ဘာသာစကားနှင့် ပြန်လည်ရင်ကြားစေ့ရေး – ဗမာတစ်ဦး အမြင်

ဗမာလူမျိုးများက တိုင်းရင်းသားသွေးချင်းများ၏ ဘာသာစကားများကို သင်ကြားပေးခြင်းနှင့် သူတို့ ယဉ်ကျေးမှုများကို ပိုမိုနားလည်နိုင်အောင် ဖန်တီးပေးခြင်းတို့အားဖြင့် ၎င်းတို့အပေါ် အထူးတလည် လေးစားမှုကို ပြသရန် အချိန်ပင် ဖြစ်ပေသည်။

ထက်ဝင်း ရေးသားသည်။

ကျွန်မတို့ ဗမာများက တိုင်းရင်းသားသွေးချင်းများအား အထူးပင် လေးစားသမှု ပြုကြပါသည်ဟု ပြောကြားလေ့ရှိသည်။ တကယ်တမ်း ထိုသို့မဟုတ်ဟု ကျွန်မ ပြောနိုင်သည်။ ဗမာများသည် သွေးချင်းညီနောင်များအား လေးစားသမှု မရှိကြပါ။ ထို့အတွက်ကြောင့် သူတို့ခမျာ ဘေးဒုက္ခများကို အနည်းဆုံး နှစ် ၆၀၊ သို့မဟုတ် ထို့ထက်ပို၍ ခံစားခဲ့ကြရပြီးဖြစ်သည်။

ကျွန်မတို့ဗမာများသည် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်မှစတင်ကာ တိုင်းရင်းသား သွေးချင်းတို့၏ ကိုယ်ပိုင်သရုပ်သကန်ကို ငြင်းပယ်ခဲ့ကြပြီး ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျွန်မ ရှိခဲ့သည့် နှစ် ၂၀ ကျော် ကာလက တက်ရောက်ခဲ့ဖူးသော အခမ်းအနားတစ်ခုတွင် ချင်းတိုင်းရင်းသားတစ်ဦးက ချင်းတို့အား ရည်ညွှန်းသုံးစွဲသည့် မျိုးဆက်နှင့်ချီ၍ အသုံးမပြုဘဲ ရှိခဲ့သော အမည်နာမတစ်ခုကို တက်ရောက်လာသော ဧည့်ပရိသတ်များအား ပြောကြားခဲ့ဖူးသည်။

ထိုအမည်နာမကို မမှတ်မိတော့သော်လည်း ထိုအမည်မှာ “ချင်း” ဟူ၍ မဟုတ်ပါ။ ထိုစဉ်က အဆိုပါ ချင်းအမျိုးသားအား ခေတ်နောက်ကျသည်၊ အတိတ်မှ အမည်တစ်ခုကို ဖက်တွယ်ထားသည်ဟု ကျွန်မ သရော်ခဲ့ဖူးသည်။ ကျွန်မ အမြင်သဘောထားမှာ အခြားဗမာများနှင့် တူညီနိုင်ဖွယ် ရှိပေသည်။ ကျွန်မတို့ဗမာများသည် ဤမျှအထိ အထက်စီးဆန်ခဲ့ပေသည်။

ကျွန်မတို့၏ အထက်စီးဆန်မှုများတွင် တိုင်းရင်းသား လူနည်းစုတို့၏ ကိုယ်ပိုင်သရုပ်သကန်ကို ငြင်းဆန်ခြင်းလည်း ပါဝင်ပေသည်။ ၎င်းတို့ နှစ်သက်သည့်အမည်ကို ခေါ်ဆိုရန် တောင်းဆိုခဲ့သည့်တိုင် ကျွန်မတို့ မှည့်ဆိုထားသော အမည်ဖြင့်သာ ၎င်းတို့အား ဆက်လက်ခေါ်ဆိုခဲ့ကြသည်။ ထို့နောက်တွင် တိုင်းရင်းသား လူနည်းစုများအားလုံးက ပြည်ထောင်စုမှ ခွဲထွက်လိုခဲ့ကြသော အချက်ကို ကျွန်မတို့က ဝမ်းနည်းပက်လက် ညည်းညူပြောဆိုကြသည်။ သို့ရာတွင် ၎င်းတို့၏ ကိုယ်ပိုင်သရုပ်သကန်ကို အသိအမှတ် မပြုသူများ၊ ၎င်းတို့သဘောကျသော အသုံးအနှုန်းများကို မသုံးဘဲ ၎င်းတို့အား နှိမ့်ချလိုသူများနှင့် မည်သည့်အတွက်ကြောင့် အတူနေထိုင်ချင်တော့ပါမည်နည်း။

ကျွန်မတို့က တိုင်းရင်းသား သွေးချင်းညီနောင်တို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှုကို ငြင်းပယ်ခဲ့ကြပြီး ဖြစ်သည်။ ဥပမာတစ်ရပ်မှာ မြန်မာစာနှင့် အင်္ဂလိပ်စာတို့သည်သာ နိုင်ငံသားအားလုံး သင်ယူရသည့် ဘာသာစကားဖြစ်နေသော မြန်မာ့ပညာရေးစနစ်ပင် ဖြစ်သည်။

ဗမာတစ်ယောက်အား တိုင်းရင်းသား ဘာသာစကား တစ်ခုခု ပြောတတ်ပါသလားဟု မေးခဲ့ပါက ၉၀ ရာခိုင်နှုန်းက “မပြောပါ” ဟု ဖြေကြားသည်ကိုသာ ကြုံရပေမည်။ တိုင်းရင်းသား တစ်ဦးဦးအား ဗမာစကား ပြောတတ်ပါသလားဟု မေးခဲ့ပါက မေးမြန်းသည့် အကြိမ်ရေ ၉၀ ရာခိုင်နှုန်းတွင် “ပြောပါသည်” ဟု ဖြေကြားသည်ကိုသာ ကြုံရပေမည်။

ဗမာတစ်ဦးက တိုင်းရင်းသားညီနောင်များ၏ ဘာသာစကားကို အားပေးမြှင့်တင်သော အချိန်ဟူ၍ တစ်ချိန်ချိန် ရှိခဲ့ဖူးပါ၏လော။ ကျွန်မတော့ မကြားမိဖူးပါ။ တိုင်းရင်းသား ဘာသာစကားများနှင့် ယဉ်ကျေးမှုတို့အပေါ် ဖိနှိပ်ခြင်းကို ဆိုရှယ်လစ်အစိုးရက ၁၉၆၀ ပြည့်နှစ်များတွင် ကျင့်သုံးခဲ့ပြီး ကျွန်မတို့သည်လည်း ယင်းလမ်းစဉ်အတိုင်း ဆက်လျှောက်နေဆဲပင်ဖြစ်သည်။

ကျွန်မတို့ကို သွေးချင်းညီနောင်များက မနှစ်မြို့ခြင်းအတွက် ဝမ်းနည်းပက်လက် ဖြစ်ကြရသည်။ သို့သော် ကျွန်မတို့သာ ၎င်းတို့နေရာတွင် ရှိနေမည်ဆိုက ကျွန်မတို့၏ ဘာသာစကားနှင့် ယဉ်ကျေးမှုကို ပယ်ဖျက်ရန် ကြိုးစားနေသော အုပ်စုများအား ရန်လိုမည်သာ ဖြစ်သည်။ တိုင်းရင်းသား လူနည်းစုများအတွက်မူ မြန်မာစာကို ရွေးချယ်သင်ယူရခြင်းမျိုး မဟုတ်ပေ။ ယင်းအချက်က ၎င်းတို့အား ဖိအားဖြစ်ပေါ်စေသည်။

မကြာသေးမီအထိ ကချင်အမျိုးသားနေ့၊ ကရင်အမျိုးသားနေ့၊ ချင်းအမျိုးသားနေ့၊ သို့မဟုတ် ကျန်တိုင်းရင်းသား သွေးချင်းများက ကျင်းပသည့် နေ့ကြီးရက်ကြီးများကို သိရှိသူ ဗမာဦးရေ မည်မျှရှိပါသနည်း။ ထိုသို့သောနေ့မျိုးကို ကျွန်မ အမေရိကန်နိုင်ငံ ရောက်ရှိပြီး သွေးချင်းညီနောင်တို့ထံမှ မသင်ယူရသေးမီ အချိန်ထိ မသိရှိခဲ့ချေ။

ယခုအချိန်မှာ မြန်မာနိုင်ငံအတွက် တိုင်းရင်းသား လူနည်းစုများအား အသိအမှတ်ပြုရမည့် အချိန်ပင်ဖြစ်သည်။ တဖန် တိုင်းရင်းသား လူနည်းစုများ၏ ဘာသာစကားများနှင့် ယဉ်ကျေးမှုတို့ကို သင်ယူရမည့်၊ ထိန်းသိမ်းရမည့် အချိန်လည်း ဖြစ်သည်။

တိုင်းရင်းသား သွေးချင်းများက ၎င်းတို့၏ မွေးနေ့များ၊ လက်ထပ်ပွဲများ ဆင်ယင်ကျင်းပပုံနှင့် သေဆုံးသူများအတွက် နာရေးကျင်းပပုံများကို သိရှိကြပါသလော။ အသက်ကြီးသူများနှင့် ရာထူးကြီးသူများအား ၎င်းတို့ နှုတ်ခွန်းဆက်သပုံကိုကော ကျွန်မတို့ သိကြပါ၏လော။ ကျွန်မ စဉ်းစား၍ပင် မရနိုင်ပါ။ ကျွန်မ သိသမျှမှာ မည်သည့်ပြည်နယ်တွင် မည်သည့်တိုင်းရင်းသားများ နေထိုင်သည်ဆိုခြင်းနှင့် ထိုပြည်နယ်များမှ မည်သည့်ထွက်ကုန်များ အဓိက ထွက်ရှိသည်ဆိုခြင်းမျှသာ ဖြစ်ပါသည်။

ကျွန်မအမြင်တွင် မသိကျိုးကျွံ ဆက်ဆံခြင်းမှာ ပျော်ရွှင်ချမ်းမြေ့ဘွယ် မဟုတ်၊ မသိကျိုးကျွံ ဆက်ဆံခြင်းမှာလည်း တယူသန် အမူအကျင့်သာ ဖြစ်စေသည်ဟု မြင်မိသည်။ တိုင်းရင်းသားတို့၏ ကိုယ်ပိုင်သရုပ်သကန်ကို မျက်ကွယ်ပြုခြင်းနှင့် ၎င်းတို့၏ ဘာသာစကား၊ ယဉ်ကျေးမှုတို့ကို မျက်ကွယ်ပြုကာ ၎င်းတို့အား မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာဘာသာစကား သင်ယူစေခြင်းတို့သည် လေးစားသမှု မရှိခြင်းကို ပြဆိုနေသည်။

ဗမာတိုင်းရင်းသားတို့က ဤအခြေအနေကို သတိပြုမိရန် မည်သို့ ဆောင်ရွက်ရပါမည်နည်း။

ဦးစွာ သွေးချင်းများကို ၎င်းတို့အား တရားဝင် ခေါ်ဆိုစေလိုသည့် အမည်ကို မေးမြန်းရန်လိုသည်။ ထို့နောက် တရားဝင် မှတ်တမ်းမှတ်ရာများနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များတွင်ပါ လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ပေလိမ့်မည်။ ကျွန်မတို့က တိုင်းရင်းသားများအတွက် ကျွန်မတို့ ရွေးပေးထားသော အမည်များကို မယူဘဲ ၎င်းတို့နှစ်သက်သည့် အမည်သညာများကို အသိအမှတ်ပြုပေးရမည်။

မတူခြားနား အမျိုးအစား ကွဲပြားမှုကိုလည်း ကျွန်မတို့က အားပေးမြှင့်တင်ပေးရပေမည်။ မတူကွဲပြား စုံလင်မှုကို ပညာရေးစနစ်နှင့် အုပ်ချုပ်ရေးအာဏာတို့အားဖြင့် အောက်ခြေမှ စတင်ရန် လိုအပ်သည်။ ကျွန်မတို့က ပညာရေးစနစ်နှင့် အစိုးရအတွင်းပိုင်းမှနေ၍ တိုင်းရင်းသား ဘာသာစကားများ၊ ယဉ်ကျေးမှုများကို စတင်အားပေးမြှင့်တင်ရန် ဖြစ်ပေသည်။

ပညာရေးစနစ်နှင့် အုပ်ချုပ်ရေးစနစ်တို့၏ ပျက်ကွက်မှုများအနက် တစ်ခုမှာ သွေးချင်းများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုများကို အားပေးမြှင့်တင်ရန် ပျက်ကွက်ခြင်းပင်ဖြစ်သည်။ နောက်မျိုးဆက်သစ်များသည် အင်္ဂလိပ်စာနှင့် မြန်မာစာကိုသာမက အနည်းဆုံးအားဖြင့် တိုင်းရင်းသား ဘာသာစကားတစ်ရပ်ရပ်ကို သင်ကြားသင့်သည်။

ထောက်ပြငြင်းဆိုနိုင်သည့် အချက်တစ်ချက်မှာ မြန်မာနိုင်ငံ၌ တရားဝင် တိုင်းရင်းသားပေါင်း ၁၃၅ မျိုး ရှိနေပြီး ယင်းဘာသာစကားအားလုံး သင်ကြားပေးရန်မှာ လက်တွေ့မကျဟူသော ငြင်းဆိုချက်ပင် ဖြစ်သည်။ ကျွန်မ အကြံပြုလိုသည်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုဆုံးသော ဘာသာစကား ခြောက်မျိုးကို သင်ကြားပေးရန်နှင့် ကျောင်းသားများအား စာသင်နှစ်ဝက်တာကာလ သုံးခု၊ သို့မဟုတ် တစ်နှစ်ခွဲမျှ ယင်းဘာသာစကား တစ်ရပ်ရပ်ကို သင်ယူစေရန်ပင် ဖြစ်ပါသည်။ တိုင်းရင်းသား လူနည်းစုများက မြန်မာဘာသာကို သူငယ်တန်းမှ စတင်သင်ယူရသည်ကို ထည့်သွင်းစဉ်းစားမည်ဆိုက မြန်မာကျောင်းသားများအတွက် အဆင်မပြေမှုမှာ အသေးအဖွဲမျှသာ ဖြစ်သည်။

အပြန်အလှန် နားလည်မှုကို အထောက်အကူပြုစေသော အကျိုးကျေးဇူးအရ ပညာရေးစနစ်တွင် သွေးချင်းတို့၏ ရိုးရာယဉ်ကျေးမှုများကို အသားပေးသည့် ဘာသာရပ်တစ်ခုခုလည်း ပါဝင်သင့်ပါသည်။ ဗမာနှင့် တိုင်းရင်းသားလူနည်းစုများ အပါအဝင် မြန်မာအားလုံးအတွက် မြန်မာနိုင်ငံ ဆက်လက်တည်တံ့စေရန် တစ်ဦးအကြောင်း တစ်ဦးက မဖြစ်မနေ လေ့လာသင်ယူရမည် ဖြစ်သကဲ့သို့ တစ်ဦးကိုတစ်ဦး လေးစားသမှုပြုပုံနှင့် တစ်ဦးကိုတစ်ဦး စိတ်အနှောက်အယှက် ဖြစ်စေပုံတို့ကိုလည်း မဖြစ်မနေ လေ့လာသင်ယူရပေမည်။

အစိုးရကလည်း ပြည်နယ်တစ်ခုချင်းစီတွင် တိုင်းရင်းဘာသာစကားတစ်ရပ်ကို ယင်း၏ တရားဝင် ဘာသာစကားအဖြစ် ထားရှိရန် ဥပဒေပြဋ္ဌာန်းသင့်သည်။ ဥပမာ ကရင်ဘာသာကို ကရင်ပြည်နယ်၏ တရားဝင် ဘာသာစကားများထဲတွင် ထည့်သွင်းသင့်ခြင်းမျိုး ဖြစ်သည်။

ယခုအချိန်မှာ မြန်မာနိုင်ငံအတွက် တိုင်းရင်းသား လူနည်းစုများအား အသိအမှတ်ပြုရမည့် အချိန်ပင်ဖြစ်သည်။ တဖန် တိုင်းရင်းသား လူနည်းစုများ၏ ဘာသာစကားများနှင့် ယဉ်ကျေးမှုတို့ကို သင်ယူရမည့်၊ ထိန်းသိမ်းရမည့် အချိန်လည်း ဖြစ်သည်။

ကျွန်မတို့သည် တိုင်းရင်းသား သွေးချင်းများကို လေးစားရမည်၊ ၎င်းတို့အသံများကို အလေးထား ဂရုပြုရမည်ဆိုသည်တို့ကို ဤနိုင်ငံသားအားလုံး သိရှိရန် လိုအပ်လှပေသည်။

အောင်မင်း ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar