တယူသန် မဟုတ်မမှန်စကားများဖြင့် ပြည့်နှက်နေသော အွန်လိုင်းပေါ်မှ ရေးသားပြောဆိုချက်များသည် အဆိပ်ပြင်းလှသော မြန်မာ့နိုင်ငံရေးတွင် ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းတရားမဟုတ်ဘဲ ရောဂါလက္ခဏာသာဖြစ်လေသည်။
တယူသန် မဟုတ်မမှန်စကားများဖြင့် ပြည့်နှက်နေသော အွန်လိုင်းပေါ်မှ ရေးသားပြောဆိုချက်များသည် အဆိပ်ပြင်းလှသော မြန်မာ့နိုင်ငံရေးတွင် ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းတရားမဟုတ်ဘဲ ရောဂါလက္ခဏာသာဖြစ်လေသည်။
နိုင်ငံရေးနှင့် လူမှုရေးဘ၀ အွန်လိုင်းပေါ်၌ ပို၍လှုပ်ရှားလာလေ လူ့အဖွဲ့အစည်းကို ပို၍ခြိမ်းခြောက်လာလေပင် ဖြစ်နေသည်။ နောက်နှစ်တွင် အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မည်။ စစ်တပ်စိတ်ကြိုက်ပုံစံချ ရေးဆွဲထားသော ဖွဲ့စည်းပုံဘောင်အတွင်းမှ ပါတီစုံ မြန်မာ့ဒီမိုကရေစီအတွက် နောက်ထပ်ခံနိုင်ရည်စမ်းသပ်မှု တစ်ခုပင်ဖြစ်သည်။ အများအားဖြင့်မူ ၂၀၁၅ ရွေးကောက်ပွဲတုန်းကနှင့် အတူတူပင်ဖြစ်သည်။ ဥပဒေစည်းမျဉ်းစည်းကမ်းများ ဘာမျှအပြောင်းအလဲမရှိသော သည်တခါရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပင် နိုင်လိမ့်မည်ဟု တစ်ပေးထားကြသည်။
မည်သို့ရှိစေ အနိုင်ရသူအမတ်များသည် လွှတ်တော်ထဲတွင် ဘယ်သူကမှ မတင်မမြှောက်ပါဘဲ ဝင်ထိုင်နေကြသော စစ်တပ်မှ ကိုယ်စားလှယ်များနှင့် ရောထိုင်ကြရဦးမည်သာဖြစ်သည်။ သို့သော် မဲဆွယ်ပွဲတွေကတော့ ပို၍ဒစ်ဂျစ်တယ်နည်းသုံးကြဖို့များသည်။
လွန်ခဲ့သော လေးနှစ်အတွင်း နိုင်ငံအတွင်းတွင် ပုဂ္ဂလိက ဖေ့စ်ဘွတ်ခ်အကောင့် Facebook Account အရေအတွက် နှစ်ဆတိုးကာ သန်း ၂၀ ကျော်ရှိလာသည်။ လူဦးရေ ၅၂ သန်းရှိသော နိုင်ငံတွင် ဖေ့စ်ဘွတ်ခ်အကောင့် သန်း ၂၀ ကျော်မှာ နိုင်ငလူံဦးရေ ထက်ဝက်ခန့် ရှိနေခြင်းဖြစ်သည်။ ကုလသမဂ္ဂစုံစမ်းလေ့လာသူများ သဘောတူထားကြသည့်အတိုင်း မြန်မာတို့၏ အင်တာနက်သည် ဖေ့စ်ဘွတ်ခ်သာလျှင်ဖြစ်ပြီး နိုင်ငံ၏အရေးကိစ္စများကို သိချင်လျှင် ဖေ့စ်ဘွတ်ခ်ကိုသာ ပွတ်ကြတော့သည်။
ဤအခြေအနေက အရပ်ဖက်အဖွဲ့အစည်းများနှင့် အလှူရှင်အသင်းအဖွဲ့များကို သတိပေး ခေါင်းလောင်းထိုးလိုက်သလို ဖြစ်နေသဖြင့် လူမှုမီဒီယာများတွင် သတင်းမှားများနှင့် သွေးထိုးလှုံ့ဆော်မှုများကို စောင့်ကြည့်နိုင်ရန် အစီအမံများလုပ်နေရသည်။ ဤကိစ္စအရေးတကြီးလုပ်ဆောင်ရန် လိုအပ်ပုံကို ရခိုင်ပြည်နယ်အကျပ်အတည်းတွင် တွေ့မြင်ခဲ့ရသည်။ ရိုဟင်ဂျာမူဆလင် ခုနှစ်သိန်းကျော် ထွက်ပြေးကြရပြီး တချိန်တည်းတွင် တရားမဝင် ဝင်ရောက်လာသူများနှင့် မူဆလင်အကြမ်းဖက်သမားများ၏ အန္တရာယ်ကြီးပုံကို ဖော်ညွှန်းသည့်အမုန်းစကားများမှာ လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့ခဲ့သည်။
လူမျိုးတုံးရှင်းလင်းမှုတွင် အမုန်းစကားဖြန့်စေရာ၌ လူမှုမီဒီယာ အသုံးချနေသည်ကို ဖေ့စ်ဘွတ်ခ်က သည်အတိုင်းရပ်ကြည့်နေခြင်းဖြင့် ပူးပေါင်းကူညီခဲ့သည်ဟုပင် ဖေ့စ်ဘွတ်ခ်ခမျာ အစွပ်စွဲခံရသည်။ ထိုအချိန်မှစ၍ တပ်မတော်နှင့် ဆက်စပ်မှုရှိသူများအပါအဝင် အမုန်းစကားဖြန့်ဝေနေသော လျှို့ဝှက်အကောင့်များကို ဖေ့စ်ဘွတ်ခ်က ဖော်ထုတ်ဖယ်ရှားခဲ့သည်။
ရွေးကောက်ပွဲကို တန်ဖိုးလျော့စေရန်သော်လည်းကောင်း၊ မိမိဘက်က အသာစီးရရန်သော်လည်းကောင်း လူမှုမီဒီယာကို တလွဲအသုံးချကြမည့် မသမာသူများ၏အန္တရာယ်က အမှန်တကယ်ပင်ရှိနေသည်။ ထို့ကြောင့် သတိနှင့်စောင့်ကြည့်ဖို့က မရှိမဖြစ်လိုအပ်သည်။ သို့သော် လုပ်ကြံမမှန်သတင်းများနှင့် အမုန်းစကားများကို မပြောရ၊ မရေးရဟု ဆိုရာတွင် “ဘယ်လိုစကားတွေကို မပြောကြရမှာပါလဲ၊ ရှောင်ရှားကြရမှာပါလဲ” ဟု မေးစရာရှိလာသည်။
ဤအကြောင်းအရာများကို လူကြိုက်များနေမှုမှာ အနည်းဆုံး မနှစ်မြို့စရာအကြောင်းရင်းတစ်ခုတော့ရှိသည်။ စိတ်မသက်သာစရာ ပြဿနာတို့ကို ရှောင်ရှားဖို့ နည်းလမ်းရလာသောကြောင့်ဖြစ်သည်။ ထိုပြဿနာမှာ လွန်ခဲ့သော ရှစ်နှစ်လုံးလုံး ပြုပြင်ပြောင်းလဲမှုများကို ကြံ့ကြံ့ခံနေခဲ့သော အာဏာအဆောက်အအုံကြီးများနှင့် မအောင်မမြင်ဖြစ်ခဲ့သော နိုင်ငံရေးဦးဆောင်မှုလို ပြဿနာအဆောက်အအုံကြီးဖြစ်သည်။
လွန်ခဲ့သော နှစ်နှစ်က ရိုဟင်ဂျာပြဿနာဖြစ်လာစဉ်က လွဲမှားကွဲပြားစေသော အကြောင်းအရာ ရေးသားချက်များကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားခဲ့သော်လည်း အွန်လိုင်းပေါ်မှ အမုန်းစကားအများစုမှာ သွေးရိုးသားရိုးမျှသာဖြစ်ပြီး အမျိုးသားရေးနှင့် နိုင်ငံသားဖြစ်ရေး အတွေးအခေါ်မှ ပေါက်ဖွားလာခဲ့ခြင်းဖြစ်ကာ ဆယ်စုနှစ်များစွာအတွင်း ရင့်မှည့်လာခဲ့သော အတွေးအခေါ်သာဖြစ်သည်။
မြန်မာအရပ်ဖက်ခေါင်းဆောင်များက ယင်းအမုန်းစကားကို ရှုတ်ချရန်၊ သို့မဟုတ် မြန်မာကို လူမျိုးရေးခံတပ်ကြီးအဖြစ် အဓိပ္ပာယ်ကောက်သည့် ငုပ်လျှိူးနေသော သဘောတရားကို စိန်ခေါ်ရန် မည်သည့်လုပ်ဆောင်မှုမျှ မရှိခဲ့ပေ။ ထိုစဉ် အခြေခံဥပဒေအရ စစ်တပ်ကခံစားခွင့်ရရှိထားသော ဒဏ်ခတ်မခံရခြင်းက ၎င်းတို့ကျူးလွန်သည်ဟု စွပ်စွဲခံရသည့် ရက်စက်မှုများအတွက် လူထု၏မျှော်မှန်းချက်တစုံတရာနှင့် ရင်မဆိုင်ရသေးပေ။
ပို၍မဆိုင်းမတွတုံ့ပြန်တတ်သော ဖေ့စ်ဘွတ်၊ သို့မဟုတ် အွန်လိုင်းကွန်ရက်ပေါ်မှ လူမှုရေးဆက်သွယ်မှုများကို ဂရုတစိုက် ထိန်းသိမ်းကြပ်မတ်နေမှုကလည်း ယင်းပြဿနာနှင့် ပျက်ကွက်မှုများကို မကိုင်တွယ်နိုင်ပေ။
ပို၍ကြီးမားသော စိန်ခေါ်မှုမှာ ပိုမိုရှေးရိုးဆန်လှကာ ခေါင်းဆောင်များကို သူတို့ပြောဆိုလုပ်ကိုင်မှု၊ သို့မဟုတ် သူတို့ပြောဆိုလုပ်ကိုင်ရန်ပျက်ကွက်မှုများအတွက် တာဝန်ရှိသည်ဟု ယူဆမှုနှင့် ပို၍ကျယ်ပြန့်ပြီး ပွင့်လင်းသည့် လူ့အဖွဲ့အစည်းကိုအသားပေးသော နိုင်ငံရေးညွန့်ပေါင်းအဖွဲ့တည်ဆောက်မှုတို့ြ့ဖစ်သည်။
ရွေးကောက်ပွဲအတွက် ပို၍အန္တရာယ်ကြီးသော ခြိမ်းခြောက်မှုမှာ ဒစ်ဂျစ်တယ်မဆန်ဘဲ အနာလော့ဂ်ဆန်ကာ ထူးဆန်းလှစွာ မျက်စိလျှမ်းနေတတ်သည့် အရာဖြစ်သည်။ ယင်းမှာ ငွေကြေးဖြစ်သည်။
မြန်မာနိုင်ငံ၏စီးပွားရေးကို အထက်တန်းလွှာအနည်းငယ်က ကြီးစိုးနေဆဲဖြစ်ပြီး ၎င်းတို့က နိုင်ငံ၏နယ်စပ်ဒေသများ၌ စစ်အုပ်ချုပ်ရေးနှင့် စစ်ဘက်စီးပွားရေးတို့က အကွက်ဖော်ထားသည့် ဈေးကွက်များမှ အကျိုးအမြတ်များ ရရှိနေကြသည်။ ယင်းအထက်တန်းလွှာတို့က ပိုမိုမျှတသောစီးပွားရေးနှင့် ပို၍ပွင့်လင်းမြင်သာရှိသော နိုင်ငံရေးဖြစ်လာစေမည့် ပြုပြင်ပြောင်းလဲရေးကို မလိုလားနိုင်ဖြစ်နေကြသည်။ ထို့အပြင် ရွေးကောက်ပွဲဝင်ပြိုင်ရန် နိုင်ငံတော်မှ ထောက်ပံ့ကြေးမရသည့် နိုင်ငံရေးပါတီများက အထူးတောင့်တနေသော ငွေကြေးလည်း ပြည့်စုံနေကြပြန်သည်။
၎င်းတို့၏လက်ရှိပုံစံတွင် မဲဆွယ်ငွေကြေးစည်းမျဉ်းများက ယင်းသို့အားပေးမှုမျိုးကို အမှောင်ချထားသည့်သဖွယ်ဖြစ်နေသည်။ ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စရိတ် ကုန်ကျမှုအစီရင်ခံစာများ ရေးသားသိမ်းဆည်းထားရန် လိုအပ်မည်ဖြစ်သော်လည်း ယင်းငွေကြေးများ မည်သို့ရသည်၊ မည်သို့သုံးစွဲသည်တို့ကို စောင့်ကြည့်မည့်ထိရောက်သည့်နည်းလမ်း မရှိပေ။
တစ်ဦးချင်းထည့်ဝင်မှုပမာဏကိုလည်း ကန့်သတ်မထား၊ လှူဒါန်းသူများ မည်သူမည်ဝါဖြစ်သည်ကိုလည်း ထုတ်ဖော်ရန်မလိုပေ။ ထို့အပြင် အသုံးစရိတ် ကျပ် ဆယ်သန်းကန့်သတ်မှုက ကိုယ်စားလှယ်လောင်းနှင့်သာ သက်ဆိုင်ပြီး ပါတီများနှင့်မဆိုင်ပေ။ ထို့ကြောင့် ကြီးမားသည့် သုံးစွဲမှုအတွက် ဧရာမကယ်ပေါက်ကြီး ပွင့်နေသည်။
အကြီးမားဆုံးအန္တရာယ်ဖြစ်နိုင်သည်မှာ ဖေ့စ်ဘွတ်ပေါ်က သတင်းတုများနှင့်ပတ်သက်၍ လူများက အလိုမကျ စိတ်ပျက်နေသော်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီမှာကား အကျင့်ပျက်ဖောက်ပြန်သည့် အကျိုးစီးပွားများ၏ တိတ်တဆိတ် သိမ်းပိုက်မှုအောက်၌ ကျရောက်လျက်ရှိတော့သည်။
ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။