျည်ဆန်ထိခဲ့တဲ့နေ့အထိဆိုရင် စာရေးသူဟာ ရက်ပေါင်း၅၀ကျော် တိုင်အောင် မန္တလေးမြို့က ဆန္ဒပြပွဲတွေကို မပျက်မကွက် သတင်းရယူ တင်ဆက်ခဲ့ပါတယ်။ လက်ဒဏ်ရာကြောင့် ဆန္ဒပြပွဲသတင်းတွေကို ထွက်မလိုက်နိုင်တာကိုတော့ အတော်လေး စိတ်မချမ်းမသာဖြစ်ရပါတယ်။

ကိုယ်တိုင်ကိုယ်ကျ အပြင်ထွက် သတင်းမလိုက်နိုင်ပေမဲ့ ဆေးကုသမှုခံယူရင်း ကောင်းနေသေးတဲ့ ကျန်လက်တစ်ဘက်ကို အသုံးပြုလို့ သတင်းရင်းမြစ်တွေကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး သတင်းတွေ ရေးနိုင်ပါသေးတယ်။ စစ်ကောင်စီက ဘယ်လိုပစ်မှတ်ထားနေပါစေ စာရေးသူတို့လို သတင်းထောက်တွေဟာ ပြည်သူလူထုဆီကို သတင်းအမှန်တွေ ရောက်ရှိအောင် ကြိုးစားနေအုံးမှာပါပဲ။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar