ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
ရန်ကုန်မြို့ ဘတ်စ်ကားစနစ်ကို ပြောင်းလဲရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ကြိုးစားမှုဖြစ်သည့် ရန်ကုန်ဘတ်စ်စနစ် (YBS) စနစ်သစ်ကို ပြည်သူအတွက်ဆိုသည့်အသိနှင့် မလိုက်ပါနိုင်ပါက ကျန်ခဲ့နိုင်သည်ဟု ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။
တစ်ဦးချင်း၊ တစ်ယောက်ချင်းပိုင်ဆိုင်သည့်စနစ်မှ ပုဂ္ဂလိက လုပ်ငန်းကုမ္ပဏီကြီးပုံစံသို့ ပြောင်းလဲသွားရာတွင် မလိုက်ပါနိုင်သည့်သူများ ကျန်ခဲ့နိုင်သည်ဟု ၎င်းက ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ၊ ယာဉ်ပိုင်ရှင်တွေ၊ အခုပြောင်းလဲမယ့် ကုမ္ပဏီစနစ်ကို ပြည်သူကို မျက်နှာမူပြီး၊ ပြည်သူ့အတွက်ဆိုတဲ့ အသိနဲ့ လိုက်ပါဖို့ဖြစ်ပါတယ်။ မလိုက်ပါနိုင်ဘူးဆိုရင် ကျန်ခဲ့နိုင်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက သတိပေး ပြောဆိုလိုက်သည်။
ရန်ကုန်မြို့တော် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ယခင် မထသကို ဖျက်သိမ်းကာ YBS ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇန်နဝါရီ ၁၆ ရက်နေ့တွင် စတင်ပြောင်းလဲ မိတ်ဆက်ခဲ့သည်။
အဆိုပါ စနစ်ပြောင်းလဲပြီး တစ်လပြည့်မြောက်ခဲ့ပြီဖြစ်သော်လည်း ခရီးသွားများအတွက် ဘတ်စ်ကားစီးရေ နည်းပါးနေသေးခြင်းနှင့် ယာဉ်မောင်းနှင့် စပယ်ယာများက စည်းကမ်းဖောက်ဖျက်မှုများ ရှိနေဆဲဖြစ်ခြင်းစသည့် ဝေဖန်မှုများ ပေါ်ထွက်နေသည်။
ဦးဖြိုးမင်းသိန်းကမူ စနစ်သစ်ကို လာမည့် ဧပြီလကုန်ပိုင်းခန့်တွင် ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်သည်ဟု ပြောကြားသည်။ သို့သော် အားလုံးအခြေကျမည့် အချိန် အကန့်အသတ်တခုကိုမူ ၎င်းက ပြောဆိုသွားခြင်းမရှိပေ။
လာမည့်စနစ်သစ်တွင် ငွေစက္ကူဖြင့်မဟုတ်တော့ဘဲ YPS (Yangon Payment Services) မှ စီစဉ်သည့် ကတ်စနစ်ဖြင့် စီးနင်းရမည်ဖြစ်ပြီး အတက်တွင် တကြိမ်နှင့် အဆင်းတွင် တကြိမ်၊ ကတ် နှစ်ကြိမ်ဖြတ်ရမည် ဖြစ်သည်။ ကျပ် ၂၀၀ သတ်မှတ်သည့်ကားတွင် ကျပ် ၁၀၀ တန်ခရီးကိုစီးလျှင် တကြိမ်တည်းဖြတ်ပါက ကတ်မှ ၂၀၀ ကျပ် ဖြတ်သွားမည်ဖြစ်သည်။
ထို့ပြင် ကားလမ်းကြောင်းများ၊ ကြန့်ကြာမှုများကို အဖွဲ့ဖွဲ့ကာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှိရာနေရာမှ GPS စနစ်ဖြင့် စောင့်ကြည့်နေမည်ဟု ဆိုသည်။
“တချို့က တိုင်းအစိုးရက ဒါတွေဟာ သိပ်ပြီး မဖြစ်နိုင်ဘူးလို့ ပြောဆိုသံတွေလည်း ကြားပါတယ်။ အစီအမံမရှိဘဲ လုပ်တယ်လို့ ပြောတာတွေလည်း ကြားပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
“ကျွန်တော်တို့လုပ်မယ့် ဒီစနစ်တွေက ရန်ကုန်တိုင်းအစိုးရက ကမ္ဘာကြီးမှာ အခုမှ အသစ်စလုပ်မယ့်ဟာတွေ မဟုတ်ပါဘူး။ သူများနိုင်ငံတွေက ဒီအဆင့်တွေကိုရောက်လို့ တည်ငြိမ်အေးချမ်းစွာနဲ့ ဘတ်စ်ကားစနစ်တွေကို တည်ဆောက်နေပြီးပြီ” ဟု ဝေဖန်မှုများနှင့် ပတ်သက်၍ ဦးဖြိုးမင်းသိန်းက တုန့်ပြန်သည်။
လက်ရှိတွင် YBS ကို ဘတ်စ်ကားစီးရေ ၃,၅၀၀ ကျော်၊ ယာဉ်လိုင်း ၇၉ လိုင်းဖြင့် ပြေးဆွဲနေပြီး လာမည့်ကာလတွင် ကားစီးရေ ၄,၅၀၀ ထိ တိုးချဲ့သွားရန် စီစဉ်ထားသည်ဟု ဆိုသည်။
YBS စနစ်ကို အစပြုလိုက်သည်မှာ တစ်လပြည့်သွားပြီဖြစ်သော်လည်း “ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ရည်မှန်းချက်ပန်းတိုင်တော့ မရောက်သေးပါဘူး” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
သတင်း-မြတ်ကျော်သူ