ဘာကြောင့် ရွှေဝါရောင်တော်လှန်ရေး ဆင်နွဲှခဲ့တာလဲ

စက်တင်ဘာ တတိယပတ်ဆိုရင် ၂၀၀၇ က လောင်စာဆီဈေးနှုန်း မြှင့်တင်အပြီးနဲ့ ပခုက္ကူမှာ သံဃာတွေရဲ့ လှုပ်ရှားမှုဖြစ်အပြီး ရွှေဝါရောင် သံဃာ့တော်လှန်ရေး ဖြစ်ပွားခဲ့တာ ၁၁ နှစ် ပြည့်မြောက်တဲ့ကာလ ဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အခု စက်တင်ဘာ တတိယပတ်ဆိုရင် ၂၀၀၇ ရွှေဝါရောင် သံဃာ့တော်လှန်ရေး ဖြစ်ပွားခဲ့တာ ၁၁ နှစ် ပြည့်မြောက်တဲ့ကာလလည်း ဖြစ်ပါတယ်။

ရွှေဝါရောင် တော်လှန်ရေးနဲ့ပတ်သက်ရင် အဲဒီအချိန်က စစ်အစိုးရဟာ ပြည်တွင်းမှာ နည်းပေါင်းစုံသုံးပြီး သတင်းအမှောင်ချခဲ့ပေမဲ့ နိုင်ငံခြားသတင်းဌာနက သတင်းထောက်တချို့ ရှိနေတာ၊ လျှို့လျှို့ဝှက်ဝှက် စွန့်စွန့်စားစား လုပ်ကိုင်ကြတဲ့ မြန်မာသတင်းထောက်တွေ ရှိနေတာ စတဲ့အခြေအနေကြောင့် ရွှေဝါရောင် တော်လှန်ရေးအကြောင်း၊ အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်းတဲ့အကြောင်း အဲဒီအချိန် ကမ္ဘာက သိကြရပြီး မြန်မာရဟန်းတော်တွေအပေါ် လေးစားချီးကျူး စာနာမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဗုဒ္ဓဘာသာ မြန်မာရဟန်းသံဃာတွေရဲ့ ပုံရိပ်လည်း ကောင်းမွန်မြင့်မားခဲ့ပါတယ်။ မြန်မာရဟန်းသံဃာတွေ ဘာကြောင့် အန္တရာယ်အလွန်များတဲ့ နိုင်ငံရေးဖြစ်ရပ်ထဲ ပါဝင်ကြရတာလဲ၊ ဘာကြောင့် ရွှေဝါရောင် တော်လှန်ရေး ဆင်နွဲှခဲ့ရတာလဲဆိုတာ သုံးသပ်တင်ပြသွားပါ့မယ်။

ဒီအကြောင်းပြောမယ်ဆို နောက်ခံအကြောင်းက စ ပြောရပါလိမ့်မယ်။ ၂၀၀၇ သြဂုတ်လလယ်မှာ စစ်အစိုးရဟာ လောင်စာဆီဈေးနှုန်းတွေ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ အဲဒီအချိန်က ပြည်တွင်းမှာ လောင်စာဆီ ဖြန့်ဖြူးရောင်းချတာကို အစိုးရဓာတ်ဆီနဲ့ ဒီဇယ်ဆီဆိုင်တွေကပဲ လုပ်ကိုင်ကြတဲ့ကာလ၊ ဈေးနှုန်းကိုလည်း အစိုးရကပဲ သတ်မှတ်တဲ့ကာလပါ။

လောင်စာဆီဈေးနှုန်း မြှင့်တင်လိုက်တဲ့နည်းတူ ဘတ်စ်ကားခတွေကိုလည်း မြှင့်တင် သတ်မှတ်ပေးလိုက်ပါတယ်။ နဂိုကတည်းကမှ စီးပွားရေးကျဆင်းနေတဲ့ ပြည်သူတွေအတွက် လောင်စာဆီ ဈေးနှုန်းကြောင့် အဖက်ဖက်က ကုန်ဈေးနှုန်းတက်တဲ့ဒဏ် ခံရသလို၊ ဘတ်စ်ကားခ တက်လာတော့ သွားရေးလာရေးမှာပါ ပိုပြီးဝန်ထုတ်ဝန်ပိုး ဖြစ်စေပါတယ်။

အဲဒီအချိန်က အတိုက်အခံ အင်န်အယ်လ်ဒီပါတီ ရှိနေပေမဲ့ အစိုးရရဲ့ အဲဒီထူးခြားတဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ဘာတစ်ခုမှ ဝေဖန်ဆွေးနွေး ပြောဆိုတာမရှိပါဘူး။ ပြောရရင် နှစ်ပေါင်းများစွာ အင်န်အယ်လ်ဒီပါတီဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေရင် လွှတ်ပေးပါလို့ တောင်းဆိုလိုက်၊ ဒေါ်အောင်ဆန်းစုကြည် အပြင်မှာရှိနေရင် သူ့ဦးဆောင်မှုနောက် လိုက်လုပ်လိုက်လို့ဆိုတဲ့ မလုပ်၊ မရှုပ်၊ မပြုတ်ကျင့်စဉ် ကျင့်နေတဲ့ပါတီမျိုးပါ။

အသက်အရွယ်ကြီးရင့်တဲ့ ပါတီဝင်တွေ တစ်ပတ်တစ်ခါ အင်န်အယ်လ်ဒီရုံးလာ၊ တွေ့ဆုံ၊ ကော်ဖီသောက်၊ ရှေးဟောင်းနှောင်းဖြစ်ပြော၊ နေ့ထူးနေ့မြတ်တွေ ကျင်းပလိုက် လုပ်တာကလွဲပြီး မြန်မာ့စီးပွားရေး၊ လူမှုရေးကို သိပ်ပြီးစိတ်ဝင်စားတဲ့ အနေအထားမျိုးလည်း မတွေ့ရပါဘူး။ အဲဒီအချိန်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အကျယ်ချုပ်ကျနေချိန်ပါ။

ထူးခြားတာကတော့ မကြာခဏ ဖမ်းဆီးအကျဉ်းချတာခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အဲဒီအချိန် အပြင်မှာရှိနေပါတယ်။ လောင်စာဆီဈေးနှုန်း မြှင့်တင်ပြီးနောက် ပထမဦးဆုံး ကြေညာချက်ထုတ် ကန့်ကွက်တာ ၈၈ မျိုးဆက်အဖွဲ့ပါ။ အင်န်အယ်လ်ဒီကတော့ ရုံးပိတ်ရက်တွေအပြီး နောက်တစ်ပတ်လိုမျိုးမှ ကြေညာချက်လိုက်ထုတ်တာ တွေ့ရပါတယ်။

နောက်တော့ ၈၈ မျိုးဆက်အဖွဲ့ဟာ ကြေညာချက်ထုတ်ရုံမက လမ်းလျှောက်ကန့်ကွက်ဖို့ပါ ကြိုးစားလာပါတယ်။ အင်န်အယ်လ်ဒီခေါင်းဆောင် ဦးကြည်မောင် ကွယ်လွန်ပြီး ရက်လည်ဆွမ်းကျွေးတဲ့နေ့ ဦးကြည်မောင်အိမ်ကနေ အပြန်လမ်းမှာ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တွေ လမ်းဘေး ပလက်ဖောင်းကနေ လမ်းလျှောက်ပြန်ကြပါတယ်။

ဘာကြွေးကြော်သံမှ မကြွေးကြော်၊ လမ်းပေါ်ကိုလည်း လုံးဝ မတက်ဘဲ လမ်းဘေးပလက်ဖောင်းပေါ်ကနေ သာမန်ပြည်သူတွေ လမ်းလျှောက်သလိုပဲ လမ်းလျှောက်ကြတာပါ။ ဒါပေမဲ့ နောက်ပိုင်း အဲဒီလုပ်ရပ်ကြောင့်ပဲ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းပါတယ်။ ဒီလိုဖမ်းလိုက်ပေမဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့နဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ အစိုးရကို ကန့်ကွက်တဲ့လုပ်ရပ် ရပ်တန့်မသွားပါဘူး။

လူစုဝေးရာ နေရာတွေမှာ လျှပ်တပြက် ဆန္ဒပြဖို့ ကြိုးစားကြပါတယ်။ ဒါတွေကိုလည်း အဲဒီအချိန်က အရပ်ဝတ်ရဲတွေနဲ့ စွမ်းအားရှင်လို လူတွေက အကြမ်းဖက်ဖမ်းဆီးတာမျိုး လုပ်ကြပါတယ်။ ဒီလိုနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေ အားလုံးလိုလို အကျဉ်းထောင်ထဲ ရောက်သွားပြီး အပြင်မှာ အစိုးရကိုဆန့်ကျင်မယ့်၊ ဆန္ဒပြမယ့်သူတွေဆိုလို့ မကျန်တော့သလောက် ဖြစ်သွားပါတယ်။

ဒီအခြေအနေပေါ်ကနေ သံဃာတွေ နိုင်ငံရေးလှုပ်ရှားမှုထဲ ဝင်ပါဖို့ ဖြစ်လာတာပါ။ အဲဒီနောက် ရဟန်းသံဃာ စာသင်သားတွေများတဲ့ ပခုက္ကူမှာ သံဃာတွေရဲ့ လှုပ်ရှားမှုဖြစ်လာပြီး အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွင်း၊ အဲဒီအထဲမှာမှ သံဃာတစ်ပါးကို ဓာတ်တိုင်မှာကြိုးတုပ် ရိုက်နှက်တယ်ဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့ပြီး သံဃာထုရဲ့ မကျေနပ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလိုနဲ့ ရန်ကုန်ကသံဃာတွေ လမ်းလျှောက်မေတ္တာပို့ ကြွချီဖို့ အခြေအနေ ဖြစ်လာတာပါ။ သူတို့ စဉ်းစားတာက ရိုးရိုးလေးပါ။ သာမန်လူတွေမဟုတ်၊ တိုင်းသူပြည်သားတွေရော အာဏာပိုင်တွေကပါ ကိုးကွယ်တဲ့ သံဃာတွေဖြစ်တယ်၊ နောက် ဘာနိုင်ငံရေးမှ မကြွေးကြော်၊ ပြည်သူတွေ ခက်ခဲပင်ပန်း ဆင်းရဲနေတာကို ရည်ရွယ်ပြီး ဗုဒ္ဓဘာသာ မေတ္တာပို့တာကိုပဲ ရွတ်ဆိုကြမယ်၊ လမ်းလျှောက်ကြွချီကြပြီး အချိန်တန်ရင် ကိုယ့်ကျောင်းကိုယ်ပြန်မယ်၊ ဒါဆိုရင် အာဏာပိုင်တွေ အကြမ်းမဖက်ကောင်းလောက်ပါဘူးလို့ တွေးပြီး လှုပ်ရှားမှုကို စ လိုက်ကြတာပါ။

စက်တင်ဘာ ၁၈ ရက်ကနေ စလိုက်တာ ၂၃ -၂၄ ရက်တွေမှာတော့ ကျောင်းသားသမဂ္ဂဝင်တချို့၊ နိုင်ငံရေးလှုပ်ရှားသူတချို့ ပါဝင်လာပါတယ်။ သံဃာတွေ ရှေ့ကကြွချီ၊ သူတို့ကနောက်ကလိုက် ဆိုတဲ့ ပုံစံမျိုးနဲ့ပါ။ မန္တလေးအပါအဝင် နယ်မြို့တွေမှာလည်း အလားတူ သံဃာတွေမေတ္တာပို့ လမ်းလျှောက်ကြွချီတဲ့ လှုပ်ရှားမှု ဆက်ပြီးပေါ်ပေါက်ပါတယ်။

စက်တင်ဘာ ၂၅ ရက်မှာတော့ ဆူးလေစေတီ၊ မြို့တော်ခန်းမရှေ့မှာ နိုင်ငံရေးတရားဟောတာတွေ စ လုပ်ကြပါပြီ။ ဒီလိုနဲ့ ၂၅ ရက်ညမှာပဲ လှုပ်ရှားမှုထဲ ဦးဆောင်ပါဝင်သူ လူရွှင်တော် ဇာဂနာနဲ့တခြားသူတွေကို စ ဖမ်းဆီးတာ လုပ်ပါတယ်။ နောက် လူမစုဝေးရ၊ စီတန်းလမ်းလျှောက်တာမလုပ်ရ စတဲ့အမိန့်တွေ ထုတ်ပါတယ်။

စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းရောက်တော့ ရွှေတိဂုံစေတီတော်ပေါ်မှာစုပြီး အရှေ့ဘက်မုခ်ကနေ လမ်းလျှောက်ကြွချီဖို့ ထွက်လာတဲ့ သံဃာတော်တွေကို အဲဒီမုခ်ဝရှေ့မှာပဲ ပိတ်ဆို့တားဆီးပါတယ်။ နောက်တော့ အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးတာ၊ မျက်ရည်ယိုဗုံးနဲ့ပစ်တာ လုပ်ပါတယ်။ တဆက်တည်း ဆူးလေလမ်းမကြီးတလျှောက် လုံခြုံရေးတပ်တွေ ချထားလိုက်ပြီး လမ်းလျှောက်တဲ့သံဃာတွေ၊ စုဝေးတဲ့ လူစုတွေကို အကြမ်းဖက်ဖြိုခွဲတာ လုပ်ခဲ့ပါတယ်။

အကြမ်းဖက်နှိမ်နင်းမှုအတွင်း ဂျပန်နိုင်ငံသား သတင်းထောက်တစ်ယောက် သေနတ်ကျည်ဆံ ထိမှန်သေဆုံးပါတယ်။ နောက်ပိုင်း ဘုန်းတော်ကြီးကျောင်းတိုက်တွေကို ညအချိန် ဝင်ရောက်စီးနင်းပြီး သံဃာတွေကို ဖမ်းဆီးတာ လုပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး အကြမ်းဖက် ဖြိုခွင်းခံလိုက်ရတာ ဖြစ်ပါတယ်။

ဖြစ်စဉ်ကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် အဲဒီရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်လာတာ၊ ရဟန်းသံဃာတွေ နိုင်ငံရေးထဲ ပါဝင်လာရတာဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေအားလုံး အကျဉ်းထောင်ထဲရောက်၊ ပြင်ပမှာ စစ်အာဏာရှင်တွေကို အာခံဝံ့သူ မရှိသလောက်ဖြစ်သွားတဲ့ အနေအထားအောက်မှာ ဝင်ပါကြရတာမျိုးပါ။

လောင်စာဆီဈေးနှုန်း မြှင့်တင်တာကနေ စတာဖြစ်ပေမဲ့ တကယ့်တကယ်တော့ စစ်အာဏာရှင်တွေရဲ့ တင်းတင်းကျပ်ကျပ် ဖိနှိပ်ရက်စက်မှု၊ ဒီမိုကရေစီ ဆိတ်သုဉ်းမှု၊ တိုင်းပြည်ချွတ်ခြုံကျပြီး ပြည်သူအများ ဆင်းရဲမွဲတေမှု၊ နိုင်ငံတကာအလယ်မှာ မြန်မာနိုင်ငံဟာ မျက်နှာမဖော်နိုင်လောက်အောင် ဂုဏ်သိက္ခာ ကျဆင်းနေမှုတွေကတော့ အရင်းခံအကြောင်းတရားတွေ ဖြစ်ပါတယ်။

စစ်အာဏာရှင်ခေတ်မှာ သူတို့ကို အာခံသူဆိုရင် လူပဲဖြစ်ဖြစ်၊ သံဃာပဲဖြစ်ဖြစ် အရိုက်နှက်ခံရနိုင်၊ ထောင်ကျနိုင်၊ သေဆုံးနိုင်၊ ဘဝပျက်နိုင်ဆိုတဲ့ ဆိုးရွားတဲ့ကံကြမ္မာ ဆုံရနိုင်တာကို သိပါလျက်နဲ့ ရဟန်းသံဃာတွေဟာ သူတို့ကို ပစ္စည်းလေးပါး ထောက်ပံ့နေတဲ့ ဒကာဒကာမ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲအတွက် ကိုယ်ကျိုးစွန့်၊ အနစ်နာခံပါဝင်ကြတာမို့ မှတ်တမ်းတင် ဂုဏ်ပြုအပ်သူတွေ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar