၂၀၁၇အတွင်းက ကြားဖြတ်ရွေးကောက်ပွဲကျင်းပစဉ်က မဲပေးသူတစ်ဦး လက်သန်းတွင် မင်တို့နေစဉ်။ (စတိဗ်တစ်ခ်နာ | ဖရွန်းတီးယားမြန်မာ)

ဘယ်သူတွေမဲပေးခွင့်ရကြမလဲ

မန္တလေးတိုင်းဒေသကြီးက နှစ်ပေါင်းရာနဲ့ချီပြီး အခြေကျနေပြီဖြစ်တဲ့ မွတ်စလင်အသိုင်းအဝိုင်းတစ်ခု အတွက်တော့ လာမဲ့ရွေးကောက်ပွဲမှာ မဲပေးခွင့်ရရှိဖို့ဆိုတာဟာ သူတို့ကို ခွဲခြားဆက်ဆံနေတဲ့ ဥပဒေနဲ့ အစိုးရယန္တရားက ဘယ်လောက်အထိ သက်ညှာပေးမလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။

ပြည့်စုံအောင် ရေးသားသည်။

ရွာအဝင်လမ်းဟာ ဗုဒ္ဓဘာသာဝင်ဗမာအများစုအခြေချရာ မြန်မာပြည်အလယ်ပိုင်းက ပူပြင်းခြောက်သွေ့တဲ့ အညာဒေသနဲ့ ခပ်ဆင်ဆင်ပါပဲ။ ကုလားပဲခင်းတွေ၊ နှမ်းနဲ့ ကြက်သွန်စိုက်ခင်းတွေနဲ့ မလှမ်းမကမ်းက တာမပေါက်သေးတဲ့လမ်းတွေမှာ လှည်းတွေ တစ်စီးတစ်စီးဖြတ်သွားတိုင်း ဖုန်က တစ်ထောင်းထောင်းလိုက်နေပါတယ်။ မိုးဦးကာလမို့ မြန်မာပြည်ကမ်းရိုးတန်းနဲ့ ရိုးမတောင်တန်းဒေသတွေမှာ မိုးကောင်းပေမဲ့ ဒီဒေသမှာတော့ မိုးနည်းပြီး နေ့အပူချိန် ပူပြင်းလှပါတယ်။ မိုးများရာဒေသက မြစ်ရေကိုသွယ်ပြီး တစ်ချို့လယ်ကွင်းတွေမှာ စပါးပျိုးထောင်ထားတဲ့မြင်ကွင်းတွေလည်း မြင်ရပါတယ်။

တစ်ထပ်တိုက်လေးတွေ၊ ထရံကာထားတဲ့ ပျဉ်ထောင်အိမ်တစ်ချို့ရဲ့ တံစက်မြိတ်မှာ ဗမာလိုရော အာရဘီဘာသာစကားနဲ့ပါ “ကြိုဆိုပါ၏”လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်လေးတွေ ချိတ်ဆွဲထားတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုထူးခြားတဲ့မြင်ကွင်းဟာ စဉ့်ကိုင်မြို့နယ်က ဘာသာမတူသူတွေ အတူတကွရောယှက်နေထိုင်ရာ အသိုက်အမြုံလေးတစ်ခုဖြစ်တဲ့ “ခံလူး”လို့ အမည်ရတဲ့ ကျေးရွာလေးမှာ ဖြစ်ပါတယ်။

ခံလူးရွာဟာ မန္တလေးတိုင်းဒေသကြီးမြောက်ပိုင်းက ပြန့်ကျဲတည်ရှိနေတဲ့ ဗမာမွတ်စလင်ရွာတွေထဲက တစ်ခုဖြစ်ပါတယ်။ စဉ့်ကိုင်မြို့နယ်အတွင်းမှာတင် လူဦးရေ၂၀,၀၀၀ဝန်းကျင်နေထိုင်တဲ့ မွတ်စလင်ရွာကြီးတွေရှိနေပြီး သက်တမ်း နှစ်၂၀၀ကျော်နေပြီဖြစ်တဲ့ ဗလီ၁၀လုံးရှိပါတယ်။ မင်းနေပြည်တော်မန္တလေးနဲ့နီးကပ်နေတာနဲ့အညီ သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေဟာ အင်္ဂလိပ်တို့အထက်ဗမာပြည်ကို မသိမ်းခင်၁၈၈၅အထိ ကုန်းဘောင်မင်းဆက်​ဗမာဘုရင်တွေဆီမှာ မင်းမှုထမ်းတွေဖြစ်ခဲ့ကြောင်း ခံလူးဒေသခံ မွတ်စလင်တွေက ဆိုပါတယ်။

စဉ့်ကိုင်မြို့နယ်အတွင်းက နောက်ထပ်ဗမာမွတ်စလင်ရွာကြီးတစ်ခုဖြစ်တဲ့ တဘက်ဆွဲရွာမှာဆိုရင် ဗလီ၊ သူတော်စင်အုတ်ဂူနဲ့ ဝတ်ပြုကျောင်းပါတည်ရှိပြီး ဗမာဘုရင်က ပေးအပ်ချီးမြှင့်ထားတဲ့ ကျောက်စာနှစ်ချပ်ကိုပါ တွေ့ရှိရမှာဖြစ်ပါတယ်။

ဒီလိုသမိုင်းအစဉ်အလာတွေရှိပေမဲ့ ခံလူးနဲ့အိမ်နီးချင်းရွာတွေဟာ ပြီးခဲ့တဲ့ရာစုနှစ်တစ်ခုလုံး ပြင်ပနဲ့ အဆက်အဆံနည်းတဲ့ ကုန်းတွင်းပိတ်ကျေးရွာကြီးတွေဖြစ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် လမ်းပန်းဆက်သွယ်ရေးကောင်းလာတဲ့ အချိန်မှ သူတို့ဟာ တစ်ခြားဒေသတွေနဲ့ ကူးလူးဆက်သွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

အသက်၅၀ကျော် ဒေသခံတောင်သူဦးကြီးတစ်ယောက်ဖြစ်တဲ့ ဦးကျော်မင်းက ကျွန်တော်တို့ ဖရွန်းတီးယားမြန်မာသတင်းထောက်တွေကို လက်ဖက်သုပ်၊ ရေနွေးကြမ်းနဲ့ဧည့်ခံရင်း ကျွန်တော်တို့ သိချင်တဲ့မေးခွန်းတွေကို စိတ်ပါလက်ပါ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“ကျွန်တော်တို့ အရင်မျိုးဆက်၊ ကျွန်တော်တို့မျိုးဆက်တွေမှာတောင် ဒီစဉ့်ကိုင်ကျော်ပြီး ဘယ်မှမရောက်ဖူးတဲ့သူတွေရှိတယ်။ အခုကတော့ တက္ကသိုလ်ကျောင်းသားတွေ၊ ဈေးသည်တွေက မန္တလေး (ရွာကနေ မြောက်ဘက်ကို ၃၀ကီလိုမီတာ)ကို နေ့ချင်းပြန်သွားနေကြပြီ။ တစ်နာရီ ကျော်ကျော်လောက်ပဲ ဆိုင်ကယ်စီးရတာဆိုတော့”လို့ သူကပြောပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်မတိုင်ခင်အထိ ဗုဒ္ဓဘာသာရော မွတ်စလင်တွေပါ ရွာပြင်ပကို ကူးလူးဆက်ဆံ သွားလာလှုပ်ရှားတာနည်းပြီး ရွာထဲမှာပဲ ညီညီညွတ်ညွတ်နဲ့ စိုက်ပျိုးရေးကို စောက်ချလုပ်ကိုင်ကြတာများတယ်လို့ သူကဆိုပါတယ်။

“ကျွန်တော်တို့ ဒီလိုပဲ တစ်ယောက်ကိုတစ်ယောက်ကူညီရိုင်းပင်းပြီး ချစ်ချစ်ခင်ခင်နေခဲ့ကြတာ နှစ်ပေါင်းရာနဲ့ချီနေပြီ”လို့ ဦးကျော်မင်းက ပြောပါတယ်။

ဦးကျော်မင်းကိုကြည့်ပြီး မွတ်စလင်အမျိုးသားတစ်ယောက်လို့ ထင်မြင်မိသူနည်းမည်ထင်ပါတယ်။ မုတ်ဆိတ်မွှေး၊ ပသိုင်းမွှေးအလျဉ်းမရှိ။ မွတ်စလင်တစ်ယောက်လို့ သိနိုင်မဲ့တခြား အသွင်အပြင် လက္ခဏာလုံးဝမရှိသူမို့ ရုတ်တရက်ကြည့်လိုက်ရင် သူဟာ အထက်ဗမာပြည်၊ အညာဒေသက တောင်သူလယ်သမားတစ်ဦးလားလို့ ထင်မှတ်မှားစရာပါ။

“တကယ်တမ်းတော့ ဗုဒ္ဓဘာသာရော၊ မွတ်စလင်ရော ဒီမှာက အတူတူပဲ။ အားလုံးဆွေမျိုးတွေချည်းပဲ။ ဘာသာမတူတွေယူနေကြတာပဲ”လို့ သူကဆိုပါတယ်။ အမျိုးဘာသာ သာဿနာလှုပ်ရှားမှုတွေ အားကောင်းလာပြီး မျိုးစောင့်ဥပဒေတွေ ထွက်ပေါ်လာတဲ့ ၂၀၁၅ဝန်းကျင်မှာတော့ ဒီအစဉ်အလာတွေ နည်းနည်းတန့်သွားတယ်လို့ သူကစိတ်မကောင်းဟန်နဲ့ ဆိုပါတယ်။

“ကျွန်တော်က မွတ်စလင်။ ကျွန်တော့်အမျိုးတွေ၊ ဝမ်းကွဲတွေထဲမှာ ဗုဒ္ဓဘာသာတွေ တစ်ပုံကြီး။ တချို့အိမ်တွေမှာဆို အဘိုးက ဗလီလူကြီး၊ တူတွေက ဗုဒ္ဓဘာသာဘုန်းကြီး ဆိုတာတွေလည်း ရှိတယ်”လို့ဆိုပါတယ်။

အလှူရှိလို့ဖြစ်ဖြစ်၊ အခါကြီးရက်ကြီးတွေဖြစ်ဖြစ် အချင်းချင်း အပြန်အလှန်ကူညီကြပြီး “အားလုံးတစ်ဒယ်အိုးတည်းစားလာကြတာ”လို့ သူက ဆိုပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ အစ်နေ့ဆိုရင် ဗုဒ္ဓဘာသာဝင်တွေက မုန့်လုပ်ပို့ကြသလို ဗုဒ္ဓဘာသာဝင်တွေရဲ့ ဥပုသ်ရက်ဆိုရင်လည်း မွတ်စလင်တွေက ကူညီပေးကြပါတယ်။

မဲဆန္ဒရှင်များကို မဲပေးရန် တိုက်တွန်းထားသော မဲဆန္ဒရှင်အသိပညာပေး ပိုစတာတစ်ခုကို မန္တလေးကျုံးဘေးတစ်နေရာတွင် မြင်တွေ့ရစဉ်။ (တေဇလှိုင် | ဖရွန်းတီးယားမြန်မာ)

ဩဂုတ်၂၃ရက် ဖရွန်းတီးယားမြန်မာက ခံလူးရွာကို သွားရောက်လည်ပတ်ခဲ့စဉ်မှာတော့ ဦးကျော်မင်းနဲ့ တခြားရွာခံတွေဟာ လာမဲ့နိုဝင်ဘာရွေးကောက်ပွဲမှာ မဲပေးဖို့ အားခဲထားကြပါတယ်။ ဒါပေမဲ့ မဲပေးဖို့ သာမန်ထက်ပိုတဲ့စိတ်အားထက်သန်မှုမျိုးကို သူတို့အားလုံးမှာ တစ်ပြေးညီတွေ့ရတာတော့ မဟုတ်ပါဘူး။ တစ်ချို့က နိုင်ငံရေးကိုစိတ်မဝင်စားဘူး၊ နားမလည်ဘူးလို့ ပြောတာမျိုးတွေရှိပါတယ်။ ဒါပေမဲ့ မဲပေးမယ်လို့ဆိုသူအများစုကတော့ နိုဝင်ဘာ၈ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးမယ်လို့ ဆိုကြပါတယ်။

“ကြံ့ခိုင်ရေးက အားမကောင်းဘူးဗျ။ သူတို့က ရွာသားတွေရဲ့မြေတွေသိမ်းထားတာ”လို့ ဦးကျော်မင်းက ပြောပါတယ်။ ၂၀၀၀ပြည့်နှစ် အလွန်ကာလ နအဖစစ်အစိုးရလက်ထက်မှာ ဒီနယ်တစ်ဝိုက်က ရွာသားတွေရဲ့ လယ်မြေဧက ၃,၀၀၀နီးပါးကို စစ်တပ်နဲ့ ကြံ့ခိုင်ရေးနှင့်ဖွံဖြိုရေးအသင်းက သိမ်းဆည်းခဲ့တယ်။ ရွာသားတွေဟာ ဒီမြေသိမ်းခံရမှုအတွက် လျော်ကြေးတစ်ပြားမှမရခဲ့ကြဘူးလို့ သူကဆိုပါတယ်။ အသုံးမပြုဘဲ “အရန်မြေ”ဆိုပြီး သိမ်းထားတဲ့ မြေအကျယ်အဝန်းက တစ်ဝက်လောက်ရှိတယ်လို့လည်း သူက ပြောပါတယ်။

လယ်ယာမြေအသိမ်းခံရတဲ့ ကျေးရွာတွေမှာ ခံလူးလိုပဲ မွတ်စလင်နဲ့ ဗမာတွေ အတူယှဉ်တွဲနေထိုင်တဲ့ တဘက်ဆွဲကျေးရွာလည်း ပါဝင်ပါတယ်။

“ဒီမှာကတော့ လာမဲ့ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲ မဲပေးကြမှာဗျ။ ပွင့်ပွင့်လင်းလင်းပြောရရင် မြေသိမ်းယာသိမ်းတွေကြောင့် ကြံ့ခိုင်ရေးကို ရွာသားတွေက အစာမကြေသေးဘူးဗျ”လို့ တစ်ဘက်ဆွဲကျေးရွာအုပ်ချုပ်ရေးမှုး ဦးအောင်မောင်းက ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။

ဒီနှစ်မှာတော့ ခံလူးနဲ့တဘက်ဆွဲရွာသားတွေဟာ ကြုံတောင့်ကြုံခဲ သူတို့နဲ့ ကိုးကွယ်ယုံကြည်ရာ ဘာသာတူ မွတ်စလင်ကိုယ်စားလှယ်လောင်းကို မဲပေးခွင့်ရကြတော့မှာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစွန်းရောက်မျိုးချစ်တက်ကြွလှုပ်ရှားသူတွေရဲ့အလိုအတိုင်း ၂၀၁၅မှာ မွတ်စလင်ကိုယ်စားလှယ်လောင်း တစ်ယောက်မှ​ ဝင်ပြိုင်ခွင့်မပြုခဲ့လို့ အဝေဖန်ခံရပြီးနောက်ပိုင်း ဒီနှစ်ရွေးကောက်ပွဲအတွက် လူစာရင်းရွေးချယ်ရာမှာတော့ အစ္စလာမ်ဘာသာဝင်ကိုယ်စားလှယ် နှစ်ဦးကို ရွေးချယ်ခဲ့ပါတယ်။

မွတ်စလင်ကိုယ်စားလှယ်လောင်းနှစ်ဦးအထဲက ဦးကျော်မင်းတို့ မဲပေးခွင့်ရမှာက အင်န်အယ်လ်ဒီပါတီရဲ့ စဉ့်ကိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းမြမြဖြစ်ပါတယ်။ အင်န်အယ်လ်ဒီပါတီရဲ့ မန္တလေးတိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်ဝင်းမြမြဟာ နိုင်ငံရေးဖြတ်သန်းမှုအရဆိုရင် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၃က စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့က အင်န်အယ်လ်ဒီပါတီဝင်တွေအပေါ် စစ်အစိုးရနဲ့ ပြည်ခိုင်ဖြိုးအသင်းပူးပေါင်းပြီး လုပ်ကြံသတ်ဖြတ်တဲ့ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။ သူ့ရဲ့ ရဲရင့်မှု၊ သစ္စာရှိမှုနဲ့ အနစ်နာခံမှုတွေကြောင့် လူအများလေးစားရတဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့ပြင် အင်န်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိသူ တစ်ယောက်လို့လည်း အများကသိရှိထားကြပါတယ်။

ဒါပေမဲ့ ဒေါ်ဝင်းမြမြဟာ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့အပြင်၊ ပညာတတ်သူမဟုတ်၊ စဉ့်ကိုင်ဒေသခံလည်းမဟုတ်လို့ သူ့နေရာကို ဒေသခံဗုဒ္ဓဘာသာဝင် ကိုယ်စားလှယ်လောင်းတစ်ယောက်နဲ့ အစားထိုးပေးဖို့ ဩဂုတ်လကုန်မှာ စဉ့်ကိုင်မြို့နယ်အတွင်းက သံဃာတော်အပါး၆၀၀နီးပါးနဲ့ လူပုဂ္ဂိုလ်အချို့က ဆန္ဒလက်မှတ်ကောက်ခံပြီး အင်န်အယ်လ်ဒီပါတီကို တောင်းဆိုခဲ့ကြပါတယ်။ ပါတီကတော့ ဒေါ်ဝင်းမြမြဟာ ကိုယ်စားလှယ်လောင်းစည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီသူတစ်ဦးဖြစ်တဲ့အတွက် အစားထိုးဖို့မရှိကြောင်း အဲဒီတောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။ အဲဒီအချိန်ဟာလည်းပဲ ပါတီတွေအတွက် ကိုယ်စားလှယ်လောင်းပြန်အစားထိုးဖို့ အချိန်က နောက်ကျနေပြီဖြစ်ပါတယ်။

ဒီအခြေအနေတွေရှိနေပေမဲ့ မွတ်စလင်ဖြစ်လို့ အစိုးရအာဏာပိုင်တွေရဲ့ ခွဲခြားဆက်ဆံခံရမှုကြောင့် လာမယ့်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီကို မဲပေးချင်လျက် မဲမပေးနိုင်ဖြစ်မှာကို ခံလူးရွာခံတစ်ချို့က စိုးရိမ်နေကြပါတယ်။

“လာမယ့်ရွေးကောက်ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ပဲမဲပေးမှာ။ ကျွန်မရဲ့သမီးက အသက်တော့ပြည့်ပြီ။ မှတ်ပုံတင်မရသေးတော့ ပေးလို့ရ၊ မရမသိသေးဘူး”လို့ ဒေါ်အေးသင်းက ပြောပါတယ်။​ သူဟာ ဖရွန်းတီးယားမြန်မာက တွေ့ဆုံမေးမြန်းခဲ့တဲ့ ခံလူးရွာသားတွေထဲက တစ်ဦးဖြစ်ပြီး ကျွန်တော်တို့ သွားရောက်လည်ပတ်ချိန်မှာ ရက်ကန်းစင်ဘေးမှာ ပိုးထည်ရက်လုပ်နေပါတယ်။

၁၉ရာစုက ဗဟိုအာရှနိုင်ငံများတွင် ထင်ရှားခဲ့သည့် မွတ်စလင်သာသနာပြုသူတော်စင်လူရှာ့ရှ်ကို အမည်ပြု၍ တည်ဆောက်ထားသော စဉ့်ကိုင်မြို့နယ်၊ တဘက်ဆွဲရွာမှ ဒါရ်ဂါဝတ်ကျောင်းကို မြင်တွေ့ရစဉ်။
(တေဇလှိုင် | ဖရွန်းတီးယားမြန်မာ)

ရွေးကောက်ပွဲနေ့မှာ မဲရုံကို မှတ်ပုံတင်ယူလာမှ မဲပေးခွင့်ပြုမယ်ဆိုတာက အများလက်ခံထားတဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကတော့ ယာဉ်မောင်းလိုင်စင်ဖြစ်ဖြစ်၊ အလုပ်သမားကတ်ပြားဖြစ်ဖြစ် ကိုယ့်ကိုစစ်ဆေးနိုင်မဲ့ အမှတ်အသားကတ်ပြား တစ်ခုခုရှိရင်ကို မဲရုံမှာ မဲပေးခွင့်ရမယ်လို့ ဆိုကြပါတယ်။

“ဘာကတ်မှမရှိရင်တောင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီက ထောက်ခံစာနဲ့ မဲပေးလို့ ရတယ်”လို့ ကျောက်ဆည်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးအောင်ဟိန်းက ဆိုပါတယ်။

ဒီအချက်က သာမန်လူတွေအတွက် ကိစ္စမရှိပေမဲ့ ဖိနှိပ်၊ ဖယ်ကြဉ်ခံထားရတဲ့ တိုင်းရင်းသားနဲ့ ဘာသာရေးလူနည်းစုတွေအတွက် ပြဿနာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံသားဖြစ်သည့်တိုင် သူတို့ဆီမှာ ပုံမှန်အားဖြင့် မှတ်ပုံတင်မရှိတာကများပြီး မဲပေးခွင့်ရဖို့ဆိုတာ ခွဲခြားဆက်ဆံမှုမြင့်မားတဲ့ ဥပဒေတွေနဲ့ အစိုးရယန္တရားအတွင်းက တာဝန်ရှိသူတွေရဲ့ စိတ်နေ၊ သဘောထားအပေါ်မူတည်နေလို့ပါပဲ။

မှတ်ပုံတင်ကတ်ပြားဟာ မိမိကိုယ်ကိုဘယ်သူဘယ်ဝါမှန်း စစ်ဆေးနိုင်ဖို့သာမက အစိုးရက တရားဝင်အသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား ၁၃၅မျိုးမှာမပါဝင်တဲ့သူတွေအဖို့ နိုင်ငံသားဖြစ်ကြောင်း သက်သေပြနိုင်တဲ့အထိ တရားဝင်မှုကြီးမားလို့ပါပဲ။

၁၉၈၂နိုင်ငံသားဥပဒေအရ အစိုးရအသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား၁၃၅မျိုးမှာပါဝင်ရင် အလိုအလျောက် နိုင်ငံသားဖြစ်ခွင့်ရရှိတာဖြစ်ပြီး အဲဒီအထဲမှာမပါရင်တော့ မိမိကိုယ်စားပြုတဲ့ မျိုးနွယ်စုဟာ မျိုးဆက်သုံးဆက်တိုင် မြန်မာပြည်အတွင်းနေထိုင်ခဲ့ကြောင်း သက်သေပြဖို့လိုပါတယ်။​ ဒီလိုသက်သေပြနိုင်မှသာ နိုင်ငံသားဖြစ်ကြောင်း ဥပဒေက အသိအမှတ်ပြုတာဖြစ်ပါတယ်။ သက်သေမပြနိုင်တဲ့ မျိုးနွယ်စုတွေကိုတော့ နိုင်ငံသားတွေထက် တစ်ဆင့်နိမ့်တဲ့ (နိုင်ငံသားအခွင့်အရေးထက် ပိုနည်းတဲ့အခွင့်အရေးသာ ခံစားခွင့်ရတဲ့) နိုင်ငံသားပြုခွင့်ရသူနဲ့ ဧည့်နိုင်ငံသားအဖြစ် သက်သေခံကတ်ပြားတွေ ထုတ်ပေးပါတယ်။ တစ်ခါတစ်လေမှာ တိုင်းရင်းသား ၁၃၅မျိုးမှာမပါဝင်တဲ့ မျိုးနွယ်စုတွေဟာ မှတ်ပုံတင်ရဖို့ လျှောက်ထားရာမှာ နှစ်နဲ့ချီအောင် ကြာမြင့်တက်ပါတယ်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေက မဲပေးခွင့်ကို နိုင်ငံသားဖြစ်မှုနဲ့ ချိတ်ဆက်ထားပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမတိုင်ခင် ဥပဒေပြုလွှတ်တော်က ရွေးကောက်ပွဲဥပဒေမှာပါတဲ့ ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူတွေ မဲပေးပိုင်ခွင့်ရှိကြောင်း ဖော်ပြထားတဲ့အပိုဒ်ကို ပြင်ဆင်ခဲ့ပါတယ်။

ဒီဥပဒေပြင်ဆင်ချက်ကြောင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ရွေးကောက်ပွဲမှာ မဲပေးခွင့်ရခဲ့ကြတဲ့တိုင် ရခိုင်ပြည်နယ်က သိန်းပေါင်းများစွာသော ရိုဟင်ဂျာတွေနဲ့ ရှမ်းပြည်နယ်အတွင်းက မရေမတွက်နိုင်တဲ့ တရုတ်မျိုးနွယ်စုဝင်တွေဟာ မဲပေးခွင့် ဆုံးရှုံးခဲ့ကြရပါတယ်။ ၂၀၁၅နှစ်ဆန်းပိုင်းမှာ သမ္မတဦးသိန်းစိန်က သူတို့ကိုင်ဆောင်တဲ့ ဝှိုက်ကတ်ခေါ် ယာယီသက်သေခံလက်မှတ်တွေ သက်တမ်းကုန်ဆုံးကြောင်း ကြေညာခဲ့ခြင်းက ရိုဟင်ဂျာတွေကို နိုင်ငံရေးဖြစ်စဉ်က ဖယ်ထုတ်မှုရဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း ကျန်ရစ်တဲ့ ရိုဟင်ဂျာတွေဟာလည်း ဒီနှစ်ရွေးကောက်ပွဲမှာ ပြီးခဲ့တဲ့၂၀၁၅တုန်းကလိုပဲ​ မဲပေးခွင့်ရကြမှာ မဟုတ်ပါဘူး။

ဥပဒေကြောင်းအရဆိုရင်တော့ ခံလူးရွာက မွတ်စလင်တွေဟာ လာမဲ့ရွေးကောက်ပွဲမှာ မဲပေးခွင့်နဲ့ နိုင်ငံသားတွေမှခံစားခွင့်ရှိတဲ့အခွင့်အရေးတွေ မရရှိမှာကို စိုးရိမ်ဖို့မလိုပါဘူး။ သူတို့ဟာ ကိုယ့်ကိုယ်ကို “ဗမာမွတ်စလင်”လို့ ခေါ်ဆိုသတ်မှတ်ကြပြီး သူတို့ရဲ့ဘိုးစဉ်ဘောင်ဆက် မြန်မာပြည်အတွင်းနေထိုင်ခဲ့မှု သမိုင်းဟာ ဘယ်သူကမှငြင်းမရအောင် အမြစ်တွယ်ခိုင်မာပါတယ်။ တစ်ရွာတည်းသား ဗုဒ္ဓဘာသာဝင်တွေ မှတ်ပုံတင်လျှောက်ထားရာမှာ ထွေထွေထူးထူး အခက်အခဲမရှိဘဲ အလွယ်တကူရရှိကြပေမဲ့ သူတို့ကိုတော့ အာဏာပိုင်တွေက သံသယမျက်လုံးနဲ့ အပြန်ပြန် အလှန်လှန် စစ်ဆေးလေ့ရှိပါတယ်။

ဒီလိုသံသယမျက်မှန်စိမ်းတပ်အကြည့်ခံရခြင်းက အစ္စလာမ်ဘာသာဟာ မြန်မာပြည်ဖွားဒေသခံလူမျိုးစုတစ်ခုအဖြစ် ဘယ်လိုမှမအပ်စပ်ဘူးဆိုတဲ့ လူကြိုက်များအမျိုးသားရေးအမြင်ကြောင့် ဖြစ်ပါတယ်။ ဥပမာအားဖြင့် လူတစ်ဦးတစ်ယောက်ဟာ မွတ်စလင်ဖြစ်ရင် တင်းပြည့်ကျပ်ပြည့်ဗမာ မဖြစ်နိုင်ဘူးဆိုတဲ့ အယူအဆပါပဲ။ မှတ်ပုံတင်တစ်ခုချင်းဆီမှာ တိုင်းရင်းသားမျိုးနွယ်စုအမည်နဲ့ နေထိုင်ရာဒေသကို ဖော်ပြလေ့ရှိပြီး ခံလူးရွာခံမွတ်စလင်တွေရဲ့ မှတ်ပုံတင်ကတ်ပြားတွေမှာတော့ သွေးနှောခြင်း၊ တိုင်းတစ်ပါးက လာရောက်ရွှေ့ပြောင်းနေထိုင်ခြင်း စတဲ့အသွင်ဆောင်တဲ့ အချက်အလက်တွေ ရေးသွင်းဖော်ပြထားတာ မြင်တွေ့ခဲ့ရပါတယ်။

ခံလူးရွာသားတစ်ချို့ဟာ ဖရွန်းတီးယားမြန်မာကို သူတို့ရဲ့မှတ်ပုံတင်ကတ်ပြားတွေ ထုတ်ပြခဲ့ပါတယ်။ တစ်ချို့မှတ်ပုံတင်တွေမှာ လူမျိုးနေရာမှာ “ဗမာ”၊ “မွတ်စလင်”လို အမှတ်သညာတွေသာမက “အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂါလားဒေ့ရှ်” စတဲ့ လူမျိုးအမည်ဖြည့်စွက်ထည့်သွင်းထားတာတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ သူတို့ပြတဲ့ မှတ်ပုံတင်တချို့မှာပါတဲ့  ပါကစ္စတန်နဲ့ ဘင်္ဂါလားဒေ့ရှ် နိုင်ငံတွေဆိုတာ ခံလူးရွာခံတွေရဲ့ ဘိုးဘေးဘီဘင်တွေ ကိုလိုနီခေတ်မတိုင်ခင် ဗမာဘုရင်တွေလက်ထက် ဒီဒေသမှာ စတင်အခြေချနေထိုင်တဲ့အချိန်နဲ့ယှဉ်ရင် အများကြီးနောက်ကျပါတယ်။ ဒီနိုင်ငံတွေဟာ ၁၉၄၇နဲ့ ၁၉၇၁ရောက်မှ လွတ်လပ်ရေးအသီးသီးရပြီး အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံတွေအဖြစ်ရောက်ရှိလာတာပါ။

စဉ့်ကိုင်မြို့နယ်၊ ခံလူးရွာမှ မွတ်စလင်ဒေသခံများဖြစ်သော အသက် ၅၇နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၁၉နှစ်အရွယ် လူငယ်တစ်ဦးက ၎င်းတို့၏ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များကို ပြသစဉ်။
(တေဇလှိုင် | ဖရွန်းတီးယားမြန်မာ)

ဒီလိုခွဲခြားမှုအသွင်ဆောင်တဲ့ ရေးသွင်းဖော်ပြချက်တွေရှိတဲ့တိုင် မှတ်ပုံတင်ရပြီဆိုတာနဲ့ ကိုင်ဆောင်သူဟာ နိုင်ငံသားဖြစ်ခွင့်ရပြီး မဲပေးခွင့်ရရှိမှာကိုတော့ သံသယဝင်စရာမရှိပါဘူး။ ဒါပေမဲ့ ဒီလိုအခြေအနေရောက်ရှိဖို့ ဖြတ်ကျော်ရတဲ့ မှတ်ပုံတင်လျှောက်ထားတဲ့အဆင့်မှာ မွတ်စလင်တွေဟာ ငွေကြေးအမြောက်အမြားလာဘ်ထိုးကြရပါတယ်။ တစ်ချို့အိမ်ထောင်စုတွေက တတ်နိုင်ပေမဲ့ ငွေကြေးချို့တဲ့ဆင်းရဲတဲ့ မိသားစုတွေအတွက်တော့ ကြမ္မာငင်တဲ့အဖြစ်ပါပဲ။ ဒီလိုကိစ္စမျိုးမှာ အာဏာပိုင်တွေဟာ မွတ်စလင်တွေဆီကနေ လာဘ်ငွေအဖြစ် ငွေကျပ် ငါးသိန်းအထိ တောင်းခံလေ့ရှိကြောင်း မန္တလေးက ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ မေတ္တာရဲ့ ဒါရိုက်တာကိုညီညီကျော်က ပြောပါတယ်။ ပွဲစားနဲ့ဘာနဲ့ဆိုရင်တော့ ပေးရတဲ့လာဘ်ထိုးငွေပမာဏဟာ ကျပ်သိန်း ၂၀အထိရှိကြောင်း သူကဆိုပါတယ်။

“ဒါဟာယုံကြည်ကိုးကွယ်မှုအပေါ် အခြေခံပြီး အတိအလင်း ခွဲခြားဆက်ဆံတာဖြစ်တယ်။ လဝကမှာက မွတ်စလင်တွေအတွက် သီးခြားလမ်းကြောင်းနဲ့ အရိုးစွဲနေပြီ”လို့ ကိုညီညီကျော်က ပြောပါတယ်။

မှတ်ပုံတင်လျှောက်ထားရာမှာ လူတိုင်းနီးပါးလာဘ်ပေးရတဲ့ အဖြစ်နဲ့ကြုံဖူးပေမဲ့ မွတ်စလင်နဲ့ တိုင်းရင်းသားမဟုတ်တဲ့ မျိုးနွယ်စုတွေအတွက်တော့ ပေးရတဲ့လာဘ်ငွေပမာဏဟာ မှတ်ပုံတင် လျှောက်ထားမှုကို အတည်ပြုပေးဖို့ အထက်ဘယ်အဆင့်အထိ ပါဝင်ပတ်သက်သလဲဆိုတဲ့အပေါ် မူတည်ပြီး ဈေးကမြင့်တက်သွားတာဖြစ်တယ်လို့ ကိုညီညီကျော်က ဆိုပါတယ်။ ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဝင်တွေအတွက် မြို့နယ်အဆင့်မှာတင် မှတ်ပုံတင်လျှောက်လွှာတွေကို လဝကအရာရှိတွေက အတည်ပြုထုတ်ပေးပေမဲ့ ကျန်တဲ့မွတ်စလင်တွေအတွက် မှတ်ပုံတင်လျှောက်လွှာတွေကို ပြည်နယ်နဲ့တိုင်းဒေသကြီးအဆင့်အထိ အဆင့်ဆင့် တင်းတင်းကျပ်ကျပ် နောက်ကြောင်းရာဇဝင်စိစစ်လေ့ရှိတယ်လို့ သူကဆိုပါတယ်။ မျိုးရိုးစဉ်ဆက် ရာဇဝင်နဲ့ စာရွက်စာတမ်း အထောက်အထားတွေလည်း ပိုပြီးတောင်းခံလေ့ရှိကြောင်း သူကဆိုပါတယ်။

လာဘ်ပေးဖို့ ငြင်းဆန်တဲ့သူတွေအတွက်တော့ မှတ်ပုံတင်ရဖို့ အချိန်အကြာကြီး စောင့်ဆိုင်းရပြီး တစ်ခါတစ်လေ နှစ်နဲ့ချီပြီး ကြာမြင့်တတ်ပါတယ်။ ဆိုလိုတာက ရွေးကောက်ပွဲသာ တစ်ကြိမ်ပြီးတစ်ကြိမ် ပြီးသွားပေမဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိတဲ့ သူတို့အတွက် မဲပေးခွင့်ဆိုတာ ဝိုးတဝါးပါပဲ။

“ကျွန်တော့်အသက်သုံးဆယ်ရှိပြီ။ ဒီနှစ်မှ ပထမဆုံးမဲပေးမှာ။ လွန်ခဲ့တဲ့ခြောက်လလောက်ကမှ မှတ်ပုံတင်ရတယ်။ ကျွန်တော် ရဖို့ကြိုးစားနေတာ ဆယ်နှစ်ကျော်ပြီ။ ၁၉ နှစ်သားကတည်းကပဲ”လို့ မေတ္တာအဖွဲ့က ကွင်းဆင်းတာဝန်ခံ ကိုမျိုးမင်းမင်းက ပြောပါတယ်။ သူဟာ အိန္ဒိယနွယ်ဖွား တမီလ်လူမျိုးဖြစ်ပြီး အစိုးရကအသိအမှတ်ပြုထားတဲ့ တိုင်းရင်းသား၁၃၅မျိုးမှာ မပါဝင်ပါဘူး။ 

သူကသာ မဲပေးဖို့ စိတ်အားထက်သန်နေပေမဲ့ မန္တလေးက သူ့အမျိုးတမီလ်အသိုင်းအဝိုင်းကတော့ ရွေးကောက်ပွဲလို နိုင်ငံအတွက် အရေးကြီးတဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်လိုဟန်မရှိဘဲ ဘာသိဘာသာနေကြတယ်လို့ သူကဆိုပါတယ်။ အထူးသဖြင့် ရွေးကောက်ပွဲမှာ မဲပေးဖို့မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားလို့ခေါ်တဲ့ မှတ်ပုံတင်လျှောက်ထားတဲ့ ကိစ္စမျိုးပါ။

“ရုံးတွေကနားတွေနဲ့ အတွေ့အကြုံကလည်း မကောင်းတာများတော့ မလိုအပ်ရင် ခပ်ကင်းကင်းပဲ နေတယ်။ မှတ်ပုံတင်မရှိဘဲနေလို့လည်း ရတာပဲဆိုပြီး‌ နေနေတဲ့သူတွေလည်းရှိတယ်။ မိဘတွေကလည်း နိုင်ငံရေးထဲမပါဖို့ပဲ တိုက်တွန်းတယ်။ အဲဒီတော့ ကျွန်တော်တို့ဆီမှာ ရပ်ကွက်ရုံးသွားပြီး မဲစာရင်းစစ်ဖို့ဆိုတာကတော့ အဝေးကြီးပဲ”လို့ ကိုမျိုးမင်းမင်းက ပြောပါတယ်။

ခံလူးကျေးရွာဒေသခံတွေဟာ လာမဲ့ရွေးကောက်ပွဲမှာ မဲပေးဖို့ စိတ်အားထက်သန်ကြပေမဲ့ ဇူလိုင်၂၅ရက်ကနေ ဩဂုတ်၁၄ရက်အထိ ခင်းကျင်းပြသတဲ့ မဲစာရင်းမှာ လေ့လာတွေ့ရှိခဲ့ရတဲ့ အချက်တွေကြောင့် မဲပေးခွင့်မရမှာကိုလည်း စိုးရိမ်ပူပန်နေကြပါတယ်။ ဖရွန်းတီးယားမြန်မာက အတိအကျအတည်ပြုလို့မရပေမဲ့ ရွာမှာ မဲစာရင်းတွေကပ်တဲ့အခါ မဲပေးခွင့်ရှိသူ ၁,၅၀၀ကျော်မှာ မဲစာရင်းမှာ လူဦးရေရာနဲ့ချီပြီး ပါမလာပါဘူး။ တဘက်ဆွဲရွာမှာလည်း အလားတူပဲ ရာနဲ့ချီပြီး မဲပေးခွင့်ရှိတဲ့သူတွေ မဲစာရင်းထဲ ပါမလာခဲ့ပါဘူး။ အဲဒီရွာမှာတော့ မှတ်ပုံတင်မရှိတဲ့ရွာခံမွတ်စလင်တွေ အများကြီးရှိနေပြီး မှတ်ပုံတင်မရှိတဲ့ လူအရောက်၅၀လောက်ဟာလည်း မဲစာရင်းမှာနာမည်တွေပါနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေနဲ့ လဝကအရာရှိတွေကတော့ ခံလူးနဲ့ တဘက်ဆွဲရွာခံတွေဟာ ကျိန်းသေမဲပေးခွင့်ရမှာဖြစ်ကြောင်း ဖရွန်းတီး​ယားမြန်မာကို ပြောပါတယ်။ ဒေသခံအများအပြား မဲစာရင်းမှာမပါဝင်တဲ့ကိစ္စဟာ ဒီနှစ်မဲစာရင်းကောက်ယူရာမှာ ကျင့်သုံးခဲ့တဲ့ “ရှိကောက်”စနစ်နဲ့ စာရင်းဖြည့်သွင်းတဲ့ လုပ်ငန်းစဉ်မှာ ရှိခဲ့တဲ့အမှားအယွင်းတွေကြောင့်ဖြစ်ပြီး သူတို့ရဲ့ လူမျိုးနဲ့ကိုးကွယ်ရာဘာသာနဲ့ ဘာမှမဆိုင်ကြောင်း ဆိုပါတယ်။ 

ရှိကောက်ဆိုတာကတော့ ကော်မရှင်အဖွဲ့ခွဲတွေဟာ လွန်ခဲ့တဲ့နှစ်၊ ဇွန်ကနေ စက်တင်ဘာအတွင်း တစ်အိမ်တက်တစ်အိမ်ဆင်း မဲစာရင်းလိုက်လံကောက်ယူခဲ့ပြီး အဲဒီအချိန် နေအိမ်တွေမှာ ရှိတဲ့လူစာရင်းကိုပဲ​ အတည်ပြုကောက်ယူထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ပထမအကြိမ် မဲစာရင်းတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြေညာရာမှာ အမှားအယွင်းတွေများပြီး လိုအပ်ချက်တွေရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဦးသိန်းဆွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်တို့နဲ့ ဩဂုတ်၅ရက် အွန်လိုင်းရုပ်သံဆွေးနွေးပွဲမှာ သတိပေးပြောဆိုခဲ့ပါတယ်။

Metta Campaign field officer Ko Myo Min Min, who is of Tamil ethnicity, had to wait more than 10 years to receive a citizenship card. (Teza Hlaing | Frontier)
နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရန် ၁၀နှစ်တိုင် စောင့်ဆိုင်းခဲ့ရသည့် မေတ္တာအဖွဲ့၏ကွင်းဆင်းတာဝန်ခံကိုမျိုးမင်းမင်းက ဖရွန်းတီးယားမြန်မာကို လက်ခံတွေ့ဆုံစကားပြောခဲ့သည်။ ၎င်းသည် တမီလ်လူမျိုးတစ်ဦးလည်းဖြစ်သည်။
(တေဇလှိုင် | ဖရွန်းတီးယားမြန်မာ)

“ရှိကောက်ဆိုတော့ မဲစာရင်းလာယူတဲ့အချိန် အိမ်မှာမရှိနေသူတွေ ကျန်ခဲ့တာမျိုးတွေလည်း ရှိတာပေါ့”လို့ မန္တလေးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးမြင့်အောင်က ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။

ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ “ရှိကောက်”စနစ်နဲ့ ကောက်ယူခဲ့တဲ့ မဲစာရင်းတွေကို ပြန်လည်စိစစ်ရမဲ့အစား မှန်ကန်တယ်လို့ယူဆပြီး ကွန်ပျူတာစာရင်းသွင်းခဲ့တာလို့ သူကဆိုပါတယ်။ မဲစာရင်းတွေထွက်လာတော့ မဲပေးပိုင်ခွင့်ရှိသူ အတော်များများ စာရင်းမှာ ပါမလာပါဘူး။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွန်ကြားထားပြီးသား။ ဒါပေမဲ့ ဒီနှစ်စာရင်းတွေက ၂၀၁၅ မဲစာရင်းကို အခြေခံမထားဘူး”လို့ မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနဦးစီးမှူး ဦးကျော်ရင်ဦးက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်နဲ့ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေကတော့ မဲစားရင်းတွေ ဒုတိယအကြိမ်ကြေညာတဲ့အခါ ပိုမိုပြည့်စုံမှန်ကန်အောင် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က ပိုပြီးကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဆိုလိုတာကတော့ ကြေညာခဲ့တဲ့စာရင်းကိုကြည့်ပြီး တင်သွင်းလာတဲ့အမှားပြင်ဆင်ချက်တွေအရ ပြန်လည်ပြင်ဆင်နေတာဖြစ်ပါတယ်။

ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ပေါင်းပြီး လဝကဦးစီးအရာရှိတွေက မှတ်ပုံတင်မရရှိသေးသူတွေကို ကွင်းဆင်း၊ မှတ်ပုံတင်တွေလုပ်ပေးနေတယ်လို့ အာဏာပိုင်တွေကဆိုပါတယ်။

“ကျွန်တော်တို့ မြို့နယ်လဝကနဲ့ပေါင်းပြီး ရွာထဲက မှတ်ပုံတင်မရှိသေးတဲ့သူတွေကို ရွေးကောက်ပွဲ မတိုင်ခင်လုပ်ပေးဖို့ စီစဉ်နေတယ်”လို့ တဘက်ဆွဲရွာအုပ်ချုပ်ရေးမှူးဦးအောင်မောင်းက ပြောပါတယ်။

မှတ်ပုံတင်တွေထုတ်ပေးတာက ရွေးကောက်ပွဲနှင့်မဆိုင်ဘဲ လဝကရဲ့ စီမံချက်အနေနဲ့ ထုတ်ပေးတာလို့ ဦးကျော်ရင်ဦးကဆိုပါတယ်။ ၂၀၁၀ကနေ၂၀၁၅အထိ မိုးပွင့်စီမံချက်ကို အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၅ကနေ ဒီ၂၀၂၀အထိ သစ္စာစီမံချက်နဲ့ တစ်နိုင်ငံလုံးမှာ မှတ်ပုံတင်မရှိသေးတဲ့သူတွေကို မှတ်ပုံတင်လုပ်ပေးနေတာဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကာလမှာ သမ္မတရုံးနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ရဲ့ ညွှန်ကြားချက်ကြောင့် မဲစာရင်းအရ မှတ်ပုံတင်မရှိတဲ့ နေရာအများစုမှာ လဝကဦးစီးဌာနက လူအင်အားသုံးပြီး အရှိန်အဟုန်နဲ့ မှတ်ပုံတင်ရရှိအောင် လုပ်ဆောင်ပေးနေတယ်လို့ သူကဆိုပါတယ်။

လူရှာ့ရှ်ဒါရ်ဂါဝတ်ကျောင်းအတွင်းမျက်နှာစာကို မြင်တွေ့ရစဉ်။ (တေဇလှိုင် | ဖရွန်းတီးယားမြန်မာ)

ခံလူးရွာမှာတော့ ဖရွန်းတီးယားမြန်မာ မရောက်ခင် ရက်ပိုင်းအလိုကပဲ မြို့နယ်လဝကအရာရှိတွေက မှတ်ပုံတင်မရှိသေးတဲ့ ဒေသခံမွတ်စလင် အယောက်၁၃၀လောက်ကို မှတ်ပုံတင်ကတ်ပြားတွေ ထုတ်ပေးခဲ့ပြီး မရှိသေးတဲ့သူတွေကို မှတ်ပုံတင်ဆက်လုပ်ပေးမယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ တဘက်ဆွဲရွာမှာတော့ စီမံကိန်းမစတင်ရသေးဘဲ မှတ်ပုံတင်မရှိတဲ့ မွတ်စလင်တွေ ရာနဲ့ချီရှိနေပါတယ်။ တဘက်ဆွဲကျေးရွာအုပ်ချုပ်ရေးမှူးကတော့ မှတ်ပုံတင်လုပ်ပေးတဲ့လုပ်ငန်းစဉ် မကြာခင်စတင်တော့မှာဖြစ်ကြောင်း ဆိုပါတယ်။

သာမန်အချိန်မျိုးမှာဆို အချိန်အကြာကြီးစောင့်ဆိုင်းရပြီး လာဘ်ထိုးလေ့ရှိရပေမဲ့ အခုလို ရွေးကောက်ပွဲနီးတဲ့အချိန် မှတ်ပုံတင်လုပ်ပေးတဲ့ကိစ္စဟာ ခံလူးနဲ့ တဘက်ဆွဲရွာက မွတ်စလင်တွေအတွက်တော့ အင်မတန်အဆင်ပြေပါတယ်။

ဒါပေမဲ့ အာဏာပိုင်တွေရဲ့ ခွဲခြားဆက်ဆံတဲ့အလေ့အကျင့်တွေ ဆက်ရှိနေပါသေးတယ်။ အထူးသဖြင့် မွတ်စလင်တွေဟာ မှတ်ပုံတင်လျှောက်ထားရာမှာ တစ်ခြားသူတွေထက်ပိုပြီး စစ်ဆေးခံရပါတယ်။ မျိုးရိုးစဉ်ဆက်တစ်လျှောက် မြန်မာပြည်မှာနေထိုင်ခဲ့ကြောင်း ပြသဖို့ စာရွက်စာတမ်းအထောက်အထား တင်ပြကြရပါတယ်။ မန္တလေးတိုင်းဒေသကြီး လဝကဦးစီးဌာနညွှန်ကြားရေးမှူးဦးကျော်ရင်ဦးရဲ့ အဆိုအရ တစ်ချို့မွတ်စလင်တွေဟာ လက်ရှိအချိန်အထိ စာရွက်စာတမ်းမပြည့်စုံတာနဲ့ အိမ်ထောင်စုစာရင်းမရှိတာကြောင့် မှတ်ပုံတင်လျှောက်ထားတဲ့အခါ ပယ်ချခံရတုန်းပါပဲ။

လဝကနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက တစ်ခါတစ်ရံမှာ ရပ်ကွက်နဲ့ ကျေးရွာတွေအထိ ကွင်းဆင်းပြီး ဒေသခံတွေ မှတ်ပုံတင်ရရှိအောင် ဆောင်ရွက်ပေးပေမဲ့ အများအားဖြင့် စီစဉ်ထားသလို မဖြစ်ပါဘူး။ မကြာခဏဆိုသလို ဒေသခံတွေဟာ ဒီလိုကွင်းဆင်းဆောင်ရွက်တဲ့နေ့တွေမှာ ချိန်းချက်ထားတဲ့နေရာကို ရောက်လာလေ့မရှိဘူးလို့ ဦးကျော်ရင်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ ကွင်းဆင်းပြီး ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေမှာ ကျေးရွာလူကြီးကို လူစုပြီး မှတ်ပုံတင်ထုတ်ပေးဖို့လုပ်တယ်။ ဒါပေမဲ့ ရွာတွေမှာက လက်လုပ်လက်စားများတယ်။ တစ်နေကုန် အလုပ်လုပ်ကြရတယ်။ အားရက်မရှိဘူး။ အဲဒီတော့ ဒါကိုသက်မှတ်ထားတဲ့ရက်မှာ အချိန်မပေးနိုင်လို့ မလာနိုင်တာတွေလည်းရှိတယ်”လို့ သူကပြောပါတယ်။

ဒါ့ပြင် လဝကဦးစီးဌာနမှာ ဝန်ထမ်းအင်အားအပြည့်အစုံမရှိတာကလည်း ပြဿနာတစ်ခုပါ။ ဥပမာ သပိတ်ကျင်းမြို့နယ်က မြို့နယ်လဝကဦးစီးမှူးဟာ မကြာသေးခင်က ရာထူးကအနားယူသွားပါတယ်။ ဒါပေမဲ့ သူ့နေရာကို အစားထိုးဖို့ အခုထက်ထိ လူရှာမရသေးတဲ့အတွက် စဉ့်ကူးမြို့နယ်ကလဝကဦးစီးမှူးက သပိတ်ကျင်းအတွက်ပါ ကူလုပ်နေရတာဖြစ်ပါတယ်။ သပိတ်ကျင်းမြို့နယ်၊ အုန်းစုံကျေးရွာက ဒေသခံဦးမောင်ကြီးကတော့ “ရွေးကောက်ပွဲမတိုင်ခင် သူ့ရွာကလူတွေအားလုံး မှတ်ပုံတင်မရကြမှာ”ကို စိုးရိမ်နေပါတယ်။

မှတ်ပုံတင်မရှိလို့ မဲပေးခွင့်မရမှာကို စိုးရိမ်ပူပန်စရာမလိုကြောင်း မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးမြင့်အောင်ကဆိုပါတယ်။

“မှတ်ပုံတင်မဟုတ်တဲ့ တခြားသက်သေခံကတ်ပြားတွေနဲ့ မဲပေးခွင့်ရှိသလို ရွေးကောက်ပွဲ ကော်မရှင်ကလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ရွေးကောက်ပွဲမတိုင်ခင် တစ်ပတ်၊ နှစ်ပတ်အလိုမှာ မဲပေးပိုင်ခွင့် စလစ်လေးတွေထုတ်ပေးသွားမယ်”လို့ သူက ပြောပါတယ်။

မဲဆန္ဒရှင်အမည်၊ မဲစာရင်းနံပါတ်၊ မဲရုံနံပါတ်တို့ပါဝင်တဲ့ အဲဒီမဲပေးခွင့် ကတ်ပြားတွေကို ၂၀၁၅ရွေးကောက်ပွဲ မတိုင်ခင်တုန်းကလည်း တရားဝင်အထောက်အထားမရှိပေမဲ့ မဲပေးခွင့်ရှိသူတွေကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ထုတ်ပေးခဲ့ပါတယ်။

ဒါပေမဲ့ လူမျိုး၊ ကိုးကွယ်ယုံကြည်ရာဘာသာတို့အပေါ်အခြေခံပြီး ဖယ်ကြဉ်ခံထားရသူတွေ အတွက်တော့ လာမဲ့နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ဟာ သူတို့ရဲ့ နိုင်ငံသားဖြစ်မှုအပေါ်မှာ လုံးဝမူတည်နေပါတယ်။ ခံလူးရွာက မွတ်စလင်တွေအတွက်တော့ အစိုးရရဲ့ ရွေးကောက်ပွဲမတိုင်ခင်စီမံချက်ကြောင့် မှတ်ပုံတင်ရရှိရေးနဲ့ မဲပေးခွင့်ရရေးက အခက်အခဲ သိပ်မရှိတာတော့အမှန်ပါပဲ။ ဒီလိုဆိုတဲ့တိုင်အောင် လူနည်းစုဝင်တွေဖြစ်တဲ့ သူတို့တွေဟာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရပြီး ရွေးကောက်ပွဲလို နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခွင့်ရရေးဟာ ခွဲခြားဆက်ဆံတဲ့ဥပဒေနဲ့ အစိုးရဗျူရိုကရေစီယန္တရားတွေ ရှိနေသမျှ ကာလပတ်လုံး ကန့်သတ်ခံနေရအုံးမှာကတော့ အသေအချာပါပဲ။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar