မကွေးတိုင်းမှ ဧရာရွှေကျွန်းအတွက် လူအစုလိုက်အပြုံလိုက်သေဆုံးမှု

မြေနုကျွန်းအငြင်းပွားမှုကို တာဝန်ရှိသူတို့က ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းမပေးသဖြင့် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ရသည့် မြစ်ကမ်းဘေးပဋိပက္ခကို မကွေးတိုင်းမှ ဒေသခံများက ပြစ်တင်ဝေဖန်နေကြသည်။

ဟိန်းသာ ရေးသားသည်။

ဧရာဝတီမြစ်နှင့် အခြားမြစ်ကြောင်းများအတွင်း၌ နှစ်စဉ်ပေါ်ထွန်းနေကျ မြေဆီသြဇာကောင်းလှသော မြေနုကျွန်းတို့မှာ သီးနှံအထွက်ကောင်းလှပေရာ အနှီကျွန်းများကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ရရေးအတွက် သီးနှံစိုက်တောင်သူတို့မှာ ရန်ပြုတိုက်ခိုက်တတ်ကြသည်။

ယင်းအဖြစ်မျိုး မကွေးတိုင်း ရေနံချောင်းမြို့နယ် ကျမ်းကိုင်ကျွန်းအနီးမှာ ပေါ်ထွန်းလာသော မြေနုကျွန်းဆိုသည့် ကျွန်းကလေးပေါ်၌ ဖြစ်ပွားခဲ့သည်။ ဇူလိုင် ၂၃ ရက်က မြေနုကျွန်းအနီးမှ ရွာနှစ်ရွာကြားဖြစ်ပွားသည့် ရက်စက်လှစွာသော တိုက်ခိုက်မှုတွင် ဖရဲကျွန်းရွာမှ ၂၉ ဦး၊ ကန်သာရွာမှ တစ်ဦး စုစုပေါင်း လူ ၃၀ သေဆုံးပြီး ကိုးဦးပျောက်ဆုံးကာ ဧရာဝတီမြစ်ပြင် သွေးရောင်လွှမ်းသွားခဲ့သည်။

နှစ်ပေါင်းများစွာ ရင်းနှီးနေထိုင်ခဲ့ကြသည့် ရွာနှစ်ရွာ၏ ဆက်ဆံရေးမှာ ကျွန်းတစ်ကျွန်းကြောင့်  တစ်ဖက်နှင့်တစ်ဖက် အတင်းမာဆုံးအခြေအနေ ရောက်ရှိနေပြီဖြစ်သည်။

အသက်ပေါင်းများစွာနှင့်လဲ၍ ၎င်းတို့ချင်းလုနေကြသော မြေနုကျွန်းမြေမှာ ခုနစ်ဧက( ၂ ဒသမ ၈ ဟက်တာ)သာရှိသည်။ စိုက်ပျိုးမြေ ခုနစ်ဧကအတွက် သူတို့ချင်း သတ်ဖြတ်ကြသည်ထိအောင် ဘယ်အရာတွေကများ မကျေနပ်ချက်တွေကို ကြီးထွားစေခဲ့ပါသလဲ။ ဘယ်အချက်တွေကများ သူတို့မကျေနပ်မှုတွေကို လူသတ်ရလောက်သည်ထိ တွန်းပို့ခဲ့ပါသလဲ။

၎င်းတို့ လုယူနေကြသည့်  မြေနုကျွန်းဆိုသည်မှာ ဧရာဝတီမြစ်ကြီးက ဖန်တီးလိုက်သော တန်ဖိုးကြီးမားသည့် မကောင်းဆိုးဝါးအရာ တစ်ခုသာဖြစ်သည်။ နှစ်စဉ် ဧရာဝတီမြစ်ရေ ပြန်ကျသွားချိန်တွင် ကျွန်းငယ်လေးများ ပေါ်ထွက်လာတတ်သည်။ ဧရာဝတီမြစ်၏ နှုန်းများ၊ မြေဆီမြေနှစ်များတင်ကျန်ခဲ့သော အဆိုပါကျွန်းများကို မြေနုကျွန်း (ဝါ) မြေနုခုံဟု ခေါ်သည်။ ထိုကျွန်းလေးများသည် မြစ်ရေတက်လာချိန်တွင် မြစ်ရေအောက် ငုပ်လျှိုးနစ်မြုပ်သွားကြပြန်သည်။ ထို့ကြောင့် တစ်နှစ်တစ်ခါ ရေကျချိန်သာပေါ်လာလေ့ရှိသည်။

၁၉၉၀ ပြည့်နှစ်ခန့်မှစ၍ မကွေးတိုင်း ရေနံချောင်းမြို့နယ်ရှိ ဖရဲကျွန်းနှင့် ကန်သာရွာကြား ဧရာဝတီမြစ်လက်တက်တွင် ထိုသို့ မြေနုကျွန်း ပေါ်လာခဲ့သည်။ ကျွန်းမှာ ဖရဲကျွန်းရွာနှင့် ပိုနီးသောကြောင့် ဖရဲကျွန်းရွာသားများ မြေနုကျွန်းပေါ်တွင် ၂၀၀၃ ခုနှစ်မှစ၍ စိုက်ပျိုးလာခဲ့ကြသည်။

မြေနုကျွန်း၏ထူးခြားချက်ကတော့ စိုက်ပျိုးမြေအလွန်ကောင်းခြင်းဖြစ်သည်။ နုန်းမြေဖြစ်သဖြင့် ထွန်ယက်စိုက်ပျိုး၍အလွန်ကောင်းသည်။ ပုံမှန်ထက် ငါးဆခန့်အထွက်ရှိပြီး ဓာတ်မြေသြဇာ သုံးရန်မလို၊ သဘာဝသီးနှံအစစ် ရနိုင်သည်ဟု ထိုမြေနုကျွန်းတွင် ၂၀၁၆ ခုနှစ်ကတည်းက  စိုက်ပျိုးရေးလုပ်ကိုင်ခဲ့သူ ဖရဲကျွန်းရွှာမှ တောင်သူဦးဘိုသိန်းကပြောသည်။

“စိုက်ပျိုးရေးသမားများအတွက်တော့ မြေနုကျွန်းဆိုတာ ရွှေကျွန်းပဲ” ဟု ၎င်းကဆိုသည်။ မြေနုကျွန်းပေါ်တွင် ရာသီပေါ်သီးနှံများဖြစ်သော ပဲလင်းမြွေသီး၊ ကြက်သွန်နှင့် ဂန္ဓမာပန်းတို့ စိုက်ပျိုးကြသည်။ မြေနုကျွန်း ခုနစ်ဧကစလုံး သီးနှံအပြည့်စိုက်ပျိုးလျှင် တစ်နှစ်အတွင်းမှာပင် ကျပ်သိန်း ၉၀၀  ဖိုးခန့် သီးနှံရနိုင်သည်ဟု ၎င်းကဆိုသည်။

ဖရဲကျွန်းရွာက ၂၀၀၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဆယ့်ငါးနှစ်ကျော် ထိုမြေနုကျွန်းပေါ်တွင် စိုက်ပျိုး လုပ်ကိုင်ခဲ့ကြသည်။ သို့သော် ရေကျပေါ်၊ ရေတက်ပျောက်ဖြစ်နေသည့် ထိုမြေနုကျွန်းကို ဖရဲကျွန်းရွာက အတိအကျပိုင်ဆိုင်ပါသည်ဆိုသော စာရွက်စာတမ်း တစုံတရာမှ မရှိခဲ့ပါ။ ထိုအချက်ကပင် ပြဿနာ၏ အရင်းခံဖြစ်လာပါတော့သည်။

“နှစ်ပေါင်းများစွာ ဒီမြေနုကျွန်းနေရာကို ဖရဲကျွန်းက လုပ်ကိုင်စားလာတာမှန်တယ်။ ဒါပေမဲ့ ဖရဲကျွန်းက ပိုင်တယ်လို့လည်း အတပ်ပြောဖို့ခက်တယ်။ အတိအကျတိုင်းထားမှ မရှိတာ” ဟု မကွေးတိုင်း မြေစာရင်းဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝင်းကပြောသည်။

ဖရဲကျွန်းနှင့် ကန်သာရွာတို့အကြား ရန်မီးပွားခဲ့စေသည့် ဧရာဝတီမြစ်အတွင်းမှ မြေနုကျွန်းရှိရာသို့ ဖရဲကျွန်းရွာသားများ လှမ်းမြော်ကြည့်နေစဉ်။ ဓာတ်ပုံ - သူရဇော်

ဖရဲကျွန်းနှင့် ကန်သာရွာတို့အကြား ရန်မီးပွားခဲ့စေသည့် ဧရာဝတီမြစ်အတွင်းမှ မြေနုကျွန်းရှိရာသို့ ဖရဲကျွန်းရွာသားများ လှမ်းမြော်ကြည့်နေစဉ်။ ဓာတ်ပုံ – သူရဇော်

၂၀၁၈ ခုနှစ် သြဂုတ်လထဲမှာတော့ ပြဿနာတစ်ခုက အစပြုတော့သည်။ ကန်သာရွာမှ လူတစ်ဦးက ထိုလ ၁၉ ရက်တွင် မြေနုကျွန်းပေါ်၌ အိမ်တစ်လုံးလာဆောက်ခဲ့သည်။ ထိုသို့ အိမ်လာဆောက်ခြင်းကို ဖရဲကျွန်းရွာသားများက ရေနံချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးထံ ပထမဆုံးအကြိမ် စာတင်တိုင်ကြားခဲ့သည်။ သို့သော် ဘာမှမထူးခြားလာသည့်အပြင် မြေနုကျွန်းတွင် ကန်သာရွာသားများ၏အိမ်များ ပိုမိုများလာခဲ့သည်ဟု ဖရဲကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းကပြောသည်။

 ထိုသို့ လာဆောက်ရခြင်းနှင့်စပ်လျဉ်း၍ ကန်သာရွာသားများတွင်လည်း ခိုင်မာသောအကြောင်းပြချက် ရှိသည်။ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကန်သာရွာ ကမ်းပြိုပြီး ရွာနယ်နိမိတ် ကျဉ်းလာခဲ့သည်။ ထို့ကြောင့် မြေနုကျွန်းပေါ်သို့ တဖြည်းဖြည်း ပြောင်းလာရခြင်းဖြစ်ကြောင်း ကန်သာရွာ၏ အုပ်ချုပ်ရေးမှူး ဦးသန်းဦးကပြောသည်။

“ကျွန်တော်တို့မှာ ရွာကမ်းပါးတွေမြေပြိုပြီး တကယ်ပဲအရမ်းခက်ခဲလို့ လုပ်စားကိုင်စားရတာ မလွယ်ကူလွန်းလို့  ပြောင်းလာကြတာပါ။ အဲ့လိုမှ မလုပ်ရင်လည်း ကျွန်တော်တို့ရွာက ဧရာဝတီမြစ်ထဲ အကုန်မြုပ်တော့မယ်” ဟု ၎င်းကပြောသည်။ Frontier ၏လေ့လာမှုများအရ ကန်သာရွာမှာလည်း မြစ်ကမ်းပါးပြိုကျမှု အန္တရာယ်ကို အမှန်တကယ်ပင်ကြုံတွေ့နေရသည်။

၂၀၁၈ တစ်နှစ်လုံးတွင် ဖရဲကျွန်းရွာက ကန်သာရွာကို  ခရိုင်အုပ်ချုပ်ရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာသို့ လေးကြိမ်တိုင် တိုင်ကြားခဲ့သည်။ သက်ဆိုင်ရာများကလည်း ၂၀၁၈ ခုနှစ်အတွင်းမှာပင် ငါးကြိမ်တိုင်ကွင်းဆင်းခဲ့သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတ်တမ်းများအရ သိရသည်။ သို့သော် ဘာဖြေရှင်းမှုမှ  အတိအကျမပေးခဲ့ပေ။

သက်ဆိုင်ရာက ဖြေရှင်းမပေးသောအခါ ဖရဲကျွန်းရွာသားများက ကိုယ်တိုင်ပင် ဖြေရှင်းရန် ကြိုးစားကြတော့သည်။ ယခုနှစ် ဇူလိုင်လ ၁၃ ရက်က ဖရဲကျွန်းရွာသား လူတစ်ရာခန့်စုစည်းကာ မြေနုကျွန်းပေါ်ရှိ ကန်သာရွာမှ အိမ်များကိုဖယ်ရှားရန် ပထမဆုံးအကြိမ် ကြိုးပမ်းကြတော့သည်။ ထိုရွာသားများက လက်နက်များကိုင်ဆောင်ကာ နေအိမ်အချို့ကို ဖျက်ခဲ့ကြသည်။

“အဲ့တစ်ခါ ကျွန်တော်တို့က ဥပဒေပြင်ပကနေ လုပ်ခဲ့တာမှန်တယ်။ ဥပဒေအတိုင်းလုပ်တော့လည်း ဘာမှထူးမလာတော့ ရွာသားတွေကလည်း မကျေနပ်ကြပဲကိုး” ဟု ဖရဲကျွန်းရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဌေးကပြောသည်။

ထိုသို့ ပထမဆုံးအကြိမ် လာရောက်ဖျက်ဆီးမှုကို ကန်သာရွာက သက်ဆိုင်ရာရေနံချောင်းမြို့နယ် ရဲစခန်းသို့တိုင်ကြားခဲ့သည်။ သို့သော် ရေနံချောင်းရဲစခန်းက ဘာအရေးယူမှုမှမရှိခဲ့ဟု ကန်သာရွာမှ အုပ်ချုပ်ရေးမှူး ကိုသန်းဦးကပြောသည်။

ပုံတွင်တွေ့ရသည့် ကျမ်းကိုင်ကျွန်း ရေတိုက်စားကာ ကမ်းပြိုသဖြင့် မြေနုကျွန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရခြင်းဖြစ်ကြောင်း ကန်သာရွာသားများက ရှင်းပြသည်။ ဓာတ်ပုံ - သူရဇော်

ပုံတွင်တွေ့ရသည့် ကျမ်းကိုင်ကျွန်း ရေတိုက်စားကာ ကမ်းပြိုသဖြင့် မြေနုကျွန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရခြင်းဖြစ်ကြောင်း ကန်သာရွာသားများက ရှင်းပြသည်။ ဓာတ်ပုံ – သူရဇော်

သို့ဖြင့် ဇူလိုင်လ ၂၃ ရက်တွင် လူပေါင်းများစွာ သေဆုံးမည့်မြေလုပွဲ ဖြစ်လာခဲ့ပါတော့သည်။ ထိုနေ့တွင် ဖရဲကျွန်းရွာသားများက စက်လှေတစ်စီးဖြင့် ဧရာဝတီမြစ်ကိုဖြတ်ပြီး မြေနုကျွန်းပေါ်မှ ကန်သာရွာသားများကို မောင်းထုတ်ရန် ကြိုးစားခဲ့ကြတော့သည်။ ပထမအကြိမ်ကတည်းက မကျေမနပ်ဖြစ်ခဲ့သော ကန်သာရွာသားများသည် မြေနုကျွန်းပေါ်တက်လာသော  ဖရဲကျွန်းရွာသားများနှင့် ရင်ဆိုင်စကားများရင်း လူသတ်ပွဲဖြစ်လာပါတော့သည်။

“ကျွန်တော်တို့ကို မြစ်ကမ်းနားမှာတင် ခွေးရိုက်သလိုဝိုင်းရိုက်ကြတာ။ ကျွန်တော်တို့မှာ နောက်ကိုပြန်ပြေးရင်လည်း မြစ်ပဲရှိတယ်။ ကမ်းပေါ်တက်ရင်လည်း ဝိုင်းရိုက်ကြ၊ ဓားနဲ့ခုတ်ကြနဲ့ တစ်နာရီလောက်ကြာအောင် ခံရတယ်” ဟု ရန်ပွဲတွင်ပါဝင်ခဲ့သော ဖရဲကျွန်းရွာမှ ကိုငြိမ်းချမ်းကပြောသည်။ ရန်ပွဲတွင် ဓား၊ လှံနှင့် လောက်လေးခွများကိုင်ဆောင်ပြီး တိုက်ခိုက်ခဲ့ကြသည်ဟု ကိုငြိမ်းချမ်းကပြောသည်။

ခုခံတိုက်ခိုက်မှုကြောင့် ဖရဲကျွန်းရွာသားများ မြေနုကျွန်းမှ ဆုတ်ခွာအပြေးတွင် စက်လှေနစ်ပြီး လူ ၃၈ ယောက် ပျောက်ဆုံးခဲ့သည်။ ကန်သာရွာမှ လူတစ်ဦးလည်းသေဆုံးခဲ့သည်။

“သူတို့ ဝိုင်းသတ်ကြဖြတ်ကြလို့ စက်လှေလည်းမှောက်ပြီး လူတွေသေရတာ။ ဒါအကုန်လုံးကို သူတို့သတ်ခဲ့တာပဲ။ သူတို့မလုပ်ရင် သေစရာမရှိဘူး” ဟု ရန်ပွဲတွင်ပါဝင်ခဲ့သည့် မဝါဝါလွင်က ပြောသည်။ မဝါဝါလွင်မှာ မြေနုကျွန်းရန်ပွဲသို့ လိုက်ပါသွားခဲ့ပြီး လည်ပင်းတွင် လှံဒဏ်ရာနှင့် ခန္ဓာကိုယ်တွင် ညိုမည်းဒဏ်ရာများရခဲ့သည်။

ကန်သာရွာသားများက ရွာနှစ်ရွာရန်ပွဲသည် စက်လှေနစ်၍သာ အသေအပျောက်များရသည်ဟု ပြောသည်။ “ကျွန်တော်တို့ဘက်ကလည်း ဒီမြေပေါ်ကတော့ ဖယ်မပေးနိုင်ဘူးဆိုပြီး တိုက်ခိုက်တာပါ” ဟု ကန်သာရွာအုပ်ချုပ်ရေးမှူး ကိုသန်းဦးကပြောသည်။

အကျည်းတန်သည့် လူအုပ်စုလိုက်သေဆုံးမှုတွင် သြဂုတ်လ ၅ ရက်ထိ ဖရဲကျွန်းရွာမှ သေဆုံးသူ ၂၉ ဦး၏ အလောင်းကိုတွေ့ရှိခဲ့ပြီး ကိုးဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

“မြေလေး ခုနစ်ဧကနဲ့ ဒီလောက်ဖြစ်ရတာ တန်သလားဗျာ။ ဒီမြေအတွက် ကျွန်တော်တို့ရွာ အုပ်စုလိုက်သေတဲ့အထိ ဒီလိုအကျည်းတန်တဲ့အဖြစ်ဖြစ်ရတယ်” ဟု ဖရဲကျွန်းရွာမှ အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းကပြောသည်။

ထိုဖြစ်ရပ်အတွက် ရွာနှစ်ရွာစလုံးက မချိတင်ကဲ အပြစ်တင်ကြသည်ကတော့ စီမံခန့်ခွဲမှုညံ့ဖျင်းသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များကိုပင်ဖြစ်သည်။

“ကျွန်တော်တို့တွေ ဥပဒေပြင်ပကလုပ်လို့ အပြစ်ရှိတာမှန်ပါတယ်။ ဒါပေမဲ့ ဥပဒေအတိုင်း ဆောင်ရွက်မပေးတဲ့ အစိုးရအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကရော အပြစ်မရှိဘူးလား။ သူတို့ တိတိကျကျ ဆောင်ရွက်မပေးလို့ ဒီလောက်သေရတာ။ ဒီလောက်လူတွေ အသက်ဆုံးရှုံးကုန်တာ” ဟု အစိုးရက မြေပိုင်ဆိုင်မှုကို မဖြေရှင်းပေးသည့်အကြောင်း ဖရဲကျွန်းရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းဌေးကပြောသည်။

၂၀၁၂ ခုနှစ် လယ်ယာဥပဒေ မြေနုကျွန်းလုပ်ပိုင်ခွင့်ချထားခြင်း အပိုဒ်(၂)တွင် “မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ခရိုင်အဖွဲ့၏အတည်ပြုချက်ဖြင့် မြေနုကျွန်းမြေနှင့် အနီးဆုံးကျေးရွာများကို သတ်မှတ်နိင်သည်” ဟုပါရှိသည်။ ထို့ကြောင့် ဥပဒေအရ မြေနုကျွန်းပိုင်ဆိုင်မှု ဖြေရှင်းရေးသည် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် အာဏာအပြည့်အဝရှိသည်။ ထိုအဖွဲ့သည် အထွေထွေ အုပ်ချုပ်ရေးရုံး၏အောက်မှာဖြစ်သည်။ သို့သော် ထိုအဖွဲ့များက မြေပိုင်ဆိုင်မှု အငြင်းပွားနေသည်ကို မည်သည့်ဖြေရှင်းချက်မှ တိတိကျကျ မပေးနိုင်ခဲ့ပေ။

သက်ဆိုင်ရာများကတော့ အငြင်းပွားနေသည့် ထိုနေရာကိုဖြေရှင်းဖို့ ကြိုးစားနေဆဲသာဖြစ်ကြောင်း ရှင်းပြသည်။ “ကျွန်တော်တို့က ပိုင်ဆိုင်တဲ့မြေ ပြန်တိုင်းဖို့လုပ်နေတာပါ။ လုပ်နေတဲ့အချိန်မှာ သူတို့က မစောင့်နိုင်ဘဲ  အခုလိုဖြစ်သွားတာ” ဟု ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော U Mangkhohao ကပြောသည်။

“သူတို့က အာဏာအရှိဆုံးဗျာ။ သူတို့ဖြေရှင်းပြီး ဒါလုပ် ဒါလုပ်ဆို  ကျွန်တော်တို့က လက်ခံရမှာပဲ။ ဒါကို တစ်နှစ်လုံး ဘာမှမလုပ်ပေးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းဖို့ဖြစ်လာကြတာပေါ့” ဟု ကန်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဦးကပြောသည်။

ဇူလိုင် ၂၃ ရက်ကသေဆုံးသူများနှင့် ယင်းနေ့နောက်ပိုင်း မြစ်တွင်းမှဆယ်ယူရရှိသည့် အလောင်းများကို မီးသြင်္ဂိုဟ်ခဲ့သည့်နေရာ။ ဓာတ်ပုံ - သူရဇော်

ဇူလိုင် ၂၃ ရက်ကသေဆုံးသူများနှင့် ယင်းနေ့နောက်ပိုင်း မြစ်တွင်းမှဆယ်ယူရရှိသည့် အလောင်းများကို မီးသြင်္ဂိုဟ်ခဲ့သည့်နေရာ။ ဓာတ်ပုံ – သူရဇော်

ဇူလိုင်လ ၃၀ ရက်၌ အဆိုပါရန်ပွဲတွင် ပါဝင်သူလေးဦးကို ရေနံချောင်းမြို့ရဲစခန်းက ဖမ်းဆီးခဲ့သည်။ ဖရဲကျွန်းရွာသား ကိုသန်းဦးဆိုသူကို လူသတ်မှု၊ ခြောက်လှန့်မှု၊ ကျူးကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီးထားပြီး ကန်သာရွာမှ ရွာသားသုံးဦးကို အပြင်းအထန် နာကျင်စေမှုပုဒ်မများဖြင့် ဖမ်းဆီးထားခြင်းဖြစ်သည်။

ပဋိပက္ခဖြစ်စဉ်အပြီး နှစ်ရက်အကြာ ဇူလိုင်လ ၂၅ ရက်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အဆိုပါဖြစ်စဉ်ကို သတင်းစာရှင်းလင်းခဲ့သည်။ ထိုရှင်းလင်းပွဲတွင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ  အောင်မိုးညိုက ယခုဖြစ်စဉ်သည် ကျေးရွာနှစ်ရွာက စည်းကမ်းဥပဒေလိုက်နာမှု အားနည်း၍ ဖြစ်ရသည်ဟု ရွာနှစ်ရွာအပေါ်သာ အပြစ်တင်ခဲ့သည်။

ထို့ပြင် ယင်းပဋိပက္ခကို စုံစမ်းစစ်ဆေးရန် တိုင်းအစိုးရအဖွဲ့ဝင် အလုပ်သမားဝန်ကြီး ဦးမြင့်ဆွေကို ခေါင်းဆောင်အဖြစ် တာဝန်ယူစေပြီး လူ ၁၁ ဦးပါဝင်သည့်ကော်မရှင်ဖွဲ့စည်း၍ ပဋိပက္ခဖြစ်စဉ် အသေးစိတ်ကို သြဂုတ် ၅ ရက်တွင်တင်ပြရန် ညွှန်ကြားခဲ့သည်။ သို့သော် သြဂုတ် ၅ ရက်တွင် စစ်ဆေးမှုမပြီးဆုံးသေးသောကြောင့် ထပ်မံစစ်ဆေးမှုများကို ရက်အကန့်အသတ်မရှိ လုပ်ဆောင်သွားမည်ဟု ကော်မရှင်တွင်ပါဝင်သူတစ်ဦးကပြောသည်။

“အဓိက ဒီရန်ပွဲကို ဘယ်သူဦးဆောင်လဲ၊ လှုံ့ဆော်လဲဆိုတာကို ဦးစားပေးပြီးစစ်ဆေးမှာပါ။ ပြီးတော့ သက်ဆိုင်ရာဌာနဆိုင်ရာတွေက ဆုံးဖြတ်ပေးဖို့၊ တာဝန်ယူဖို့ ပျက်ကွက်ခဲ့တယ်ဆိုတာထင်ရှားရင် သက်ဆိုင်ရာဌာနတွေကိုပါ အရေးယူမှာပါ” ဟု ထိုကော်မရှင်တွင် ပါဝင်သည့် အမည်မဖော်လိုသူ တစ်ဦးကပြောသည်။

မြေနုကျွန်းနှင့်ပတ်သတ်ပြီး အငြင်းပွားမှုများသည် ဧရာဝတီမြစ်တလျှောက်လုံးတွင် ခေတ်အဆက်ဆက်ရှိခဲ့ကြသည်။ မြေနုကျွန်းကြောင့် ရွာအချင်းချင်းဖြစ်သည့်ရန်ပွဲများကို ငယ်စဉ်က စာများထဲတွင် ဖတ်ရှုခဲ့ရသော်လည်း ယခုရန်ပွဲလောက် အကျည်းတန်သည့်ဖြစ်စဉ် မကြားဖူးခဲ့ကြောင်း မြေယာဥပဒေနှင့်လုပ်ထုံးလုပ်နည်းများ အတိုင်ပင်ခံရှေ့နေ ဦးသန်းကျော်ဌေးကပြောသည်။

“မြေနုကျွန်းနဲ့ပတ်သတ်တဲ့ စီမံခန့်ခွဲမှုဥပဒေတွေ မြန်မာနိုင်ငံမှာ မရှိဘူးမဟုတ်ဘူး၊ ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာမရှိတာက အဲ့ဥပဒေတွေအတိုင်း မှန်မှန်ကန်ကန် ထိထိရောက်ရောက် အဆုံးအဖြတ် မပေးနိုင်တာပဲ” ဟု၎င်းကပြောသည်။

ယခု ပဋိပက္ခဖြစ်ခဲ့သော ဖရဲကျွန်းရွာနှင့် ကန်သာရွာတို့သည် ယခင်က ရင်းနှီးကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ကြသည်။ တစ်ရွာနှင့်တစ်ရွာ နီးကပ်နေသောကြောင့် ကူးသန်းရောင်းဝယ်ရေး ရှိခဲ့ကြသလို မိတ်ဆွေဆက်ဆံရေးရှိခဲ့သည်ဟု နှစ်ဖက်ရွာသားများကဆိုကြသည်။ ထိုဆက်ဆံရေးသည် မြေနုကျွန်းရန်ပွဲတွင် အဆုံးသတ်သွားခဲ့ပြီဖြစ်လေသည်။ တစ်ရွာနှင့်တစ်ရွာ ရှေ့ဆက်ရမည်မှာ ရင်လေးစရာဖြစ်နေပြီဟု ဖရဲကျွန်းရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းက ပြောသည်။

“မြေနုကျွန်း ခုနစ်ဧကက ကျွန်တော်တို့တောင်သူတွေအတွက် တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ ဒီလောက်ထိ လူတွေသေရလောက်အောင်တော့ တန်ဖိုးမရှိဘူး။ အဲ့လောက်ရင်းပြီး မက်မောစရာလည်း မရှိပါဘူး။ ဥပဒေအရ သက်ဆိုင်ရာရဲ့စီမံခန့်ခွဲမှု ဘာမှမရှိလို့ ဒီလူတွေသေရတာပဲ” ဟု ၎င်းကဆိုသည်။

ခေါင်းစီးဓာတ်ပုံ – ရန်ပွဲပြီးနောက်ပိုင်း ဧရာဝတီမြစ်တွင်းမှ လူသေအလောင်းများကို ကူညီရှာဖွေပေးခဲ့သည့် တံငါသည် ကိုဌေးဝင်းအောင်ကို တွေ့ရစဉ်။ ဓာတ်ပုံ – သူရဇော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar