ရန်ကုန်၊ စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ တောင်ဘဇားရွာနှင့် လေးမိုင်အကွာရှိ မီးကျောင်းဈေးအနီးတွင် ယနေ့ နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု ဒေသတာဝန်ရှိသူများက Frontier ကို အတည်ပြု ပြောကြားသည်။
သို့သော် ပေါက်ကွဲမှုနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို စစ်ဆေးနေဆဲဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သောင်းငွေက အတည်ပြုပြောကြားသည်။
“ဒီမနက် ဗုံးပေါက်တာတော့မှန်တယ်။ ဗုံးအမျိုးအစား၊ ထိခိုက်မှုနဲ့၊ နေရာအတိအကျကို သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဆောင်ရွက်နေပါတယ်။ ဒီဖက်ကတော့ ဆက်သွယ်ရေးခက်ခဲလို့ အဲဒီသတင်းအချက် အလက်တွေကို မရပါဘူး” ဟု ရဲမှူးသောင်းငွေကပြောသည်။
ဗုံးပေါက်ကွဲရာနေရာသည် တောင်ဘဇားနယ်ခြားစောင့်ရဲတပ်ဖွဲ့ စီမံခန့်ခွဲခွင့်ရှိသည့် ဧရိယာအတွင်းဖြစ်သည်။
ပေါက်ကွဲမှုသည် မီးကျောင်းဈေးအနီးရှိ အစ္စလာမ်ဘာသာရေးကျောင်း၌ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟုသည့် အတည်မပြုနိုင်သည့် သတင်းများ ထွက်ပေါ်နေသော်လည်း တာဝန်ရှိသူများက အတည်ပြုခြင်းမရှိပေ။
အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရာနေရာသည် အစ္စလာမ်ဘာသာဝင်အများစု နေထိုင်ရာအရပ်ဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ်အမှတ် ၁ မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။
“ရဲနဲ့ တပ် လိုက်သွားတယ်လို့ကြားတယ်။ ဗုံးပေါက်တယ်။ ဈေးနားမှာ အာရဗီကျောင်းနားမှာပေါက်တယ်လို့ မနက်ကတည်းက ကြားတယ်။ ကျွန်တော်တို့တော့ သွားလို့မရဘူး။ အဲဒီနေရာတွေက ဘင်္ဂါလီတွေသက်သက် နေတဲ့နေရာတွေ” ဟု ၎င်းကဆိုသည်။
သြဂုတ် ၂၅ ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား ARSA က တပြိုင်နက် အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သလို တောင်ဘဇားရှိ နယ်မြေခံတပ်စခန်းကိုလည်း တိုက်ခိုက်ခဲ့ကြသည်။
တောင်ဘဇာရှိ နယ်မြေခံတပ်အနေဖြင့် အင်အားသုံး၍ ဝင်ရောက်တိုက်ခိုက်လာသော အကြမ်းဖက်သမားများကို ရဲဝံ့စွာ ခုခံကာကွယ်တိုက်ခိုက်နိုင်ခဲ့သည်ဟု အဆိုပါတပ်စခန်းသို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက သွားရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ချီးကျူးစကား ပြောကြားခဲ့သည်။
သတင်း-ဟိန်းကိုစိုး