မတူညီသော သံစဉ်ကို တီးခတ်လျက်

၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့သော ဂီတပွဲတော်တစ်ခုသည် မြန်မာ့ဂန္ထဝင် ဂီတသမားများအား ၎င်းတို့၏ နည်းစနစ်များကို ဆန်းစစ်ပြုပြင်ရန်နှင့် ၎င်းတို့၏ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့အတွက် ဝမ်းမြောက်ဖွယ်ရာ အခွင့်အလမ်းများအဖြစ် ဖော်ဆောင်ပေးလျက်ရှိသည်။

ဂရစ်ဖင် ဟော့ချ်ကစ် ရေးသားသည်။

၂၀၁၅ ခုနှစ် မတ်လအတွင်းက ရုတ်တရက် သေဆုံးသွားခဲ့သည့် ဂီတပညာရှင်နှင့် စာရေးဆရာဖြစ်သူ မစ္စတာ ဂျိုးဇက် စမစ် ပိုင်ဆိုင်ခဲ့သည့် စန္ဒရားတစ်လုံးမှာ နယူးယော့ခ်မြို့ အနောက် ၈၆ လမ်း၊ အမှတ် ၃၂၊ တိုက်ခန်းအမှတ် ၆ (ဒီ)ရှိ ဧည့်ခန်းမ၌ မကြာသေးမီအထိ ရှိနေခဲ့သည်။ ဘော်လ်ဒွင် ဖျော်ဖြေပွဲသုံး ဂရင်းန် စန္ဒရားကို  ၁၉၇၃ ခုနှစ်ကတည်းက မစ္စတာစမစ်နှင့် ၎င်း၏တပည့်လက်သားများက စတင်အသုံးပြုခဲ့ကြသည်။ ယင်းမှာ အရည်အသွေးမြင့် စန္ဒရားတစ်လုံးဖြစ်ခဲ့သော်လည်း တစ်နည်းတစ်ဖုံ မှတ်သားလောက်ဖွယ်ရာတော့ မဟုတ်ခဲ့ပေ။

ဂရင်းန် စန္ဒရားကြီးမှာ တွေ့ရလေ့ရှိသော မဟူရာ ကျောက်သားရောင်ဆေးသား လွင့်ပြယ်လျက်ရှိကာ ခလုတ်များအပေါ်ရှိ သစ်သားခုံမှာလည်း နှစ်ပေါင်းများစွာ အားကြိုးမာန်တက် အသုံးပြုခြင်းကြောင့် ပွန်းပဲ့လျက်ရှိပြီး ယင်း၏ ထိုင်ခုံရှည်မှာလည်း တကျီကျီ မြည်လျက်ရှိသည်။

ဒီဇင်ဘာလ အစောပိုင်းတွင် ယင်းစန္ဒရားကို ထုတ်ပိုး၍ လေလုံပိတ်ပြီးနောက် ကုန်တင်ကားဖြင့် သယ်ဆောင်ကာ အာရှသို့ ထွက်ခွာမည့် သင်္ဘောတစ်စီးပေါ် တင်ပေးခဲ့သည်။ ပင်လယ်ပြင်နှင့် ရန်ကုန်ရှိ စိတ်ပျက်ဖွယ် ကောင်းအောင် နှေးကွေးလှသော အကောက်ခွန် စစ်ဆေးရေးကို ကျော်လွန်ဖြတ်သန်းခဲ့ရသည့် နှစ်လတာအပြီး၌ မစ္စတာစမစ်၏ စန္ဒရားထုတ်ကို ဖွင့်ဖောက်ကာ မရမ်းကုန်းမြို့နယ်ရှိ ယင်းကို အသုံးပြု တီးခတ်မည့် ခရေကျောင်းသို့ ပို့ပေးခဲ့သည်။

ကွယ်လွန်သူ စန္ဒရားပိုင်ရှင်မှာ မြန်မာနိုင်ငံသို့ မလာရောက်ဖူးသည့်ပြင် ဤနိုင်ငံနှင့်လည်း အထူးတလည် ဆက်နွယ်ခဲ့ဖူးခြင်းမျိုး မရှိခဲ့ပေ။ လွန်ခဲ့သော ၄၃ နှစ်တာ ကာလတွင် ရှိနေခဲ့သည့် ထိုသို့သောနေရာမှ အလွန်တရာ ခြားနားကွဲပြားသည့် ဤသို့သောနေရာသို့ မည်သည့်အတွက်ကြောင့် ရောက်ရှိနေရသနည်းဆိုသည်မှာ မေးခွန်းထုတ်စရာပင် ဖြစ်သည်။

“ဒီနေရာမှာ တည်ဆောက်မယ့် ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုအတွက် ခိုင်မာတဲ့ အခြေခံအချက် တစ်ချက် ဖြစ်ဖို့ပါ” ဟု မစ္စတာစမစ်၏ ကျောင်းသားဟောင်း ဖြစ်ပြီး ယင်းစန္ဒရားကို အမွေဆက်ခံခဲ့သူလည်း ဖြစ်သည့်ပြင် နိုင်ငံတကာ အသိအမှတ်ပြု ကျော်ကြားလှသည့် စန္ဒရားပညာရှင် မစ္စတာ ကင်းဘော ဂျဲလဂါက ပြောကြားသည်။

ဂျဲလဂါမှာ ကမ္ဘာတစ်လွှားမှ ဂီတပညာရှင်များ လာရောက်ဖျော်ဖြေရန် ဆွဲဆောင်ပေးသည့်အပြင် စိတ်အားထက်သန်သော မြန်မာကျောင်းသားများအား တယော၊ စန္ဒရား၊ ဂီတသီအိုရီနှင့် သီချင်းရေးစပ်ခြင်းတို့ကိုလည်း သင်ကြားပေးသည့် နှစ်စဉ်အခမ်းအနား တစ်ခုဖြစ်သော မြန်မာ့ဂီတပွဲတော်၏ အနုပညာ ဒါရိုက်တာတစ်ဦး ဖြစ်သည်။

ဤဂီတပွဲတော်ကို လှုပ်ရှားဆောင်ရွက်မှုနှင့် အကြောင်းအရာ အမျိုးမျိုးကို ဘာသာရပ်မျိုးစုံဖြင့် ချဉ်းကပ်လေ့လာမှု အပေါ် အခြေခံသည့် ကျောင်းမတက်မီနှင့် မူလတန်းအရွယ်သင် နိုင်ငံတကာ အင်စတီကျူးရှင်းတစ်ခုဖြစ်သော ရန်ကုန်မြို့ရှိ ခရေကျောင်းက ကျင်းပပေးခြင်း ဖြစ်သည်။

တစ်နှစ်လျှင် သီတင်းပတ် အနည်းငယ်ကြာမျှသာ ဤဂီတပွဲတော်ကို ရက်ကန့်သတ် ကျင်းပခြင်းဖြစ်သော်လည်း မစ္စတာ ဂျဲလဂါနှင့်အတူ အခမ်းအနား အမှုဆောင်ဒါရိုက်တာ မစ္စ ကေ-ယင်း ဟောင်၊ ဤကျောင်း၏ သင်ရိုးညွှန်းတမ်း ဦးဆောင်ရေးဆွဲသူ မစ္စ အယ်ရီနာ အီဝါဆာကီတို့သည် မြန်မာနိုင်ငံရှိ ဂန္ထဝင်ဂီတကို  အားပေးမြှင့်တင်လိုလျက်ရှိသည်။

အမေရိကန်နိုင်ငံမှ ဆောင်ကြဉ်းလာခဲ့သော စန္ဒရားမှာ ဂျိုးဇက်စမစ် ဂီတစင်တာ၏ ဗဟိုဆုံချက် ဖြစ်လာပေလိမ့်မည်။ မြန်မာနိုင်ငံတွင် ဂန္ထဝင်ဂီတနှင့် ဘက်စုံပညာရေး၌ ပိုမိုစိတ်ပါဝင်စားလာစေရေးကို အားပေးရန်  ယခုနှစ်တွင် ဖွင့်လှစ်သွားဖွယ်ရှိ၍ ဖြစ်သည်။

စန္ဒရားကောင်း တစ်လုံး

ဂီတတူရိယာတစ်ခုက ဘဝတစ်သက်တာ မြတ်နိုးနှစ်သက်မှုအတွက် အထိုင်ကျစေသော အချက်တစ်ချက် မည်သို့ ဖြစ်နိုင်ပုံကို သင်စိတ်ဝင်စားပါက ဂရင်န်းစန္ဒရားကြီးတစ်လုံးက သူ့ဘဝကို ပြောင်းလဲပေးလိုက်သည့် ပထမဆုံး အတွေ့အကြုံကို ရရှိခဲ့သူ ကိုကယ်ဗင် အောင်မိုးကျော်ကိုသာ မေးမြန်းကြည့်ရန် လိုအပ်ပါသည်။

၎င်းသည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ရန်ကုန်မြို့ရှိ ‘လီဂေဆီ ဂီတအကယ်ဒမီ’ Legacy Music Academy ၌ အီတလီ စန္ဒရားပညာရှင် မစ္စ ဂလိုရီယာ ကမ်ပါနာ သင်ပေးနေသော မာစတာတန်းတစ်ခုတွင် လေ့လာသင်ယူနေခဲ့သည်။ ကယ်ဗင် အောင်မိုးကျော်မှာ မိမိဘာသာ အားလုံးနီးပါး လျှပ်စစ်အော်ဂင်များဖြင့် သင်ယူခဲ့သူဖြစ်ပြီး စက်မှုနည်းလမ်းဖြင့် ဖန်တီးထားသည့် ဂရင်းန် စန္ဒရားကြီးတစ်လုံးကို တီးဖူးခြင်း၊ ထိုစန္ဒရားတီးသံကို နားထောင်ဖူးခြင်း မရှိခဲ့ပေ။

အတန်းပြီးသွားပြီး အခန်းတွင်း၌ လူသူရှင်းသွားသောအခါ သူငယ်ချင်းများ တားနေသည့်ကြားမှ စင်ပေါ်တက်လိုက်ကာ ၎င်း၏လက်ချောင်းများအောက်မှ စန္ဒရားကောင်းတစ်လုံး၏ ခလုပ်များ နှိပ်ရသည့် အရသာကို ပထမဆုံးအကြိမ်အဖြစ် ခံစားကြည့်လိုက်သည်။ ဂန္ထဝင်ဂီတများထဲက တစ်ပုဒ်တည်းသာ ၎င်းသိထားသည့် ပိုလန် ဂီတမှူး ဖရက်ဒရစ် ရှိုပင် တီးခတ်ခဲ့သော ဝေါ့ဇ်တေးသွားကို တီးလိုက်သည်။

မစ္စ ကမ်ပါနာသည် ၎င်းတီးခတ်နေစဉ် အခန်းထဲ တိတ်တဆိတ် ဝင်လာပြီး နားထောင်နေလိုက်သည်။ သူ ရောက်နေကြောင်း ကယ်ဗင် အောင်မိုးကျော် သတိထားမိချိန်၌ အဆူခံထိတော့မည်ဟု ထင်ခဲ့သော်လည်း မစ္စ ကမ်ပါနာက ၎င်းအား ထုတ်ဖော်ချီးကျူးခဲ့သည်။

“ကျွန်တော့်ဆရာ ဘယ်သူလဲလို့ သူက မေးတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော့်မှာ ဆရာရယ်လို့ မရှိသေးပါဘူး” ဟု ကယ်ဗင် အောင်မိုးကျော်က Frontier ကို ပြောသည်။

“ကျွန်တော်က ယူကျုကနေ အဓိက သင်ယူခဲ့တာပါ။ ဗီဒီယိုတွေကို ဒေါင်းလုပ်လုပ် မှတ်သားပြီး ကျွန်တော် သဘောကျတာတွေကို တီးခတ်ခဲ့တာပါ။ ပြီးတော့ သူ့ရဲ့ ဂီတဖျော်ဖြေပွဲကို နားထောင်ဖို့အတွက် မန္တလေးကနေ လာခဲ့တယ်ဆိုတဲ့ အကြောင်းကိုလည်း သူ့ကို ပြောပြခဲ့ပါတယ်” ဟု ပြန်ပြောင်းဖွင့်ဟခဲ့သည်။ ကယ်ဗင် အောင်မိုးကျော်မှာ အမေရိကန်ဒေါ်လာ ၈၀ ကုန်ကျမည့် ဂီတဖျော်ဖြေပွဲလက်မှတ် ဝယ်ယူရန် မတတ်နိုင်သဖြင့် မာစတာတန်းသို့ တက်ရောက်ခဲ့ရခြင်း ဖြစ်သည်။

ကိုကယ်ဗင် အောင်မိုးကျော် စန္ဒရားတီးခတ်နေစဉ်။ ဓာတ်ပုံ - အန်းဝမ်

ကိုကယ်ဗင် အောင်မိုးကျော် စန္ဒရားတီးခတ်နေစဉ်။ ဓာတ်ပုံ – အန်းဝမ်

မစ္စ ကမ်ပါနာက ၎င်းအား ဂီတဖျော်ဖြေပွဲ လက်မှတ်တစ်စောင်အား အခမဲ့ ပေးအပ်ခဲ့သည်။ ဂီတဖျော်ဖြေပွဲ ပြီးဆုံးသွားသောအခါတွင် မစ္စ ကမ်ပါနာနှင့် ထပ်မံတွေ့ဆုံခဲ့ပြီး ၎င်း၏အကြောင်းကို ပြောပြခဲ့သည်။

“မြန်မာပြည်က အခြေအနေတွေနဲ့ ပြီးတော့ ဆရာတစ်ဦး ရှာဖွေဖို့ ခက်ခဲပုံတွေ၊ တခြားအလားတူကိစ္စတွေကို ကျွန်တော် သူ့ကို ရှင်းပြခဲ့တယ်။ နောက်တော့ သူက ‘ကယ်ဗင်ရေ၊ အီတလီမှာ သွားလေ့လာချင်လား။ မင်းအတွက် ပညာတော်သင်ဆု ငါ ရှာပေးနိုင်ပါတယ်’ လို့ ရုတ်တရက် ပြောလာတယ်။ ကျွန်တော်လည်း အရမ်းကို အံ့သြသွားခဲ့ရတယ်။ အဲဒီညက ခံစားမှုကို ဖော်ပြဖို့ အရမ်းခက်ပါတယ်။ ပျော်ဖို့ကောင်းသလို နေမထိ ထိုင်မသာလည်း ဖြစ်ခဲ့ရပါတယ်” ဟု ကယ်ဗင် အောင်မိုးကျော်က ဆိုသည်။

ကယ်ဗင် အောင်မိုးကျော်၏ အရည်အချင်းကို ၂၀၁၄ ခုနှစ်တွင် ရန်ကုန်၌ ကျင်းပခဲ့သည့် ပထမဆုံး မြန်မာ့ဂီတပွဲတော်မတိုင်မီ မန္တလေးမြို့တွင် သူတို့ ပို့ချခဲ့သည့် သုံးရက်တာ မာစတာတန်းမှာ ကတည်းက မစ္စတာ ဂယ်လာဂါနှင့် မစ္စ ဟောင်တို့က သတိပြုမိခဲ့ပြီးဖြစ်သည်။

မာစတာတန်းကို သူတက်ရောက်ရခြင်းမှာလည်း ကြော်ငြာပိုစတာတစ်ခုပေါ် “ဂျူးလီယက်”Juilliard ဟူသော စကားလုံးကို သတိပြုမိခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ဂီတကျောင်း တစ်ကျောင်းဖြစ်သည့် အဆိုပါ နယူးယော့ခ် အင်စတီကျူးရှင်းအကြောင်း ၎င်းသိရှိထားပြီး၍ ဖြစ်သည်။ ဂန္ထဝင် ဂီတပညာရှင်တစ်ဦးက လူကိုယ်တိုင် တီးခတ်ပြနေသည်ကိုလည်း ၎င်း ကြားချင်မိသည်။

“သူ့ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ နောက်ခံအခြေအနေအရ (ဒီဂီတဖျော်ဖြေပွဲနဲ့အတူ) သူ့အတွက် နေရာတစ်ခု ရှိရမယ် ဆိုတာကို ကျွန်မတို့ သိရှိခဲ့ပါတယ်” ဟု မစ္စ ဟောင်က ဆိုသည်။ ၎င်းတို့တွင် အချိန်အနည်းငယ်သာ ရှိသောကြောင့် ထိုနှစ်နောက်ပိုင်းတွင် မစ္စ ကမ်ပါနာ နားဆင်ရလိုက်သည့် ဝေါ့ဇ်သံစဉ်ကို ကယ်ဗင် အောင်မိုးကျော် တီးခတ်တတ်အောင် မစ္စ ဟောင်က သင်ပေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့သည့် ပထမဆုံး မြန်မာ့ဂီတပွဲတော်၌ ကူညီပြီးနောက် ကယ်ဗင် အောင်မိုးကျော်မှာ ဂီတပညာ လေ့လာရန် အီတလီသို့ မစ္စ ကမ်ပါနာနှင့်အတူ သွားရောက်ခဲ့သည်။ နောက်ပိုင်းတွင် တူနီရှားရှိ ဂီတစခန်းတစ်ခု၌ ဆင်းရဲနွမ်းပါးသော ကျေးရွာသားများအတွက် စန္ဒရားအတီး သင်ပေးသော ဂျဲလဂါ၏ ပရဟိတ အစီအစဉ်တစ်ခုတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

ကယ်ဗင် အောင်မိုးကျော်သည် ဆိုးရွားသော ရမှတ်များဖြင့် ကျောင်းထုတ်ခံရခြင်းမှ ရှောင်ရှားရန် စက်မှုတက္ကသိုလ် တက်ရောက်ခြင်းမှ တစ်နှစ်တာ ကျောင်းနားခဲ့သည်။ ၎င်းစိတ်ဝင်စားသည်မှာ အင်ဂျင်နီယာ ပညာရပ်မဟုတ်၊ ဂီတဖြစ်သည်ကို ကိုယ်တိုင် သိရှိလိုက်ပြီ ဖြစ်သော်လည်း အချိန်ပြည့် ဂီတပညာရှင်တစ်ဦး ဖြစ်နိုင်ရန် မလွယ်ကူဟု ၎င်း တွေးထင်ခဲ့သည်။

မစ္စတာဂယ်လာဂါ၊ မစ္စဟောင်နှင့် မစ္စအိုင်ဝါဆာကီတို့က ကယ်ဗင် အောင်မိုးကျော်ကို ကျောင်းသားသစ်များအား စန္ဒရားအတီး စတင်သင်ကြားရန်၊ နောက်တစ်နှစ်တွင် ကျင်းပမည့် မြန်မာ့ဂီတပွဲတော် စီစဉ်ရာတွင် ကူညီရန်  အားပေးခဲ့ကြသည်။ စန္ဒရား အတီးသင်ခြင်းနှင့် ဂီတပွဲတော်အတွက် စေတနာ့ဝန်ထမ်းအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်နေရသောကြောင့် ဂီတပညာသင်ဆု လျှောက်ထားရန် ကယ်ဗင် အောင်မိုးကျော်အား ၎င်းတို့က ကူညီခဲ့ကြသည်။

“ကျွန်တော့် ပတ်ဝန်းကျင်က လူတွေက ကျွန်တော် ဘာလုပ်နေသလဲ ဆိုတာကို မသိခဲ့ကြပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း တကယ့်ကို မသိခဲ့တာပါ”ဟု ကယ်ဗင် အောင်မိုးကျော်က ဆိုသည်။

၎င်း၏ ပင်ကိုယ်အရည်အချင်း၊ စိတ်နှစ်ကြိုးပမ်းမှုနှင့် စိတ်ပိုင်းဖြတ်နိုင်မှုတို့သည် ၎င်းကို ဖြည်းဖြည်းချင်း အကျိုးပေးခဲ့သည်။ ကယ်ဗင် အောင်မိုးကျော်မှာ အမေရိကန်နိုင်ငံတွင် ပညာသင်စရိတ်အပြည့်ဖြင့် ဂီတပညာ လေ့လာလျက်ရှိသည့် မြန်မာနိုင်ငံ၏ တစ်ဦးတည်းသော ကျောင်းသားအဖြစ် သိရှိထားကြသည်။ ၎င်းသည် မစ်ဇိုရီ အနောက်ပိုင်း ပြည်နယ်တက္ကသိုလ်မှ ပထမနှစ်ကို မကြာခင်က ပြီးဆုံးသွားသည်။

“အရာအားလုံးက ဒီလိုပဲ ဖြစ်သွားခဲ့ကြတာပါ”ဟု ရယ်ရယ်မောမောဖြင့် ၎င်းက ဆိုသည်။

ဂီတနှင့် ပညာရေး

ကယ်ဗင် အောင်မိုးကျော်မှာ အကြောင်းအမျိုးမျိုးအရ မြန်မာနိုင်ငံရှိ လေးစားအားကျဖွယ်ရာ ဂန္ထဝင် ဂီတသမားများ၏ အိပ်မက်ကို တိတိပပ ကိုယ်စားပြုပေးခဲ့ခြင်း ဖြစ်သည်။ လက်တွေ့အခြေအနေတွင် အလွန်တရာ ထူးချွန်ထက်မြက်သော ဂီတသမား အနည်းငယ်မျှသာ ဂီတသမားတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန် လိုအပ်သော ကျွမ်းကျင်သည့်အဆင့် တစ်ရပ်သို့ ရောက်ရှိကြလေ့ရှိသည်။

သို့သော် ဂီတပညာ လေ့လာသူအားလုံးအတွက် အရေးပါပြီး အခြေခံကျသည့် အကျိုးကျေးဇူးများရှိပြီး ဤအကြောင်းသည်ပင် ခရေကျောင်း သင်ရိုးညွှန်းတမ်း၏ အမာခံ အစိတ်အပိုင်း ဖြစ်သည်ဟု မစ္စ အီဝါဆာကီက ယုံကြည်ထားသည်။

“ဂီတကို ဘာကြောင့် လေ့လာသလဲ။ ဂီတသံစဉ်တွေ တီးခတ်နေတဲ့ အချိန်နဲ့ မတီးခတ်တဲ့ အချိန်အတွင်းမှာ ကလေးတွေအပေါ် သက်ရောက်တဲ့အရာတွေကို ကျွန်မ မြင်ရပါတယ်။ မျက်နှာအမူအရာနဲ့ ကိုယ်အမူအရာ အဆင့်က အတော်လေး ကွဲပြားသွားပါတယ်” ဟု မစ္စ အီဝါဆာကီက ဆိုသည်။ 

ရန်ကုန်မြို့ မြန်မာဂီတပွဲတော်၌ စန္ဒရားတီးခတ်ဖျော်ဖြေနေသူတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - ပြည့်ဖြိုးမင်း တိုလင်တီနို

ရန်ကုန်မြို့ မြန်မာဂီတပွဲတော်၌ စန္ဒရားတီးခတ်ဖျော်ဖြေနေသူတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ – ပြည့်ဖြိုးမင်း တိုလင်တီနို

မိမိတို့ကျောင်းတွင် မြန်မာနိုင်ငံရှိ အခြား ပုဂ္ဂလိကကျောင်းများနှင့် မတူညီသည့် တစ်မူထူးခြားသော အတွေးအခေါ် တစ်ရပ်ရှိသည်ဟုလည်း ခရေကျောင်းက ဆိုသည်။ ဤကျောင်းမှ ဆရာများသည် ကလေးတစ်ဦး၏ ဖွံ့ဖြိုးသည့် စိတ်ဓာတ်ကို အခြေပြု အသုံးချသော လေ့လာသင်ယူမှု ပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်ပေးခြင်းကို အာရုံပြုထားသည်။

ဥပမာ – ပြောလိုက်သော စကားလုံးအသံများရှိ အကျယ်ပြန့်နိုင်ဆုံး ကွဲပြားခြားနားမှုများကို ကလေးငယ်များက လက်ခံနိုင်စွမ်းကို အစွမ်းကုန်မြှင့်တင်ပေးရန် ဘာသာစကားလေးရပ်ကို သင်ကြားပေးလျက်ရှိသည်။ ဂီတ၊ ပန်းချီပန်းပု အနုပညာနှင့် အားကစားတို့မှာ အစောပိုင်း ကလေးဖွံ့ဖြိုးတိုးတက်မှုတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး ထိုနယ်ပယ် တစ်ခုချင်းစီမှ စွမ်းရည်မှာ ကလေးငယ် တစ်ဦးအတွက်သာမက အဆုံးစွန်အားဖြင့် လူ့ဘောင်တစ်ရပ် တိုးတက်ဖြစ်ထွန်းရန် အလွန်အရေးပါသည်ဟု မစ္စ အီဝါဆာကီက ယုံကြည်ထားသည်။

“ဂီတက စီးပွားရေး ဖွံ့ဖြိုးမှုအဆင့်တစ်ခုကို ရောက်ရှိလာမှသာ ပေါ်ထွက်လာနိုင်တယ်လို့ ပြောနေတာတွေ ရှိပါတယ်”ဟု မစ္စ အီဝါဆာကီက Frontier ကို ပြောသည်။ “ဒါပေမဲ့ ဒါက သိပ်ကို အရိုးခံကျလွန်းတဲ့နည်းနဲ့ ကြည့်မြင်တာမျိုးပဲလို့ ကျွန်မထင်ပါတယ်။ ဘာလို့လဲဆိုတော့ ဂီတကို နက်နက်နဲနဲ လေ့လာကြည့်ရင် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။

“ရှင်က ဂီတသမားတစ်ဦး ဖြစ်နေလို့တင် မဟုတ်ပါဘူး။ ရှင်မှာ ဖန်တီးမှု အရည်အသွေးတွေနဲ့လည်း ဆက်စပ်နေပြီလေ။ စီးပွားရေး ဖွံ့ဖြိုးနေတဲ့ ကာလတုန်းက လူတွေက အရာဝတ္တုတွေကို ရောင်းဝယ်ဖောက်ကားလိုကြပြီး ရှင့်မှာသာ ဖန်တီးမှု၊ ဒါမှမဟုတ် အနုပညာအမြင် ရှိခဲ့မယ်ဆိုရင် ရှင့်အနေနဲ့ အဲဒီနယ်ပယ်မှာ အလွယ်တကူူ အလုပ်လုပ်နိုင်ပါတယ်။ ဒါဟာ ခုလို အခွင့်အလမ်းတွေကို ဖန်တီးနေကြတဲ့ အကြောင်းပဲ ဖြစ်ပါတယ်”ဟုလည်း ရှင်းပြပြောဆိုသည်။

ကမ္ဘာမြေကို ပွေ့ဖက်ခြင်း

မြန်မာ့ဂီတပွဲတော်ကို စတင်မိတ်ဆက်မပေးခင်ထိ ပညာရှင်ဆန်ပြီး ဂန္ထဝင်မြောက်လှစွာ တတ်မြောက်ထားသော ဂီတသမားများက ပြန်လည်သင်ကြားပေးသည့် အခွင့်အလမ်းကို မြန်မာနိုင်ငံသား မဆိုစလောက်သာ ရရှိသေးသည်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမှ တယောပညာရှင်များ ဖြစ်ကြသည့် လမိုင် လော့အောင်နှင့် ဒါရှီအောင်ဆန်းတို့သည် မြန်မာ့ဂီတပွဲတော် စတင်ကျင်းပသည့် ၂၀၁၄ ခုနှစ်ကတည်းက ရန်ကုန်သို့ ထွက်ခွာလာခဲ့ကြသည်။ ၎င်း၏ ခရစ်ယာန် ဘုရားကျောင်းတွင် တယောပညာ သင်ပေးနေသော ဒါရှီအောင်ဆန်း အဆိုအရ တယောထိုးခြင်းကို စတင်သင်ယူခဲ့သည့် ၁၉၉၆ ခုနှစ်တွင် ၎င်း တမ်းတနေမိသည့် စနစ်တကျ နည်းလမ်းများ သင်ယူရန် အခွင့်အလမ်းကို မြန်မာ့ဂီတပွဲတော်က ဖော်ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော့်အမေက ‘တယောထိုးသင်ချင်လား’လို့ မေးခဲ့ဖူးပါတယ်။ ဒါပေမဲ့ သင်ပေးမယ့်သူ တစ်ယောက်မှ မတွေ့ခဲ့ဖူးပါဘူး။ နောက်တော့ သူကပဲ ကျွန်တော့်ကို တယောထိုးပြပေးခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း တယောထိုးချင်လာခဲ့တယ်” ဟု ဒါရှီအောင်ဆန်းက ပြန်ပြောင်းပြောပြသည်။

“ဒါပေမဲ့ ကချင်ပြည်နယ်မှာက စနစ်တကျ သင်ကြားပေးနိုင်တဲ့ ဆရာတစ်ယောက်မှ မရှိဘူး။ ကိုယ့်ဖာသာ လေ့လာဖို့ ကျွန်တော်ကြိုးစားခဲ့ပြန်တော့လည်း ကျွန်တော့်မှာ ဓမ္မသီချင်းပဲ ရှိတယ်။ ဒါ့ကြောင့် လောက်လောက်လားလား တိုးတက်မလာခဲ့ပါဘူး”ဟုလည်း ထပ်လောင်းရှင်းပြသည်။

ဒါရှီအောင်ဆန်းအတွက်မူ ပြည်ပတွင် လေ့လာရန် အခါနှောင်းခဲ့ပြီ ဖြစ်သော်လည်း ၎င်းသာ နည်းစနစ်သစ်များဖြင့်  သင်ယူဆည်းပူးထားခြင်းဖြင့် ကချင်ပြည်နယ်သို့ ပြန်ရောက်ချိန်တွင် ထိုနည်းစနစ်များကို သင်ကြားပေးခြင်းအားဖြင့် ၎င်း၏ လူမှုအသိုင်းအဝိုင်းကို အကျိုးပြုနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

ရန်ကုန်မြို့ရှိ တယောထိုးဆရာ တစ်ဦးသည် လစဉ်ကျူရှင်ခအဖြစ် တစ်ဦးချင်းထံမှ ကျပ်ငွေ ၃၀,၀၀၀ အထိ ရရှိနိုင်သော်လည်း ဒါရှီအောင်ဆန်းမှာမူ မြစ်ကြီးနားရှိ ၎င်း၏တပည့်များထံမှ ကျပ်ငွေ ၃,၀၀၀ မျှသာ တောင်းဆိုနိုင်ပေသည်။

လမိုင်း လော့အောင်အတွက်မူ ဂီတမှာ ၎င်း၏ အန္တိမ ရည်မှန်းချက်ပင် ဖြစ်လေတော့သည်။

 “တယောထိုးနေရရင် စိတ်ထဲမှာ ကျေနပ်ချမ်းမြေ့နေပြီး အရမ်း ပျော်နေမိတယ်” ဟု လမိုင်းက ဆိုသည်။ “တယောများ ထိုးနေရရင် အခက်အခဲ ပြဿ     နာတွေ မေ့ပျောက်နေတယ်။ ကချင်ပြည်နယ်မှာက သာမန်ပြည်သူတွေပဲ နေကြတာ၊ သိပ်လည်း မချမ်းသာ သိပ်လည်း မဆင်းရဲလှပါဘူး။ ခင်ဗျား သိတဲ့အတိုင်း မြန်မာတပ်တွေနဲ့ ကချင်လက်နက်ကိုင်တွေက ပြည်တွင်းစစ်ကို အကြာကြီး တိုက်ခိုက်လာကြတာလေ။ ဒါက ကျွန်တော်တို့ အမြဲတစေ တွေးမိနေတာတွေပဲ။ ကျွန်တော်တို့စိတ်မှာ မလုံခြုံဘူးဗျာ။ ဒါပေမဲ့ ကျွန်တော် တယောထိုးနေရင် စိတ်ထဲမှာ လုံခြုံစိတ်ချနေမိတယ်။ ဒုက္ခ သုက္ခအားလုံး မေ့ကုန်တယ်။ ဂီတက ကျွန်တော့်ကို ကယ်တင်လိုက်တာပဲ။

 “မြန်မာ ဂီတပွဲတော်က ကျွန်တော်တို့ကို သင်ပြပေးမယ့် နိုင်ငံခြားက ဆရာတွေ ရရှိဖို့ အခွင့်အလမ်းကောင်းပါပဲ။ ကျွန်တော့်အမြင်မှာတော့ ဒါဟာ ကျွန်တော်တို့ အခက်အခဲတွေကို ကျော်လွှားနိုင်မယ့် အခွင့်အလမ်းကောင်းကြီး တစ်ခုပါပဲ။ ကမ္ဘာကြီးမှာ ကျွန်တော်တို့ဂီတ၊ ကျွန်တော်တို့ တယောတွေနဲ့ ရပ်တည်နိုင်မယ့် နေရာ တစ်နေရာတော့ ရှိမှာပါပဲ”

အောင်မင်း ဘာသာပြန်သည်။

ဇွန် ၁၄ ရက်က ကျင်းပခဲ့တဲ့ မြန်မာဂီတပွဲတော်ရဲ့ နောက်ဆုံးနေ့ပွဲမှာ စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ ထိုင်ဝမ်က ဂီတပညာရှင်တွေ လာရောက်ဖျော်ဖြေကြပြီး မူရင်းတေးဂီတ တီးလုံးတွေ၊ ဖွဲ့စည်းတည်ဆောက်မှုတွေကို မြန်မာဂီတသမားများအား တီးပြ၊ သင်ပြ၊ ပူးတွဲလုပ်ဆောင်ပြကြပါတယ်။ 

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar