ချင်းပြည်နယ်၊ မင်းတပ်တွင် ပြင်းထန်သည့်တိုက်ပွဲများကြောင့် ဒေသခံ ၁၀,၀၀၀ကျော်သည် နေရပ်စွန့်ခွာ၍ နီးစပ်ရာသစ်တောများသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။ မိုးဦးရာသီကျချိန်ဖြစ်သည့် ယခုကာလတွင် မင်းတပ်စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အကူအညီများ အပူတပြင်း လိုအပ်နေသည်။
ဖရွန်းတီးယားမြန်မာ
ရှည်လျား၍ ထိတ်လန့်ဖွယ်ရာအကောင်းဆုံး နေ့ရက်များ ဖြတ်သန်းခဲ့ရပြီးနောက် မိုင်ဟန်နီနွေးသည် မိသားစုနှင့်အတူ စစ်ဒဏ်သင့်မင်းတပ်မြို့လေးကို စွန့်ခွာရန် အခြားထောင်နှင့်ချီသော မြို့ခံများနည်းတူ ဆုံးဖြတ်လိုက်သည်။
မေ၁၈ရက်၊ နံနက်၅နာရီ ဝေလီဝေလင်းအချိန်တွင် မိုင်ဟန်နီနွေးသည် အသက်နှစ်နှစ်အရွယ် လူမမယ် သမီးငယ်လေးကို ကျောပိုးလျက် အိမ်နောက်ဖေးက ခြောက်သွေ့နေသော ရေမြောင်းကြီးအတိုင်း တောင်အောက်သို့ တိတ်တဆိတ် ဆင်းလာသည်။ ၎င်းနှင့်အတူ ခင်ပွန်းဖြစ်သူနှင့် မောင်၊ ညီမတို့အပြင် အသက်၁၀နှစ်အရွယ် တူမတစ်ဦးလည်း ပါဝင်သည်။
စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် စိုးမိုးထိန်းချုပ်လိုက်သည့် မင်းတပ်မြို့ကို စွန့်ခွာရန် ခရီးစတင်လိုက်ကြသည်။ ၎င်းတို့ လျှောက်လာစဉ်မှာပင် မြို့စွန်နေရာအချို့၌ စစ်ကောင်စီတပ်များနှင့် ချင်းပြည်ကာကွယ်ရေးတပ် (CDF)တပ်တို့အကြား တိုက်ပွဲငယ်များ ဖြစ်ပွားနေဆဲဖြစ်သည်။
ချင်းပြည်ကာကွယ်ရေးတပ် (CDF) ဆိုသည်မှာ မင်းတပ်မြို့ခံ အရပ်သားအများစုဖြင့် ဖွဲ့စည်းထားပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် စစ်ကောင်စီတပ်များကို တိုက်ခိုက်နေသော ဒေသခံ အရပ်သားခုခံကာကွယ်ရေးလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည်။ စတင်ဖွဲ့စည်းသည့် ဧပြီလဆန်းနောက်ပိုင်းကစ၍ မင်းတပ်မြို့နယ်အတွင်း CDF နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။
ယင်းတိုက်ပွဲများကြောင့် မိုင်ဟန်နီနွေးတို့ကဲ့သို့ ဒေသခံအရပ်သားများသည် နေရပ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။ မိုင်ဟန်နီနွေးတို့အဖွဲ့တွင် အမျိုးသမီးသူငယ်ချင်းတစ်ဦးအပြင် ၎င်း၏ မိသားစုဝင်များလည်း တစ်ပါတည်း လိုက်ပါခဲ့ကြသည်။ ဟန်နီနွေး၏ သူငယ်ချင်းဖြစ်သူမှာ ယင်းနေ့မတိုင်ခင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်သည့် လက်နက်ကြီးနေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့သဖြင့် ခါးတွင် ထိခိုက်ဒဏ်ရာ ရထားသူဖြစ်သည်။ ထိုကြောင့် ခရီးကြမ်းနှင်ရချိန်တွင် သူ့အတွက် များစွာအခက်အခဲဖြစ်ခဲ့သည်။
“သူတို့ (စစ်ကောင်စီတပ်များ) က စနိုက်ပါ (အဝေးပစ်လက်ဖြောင့်သေနတ်)တွေနဲ့ လူရော၊ တိရစ္ဆာန်ရော မသိဘူး တွေ့ကရာလိုက်ပစ်နေတော့ ကျမတို့ ကားလမ်းအတိုင်းမသွားရဲဘူး”ဟု ဟန်နီနွေးက ပြောသည်။ ၎င်းသည် မင်းတပ်ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုတွင် တနင်္ဂနွေနေ့တိုင်း ကလေးသူငယ်များကို ဆန်းဒေးစကူးလ်၌ သမ္မာကျမ်းစာသင်ပြသေးသူ ဆရာမအဖြစ် လုပ်အားပေးလေ့ရှိသည်။
“ရွာတွေကနေ ကျမတို့ကို လာကြိုမယ့်သူတွေ စောင့်နေတဲ့ နေရာရောက်တဲ့အထိ တောထဲမှာ ကျမတို့ နာရီပေါင်းများစွာ (လမ်း)လျှောက်ခဲ့ရတယ်”ဟု ၎င်းကပြောသည်။
ဘေးလွတ်ရာ ရှောင်တိမ်းကြရာတွင် မိုင်ဟန်နီနွေးနှင့် ခင်ပွန်းသည်တို့သည် မင်းတပ်မြို့ပေါ်က မိသားစုလုပ်ငန်းဖြစ်သော ဖိနပ်ဆိုင်ကို ပစ်ထားခဲ့ရသည်။ အရေအတွက်အားဖြင့် ၁၀,၀၀၀ကျော်သော အခြားမင်းတပ်မြို့ခံများလည်း ၎င်းတို့နည်းတူပင် အိုးပစ်၊ အိမ်ပစ်၊ မိသားစုလုပ်ငန်းများ ပစ်ချထား၍ ဘေးလွတ်ရာသို့ ချက်ချင်းတိမ်းရှောင်ထွက်ပြေးကြရသည်။ မင်းတပ်ဒေသခံများသည် မြို့နှင့် အတန်အသင့် အလှမ်းဝေးသည့် ကျေးရွာများတွင် ဖွင့်လှစ်ထားသော ယာယီစစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်ကြရသည်။
မင်းတပ်ရှိ စစ်ဘေးရှောင်ပြည်သူဦးရေမှာ လက်ရှိအချိန်တွင် ၁၁,၀၀၀ကျော်နေပြီဖြစ်သည်။ ယင်းအရေအတွက်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီကိန်းဂဏန်းများအရ မင်းတပ်မြို့နယ် တစ်ခုလုံး (မြို့ပေါ်ရော ကျေးလက်ပါ) စုစုပေါင်း လူဦးရေ၏ လေးပုံတစ်ပုံလည်း ဖြစ်သည်။
စစ်ဘေးရှောင် ၁၁,၀၀၀ကျော်အနက် ၄၃ဦးက ကိုယ်ဝန်ဆောင်မိခင်များဖြစ်ကြပြီး ၆၂၆ဦးမှာ အသက်ငါးနှစ်အောက် ကလေးသူငယ်များ ဖြစ်ကာ၊ ၂၃ဦးက မသန်စွမ်းသူများဖြစ်သည်ဟု မင်းတပ် စစ်ရှောင်စခန်းများစီမံခန့်ခွဲရေးကော်မတီက ပြုစုသော ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
ယင်းကော်မတီဝင်များနှင့် အခြားခိုင်လုံသည့်သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ အဆိုပါစစ်ရှောင်စခန်းများသို့ ရောက်မလာသည့်တိုင် ထောင်နှင့်ချီသော အခြားမင်းတပ်မြို့ခံများသည် လက်ရှိတွင် နီးစပ်ရာတောများ အတွင်းတွင်လည်းကောင်း၊ အခြားမြို့ရွာများရှိ ဆွေမျိုး၊ မိတ်သင်္ဂဟများထံတွင်လည်းကောင်း ခိုလှုံနေထိုင်ကြရသည်။
လက်ရှိတွင် မင်းတပ်မြို့ပေါ်၌ အရပ်သားဒေသခံ အနည်းအကျဉ်းသာ ကျန်ရှိတော့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လူသူမရှိတော့သော နေအိမ်များမှ စမတ်ဖုန်း၊ အခြားအသုံးအဆောင် ပစ္စည်းများ၊ ကြက်၊ ဝက်စသည့် အိမ်မွေးတိရစ္ဆာန်များကို ယူငင်၊ စားသောက်ကြသည်ဟု ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။ အဆိုပါကိစ္စရပ်များကို အတည်ပြုရန် ဖရွန်းတီးယားမြန်မာက စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံသို့ ကြိမ်ဖန်များစွာ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်း မရှိပေ။
တောတောင်များကို ဖြတ်ကျော်လျက် ခြေလျင်ခရီးကြမ်းနှင်ခဲ့စဉ် ကိုယ်ဝန်သည်မိခင်တစ်ဦး တောလမ်းခရီး၌ပင် မီးဖွားလိုက်ရသည်ကို မြင်တွေ့ခဲ့ရသလို ခရီးလမ်းကြမ်းတမ်းလွန်းလှသဖြင့် အသက်၁၀နှစ်အရွယ် ကလေးငယ်တစ်ဦး တောင်စောင်းက ခြေချော်၍ ချောက်ထဲပြုတ်ကျသေဆုံးခဲ့သည်ကို ကြားသိခဲ့ရကြောင်းလည်း ဟန်နီနွေးကဆိုသည်။
မိုင်ပေါင်းများစွာ ခြေလျင်ခရီးနှင်ပြီးနောက် မေ၁၈ရက် ညနေပိုင်းတွင်မူ ခရီးပန်းလှပြီဖြစ်သည့် ဟန်နီနွေးတို့မိသားစုနှင့် သူ့သူငယ်ချင်းတို့ မိသားစုဝင်များသည် မင်းတပ်မြို့မှ မတူပီဘက် မိုင်၄၀ခန့်အကွာရှိ တွီရိန်းရွာသို့ ရောက်ရှိလာကြသည်။
‘ဘယ်ကို ပြေးရမယ် မသိ’
စစ်တပ်နှင့် CDF တပ်ဖွဲ့ဝင်များကြား ပထမဆုံးတိုက်ပွဲက ဧပြီ၂၄ရက်တွင် စတင်ခဲ့သည်။ အဆိုပါနေ့မတိုင်ခင်က ဖေဖော်ဝါရီစစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ဒေသခံလူငယ်ခုနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အဆိုပါလူငယ်အားလုံးကို ပြန်လွှတ်ပေးရန် CDF ၏ တောင်းဆိုချက်ကို စစ်ကောင်စီက လိုက်လျောရန် ငြင်းဆန်ခဲ့ရာမှ ညှိနှိုင်းဆွေးနွေးမှုများ ပျက်ပြယ်ပြီး တိုက်ပွဲများစတင်ခဲ့သည်။
CDF တပ်ဖွဲ့ဝင်များသည် မင်းတပ်မြို့နယ်အတွင်းရှိ ရဲနှင့် စစ်တပ်ကင်းစခန်းအချို့ကို စတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၅ဦးအထိ ကျဆုံးခဲ့ပြီး ဧပြီ၂၇ရက်တွင် စစ်ကောင်စီက ယာယီအပစ်ရပ်ရန် ကမ်းလှမ်းခဲ့ကာ ဖမ်းဆီးထားသည့် ဆန္ဒပြသူခုနှစ်ဦးကို ပြန်လွှတ်ပေးခဲ့သည်။ ယင်းနောက် ဧပြီ၂၉ရက်တွင် စစ်ကောင်စီက နောက်ထပ်ဖမ်းဆီးထားသည့် အရပ်သားခြောက်ဦးကို ပြန်လွှတ်ပေးရန် CDF က တောင်းဆိုခဲ့သည်။ ယင်းတောင်းဆိုချက်ကို စစ်ကောင်စီက ငြင်းဆန်ခဲ့သည်။
ထိုကာလအတောအတွင်း စစ်ကောင်စီက မင်းတပ်မြို့ကို လုံခြုံရေးအင်အားဖြည့်တင်းခဲ့သလို ခရီးသွားလာသူများကိုလည်း စစ်ဆေးမှုများ တင်းကျပ်ခဲ့သည်။ CDF၏ တောင်းဆိုမှုကို စစ်ကောင်စီက လိုက်လျောရန် ငြင်းဆန်ပြီးနောက် မေ၁၂ရက်တွင် ဒုတိယအကြိမ် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
ဖမ်းဆီးရမိထားသူများအား နှစ်ဘက် အပြန်အလှန်လဲလှယ်ရန် ဆွေးနွေးညှိနှိုင်းမှု မပြေလည်ရာက ပြင်းထန်သော တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်အကြာ မေ၁၃ရက်တွင် စစ်ကောင်စီက မင်းတပ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာလိုက်သည်။ ဖေဖော်ဝါရီအတွင်းက အရပ်သားဒေသခံများ ဖွဲ့စည်းထားသည့် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးအမိန့်မှာ “တရားမဝင်”ကြောင်းနှင့် ၎င်းတို့ကသာ အာဏာပိုင်အဖွဲ့အစည်းဖြစ်ကြောင်း ကြေညာသည်။
နောက်ပိုင်းတွင် CDF အကာအကွယ်ပေးထားသည့် လူနေရပ်ကွက်များသို့ စစ်ကောင်စီတပ်များက စိန်ပြောင်း၊ ပုခုံးထမ်းလောင်ချာနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်လာသလို CDFတပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကို ရှောင်ရှားရန် ကုန်းကြောင်းသုံးမော်တော်ယာဉ်များအစား ရဟတ်ယာဉ်များသုံး၍ မင်းတပ်သို့ စစ်ကောင်စီက တပ်ကူအင်အား အများအပြား ထပ်မံဖြည့်တင်းခဲ့သည်။
မြို့ခံများဖြစ်၍ နယ်မြေကျွမ်းကျင်သည့်တိုင် အချိန်ကြာမြင့်လာသည်နှင့်အမျှ လူသူအင်အား၊ လက်နက်ချင်းမမျှ ဖြစ်လာသဖြင့် CDF တပ်ဖွဲ့ဝင်များသည် မင်းတပ်မြို့က စတင်ဆုတ်ခွာလာရသည်။ မရှေးမနှောင်းမှာပင် ထောင်နှင့်ချီသော အရပ်သားများလည်း မြို့ပေါ်က ချက်ချင်းဆိုသလို ရှောင်ပြေးကြရသည်။
စစ်ကောင်စီတပ်ဖွဲ့များ မြို့ကို အပြည့်အဝထိန်းချုပ်စိုးမိုးလိုက်ပြီးနောက်တစ်ရက် မေ၁၈ရက်တွင် မင်းတပ်မြို့ခံများ အလုံးအရင်းဖြင့် မြို့ကိုစွန့်ခွာခဲ့ကြတော့သည်။ စစ်အုပ်ချုပ်ရေးကြေညာထားပြီး ဖြစ်သည့်အပြင် ဆက်လက်နေထိုင်ပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးနှိပ်စက်ခြင်းနှင့် အကြမ်းဖက်မှုခံရမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်လာကြခြင်းပင်ဖြစ်သည်။
တွီရိန်းရွာသို့ စစ်ဘေးရှောင်များအဖြစ် ရောက်ရှိလာကြသည့် မိုင်ဟန်နီနွေးတို့မိသားစုသည် ဘုရားကျောင်းဝင်းအတွင်း ယာယီပြုလုပ်ထားသည့် စစ်ရှောင်စခန်း၌ ကျပ်ကျပ်တည်းတည်း ခက်ခဲစွာနေထိုင်ကြရသည်။ မိုးကာစများဖြင့် အမိုးမိုးထားသည့် အဆိုပါစစ်ရှောင်စခန်းတွင် မင်းတပ်ဒေသခံ ၁၅၃ဦး ခိုလှုံခဲ့ကြသည်။
၎င်းတို့အနက် အင်အားချိနဲ့သော သက်ကြီးရွယ်အိုများ၊ အထူးဂရုစိုက်မှုလိုအပ်နေသော ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် မသန်းစွမ်းများလည်း ပါဝင်သည်။ ကျန်းမာသန်စွမ်းသည့် အမျိုးသားများ၊ လူငယ်လူရွယ်များကမူ စစ်ရှောင်စခန်းများတွင် များများစားစားမရှိကြဘဲ CDF နှင့်အတူ စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိကြသည်။
ဇွန်၆ရက်တွင် မင်းတပ်မြို့ အရှေ့မြောက်ဘက် တောင်ကြားလမ်းမှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် CDF တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားရာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ဆယ်ဂဏန်းခန့် သေဆုံးခဲ့ပြီး CDF ဘက်ကလည်း သုံးဦး ကျဆုံးခဲ့သည်ဟု DVB သတင်းတစ်ပုဒ်က ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ကျောက်ထုနှင့် မင်းတပ်မြို့များပေါ်မှ လက်နက်ကြီးပစ်ကူ၍ တိုက်ခိုက်ခဲ့ပြီးနောက် အကြီးဆုံးစစ်ရှောင်စခန်းနှစ်ခုအနီးသို့ ချဉ်းကပ်လာရာ ထိုစခန်းများရှိ စစ်ဘေးရှောင်ပြည်သူ ၄,၀၀၀ကျော် အခြားနေရာများသို့ ထပ်မံရွှေ့ပြောင်းခဲ့ရသည်ဟု ထိုသတင်းတွင် ဖော်ပြသည်။
မြန်မာနိုင်ငံရှိ အခြားတိုင်းရင်းသားပြည်နယ်များနှင့် နှိုင်းယှဉ်လျှင် ချင်းပြည်နယ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း လက်နက်ကိုင်ပဋိပက္ခဒဏ်ကို အနည်းအကျဉ်းသာ ခံစားခဲ့ရသည်။ သို့ဖြစ်ရာ ချင်းပြည်နယ်က ပြည်သူအများသည် ကချင်၊ ကရင်နှင့် ရှမ်းစသည့် ပြည်နယ်များက ပြည်သူများထက်စာလျှင် စစ်ဘေးဒဏ်ခံရမှုကို မကြုံတွေ့ရသလောက်ပင် ရှိခဲ့သည်။ သို့ရာတွင် ပလက်ဝမြို့ကမူ ချွင်းချက်ဖြစ်သည်။ တပ်မတော်နှင့် ရက္ခိုင့်တပ် (အေအေ)တို့အကြား ၂၀၁၉နှင့် ၂၀၂၀အတွင်း ဖြစ်ပွားခဲ့သည့် ပြင်းထန်သော တိုက်ပွဲများကြောင့် ပလက်ဝဒေသခံများသည် စစ်ဘေးဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည်။
“ကျမတို့ ဒီလိုအခြေအနေမျိုးရောက်ရမယ်လို့ တစ်ခါမှမတွေးခဲ့ဖူးဘူး။ ကျမတို့ အိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေပစ်ပြီး ဒီလိုပြေးရလိမ့်မယ်လို့ တစ်ခါမှမမျှော်လင့်ဖူးဘူး။ မင်းတပ်က ပြေးလာရတဲ့ နေ့ကဆိုရင် ကျမတို့မှာ ငိုမတတ်ပဲ။ တစ်ယောက်နဲ့တစ်ယောက် အားပေးရင်း ခရီးဆက်ခဲ့လို့သာ ရောက်လာနိုင်တာ”ဟု မိုင်ဟန်နီနွေးက ပြောသည်။
တွီရိန်းစစ်ဘေးရှောင်စခန်းတွင် ကနဦး၌ ရုတ်တရက်စုပြုံရောက်လာသည့် စစ်ဘေးဒုက္ခသည် ပြည်သူများအတွက် အခြေခံလိုအပ်ချက်များက ပြတ်လပ်သွားခဲ့သည်။ သို့ရာတွင် အချိန်မီဆိုသလိုပင် ပြည်သူများကပင် ပြန်လည်ထောက်ပံ့ ဖြည့်တင်းကူညီပေးကြရာ လက်ရှိအချိန်တွင် ဇွန်လကုန်အထိ စားနပ်ရိက္ခာ လုံလောက်သည့်အခြေအနေတွင် ရှိသည်။
“အခုတော့ လှူထားကြတဲ့ ပစ္စည်းတွေကလည်း ရောက်လာပြီဆိုတော့ အစကလောက်တော့ သိပ်အခက်အခဲရယ်လို့ မရှိတော့ဘူး။ ခုမှပဲ စိတ်သက်သာရာရတာပေါ့လေ”ဟု သင်းအုပ်ဆရာ အုမ်နိုင်က ပြောသည်။
“ရွာအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲမဖြစ်ဖို့ပဲ လိုတယ်။ ဒီမှာ တိုက်ပွဲဖြစ်လာခဲ့ရင်တော့ ကျနော်တို့ဘယ် ပြေးရမယ်မှန်းမသိဘူး”ဟု တွီရိန်းစစ်ရှောင်စခန်း တာဝန်ခံလည်းဖြစ်သည့် ၎င်းက ဆိုသည်။
ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း၌ စစ်ရှောင်စခန်း ပြုလုပ်ထားခြင်းမှာ သာသနာ့နယ်မြေဖြစ်၍ စစ်ပြေးရှောင်ပြည်သူများ၏ လုံခြုံမှုအတွက် အကာအကွယ်ပေးနိုင်မည်ဟု မျှော်လင့်၍ဖြစ်ကြောင်း ဆရာအုမ်နိုင်က ဆိုသည်။
“ဒါပေမဲ့ အခုလိုင်းပေါ်မှာ ကြည့်တော့ အမလေး၊ မရဘူး။ ဘုရားကျောင်းလည်း ဆော်တာပဲ။ အဲဒီတော့ အခုလည်း တခြားနေရာပြောင်းဖို့ စီစဉ်နေရတာပေါ့”ဟု သင်းအုပ်ဆရာက ဖရွန်းတီးယားမြန်မာကို ပြောသည်။
ကယားပြည်နယ်အတွင်း ဘုရားရှိခိုးကျောင်းများကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်သည့်ဖြစ်စဉ်များကို ကိုးကား၍ ၎င်းက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ လွိုင်ကော်မြို့ရှိ ရိုမန်ကက်သလစ်ဘုရားကျောင်းတစ်ခုကို စစ်ကောင်စီတပ်များက မေ၂၄ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဘုရားကျောင်းအတွင်း ခိုလှုံနေသည့် ပြည်သူများအနက် လေးဦးသေဆုံးခဲ့သည်။ ယင်းဖြစ်စဉ်အပြီး နှစ်ရက်အကြာ ဒီမော့ဆိုမြို့နယ်တွင်လည်း နောက်ထပ် ရိုမန်ကက်သလစ် ဘုရားကျောင်းတစ်ခု လက်နက်ကြီးကျည် ထိမှန်ခဲ့ပြန်သည်။
တွီရိန်းစစ်ရှောင်စခန်း၌ ဇွန်လကုန်အထိ စားနပ်ရိက္ခာများ ဖူလုံသော်လည်း မင်းတပ်မြို့နယ်အတွင်းက အခြား စစ်ရှောင်စခန်း ၂၂ခုတွင်မူ စားနပ်ရိက္ခာ၊ ဆေးဝါးမှသည် အမျိုးသမီးလစဉ်သုံးပစ္စည်းများအထိ ကူညီကယ်ဆယ်ရေး ပစ္စည်းများ မလောက်မငဖြင့် အခက်အခဲကြီးကြီးမားမား ကြုံတွေ့နေကြရသည်။
စစ်ရှောင်စခန်းများအနက် အကြီးဆုံးစစ်ရှောင်စခန်းသည် မင်းတပ်မြို့ အရှေ့တောင်ဘက်ရှိ လုပ်ရှဲရွာတွင်ရှိပြီး ပြည်သူ ၁,၅၀၅ဦး ခိုလှုံလျက်ရှိသည်။ ဒုတိယအကြီးဆုံးစစ်ရှောင်စခန်းကို မင်းတပ်မြို့အနောက်မြောက်ဘက် ကီးသာရွာတွင်တည်ထားပြီး ဒေသခံ ၁,၁၅၁ဦးခန့် ခိုလှုံနေသည်။
ကီးသာစစ်ရှောင်စခန်းတွင် ခိုလှုံနေသော အသက်၂၂နှစ်အရွယ် မိုင်ကီးအွယ်က နိုင်ငံတကာအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Lutheran World Federation ၏ မင်းတပ်မြို့ ရုံးခွဲတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ စစ်ပွဲဒဏ်သင့်၍ မြို့ကိုစွန့်ခွာရချိန်မှာတော့ ၎င်းလည်း မိသားစုနှင့်အတူ စစ်ဘေးရှောင်ဘဝကို ရောက်ခဲ့သည်။
မြန်မာနိုင်ငံတစ်နံတစ်လျား စစ်ကောင်စီတပ်များ၏ အကြမ်းဖက်ဖြိုခွင်းနေမှုများကို ကြားသိထားပြီးဖြစ်သဖြင့် မင်းတပ်မြို့ခံများသည် စစ်ပွဲ၏ နောက်ဆက်တွဲဖြစ်ပွားလာမည့် အခြေအနေကို စိုးရွံ့ထိတ်လန့်ခဲ့ကြသည်ဟု ကီးအွယ်က ဆိုသည်။
“ကျမတို့ ဒီလိုအခြေအနေမျိုးကို လုံးဝရင်မဆိုင်နိုင်ဘူး။ အဲဒီတော့ ကျမတို့ အသက်ဆက်နိုင်ဖို့ ပြေးခဲ့ကြရတယ်”ဟု ကီးအွယ်က ပြောသည်။ တောထဲက စစ်ဘေးရှောင်များအနက် သက်ကြီးရွယ်အိုများကို မြင်တွေ့ခဲ့ရချိန်တွင်မူ မိမိအရေးထက် ၎င်းတို့အပေါ် သနားကြင်နာစိတ်ပိုကာ ဆို့နင့်ဝမ်းနည်းခဲ့ရသညဟု ၎င်းကဆိုသည်။
ကီးသာရွာကိုရောက်ချိန်တွင် မင်းတပ်စစ်ဘေးရှောင်များအဖို့ အခိုက်အတန့်တစ်ခုအတွက်သာ စိတ်သက်သာရာ ရခဲ့သော်လည်း ၎င်းတို့၏ အခြေအနေမှာ မရေရာလှသည်ကို သိမြင်ခဲ့ရကြောင်း ၎င်းက ပြောသည်။
“စစ်ရှောင်စခန်းကတော့ ဘုရားကျောင်းဝင်းထဲမှာ ဖြစ်တဲ့အတွက် နေရထိုင်ရတာတော့ မဆိုးဘူးပေါ့နော်။ ဒါပေမဲ့ စခန်းက အခုမှရုတ်တရက် ထလုပ်ကြရတာဖြစ်တော့ နေ့စဉ်နဲ့အမျှ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက အများကြီးပဲ။ ကျမတို့မှာ ရေအလုံအလောက်မရှိဘူး၊ အိမ်သာတွေလည်း မလုံလောက်ဘူး။ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေလည်း မရှိဘူး”ဟု ကီးအွယ်က ပြောသည်။
စစ်ရှောင်စခန်းများတွင် အရေးပေါ်ကယ်ဆယ်ရေးအထောက်အပံ့ လိုအပ်ချက်များရှိနေသဖြင့် ကူညီပေးရန် စေတနာ့ဝန်ထမ်းများက ကြိုးပမ်းရာတွင်လည်း အန္တရာယ်များရှိနေပြန်သည်။ မေ၁၉ရက်က စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အမျိုးသားတစ်ဦးသည် မင်းတပ်စစ်ရှောင်များအား ကူညီထောက်ပံ့ရန် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ ပေးပို့သည့် ငွေကျပ် သိန်း၁၇၀ကို ဘဏ်မှထုတ်ယူပြီးနောက် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးမှုခံခဲ့ရသည်ဟု ကလေးအခြေစိုက်မီဒီယာများက ဆိုသည်။
တစ်ဆက်တည်းတွင် စစ်သားများသည် လမ်းမများပေါ်တွင် တပ်စွဲ၍ စစ်ဘေးရှောင်ပြည်သူများထံ ပေးပို့လှူဒါန်းသည့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြားထောက်ပံ့ရေးပစ္စည်းများအား ဖြတ်ယူသိမ်းဆည်းသည့် ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း အမည်မဖော်လိုသူ စစ်ဘေးရှောင်စခန်းများ စီမံခန့်ခွဲရေးကော်မတီဝင်အချို့နှင့် စေတနာ့ဝန်ထမ်းအချို့က ပြောသည်။
ကီးသာစစ်ရှောင်စခန်းတာဝန်ခံ အသက်၃၀အရွယ်ရှိ ဆလိုင်းနိန်ထန်းကတော့ ၎င်းတို့စခန်းအနေဖြင့် ထောက်ပံ့မှုအချို့ရရှိထားသော်လည်း မလောက်ငသေးကြောင်း ဆိုသည်။
“တခြားမြို့နယ်တွေ၊ မြို့ကြီးတွေက ပြည်သူတွေက စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့လှူဒါန်းနေကြတာ ရှိပါတယ်။ ဒါပေမဲ့လည်း ကျနော်တို့မှာ အကူအညီအထောက်အပံ့တွေ လိုနေပါသေးတယ်”ဟု နိန်ထန်းက ပြောသည်။
စခန်းအတွက် စီမံခန့်ခွဲမှုကိစ္စရပ်များတွင် ပါဝင်နေသည့်တိုင် ၎င်းကိုယ်တိုင်သည်လည်း တစ်နှစ်ကျော်ကျော်သာ ရှိသေးသည့် သားဖြစ်သူကို ရင်ဝယ်ပိုက်၍ မင်းတပ်မြို့က ထွက်ပြေးလာရသော စစ်ဘေးရှောင်တစ်ဦးပင် ဖြစ်သည်။
“ကျနော်တို့မှာ ဆေးဝါးတွေ အလုံအလောက်မရှိဘူး။ ပြီးတော့ နိုင်ငံတကာအခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ UN (ကုလသမဂ္ဂ) အေဂျင်စီတွေလည်း ကျနော်တို့ဆီ မရောက်လာနိုင်သေးဘူး”ဟု နိန်ထန်းက ပြောသည်။
မိုးဦးကျချိန် ရောက်ရှိလာ
မင်းတပ်စစ်ရှောင်ပြည်သူများအရေးနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာ ဒုတိယဝန်ကြီးနော်ထူးဖောက ၎င်းတို့အနေဖြင့် မင်းတပ်ပြည်သူများအတွက် နည်းလမ်းပေါင်းစုံရှာဖွေပြီး မြေပြင်၌လုပ်ဆောင်နေသည့် အဖွဲ့များ၊ လူပုဂ္ဂိုလ်များနှင့် ချိတ်ဆက်ကာ လိုအပ်သည့်အကူအညီများကို အထိရောက်ဆုံးနှင့် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
“လုံခြုံရေးအခက်အခဲတွေကြောင့် ဝန်ကြီးဌာနရဲ့ နာမည်နဲ့တပ်ပြီး ကူညီလို့မရတဲ့ အနေအထားဖြစ်တဲ့အတွက် ကျမတို့ ဝန်ကြီးဌာနက ကူညီထောက်ပံ့နေတာကို ပြည်သူတွေက မသိပေမဲ့ သူတို့နဲ့အတူ ကျမတို့ရှိနေတယ်၊ သူတို့ရဲ့အခက်အခဲတွေကို ဝိုင်းဝန်းဖြေရှင်းပေးနေတယ်ဆိုတာကို မင်းတပ်ကပြည်သူတွေကို သိစေချင်ပါတယ်” ဟု နော်ထူးဖောက ပြောသည်။
NUG အစိုးရသည် မင်းတပ်သာမက အခြားတိုက်ပွဲဖြစ်ပွားရာ ဒေသများ၌လည်း ဒုက္ခကြုံတွေ့နေရသည့် ပြည်သူများထံ အလားတူပုံစံအတိုင်းပင် ကူညီပေးနေကြောင်း ၎င်းကဆိုသည်။
“စစ်ကောင်စီက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို နည်းမျိုးစုံနဲ့ နှောင့်ယှက်ဖျက်စီးတဲ့အတွက် ငွေကြေးစီးဆင်းတဲ့နေရာမှာရော၊ ကူညီထောက်ပံ့မှုပစ္စည်း ဖြန့်ဖြူးတဲ့နေရာမှာပါ အကြီးမားဆုံးအခက်အခဲနဲ့ ကြုံနေရပါတယ်”ဟု ၎င်းကပြောသည်။
ကုလသမဂ္ဂအဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရန် တာဝန်ရှိသည့်အားလျော်စွာ ယင်းတာဝန်ကို လူသားချင်းစာနာထောက်ထားရေးမူများအတိုင်း လိုက်နာလုပ်ဆောင်ရန်နှင့် ယင်းသို့လုပ်ဆောင်ရာတွင်လည်း NUG အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ဒုဝန်ကြီး နော်ထူးဖောက တိုက်တွန်းလိုက်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ကိန်းဂဏန်းများအရ မေ၁၂ရက်မှ ၂၉ ရက်အတွင်း မင်းတပ်မြို့တွင် ကျဆုံးသူ ၁၂ဦးရှိခဲ့ပြီး ၎င်းတို့အားလုံးမှာ အမျိုးသားများ ဖြစ်ကြသလို စစ်ကောင်စီတပ် လက်ချက်ဖြင့် ကျဆုံးခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။ AAPP ၏ ကျဆုံးသူစာရင်းတွင် CDF အဖွဲ့ဝင်များနှင့် အဖွဲ့ဝင်မဟုတ်သော်လည်း ၎င်းတို့နှင့်အတူတကွ ခုခံတိုက်ပွဲဝင်ခဲ့ကြသူများ ပါရှိသလို CDM လှုပ်ရှားပြုလုပ်နေသည့် စည်ပင်ဝန်ထမ်းတစ်ဦးလည်း ပါဝင်သည်။ အဆိုပါ စည်ပင်ဝန်ထမ်းအမျိုးသားသည် စစ်ရှောင်စခန်းသို့ မိသားစုနှင့် ရောက်ပြီးကာမှ ပစ္စည်းပစ္စယများအား သိမ်းဆည်းရန် မြို့ပေါ်သို့ ပြန်လည်သွားရောက်ရာတွင် စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှု ခံခဲ့ရသည်။
AAPPစာရင်းတွင် မပါဝင်သေးသော်လည်း အသက်၁၈နှစ်အောက် ပူကွန်းကျေးရွာသားနှစ်ဦးသည်လည်း မင်းတပ်မှ တောင်ဘက်၁၂မိုင်ခန့်အကွာရှိ မြေပြင်တစ်နေရာတွင် မြေမြှုပ်မိုင်းဒဏ်သင့်၍ သေဆုံးခဲ့ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူး ဆလိုင်းရှိန်းထွန်းက ဖရွန်တီးယားမြန်မာကို ပြောသည်။
စစ်ကောင်စီတပ်သည် ထိုနေရာ၌ ခေတ္တစခန်းချသွားခဲ့ခြင်းဖြစ်ကာ အခြားမည်သည့်လက်နက်ကိုင်အဖွဲ့မျှ ယင်းနေရာတွင် ရှိမနေခဲ့သောကြောင့် မြေမြှုပ်မိုင်းများအား ၎င်းတို့ထောင်သွားခြင်းသာ ဖြစ်လိမ့်မည်ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်များသည် ဂျနီဗာကွန်ဗန်းရှင်းဟုခေါ်သည့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာသင့်ပြီး စစ်ရှောင်စခန်းများ အနီးတစ်ဝိုက်ကို တိုက်ပွဲကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ရသည့်အချက်ကိုလည်း လေးစားလိုက်နာသင့်ကြောင်း ဆလိုင်းရှိန်းထွန်းက ပြောသည်။
စစ်ကောင်စီတပ်များဘက်က မြေမြှုပ်မိုင်းထောင်ခြင်းသည် စစ်ရှောင်များအတွက် လက်ငင်းခြိမ်းခြောက်မှု ဖြစ်စေရုံမက ဒေသခံပြည်သူများအတွက် ရေရှည်တွင် များစွာအန္တရာယ်ရှိကြောင်း ၎င်းက ပြောပြသည်။
“ကျနော်တို့ ချင်းတိုင်းရင်းသားတွေဆိုတာ တောင်စောင်းတောင်ကုန်းတွေမှာ ရွှေ့ပြောင်းတောင်ယာစနစ်ကို မိရိုးဖလာ လုပ်ကိုင်ကြသူတွေဖြစ်ပါတယ်။ စစ်တပ်ဘက်က ဒီလိုမြေမြှုပ်မိုင်းတွေထောင်တာကတော့ လုံးဝမလုပ်သင့်တဲ့ကိစ္စပါ။ အခုလို စစ်တပ်ရဲ့ ဥပဒေချိုးဖောက်မှုတွေကို နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ သတိပြုစေချင်ပါတယ်၊ ပြီးတော့ တကယ်ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေကိုလည်း ချက်ချင်း လုပ်ဆောင်စေချင်ပါတယ်”ဟု ဆလိုင်းရှိန်းထွန်းက ပြောသည်။
ယမန်နှစ်ရွေးကောက်ပွဲကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ချင်းပြည်နယ်အတွက် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းအိုက်ဇက်ခင်ကမူ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ ကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအား မင်းတပ်စစ်ရှောင်စခန်းများသို့ အမြန်ဆုံး လာရောက်ခွင့်ပေးရန် တောင်းဆိုလိုက်သည်။ အိုက်ဇက်ခင်သည် အင်န်အယ်လ်ဒီအစိုးရသက်တမ်းအတွင်း ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ပါးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်သည်။
“လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်က ဘယ်လိုကန့်သတ်မှုမျိုးကို လုပ်ဆောင်သည်ဖြစ်စေ၊ ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုပဲဖြစ်တယ်”ဟု ၎င်းကပြောသည်။
မင်းတပ်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ယင်းနှင့်ဆက်စပ်နေသော ချင်းပြည်နယ်တောင်ပိုင်းက အခြား မြို့နယ်များကိုလည်း ရိုက်ခတ်ခဲ့သည်။ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ချင်းပြည်နယ်ကို ဆက်သွယ်ပေးသည့် အဝင်ဂိတ်မြို့သဖွယ်ဖြစ်နေရာ တိုက်ပွဲများကြောင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ခဲ့ရသည်။ အကျိုးဆက်အဖြစ် ချင်းပြည်နယ် ကုန်းတွင်းပိတ်ဒေသများဖြစ်သည့် ရေဇွာ၊ မတူပီ၊ ဆမီးနှင့် ပလက်ဝ စသည့် မြို့များတွင် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်သွားခဲ့ပြီး ကုန်ပစ္စည်းအချို့ ပြတ်လပ်မှုပင်ဖြစ်ပေါ်ခဲ့သည်။
အစားအစာနှင့် ဆေးဝါးလိုအပ်ချက်များက အဓိကစိုးရိမ်စရာဖြစ်သော်လည်း အချို့စစ်ရှောင် ပြည်သူများကမူ အာဏာသိမ်းစစ်တပ်ကို ပြည်သူဘက်က အနိုင်မတိုက်နိုင်သေးသရွေ့ စစ်ကောင်စီ၏ အကြမ်းဖက်မှုများသည် ပိုမိုဆိုးရွားလာရန်သာရှိသည်ဟု တွက်ဆထားသည်။ ထို့ကြောင့် စစ်ရှောင်ပြည်သူအချို့က မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ စစ်ရေးအရကြားဝင်ကူညီသည့် R2P ကဲ့သို့ တုံ့ပြန်လုပ်ဆောင်မှုမျိုးကို မျှော်လင့်ကြဆဲဖြစ်သည်။
“နိုင်ငံတကာအသိုက်အဝန်းတွေအနေနဲ့ မင်းတပ်မြို့နယ်အပေါ်မှာ ဘာပဲဖြစ်ဖြစ် Attention (သတိပြုမိမှု) ရှိစေချင်တယ်၊ Action (လက်တွေ့အရေးယူဆောင်ရွက်မှု) တစ်ခုခု လုပ်ပေးတာကို တွေ့ချင်ပါတယ်။ Sanction (အရေးယူပိတ်ဆို့မှု) တွေထက် Action တွေ လာစေချင်တယ်။ ဥပမာ R2P လို ဟာမျိုး လာမယ်ဆိုရင်တော့ ကြိုဆိုပါတယ်”ဟု အသက်၅၀ကျော်အရွယ် မင်းတပ်မြို့ခံ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။
အချို့ပြည်သူများမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အကူအညီကို မျှော်လင့်ကြသည်။ မေ၂၉ရက်တွင် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ “အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး” သဘောတူညီချက်တစ်စောင် လက်မှတ်ရေးထိုးခဲ့ကြသည်။
ချင်းအမျိုးသားတပ်ဦးကို ၁၉၈၈တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၂တွင် အစိုးရ၊ စစ်တပ်နှင့် နှစ်ဘက်သဘောတူ အပစ်ရပ်စာချုပ် ချုပ်ဆိုပြီး ၂၀၁၅တွင် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရေးပါသော အခန်းကဏ္ဍက ပါဝင်ခဲ့သော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ သို့တိုင် ဖေဖော်ဝါရီအာဏာသိမ်းမှုအလွန်တွင် စစ်တပ်နှင့် ချင်းအမျိုးသားတပ်ဦးအကြား ကြီးမားပြင်းထန်သော ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းမရှိသေးပေ။
မေလလယ်ပိုင်းတွင် မင်းတပ်မြို့ကို စစ်ကောင်စီက ထိန်းချုပ်လိုက်ပြီးနောက် တစ်ချိန်တည်းတွင် နိုင်ငံတစ်ဝန်း ခုခံကာကွယ်ရေးတပ်ဖွဲ့များ စီရရီပေါ်ထွက်လာပြီး လက်နက်ကိုင်တိုက်ပွဲများလည်း ဖြစ်ပေါ်လာသည်။ သို့တိုင် နေရာ၊ ဒေသကွာခြားသည့်အပြင် ဆက်သွယ်ရေးအခက်အခဲကြောင့် ခုခံကာကွယ်ရေးတပ်ဖွဲ့များအကြား ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုမျိုးတော့ မရှိသေးပေ။
ယင်းအခြေအနေ၌ စစ်ရှောင်ပြည်သူများသည် ၎င်းတို့၏ အခက်အခဲ၊ ဒုက္ခများကို အမြန်ဆုံးကျော်လွှားနိုင်ရန် မျှော်လင့်လျက်ရှိသည်။ ပစ်ခတ်တိုက်ခိုက်မှုများ လုံးဝရပ်စဲသွားပြီဟု ဆို၍မရသည့် အခြေအနေတွင် စစ်ရှောင်ပြည်သူများသည် ရာသီဥတုအပြောင်းအလဲကြားတွင် အတော်ရုန်းကန်၍ ရင်ဆိုင်ဖြတ်ကျော်ရဦးမည် ဖြစ်သည်။
“မိုးတွေကလည်း စရွာနေပြီ”ဟု လုပ်ရှဲစစ်ရှောင်စခန်း တာဝန်ခံ ကက်သလစ်သာသနာပြုဘုန်းတော်ကြီး နီကိုလတ်စ်ဂုန်ထန်က ပြောသည်။ မုတ်သုံရာသီသို့ ဝင်ရောက်လာပြီ ဖြစ်၍ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြား လူပေါင်းများစွာကို ကျွေးမွေးစောင့်ရှောက်ရေးမှာ စိန်ခေါ်မှုကြီးမားသည်ဟု ၎င်းက ဆိုသည်။
“နောက်ထပ် မိုးကောင်းကောင်းတစ်ခေါက်ရွာပြီးလို့မှ အပြင်ပအကူအညီ မရောက်လာရင်တော့ အကုန်လုံးက စားဝတ်နေရေးခေါင်းပါးမှုနဲ့ တော်တော်လေးအခက်ကြုံမှာ”ဟု ဘုန်းတော်ကြီး ဂုန်ထန်က ပြောသည်။