မန္တလေးက လက်ရာပြောင်မြောက် ခမ်းနားတဲ့ ရွှေကျောင်းတော်ကြီးကို ထိန်းသိမ်းခြင်း

ကျွန်းသစ်နှင့် ဆောက်လုပ်ထားသည့် အနုပညာလက်ရာအမြောက်ဆုံး ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကို အတိတ်က တောက်ပခန့်ငြားသော ဂုဏ်ကျက်သရေကို ပြန်လည်ရရှိအောင် အမေရိကန်ပြည်ထောင်စု၏ ငွေကြေးအကူအညီဖြင့် အပင်ပန်းကြီးစွာခံလျက် ပြုပြင်နေကြသည်။

Loren Lee  Chiesi ရေးသားသည်။

မန္တလေးနန်းတော်ကြီး၏ အရှေ့မြောက်ဘက်၊ မြို့လယ်ခေါင်မှ ဆိုက်ကားဖြင့် ငါးမိနစ်ခန့် သွားလိုက်ပါက မြင့်မြင့်မားမား အရွက်ဖားဖား သစ်ပင်ကြီးများအကြားတွင် မန္တလေးရွှေမြို့တော်၏ အရှားပါးဆုံးရတနာဖြစ်သည့် ရွှေနန်းတော်ကျောင်းကို မြင်တွေ့ရမည်ဖြစ်သည်။

အင်္ဂလိပ်ဘာသာဖြင့် ရွှေနန်းတော်ကျောင်းဟု အဓိပ္ပာယ်ရသော ရွှေကျောင်းကို ၁၉ ရာစု အတွင်းက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယနေ့ခေတ်တိုင် မပျက်မစီးပဲ ကျန်ရှိနေသေးသည့် မြန်မာ့ရိုးရာ ကျွန်းသစ်ပန်းပုလက်ရာ နမူနာတစ်ခုအဖြစ်လည်း အမြတ်တနိုး ထိန်းသိမ်းထားကြသည်။

ဤကျောင်းကြီးကို ကုန်းဘောင်မင်းဆက် (၁၇၅၂-၁၈၈၅) အတွင်း ၁၈၃ဝ ပြည့်လွန် နှောင်းပိုင်းနှစ်များအတွင်း တည်ဆောက်ပြီးစီးချိန်မှစ၍ မန္တလေးမြို့အနီးတဝိုက်တွင် ကျက်သရေဆောင် ကျောင်းတော်ကြီးတစ်ခုအဖြစ် တည်ရှိခဲ့သည်။

ထိုကျောင်းသည် မူလက မန္တလေးမြို့တော်ဘက်မှ အမရပူရ နန်းတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိခဲ့သည်။ သို့သော် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၅၃ ခုနှစ်) ပြီးဆုံးခဲ့ပြီးနောက် မင်းတုန်းမင်း နန်းတက်လာခဲ့ချိန် ၁၈၅၃ ခုနှစ်တွင် မြို့တော်ကို မန္တလေးသို့ ရွှေ့ပြောင်းတည်ဆောက်ခဲ့ရာတွင် ဤသစ်သား ရွှေကျောင်းကြီးကိုပါ မန္တလေးသို့ တပါတည်း ယူဆောင်သွားခဲ့သည်။ မင်းတုန်းမင်းက ထိုရွှေကျောင်းကြီးကို အထူးခုံမင်နှစ်သက်ခဲ့သည်ဖြစ်သောကြောင့် ၁၈၇၈ ခုနှစ်တွင် သူ နတ်ရွာစံချိန်အထိ ထိုကျောင်၌ သွားရောက် နေထိုင်ခဲ့သည်။

သူ၏ ထီးနန်းကို ဆက်ခံသော သားတော် သီပေါမင်းကလည်း ထိုကျောင်းသို့ မကြာမကြာ သွား၍ တရားအားထုတ်လေ့ ရှိသည်ဟု ဆိုသည်။ သို့သော် သူ့ဖခင်၏ ဝိညဉ်တစ္ဆေက ခြောက်လှန့်သည်ဟု ယုံကြည်သွားပြီးနောက် ကျောင်းကို ယခုလက်ရှိနေရာဖြစ်သည့် မန ္တလေးတောင်ခြေသို့ ပြောင်းရွှေ့စေခဲ့သည်။

ရွှေကျောင်းကြီး၏ နောက်ဆုံးနေရာ အပြောင်းအရွှေ့မှာ ကံကောင်းထောက်မသည်ဟု ဆိုရမည်။ နောင် အနှစ် ၇ဝ ကြာပြီးသည့်အချိန်၊ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်များက မန္တလေးနန်းတော်အတွင်း သိမ်းပိုက်နေရာယူထားခဲ့သည်။ ပြန်လည်ဝင်ရောက်လာသော မဟာမိတ်တပ်များက ဂျပန်တပ်များအပေါ် ဗုံကြဲချခဲ့ရာ တန်ဖိုးမဖြတ်နိုင်သော ကျွန်းသစ်ပန်းပုလက်ရာများ၊ ရိုးရာ ယွန်းပန်းချီများ၊ ထူးခြားဆန်းပြားသည့် မှန်စီရွှေချလက်ရာများအားလုံး မီးလောင်ဆုံးရှုံးသွားခဲ့ရသည်။

ရွှေကျောင်းကို သီပေါမင်းက နေရာပြောင်းရွှေ့လိုက်သောကြောင့်သာ နောင်လာနောင်သားတို့ ခံစားခွင့်ရရှိကြခြင်းဖြစ်ပြီး ယနေ့အချိန်တွင် လူအများအား ဆွဲဆောင်နိုင်သောနေရာတစ်ခုအဖြစ် ကျန်ရှိနေခြင်းဖြစ်သည်။ နိုင်ငံခြားသားများအား ကောက်ခံသည့် မန္တလေး ရှေးဟောင်းသုတေသနဇုံ ဝင်ခွင့် ကျပ် ၁ဝ,ဝဝဝ တွင် ရွှေနန်းတော်ကျောင်းဝင်ခ ပါရှိပြီးဖြစ်သည်။ မြန်မာနိုင်ငံသားကမူ အခမဲ့ ဝင်ရောက်ခွင့်ရှိသည်။

အချိန်၏ တိုက်စားမှုကြောင့်လည်းကောင်း၊ ကာလရှည်ကြာစွာ လစ်လျူရှုထားခဲ့မှုကြောင့်လည်းကောင်း၊ မင်းတုန်းမင်းကြီး အလွန်မြတ်နိုးလှသော ရွှေကျောင်းကြီးမှာ ပျက်စီးလျက်ရှိသည်။ ၁၉၉ဝ ပြည့်နှစ်လွန် နှစ်လယ်ပိုင်းခန့်ထိတိုင်အောင် ကျောင်းထိုင်ဆရာတော် အစဉ်အဆက်တို့ကသာ ထိုကျောင်းကြီးကို ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသည်။ တချိန်က ခန့်ညားလှသော ဤကျောင်းကြီးကို ဆရာတော်တို့၏ အင်အားဖြင့် ထိရောက်အောင် ထိန်းသိမ်းနိုင်ခဲ့ကြမည်တော့ မဟုတ်ပေ။

၂ဝ၁၂ ခုနှစ်တွင်၊ နယူးယောက်အခြေစိုက် စေတနာ့ဝန်ထမ်းအဖွဲ့ဖြစ်သည့် ကမ္ဘာ့အထိမ်းအမှတ်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ World Monuments Fund (WMF) က မြန်မာနိုင်ငံတွင် ကျွန်းသစ် ဘုန်းတော်ကြီးကျောင်း ထိန်းသိမ်းရေး အစီအစဉ်တစ်ခုကို အမေရိကန်သံအမတ်ကြီး၏ ယဉ်ကျေးမှုထိန်းသိမ်းရေးဆိုင်ရာ ရန်ပုံငွေ (AFCP) မှတဆင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်ပေးရန် ကမ်းလှမ်းခဲ့သည်။ ရှေးဦးစွာ AFCP ထောက်ပံ့ငွေဖြင့် မြန်မာနှင့် နိုင်ငံတကာအင်ဂျင်နီယာများ၊ လက်သမားပညာရှင်များ၊ လုပ်ငန်းခွင်ကြီးကြပ်သူများနှင့် အကြံပေးပုဂ္ဂိုလ်များ ပါဝင်သော ကျွမ်းကျင်မှုအဖွဲ့က လုပ်ငန်းစတင်ခဲ့သည်။ ၂ဝ၁၄ ခုနှစ်တွင် WMF’s Myanmar ညွှန်ကြားရေးမှူး Mr. Jeff Allen ၏ ညွှန်ကြားမှုဖြင့် ကျောင်းတော်ကြီး ထိန်းသိမ်းရေးနှင့် ရှေးဟောင်းသုတေသနလုပ်ငန်းကို ခက်ခဲပင်ပန်းစွာ စတင် လုပ်ကိုင်ခဲ့ကြသည်။

ကျောင်းတော်ကြီးတွင် ဆင်ယင်တပ်ဆင်ထားသည့် ရိုးရာ ယွန်းတိုးနယား နဂါးရုပ်တစ်ခုအား ဖြုတ်ယူ၊ သန့်ရှင်းပြီး ပြန်လည်ထိန်းသိမ်းမှုကို မန္တလေးမြို့ပြအင်ဂျင်နီယာ ကျောင်းသား၊ ကျောင်းသူများ လေ့လာနေကြစဉ်။ ဓာတ်ပုံ-Supply

ကျောင်းတော်ကြီးတွင် ဆင်ယင်တပ်ဆင်ထားသည့် ရိုးရာ ယွန်းတိုးနယား နဂါးရုပ်တစ်ခုအား ဖြုတ်ယူ၊ သန့်ရှင်းပြီး ပြန်လည်ထိန်းသိမ်းမှုကို မန္တလေးမြို့ပြအင်ဂျင်နီယာ ကျောင်းသား၊ ကျောင်းသူများ လေ့လာနေကြစဉ်။ ဓာတ်ပုံ-Supply

မကြာသေးမီက ရွှေကျောင်းတော်ကြီးသို့ သွားရောက်လည်ပတ်ခဲ့ချိန်တွင် WMF ၏ ထိန်းသိမ်းရေးဆိုင်ရာ အကြံပေး အကြီးအကဲဖြစ်သူ Ms. Urszula Strugala နှင့် Frontier က တွေ့ဆုံခဲ့သည်။ သူမ၏ အဖွဲ့တွင် မန္တလေးနည်းပညာ တက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာ အလုပ်သင်ကျောင်းသားများက ယွန်းနှင့် ကျွန်းသစ် မှန်ကူကွက်များ ထိန်းသိမ်းခြင်းလုပ်ငန်းကို အပင်ပန်းခံ၍ လုပ်ကိုင်နေကြသည်ကို တွေ့မြင်ခဲ့ရသည်။

သွားဆရာဝန်များ အသုံးပြုသော ကိရိယာများကဲ့သို့ သေးနုတ်လှသော ကိရိယာ တန်ဆာပလာလေးများနှင့် စုပ်တံများကို အသုံးပြု၍ အနုမှန်ကူကွက်လက်ရာများကို ပြုပြင်ထိန်းသိမ်းရသောလုပ်ငန်းမှာ မိုးလည်းမရွာ၊ ကြားတွင် အရပ်အနားမရှိ တစ်ဆက်တည်း ၁၅ ရက်ကြာ လုပ်လျှင်ပင် နှစ်မီတာခန့်သာ ပြီးစီးသည်ဟု ပါဝင်လုပ်ကိုင်နေသည့် မသန္ဒာဖြိုးက ပြောသည်။

ကျောင်းကြီးမှ အနုလက်ရာများအတွက် မူလက အသုံးပြုသော ပစ္စည်းတွင် ကြက်သွေးရင့်ရောင် ယွန်းများလည်း ပါဝင်သည်။ ဟင်္သာပြဒါးနှင့် သစ်စေးကို ရောစပ်ထားခြင်း ဖြစ်သည်။ ဝရံတာများ၊ နဂါး၊ ဂဠုန်ရုပ်များ ဒဏ္ဍာရီလာ သတ္တဝါများ၏ ပုံရုပ်ကြွများ၊ ပန်းများနှင့် မင်းသားကနေပုံများ ပါဝင်သည်။ ကျောင်းကြီးအတွင်းရှိ ကျွန်းတိုင်ကြီးများပေါ်တွင် ရွှေပြားအစစ်များဖြင့် ဖုံးအုပ်ထားသည်။ တချိန်က ကျောင်းတော်ကြီး၏ အတွင်းပိုင်းအားလုံး ရွှေရောင်ဖြင့် ဖိတ်ဖိတ်တောက်နေပြီး မှန်စီရွှေချများတွင် ရောင်ပြန်ဟပ်နေမည်ဟု Strugala က ယုံကြည်ထားသည်။

မင်းတုန်းမင်းကိုယ်တိုင် တခါတရံ ထိုင်၍ မင်းမှုရေးရာများကို ဆောင်ရွက်လေ့ရှိသော ဖလ်ရာဇပလ္လင်သည် စင်မြင့်ပေါ်တွင် အခြား ရှေးဟောင်းပစ္စည်းများနှင့်အတူ ရှိနေသည်။ အားလုံးကို ရဟန်းငယ်များက ကြည့်ရှု စောင့်ရှောက်ထားသည်။

ကျောင်းကြီးကို အတိတ်က လှပခမ်းနားမှုများအတိုင်း ရိုးရာမပျက်ထိန်းသိမ်းရန် လိုအပ်သည်ဖြစ်ရာ ဤထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းမှာ ၂ဝ၂၂ ခုနှစ် အစောပိုင်းခန့်မှသာ ပြီးစီးနိုင်မည်ဟု မျှော်လင့်ထားသည်။ အဓိကမှာ ရပ်နားထားရခြင်းနှင့် ထောက်ပံ့ငွေမရမှုတို့ကိုလည်း ထည့်သွင်း တွက်ထားသည်။ ခြကောင်များနှင့် ရေဆင်းရေလာ မကောင်းခြင်းကလည်း ထိမ်းသိမ်းရေးလုပ်ငန်းတွင် အဓိက စိန်ခေါ်မှုဖြစ်နေသည်။ သို့သော် အခြားအခက်အခဲများလည်း ရှိနေသေးသည်။ သစ်တောများ ပြုန်းတီးနေခြင်းကြောင့် အရည်အသွေးကောင်းကောင်း ကျွန်းသစ်နှင့် အခြား ဆောက်လုပ်ရေးပစ္စည်းများ ရှာရဖွေရသည်မှာလည်း မလွယ်ကူ ဖြစ်လာသည်ဟု Allen က ပြောသည်။

ပြုပြင်ထိန်းသိမ်းရေးတွင် လူထု ပိုမိုပါဝင်လာရေးအတွက် လူထုက ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိလာအောင် လုပ်ပေးရန်လည်း လိုအပ်နေသည်။ နည်းပညာပိုင်း လေ့ကျင့်သင်ကြားရေးတွင် ပိုမိုရင်းနှီးမြှုပ်နှံရဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှေးဟောင်းသုတေသနလက်ရာ၊ အဆောက်အအုံထိန်းသိမ်းမှု အထူးပြု ပညာသင်ကြားမှု အစီအစဉ်များ လုံးဝမရှိဟု Allen က ပြောသည်။

မန္တလေးတွင် ကျွမ်းကျင်သော လက်မှုပညာသည် များစွာရှိနေသည်။ မြို့တော်ဟောင်း၏ သမိုင်းနှင့် အမွေအနှစ်ကို နက်နက်ရှိုင်းရှိုင်း နားလည်ပြီး တန်ဖိုးထားသူများလည်း ရှိနေသည်။ သို့သော် ရွှေနန်းတော်ကျောင်းကို ထိန်းသိမ်းသည့် စီမံကိန်းများအတွက် လိုအပ်သော ကျွမ်းကျင်မှုနှင့် ပြည့်စုံသော လူငယ်ပညာရှင်များ လုံလောက်အောင် မရရှိနိုင်သေးမီတွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကသာလျှင် အကောင်းဆုံး ဖြေရှင်းနည်းဖြစ်ပေသည်။

စီမံကိန်းပြီးဆုံးသွားချိန်တွင်ပင် အောင်မြင်မှု၏ အစစ်အမှန်တန်ဖိုးကို တိုင်းတာ ခန့်မှန်းနိုင်မည် မဟုတ်သေးပါ။ ကျွန်ုပ်တို့ ကွယ်လွန်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးသည့်အချိန်ကျမှသာလျှင် ထိန်းသိမ်းမှု၏ တန်ဖိုးအစစ်အမှန်ကို သိရှိလာရပေမည်သာ ဖြစ်သည်။

ခေါင်းစီးဓာတ်ပုံ – ထိန်းသိမ်းရေးအဖွဲ့မှ လက်ထောက်တစ်ဦးက ကျောင်းကြီး အနောက်ဘက်နံရံရှိ ကျွန်းပြားပေါ်မှ အနုပညာလက်ရာများ ဆွေးမြေ့ပျက်ဆီးမှုကို ကာကွယ်ရန် မှိုသတ်ဆေးရည်များ ပက်ဖြန်းနေပုံ။ ဓာတ်ပုံ-Supply

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar