ပြည်တွင်းဘဏ်တွေရဲ့ ငွေသားထုတ်ယူမှုကန့်သတ်ချက်ကြောင့် ငွေသားရှားပါးနေချိန်မှာ ပြည်သူအများစုဟာ ငွေသားထုတ်ယူဖို့ဆိုရင် မိုဘိုင်းငွေလွှဲဝန်ဆောင်မှုကိုယ်စားလှယ်တွေနဲ့ အကျိုးဆောင်တွေကို အဓိကအားထား ကြရပါတယ်။ လူတစ်ချို့ကတော့ ရာခိုင်နှုန်းတစ်ခုယူပြီး ငွေထုတ်ပေးနေတဲ့ ဒီလို အကျိုးဆောင်တွေကို ကိုယ်ကျိုးရှာ၊ အမြတ်စားသူတွေအဖြစ် စွပ်စွဲပါတယ်။
ဖရွန်းတီးယားမြန်မာ
သိပ်မကြာသေးခင် မနက်ခင်းတစ်ခုမှာတော့ လသာမြို့နယ်မှာနေထိုင်တဲ့ ဦးစန်းလွင်တစ်ယောက် မနက်စောစော ၇နာရီခွဲလောက် ကမ္ဘောဇဘဏ်ခွဲတစ်ခုရှေ့ကို ရောက်ရှိနေပါတယ်။ သူရောက်တဲ့အချိန်မှာ ဘဏ်ရဲ့ငွေထုတ်စက် (ATM) ရှေ့မှာ လူတွေအများကြီး တန်းစီနေပါပြီ။
တခြားသူတွေလိုပဲ ငွေထုတ်စက် ငွေထုတ်စက်တွေမှာ တန်းစီရတာဟာ ဦးစန်းလွင်အတွက်တော့ နိစ္စဓူဝ၊ ဝတ္တရားတစ်ခုလိုပါပဲ။ ဖေဖော်ဝါရီ၁ရက် အာဏာသိမ်းမှုနောက်ပိုင်း ဦးစန်းလွင်ဟာ ဘဏ်ထဲက ရှိစုမဲ့စုငွေတွေကို ထုတ်ယူဖို့ ကြိုးစားနေခဲ့တာပါ။ စစ်အုပ်ချုပ်ရေးကာလမှာ ဘာမှသေချာရေရာမှုမရှိတာကြောင့် စုထားသမျှငွေကို လက်ထဲကျစ်ကျစ်ပါအောင် ကိုင်ထားဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ တစ်ခုခုဖြစ်သွားလို့ ဆုံးရှုံးသွားမှာထက်စာရင် ဘာမှမဖြစ်ခင်က ငွေကြိုထုတ်ထားပြီး လက်ထဲကိုင်ထားမှ တော်ကာကျမယ်လို့ ယူဆထားပါတယ်။
“အခြေအနေက ပိုပိုပြီးဆိုးလာဖို့ပဲရှိတယ်။ စုထားသမျှငွေ အကုန်မထုတ်နိုင်သေးခင် ဘဏ်တွေပြိုလဲသွားမှာကို စိုးရိမ်မိတယ်။ တကယ်တော့ လူတိုင်းနီးပါးက ဒါကိုပဲ စိုးရိမ်ကြတာပဲ။ ဒါကြောင့်လည်း ကျနော်တို့ နေ့တိုင်း ဒီမှာ (ဘဏ်) လာပြီးတန်းစီနေရတာပါပဲ”လို့ ဦးစန်းလွင်က ငွေသားထုတ်ယူရဘယ်လောက်ခက်သလဲဆိုတာကို ရည်ညွှန်းပြီး ပြောဆိုလိုက်ပါတယ်။
ကြမ်းတမ်းတဲ့ နိုင်ငံရေးစနစ်အပြောင်းအလဲကြောင့် နိုင်ငံ့စီးပွားရေးအနာဂတ်အပေါ် စိုးရိမ်လာတဲ့အခါမှာ ပြည်သူလူထုရဲ့ ဘဏ်တွေကနေ ငွေသားထုတ်ယူမှုတွေ တဟုန်ထိုးမြင့်တက်လာခဲ့ပါတယ်။ ဘဏ်တွေမှာ ငွေပြတ်လပ်သွားတဲ့ အခြေအနေမျိုးရောက်မသွားအောင် ဗဟိုဘဏ်က လူတစ်ယောက်ကို တစ်ပတ်မှာ ငွေကျပ် သိန်း၂၀၊ ATM စက်ကနေ တစ်ရက်ကို ငါးသိန်းအများဆုံး ထုတ်ယူခွင့်ပြုမယ်လို့ ကန့်သတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဗဟိုဘဏ်ကိုယ်တိုင်က ပုဂ္ဂလိကဘဏ်တွေကို ငွေသားလုံလုံလောက်လောက် ထုတ်မပေးတဲ့ အခါမှာတော့ ဘဏ်တွေဟာ သူတို့မှာရှိတဲ့လက်ကျန်ငွေကို စိစစ်ပြီး လူတစ်ယောက် တစ်ရက်ကိုထုတ်ယူနိုင်တဲ့ အများဆုံးပမာဏကို ဗဟိုဘဏ်ခွင့်ပြုထားတဲ့ ပမာဏထက် လျှော့ချပစ်လိုက်ပါတယ်။ ဒီလိုလျှော့ချလိုက်လို့ လူထုအကြား အပ်ထားတဲ့ဘဏ်စုငွေတွေ ပြန်ရပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေသာ ပိုမိုမြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ ဘဏ်တွေရဲ့ ငွေထုတ်စက် ATM တွေမှာ စုပြုံတိုးဝှေ့ပြီး ငွေအလုအယက် ထုတ်ယူကြတာပါ။
အစပိုင်းမှာတော့ ဦးစန်းလွင်ဟာ ဘဏ်တွေမှာ ငွေထုတ်ချင်တဲ့သူတွေကိုပေးတဲ့ တိုကင်ရဖို့ တန်းစီခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလိုတန်းစီရတာဟာ အရမ်းကိုအချိန်ကုန်၊ လူပင်ပန်းဖြစ်လာတဲ့အတွက် နောက်ပိုင်းမှာ ဘဏ်အစား ငွေထုတ်စက်တွေမှာပဲ တန်းစီဖို့ သူကဆုံးဖြတ်လိုက်တာပါ။ ဘဏ်တွေမှာဆိုရင် တိုကင်ရဖို့ တစ်ရက် အချိန်ပေးရပြီး ငွေထုတ်ဖို့နောက်တစ်ရက် အချိန်သပ်သပ်ထပ်ပေးခဲ့ရတယ်လို့ သူကဆိုပါတယ်။
အခုတော့ သူဟာ ငွေထုတ်စက်တွေမှာ တန်းစီနေပြီး ကံကောင်းတယ်ဆိုရင်တော့ တစ်ရက်ကို ငွေကျပ်နှစ်သိန်း ထုတ်ယူနေပါပြီ။
အချိန်ပေးပြီး တန်းမစီနိုင်သူတွေ၊ ဒါမှမဟုတ် ငွေပမာဏအများအပြား လိုတဲ့သူတွေကျတော့ တခြားနည်းလမ်းတွေ၊ ကြားက အကျိုးဆောင်ပေးသူတွေကို အားကိုးရပြန်ပါတယ်။ အကျိုးဆောင်ပေးသူတွေ ကိုတော့ ထုတ်ယူတဲ့ငွေပမာဏ အနည်းအများအပေါ်မူတည်ပြီး ကျပ် ၅,၀၀၀၊ ၁၀,၀၀၀ကနေ သိန်းဂဏန်းအထိ ဝန်ဆောင်ခအဖြစ် ပေးရတတ်ပါတယ်။
ငွေသားထုတ်ယူခြင်း
နေပူထဲမှာ အချိန်အကြာကြီး ငွေထုတ်စက်ရှေ့ တန်းစီရတာဟာ ဦးစန်းလွင်တို့လို လူတွေအတွက် ဒုက္ခတစ်ခုဖြစ်ပေမဲ့ အချိန်ပေးနိုင်ပြီး မနက်စောစောထ၊ ပူအိုက်တဲ့ ရာသီဥတုဒဏ်ကို အန်တုနိုင်သူတွေ အတွက်တော့ ဒါဟာ ငွေစတစ်ချို့ ရှာဖို့အခွင့်အရေးတစ်ရပ်ပဲဖြစ်ပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ မပြည့်ဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၀အကုန်မှာ ဘဏ်ဝန်ထမ်းအဖြစ်က အလုပ်ထွက်ခဲ့သူပါ။ စစ်အာဏာသိမ်းမှုအလွန် ငွေထုတ်ရခက်တဲ့ ကာလရောက်လာချိန်မှာ မတ်လမှာတော့ သူဟာ ငွေထုတ်စက်တွေမှာ တန်းစီနေရာဦးပေးတဲ့ ဝန်ဆောင်မှုတစ်ခုကို အများသူငါလို စတင်ခဲ့ပါတယ်။ ဒီအတွက် ဝန်ဆောင်ခအနေနဲ့ ကျပ်၁၀,၀၀၀ ကောက်ခံပါတယ်။
တကယ်တော့ ငွေထုတ်စက်တွေမှာ တန်းစီရတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေကျရင် မိုးမလင်းခင် မနက်အစောကြီး ထပြီး ငွေထုတ်စက်တွေရှိရာ ဘဏ်တွေကို သူများထက်ဦးအောင် သွားရလေ့ရှိပါတယ်။ တစ်ချို့နေ့တွေမှာဆို ညမထွက်ရအမိန့် (ကာဖျူး) အချိန်အတောအတွင်းကြီး ငွေထုတ်စက် ATM ရှိရာကို စွန့်စွန့်စားစား သွားရောက်ကြရတာပါ။ သူလိုကိုယ်လို တန်းစီတဲ့သူများပြားတာကြောင့် ကာဖျူးပြီးတဲ့အချိန်မှ သွားရင် လူ၇၀ကနေ ၁၀၀အကြား တန်းစီပြီးသားဖြစ်နေတတ်လို့ အိပ်ရာစောစောထပြီး သွားကြရတယ်လို့ မပြည့်က ဆိုပါတယ်။
ငွေထုတ်စက်ရှေ့မှာ တန်းစီဖို့တစ်နေရာစာရပြီဆိုတာနဲ့ သူငယ်ချင်းတစ်ယောက်က ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေမှာ ငွေထုတ်ချင်တဲ့သူရှိရင် ဆက်သွယ်ပေးဖို့ ပို့စ်တွေလိုက်တင်ပြီး ကြေညာပေးပါတယ်။ သူ့ကို ယုံကြည်တဲ့သူတွေကတော့ အကောင့်ထဲကို ငွေလွှဲပေးပြီး သူ့အကောင့်ကနေ ငွေထုတ်ပေးတယ်လို့ မပြည့်က ဆိုပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ လူကိုယ်တိုင်လာစောင့်ပြီးမှ သူတို့ကတ်နဲ့ဖြစ်ဖြစ်၊ သူ့ကတ်နဲ့ဖြစ်ဖြစ် ငွေထုတ်ပေးတာလို့ သူကဆိုပါတယ်။
ဒီလိုတန်းစီရတာဟာ “ကံစမ်းမဲနှိုက်ရသလိုပဲ”လို့ သူကပြောပါတယ်။ ဘဏ်တွေက မနက်၉နာရီလောက်မှ ငွေဖြည့်တဲ့ ငွေထုတ်စက်ရှိရာ ဘဏ်ခွဲစာရင်းကို သူတို့ရဲ့ အင်တာနက်နဲ့ လူမှုကွန်ရက် စာမျက်နှာတွေကနေ ကြေညာလို့ပါပဲ။ “ဒီဘဏ်က ငွေမထည့်ဘူးဆိုရင် တခြားဘယ်ဘဏ်မှာ ငွေထုတ်လို့ရလဲဆိုတာ စုံစမ်းရတယ်။ တက္ကစီနဲ့ သွားရတယ်။ အကုန်ကျစရိတ်က ရှိတယ်”လို့ မပြည့်က ပြောပါတယ်။
ကျန်တဲ့ဘဏ်တွေထက်စာရင် CBဘဏ်ရဲ့ ငွေထုတ်စက်တွေမှာ တန်းစီဖြစ်တယ်လို့ သူကပြောပါတယ်။ ကမ္ဘောဇနဲ့ ဧရာဝတီဘဏ်တွေထက်စာရင် CB ဘဏ်က တစ်ရက်ကို ငွေကျပ်သုံးသိန်းအထိ ထုတ်ရလို့ CB ဘဏ်ရဲ့ ငွေထုတ်စက်တွေမှာပဲ တန်းစီဖြစ်တယ်လို့ သူကဆိုပါတယ်။ ငွေထုတ်စက်ရှေ့ တန်းစီနေတဲ့ လူအရေအတွက်က ၁၀၀ထက် ကျော်သွားရင်တော့ ငွေထုတ်လို့ ရ၊ မရ မသေချာတော့ဘူးလို့ သူက ဆိုပါတယ်။
မပြည့်လိုပဲ ငွေထုတ်စက်တွေရှေ့ တန်းစီပြီး ငွေထုတ်ပေးတဲ့သူတွေ အများအပြားရှိနေပါတယ်။ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာဆိုရင် ငွေထုတ်စက်ရှေ့တန်းစီပေးပြီး အခကြေးငွေယူတဲ့ ဝန်ဆောင်မှုပေးသူ အကျိုးဆောင်တွေ အများကြီးပါပဲ။ ဖေ့စ်ဘွတ်ခ်အုပ်စုတွေမှာဆိုရင်လည်း ဒီလိုဝန်ဆောင်မှုတွေကို အပြိုင်အဆိုင်ကြော်ငြာကြလေ့ရှိ ပါတယ်။ အများအားဖြင့် ငွေထုတ်စက်ရှေ့တန်းစီပြီး နေရာဦးပေးရင် ငွေကျပ်၅,၀၀၀နဲ့ ၁၀,၀၀၀အကြား ပေးရလေ့ရှိပါတယ်။
တောင်ဥက္ကလာပမြို့နယ်က မသက်ဟာလည်းပဲ CB ဘဏ် ငွေထုတ်စက်တွေရှေ့မှာ အခကြေးငွေတစ်ခုယူပြီး ငွေထုတ်လိုတဲ့သူတွေကို တန်းစီပေးလေ့ရှိပါတယ်။ တစ်ခါတစ်လေမှာတော့ မိုးမလင်းခင်ထ၊ သူငယ်ချင်းတွေနဲ့ အတူသွားပြီး ငွေထုတ်စက်ရှေ့ တန်းစီကြလေ့ရှိပါတယ်။ တစ်ခါတန်းစီခကို ကျပ်၁၀,၀၀၀ပဲယူတယ်လို့ ဆိုပါတယ်။
“တကယ်တော့ ယုံကြည်မှုပါပဲ။ သူတို့ကိုယ့်ကို စိတ်ချရင် ကိုယ့် ATMကတ် ထဲ ငွေလွှဲတယ်။ ငွေထုတ်ပြီးရင် ကျမတို့က သူတို့ကို သွားပေးလိုက်ရုံပဲ။ စိတ်မချရင်တော့ သူတို့ကိုယ်တိုင် လာစောင့်တယ်”လို့ မသက်က ပြောပါတယ်။
တစ်ရက်တော့ ငွေထုတ်စက်မှာ တန်းစီနေတုန်း မပြည့်ဟာ အမျိုးသမီးကြီးတစ်ဦးနဲ့ စကားများကြပါတယ်။ သူတို့နေ့လယ်စာ ထမင်းသွားစားတုန်း အဲဒီအမျိုးသမီးက သူတို့ရဲ့နေရာကို ဝင်ဦးလိုက်တဲ့အတွက် အချေအတင်ဖြစ်ကြတာပါ။
“ဘဏ်က တာဝန်လုံးဝမယူဘူး။ သူတို့ကိစ္စ မဟုတ်ဘူးဆိုပြီးပြောတယ် … ဒါကမှန်ပါတယ်။ ဒါပေမဲ့ အခုလိုဖြစ်လာတာတွေက သူတို့ဘဏ်တွေက ငွေကိုအပြည့်အဝထုတ်ခွင့်မပေးလို့ ဖြစ်လာတာပဲ မဟုတ်ဘူးလား”လို့ မပြည့်က မေးခွန်းထုတ်ပါတယ်။
အဲဒီဖြစ်စဉ်နောက်ပိုင်း မပြည့်တစ်ယောက် ငွေထုတ်စက်တွေမှာ သွားတန်းစီတဲ့ အလုပ်က နားလိုက်ပါတော့တယ်။ အဲဒီအစား သူက ဘဏ်တွေကို ဖုန်းလိုက်ဆက်ပြီး ငွေထုတ်ဖို့ တိုကင်တွေ လိုက်ပြီး ရက်ချိန်းယူပါတယ်။ ကံကောင်းလို့ တိုကင်ရရင် တိုကင်တစ်ခုကို ကျပ်၃,၀၀၀၊ ကျပ်၅,၀၀၀ စသဖြင့် ငွေထုတ်သူဘက်က သဒ္ဓါရှိသလောက် ယူပါတယ်။ မနက်စောစော အိပ်ရာထဖို့မလိုတဲ့အတွက် ငွေထုတ်စက်ရှေ့ သွားတန်းစီတာထက် ဘဏ်ရက်ချိန်းတိုကင်အတွက် တောင်းတဲ့ဈေးက ပိုနည်းပါတယ်။
ဘဏ်ရက်ချိန်း တိုကင်တစ်ခုရဖို့ ဘဏ်တွေကို မနက်၉နာရီကနေ ညနေ၃နာရီအထိ တစ်နေကုန် မရပ်မနား ဖုန်းတွေခေါ်ပြီး ကြိုးစားရပါတယ်။ တကယ်လို့ တိုကင်ရရင်တော့ တန်းစီတဲ့အခေါက်တုန်းကလိုပဲ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေမှာ ကြေညာပြီး ငွေထုတ်ချင်တဲ့သူ၊ တိုကင်ဝယ်ချင်တဲ့သူတွေကို ရှာရပါတယ်။
“ရိုးမဘဏ်ဆိုရင် Wave Money သမားတွေ တိုကင် တင်ကြတာများတယ်။ ကမ္ဘောဇဘဏ်ကတော့ KPay ကိုယ်စားလှယ်တွေက ဝယ်ကြတယ်”လို့ မပြည့်က ပြောပါတယ်။
အလျင်အမြန်လိုအပ်နေတဲ့ စက္ကူငွေသား
ဒီလိုဝန်ဆောင်မှုပေးနေသူတွေဟာ တကယ်တော့ ငွေသားအမြန်လိုအပ်နေပြီး ငွေထုတ်စက်တွေနဲ့ ဘဏ်တွေမှာ သွားတန်းမစီချင်တဲ့ သူတွေအတွက်တော့ လက်ငင်းငွေသားထုတ်စက်တစ်ခုလို ဖြစ်နေပါတယ်။
“ရာခိုင်နှုန်းတွေက တစ်ချိန်လုံးတက်နေတယ်။ မတ်လကုန်မှာဆိုရင် သူတို့က ၂ရာခိုင်နှုန်းပဲတောင်းတယ်။ နောက်တစ်လကြာတော့ ၃ရာခိုင်နှုန်းဖြစ်သွားတယ်။ နောက်တော့ ၄ရာခိုင်နှုန်း၊ ၅ရာခိုင်နှုန်းနဲ့ တဖြည်းဖြည်း တက်သွားတယ်။ ဘဏ်ထဲက ကိုယ့်ပိုက်ဆံကို ကိုယ့်ငွေနဲ့ပြန်ဝယ်ရသလိုဖြစ်သွားတာပေါ့”လို့ ဦးစန်းလွင်က ပြောပါတယ်။
မြန်မာပြည်အတွင်းက အကြီးဆုံးဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ Wave Money နဲ့ KBZPay (KPay)တို့ရဲ့ အေးဂျင့်တွေဟာ ပုံမှန်ဆိုရင် ငွေထုတ်သူတွေကို ထုတ်တဲ့ပမာဏအပေါ် မူတည်ပြီး ရာခိုင်နှုန်းတစ်ခု ဝန်ဆောင်ခအဖြစ် ကောက်ခံလေ့ရှိပါတယ်။ ဥပမာအားဖြင့် မြန်မာငွေ ကျပ်တစ်သိန်းဆိုရင် ၃ရာခိုင်နှုန်းကောက်ခံပြီး ကျပ်ငါးသိန်းဆိုရင်တော့ သုညဒသမ၈ရာခိုင်နှုန်း ကောက်ခံပါတယ်။
ငွေသားပြတ်လပ်မှုပြဿနာ စတင်တဲ့အချိန်ကစပြီး မိုဘိုင်းငွေကြေးကိုယ်စားလှယ်တွေ၊ ငွေထုတ်ပေးတဲ့ ဈေးဆိုင်တွေဟာ ပုံမှန်ကောက်ခံနေကျ နှုန်းထားထက် ပိုပြီးတိုးမြှင့်ကောက်ခံလာပါတယ်။ အစပိုင်းမှာတော့ ပုံမှန်ထက် နည်းနည်းများတဲ့နှုန်းထားတစ်ခု ကောက်ခံခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ကောက်ခံတဲ့ ရာခိုင်နှုန်းက တဖြည်းဖြည်း မြင့်တက်လာပါတယ်။ တစ်ချို့မိုဘိုင်းငွေကြေးဝန်ဆောင်မှု ကိုယ်စားလှယ်တွေဆိုရင် ၁၅ရာခိုင်နှုန်းအထိတောင် ကောက်ခံလာပါတယ်။
အခုလို ရာခိုင်နှုန်း ပိုမိုတိုးမြှင့်ကောက်ခံရတာဟာ သူတို့လည်း ပုဂ္ဂလိကဘဏ်တွေဆီကနေ ငွေသား ပြန်လည်ထုတ်ယူတဲ့အခါမှာ တခြားဘဏ်ဝန်ဆောင်မှုအသုံးပြုသူတွေလိုပဲ လွယ်လွယ်ထုတ်မရတာကြောင့် အခုလို ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံရတာဖြစ်တယ်လို့ ကိုယ်စားလှယ်တွေက ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။ သူတို့ကိုယ်တိုင်လည်း ဘဏ်တွေကနေ ငွေပြန်ထုတ်ရင် အများသူငါလိုပဲ ရာခိုင်နှုန်းတစ်ခု ပေးပြီး ပြန်လည်ထုတ်ယူနေရတယ်လို့ ငွေထုတ်ဝန်ဆောင်မှုပေးတဲ့ ကိုယ်စားလှယ်တွေက ဆိုပါတယ်။
“ကျမက Wave Money နဲ့ KBZPay အတွက် ငွေထုတ်ပေးတဲ့ ကိုယ်စားလှယ်တစ်ဦးပါ။ ကျမတို့ကိုပေးတဲ့ ကော်မရှင်ကြေးက နည်းနည်းလေးပဲရှိတယ်။ ငွေအဝင်၊ အထွက်အမြဲရှိတဲ့ သာမန်အချိန်တွေ မှာတော့ ကိစ္စမရှိဘူး။ ဒါပေမဲ့ အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး လူတွေက ငွေပဲထုတ်ချင်ကြတယ်။ သဘောက အကောင့်ထဲမှာ ငွေကအပြည့်ရှိနေမယ်။ ဒါပေမဲ့ လက်ထဲငွေတစ်ပြားမှမရှိဘူး။ အဲဒီအကောင့်ထဲက ငွေပြန်ထုတ်ဖို့ကျတော့ ရက်တွေအကြာကြီး ထပ်စောင့်ရတယ်။ ထုတ်လို့ရတဲ့ ပမာဏက ဘယ်တော့မှ လောက်တယ်ဆိုတာလည်း မရှိဘူး”လို့ ဒေါ်ညွန့်ညွန့်သန်းက ပြောပါတယ်။
စမ်းချောင်းမြို့နယ်က Wave Money ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ကိုဟိန်းသွင်စိုးကလည်း ဒေါ်ညွန့်ညွန့်သန်းလိုပဲ ဆိုလာပါတယ်။ သူ့အနေနဲ့ Wave Money နဲ့ ချိတ်ဆက်ထားတဲ့ ရိုးမဘဏ်ကနေ အလွယ်တကူ ငွေသားထုတ်လို့မရတာကြောင့် ငွေသားထုတ်တဲ့သူတွေကို ဝန်ဆောင်ခအဖြစ် ၁၀ရာခိုင်နှုန်း ကောက်ခံနေကြောင်း ကိုဟိန်းသွင်စိုးက ဆိုပါတယ်။
“ငွေထုတ်ချင်ရင် ငါးရာခိုင်နှုန်းပေးရမယ်။ အဲဒါမှထုတ်ပေးမယ်။ တခြားကိုယ်စားလှယ်တွေလည်း အဲဒီလိုပဲလုပ်ကြတာပဲ။ ပိုများရင်တောင် များနိုင်ပါတယ်။ ဒါပေမဲ့ ငွေလွှဲမယ်ဆိုရင်တော့ ကုမ္ပဏီက သတ်မှတ်ထားတဲ့အတိုင်းပဲ ကောက်တယ်”လို့ သူကပြောပါတယ်။
ဝန်ဆောင်မှုအသုံးပြုသူတွေ ငွေထုတ်ရလွယ်အောင် ကမ္ဘောဇဘဏ်က ဧပြီ၉ရက်မှာ ရန်ကုန်မြို့၊ လှိုင်မြို့နယ်က MICT Park မှာ KPay စင်တာတစ်ခုဖွင့်လှစ်ပေးခဲ့ကြောင်း အမည်မဖော်လိုတဲ့ ဘဏ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ လူတစ်ယောက်ကို တစ်ပတ်မှာ ကျပ်ငါးသိန်းအထိ ထုတ်လို့ရခဲ့ပြီး အဲဒီငါးသိန်းအတွက် ကျပ်၄,၀၀၀ ဒါမှမဟုတ် သုညဒသမ၈ရာခိုင်နှုန်းပဲ ဝန်ဆောင်ခအဖြစ် ပေးခဲ့ရပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ အများဆုံးထုတ်လို့ရတဲ့ ပမာဏကို ကျပ်သုံးသိန်းအထိ လျှော့ချလိုက်ပြီး KPay စင်တာကိုလည်း KPay မိုဘိုင်းဖုန်း application ကနေ တိုကင်ကြိုယူထားမှ ငွေသွားထုတ်လို့ရအောင် ပြောင်းလဲပစ်ခဲ့ပါတယ်။ အဲဒီအချိန်က တစ်ရက်ကို တိုကင်အခု ၂၅၀လောက်အထိ ထုတ်ပေးခဲ့ပါတယ်။
“ပြီးခဲ့တဲ့အပတ်တုန်းက ကျမ ၁၀ရာခိုင်နှုန်းလောက်ပဲ ကောက်တယ်။ အခုတော့ တခြားကိုယ်စားလှယ်တွေလိုပဲ ၁၂ရာခိုင်နှုန်းကို တိုးကောက်လိုက်ပြီ”လို့ စမ်းချောင်းမြို့နယ်အတွင်းက နောက်ထပ် KPay ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဒေါ်မြင့်မြင့်ခင်က မေ၂၀ရက်မှာ ပြောပါတယ်။ ဒီလိုတိုးကောက်လိုက်ပေမဲ့ ငွေထုတ်တဲ့သူဦးရေက လျော့နည်းမသွားဘူးလို့ သူကဆိုပါတယ်။
“ရာခိုင်နှုန်း တိုးကောက်လိုက်ပေမဲ့ လူတွေအတော်များများက ငွေထုတ်ချင်နေကြတုန်းပါပဲ”
အကောင့်ထဲ ငွေဝင်ပေမဲ့ ငွေပြန်ထုတ်ရတာ အရမ်းခက်ခဲတာကြောင့် သူဟာ တစ်ရက်မှာ လူအယောက်၂၀ကိုပဲ ငွေထုတ်ပေးပါတယ်။ သူ့ဆီမှာ တစ်ခါထုတ်ရင်တော့ လူတစ်ယောက်ကို ကျပ်၁၅၀,၀၀၀အထိပဲထုတ်ပေးပါတယ်။
“အခုချိန်မှာ ဘယ်သူမှ သူတို့အကောင့်ထဲကို ငွေမဖြည့်ကြတော့ဘူး။ ဒါကြောင့် ကျမဆီမှာတော့ အမြဲလိုလို ငွေကပြတ်နေတယ်”လို့ သူကပြောပါတယ်။
ရာခိုင်နှုန်းတိုးကောက်တာကို လိုလိုလားလားပေးပြီး ငွေထုတ်ချင်တဲ့ Wave Money အသုံးပြုသူတွေဟာ သိပ်မကြာသေးခင်ကပဲ ငွေထုတ်ရပိုပြီးခက်ခဲလာမယ်ဆိုတာကို သိလာကြပါတယ်။ Wave Money ကုမ္ပဏီဘက်က အခုလို ရာခိုင်နှုန်းတိုးကောက်တဲ့အပေါ် စုံစမ်းစစ်ဆေးမယ်လို့ ကြေညာလိုက်လို့ပါပဲ။
မေ၂၁ရက်ကထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာတော့ Wave Money ကုမ္ပဏီက တစ်ချို့ ကိုယ်စားလှယ်တွေဟာ ဝန်ဆောင်ခအဖြစ် ကောက်ရမယ့်ရာခိုင်နှုန်းထက်ပိုပြီး ကောက်ခံနေတာကို တွေ့ရှိရကြောင်း၊ ဒီကိစ္စတွေကို စုံစမ်းစစ်ဆေးနေကြောင်းနဲ့ စည်းကမ်းဖောက်ဖျက်မှုတွေရှိရင် အရေးယူသွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ကုမ္ပဏီဘက်က အဲဒီလိုထုတ်ပြန်လိုက်တဲ့နောက်မှာတော့ ပိတ်သိမ်းခံရမှာ စိုးရိမ်တဲ့ Wave Money ကိုယ်စားလှယ်တွေဟာ ငွေထုတ်မပေးတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီဘက်က လက်ရှိသတ်မှတ်ထားတဲ့ ရာခိုင်နှုန်းနဲ့ဆိုရင် သူတို့အတွက် ဘယ်လိုမှအလုပ်မဖြစ်လို့ပါပဲ။
Wave Money ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် မစ္စတာဘရက်ဒ်ဂျုံးစ်ကတော့ Wave Money ကိုယ်စားလှယ်တွေဆီကနေ ငွေသားထုတ်ယူမှုနဲ့ ငွေသားလွှဲပြောင်းမှုတွေ အကြီးအကျယ်ကျဆင်းသွားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ကုမ္ပဏီအနေနဲ့ သတ်မှတ်ထားတဲ့ နှုန်းထားထက် ပိုပြီးတိုးမြှင့်ကောက်ခံတဲ့ ကိုယ်စားလှယ်တွေကို လုံးဝခွင့်လွှတ်သွားမှာမဟုတ်ဘူးလို့ သူကဆိုပါတယ်။
“ကိုယ်စားလှယ်အများစုက ငွေသားပြတ်လပ်တဲ့ ပြဿနာနဲ့ ကြုံနေရတာကို ကျနော်တို့ နားလည်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က ကိုယ်စားလှယ်တွေကို ရာခိုင်နှုန်းတိုးကောက်ဖို့ ခွင့်မပြုသလို အဲဒီလိုလုပ်နေတာ အပါအဝင် မရိုးသားတဲ့ အပြုအမူတွေကို လုံးဝလက်ခံနိုင်စရာ မရှိပါဘူး”လို့ မစ္စတာဂျုံးစ်က ပြောပါတယ်။ ရာခိုင်နှုန်း တိုးကောက်တဲ့ ကိုယ်စားလှယ်တစ်ချို့ကို သတိပေးပြီး တစ်ချို့ကိုတော့ လိုင်စင်ပိတ်ပင်လိုက်ပြီးတဲ့ နောက်ပိုင်းမှာတော့ အများပြည်သူဆီက တိုင်ကြားမှုတွေ လျော့နည်းလာတယ်လို့ သူက ဆိုပါတယ်။
တစ်ချို့ကိုယ်စားလှယ်တွေကတော့ Wave Money ကုမ္ပဏီရဲ့ အခုလိုသတိပေး၊ ထုတ်ပြန်ချက်တွေကို မလိုက်နာနိုင်ဘူးလို့ ဆိုပါတယ်။ ဒေါ်ညွန့်ညွန့်သန်းကတော့ ရာခိုင်နှုန်းတိုးမကောက်ဖို့ ကုမ္ပဏီရဲ့သတိပေးချက်ကို သိရှိထားပေမဲ့ ငွေသားအထုတ်အသွင်းက အရင်မူလအခြေအနေပြန်ရောက်မှ သတ်မှတ်ထားတဲ့ နှုန်းထားအတွင်း ကောက်ခံမယ်လို့ ဆိုပါတယ်။
ဇွန်၄ရက်အထိ ဆက်သွယ်မေးမြန်းချက်အရ ဒေါ်ညွန့်ညွန့်သန်းဟာ Wave Money နဲ့ KPay ကနေ ငွေသားထုတ်ယူသူတွေကို ၁၀ရာခိုင်နှုန်းအထိ ကောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ လက်ထဲကိုင်ထားတဲ့ ငွေသားပမာဏ ပိုမိုနည်းပါးလာတာကြောင့် နောက်ပိုင်းမှာတော့ ဒေါ်ညွန့်ညွန့်သန်းဟာ တစ်ရက်ကို လူ၁၀ဦးပဲ ငွေထုတ်ပေးတော့ပြီး တစ်ခါထုတ်ရင် ကျပ်တစ်သိန်းသာ ထုတ်ပေးပါတော့တယ်။
“ပြောရရင် ကျမတို့လည်း ပိုပြီးမကောက်ချင်ပါဘူး။ ဒါပေမဲ့ ငွေသားပြန်ထုတ်ဖို့ဆိုရင် ဘဏ်တွေကိုသွားရမယ်။ သူများတွေလိုပဲ အချိန်တွေအကြာကြီး တန်းစီရမယ်။ ဒါကြောင့်မို့ နည်းနည်းလေးပဲ တိုးကောက်တာပါ”လို့ သူကပြောပါတယ်။
“၁၀ရာခိုင်နှုန်းဆိုတာက (ငွေလာထုတ်တဲ့သူတွေအတွက်) တော်သေးတယ်။ တစ်ချို့ အေးဂျင့်တွေဆိုရင် ၂၀ရာခိုင်နှုန်းအထိ ကောက်နေတယ်လို့လည်း ကြားမိတယ်။ တစ်ချို့ဆို ငွေတောင် မထုတ်ပေးတော့ဘူး။ အဲဒီတော့ ကိုယ်က လူတွေကိုတတ်နိုင်သလောက် ကူညီတာဖြစ်လို့ ကျမအနေနဲ့ လိပ်ပြာလုံပါတယ်”လို့ ဒေါ်ညွန့်ညွန့်သန်းက ပြောပါတယ်။
ကမ္ဘောဇဘဏ်က ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ဒီကြောင်းအရာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။
ငွေကစားပွဲ
ဘဏ်အကောင့်ကနေ ငွေသားပမာဏများများ ထုတ်ယူလိုသူတွေအတွက် နောက်ထပ် ရာခိုင်နှုန်းတစ်ခုပေးရပြီး ငွေသားထုတ်ယူနိုင်တဲ့ ဈေးကွက်တစ်ခုလည်း ပေါ်ပေါက်ခဲ့ပါတယ်။ ငွေသားလိုချင်တဲ့သူက အကျိုးဆောင်သူကို မိုဘိုင်းဘဏ်အကောင့်ကနေ ထုတ်ယူလိုတဲ့ပမာဏကို သူ့အကောင့်ထဲလွှဲပေးပြီး အကျိုးဆောင်သူက ငွေသား ပြန်ထုတ်ပေးတာပါ။ ထုတ်ယူတဲ့ ပမာဏစုစုပေါင်း အနည်းအများပေါ် မူတည်ပြီး ရာခိုင်နှုန်းတစ်ခုကိုတော့ ဝန်ဆောင်ခအနေနဲ့ အကျိုးဆောင်သူက ရယူပါတယ်။ ဒီလိုဝန်ဆောင်မှုပေးတဲ့ အကျိုးဆောင်တွေအတွက် အမြတ်ငွေကတော့ သူတို့ကိုပေးရတဲ့ ရာခိုင်နှုန်းပမာဏတစ်ခုပါပဲ။
ဒီလိုဝန်ဆောင်မှုတွေကို ငွေလဲကောင်တာတွေ၊ နိုင်ငံခြားငွေလွှဲလုပ်ငန်း (အရပ်အခေါ် ဟွန်ဒီလုပ်ငန်း)တွေက တစ်ဆင့် ရယူနိုင်ပေမဲ့ အကျိုးဆောင်ပေးသူအများစုကတော့ အရပ်ထဲက သာမန်လူတွေဖြစ်ပြီး ကိုယ့်လက်ထဲက ကိုင်ထားတဲ့ ငွေသားကိုအရင်းပြုလို့ အကျိုးအမြတ်တစ်ခုကိုရယူရင်း ဝန်ဆောင်မှု ပေးချင်ကြတာပါ။ အများစုက လူမှုကွန်ရက်၊ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေကို အသုံးပြုပြီး သူတို့အကျိုးဆောင်ပေးနိုင်တဲ့ ပမာဏနဲ့ ကောက်ခံလိုတဲ့ ရာခိုင်နှုန်းကို ကြော်ငြာကြလေ့ရှိပါတယ်။
မတ်လတုန်းကတော့ အကျိုးဆောင်ခအဖြစ်ကောက်ယူတဲ့ပမာဏဟာ ထုတ်ငွေစုစုပေါင်းရဲ့ ၁ရာခိုင်နှုန်းသာ ရှိခဲ့ပေမဲ့ နောက်ပိုင်း မေလဆန်းပိုင်းလောက်မှာတော့ ၁၃ရာခိုင်နှုန်းအထိ တဖြည်းဖြည်း မြင့်တက်သွားခဲ့ပါတယ်။
ရာခိုင်နှုန်းတစ်ခုကောက်ခံပြီး ငွေသားထုတ်ယူပေးတဲ့ ဝန်ဆောင်မှုတွေ လူမှုကွန်ရက်စာမျက်နှာတွေမှာ ခေတ်ထလာတဲ့အချိန်၊ ဧပြီ၁၅ရက်မှာ ဗဟိုဘဏ်က ဒီလိုဝန်ဆောင်မှု လုပ်ငန်းတွေဟာ တရားမဝင်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ၊ ပုဒ်မ ၉၉(ခ)အရ အရေးယူခံရနိုင်ကြောင်း ကြေညာလိုက်ပါတယ်။ အဲဒီဥပဒေအရ ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်မပါဘဲ စက္ကူငွေသားကို အကျိုးအမြတ်အတွက် ဝယ်ယူရောင်းချတာကို တားမြစ်ထားပါတယ်။
ဒါ့ပြင် စီးပွားရေးလုပ်ငန်းတစ်ချို့ဟာ ဘဏ်မှာ ငွေအပ်ရမယ့်အစား ဒီလိုဝန်ဆောင်မှုတွေကတစ်ဆင့် အမြတ်အစွန်းရယူနေကြောင်းလည်း ဗဟိုဘဏ်က စွပ်စွဲခဲ့ပါတယ်။ ဒီလိုတရားမဝင်တဲ့ ဝန်ဆောင်မှုပေးသူ ဘယ်သူမဆို ထောင်ဒဏ်နှစ်နှစ်အထိ ကျခံနိုင်တယ်လို့လည်း ဗဟိုဘဏ်က ထုတ်ပြန်ချက်မှာ သတိပေးခဲ့ပါတယ်။
ဒီလိုကြေညာချက်ထုတ်ပြန်လိုက်ရုံနဲ့ ငွေသားထုတ်ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်တန့်မသွားပါဘူး။ အကျိုးဆောင်များလာပေမဲ့ ဝန်ဆောင်ခအဖြစ် ကောက်ခံတဲ့ ရာခိုင်နှုန်းက ကျမသွားဘဲ ၁၀ရာခိုင်နှုန်းဝန်းကျင်မှာ ဆက်ရှိနေတဲ့အခါ ကြာလာတော့ လူတွေက စိတ်ပျက်လာကြပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်သံတွေလည်း ဆူညံလာပါတယ်။
“သေရေးရှင်ရေးကိစ္စကလွဲရင် ငွေမထုတ်ကြပါနဲ့။ ရာခိုင်နှုန်းတွေက မတရားမြင့်လွန်းပါတယ်။ ၃ရာခိုင်နှုန်းဆို တော်သေးတယ်။ အခုက အများစုက လက်ရှိအခြေအနေအပေါ် အခွင့်အကောင်းယူပြီး အမြတ်ယူနေကြတာ… ကျမကတော့ အဲဒီလိုလူတွေကို စိတ်ကုန်နေပြီ”လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးက မေ၁၄ရက်မှာ ရေးသားခဲ့ပါတယ်။
အဲဒီပို့စ်အောက်မှာ ဖေ့စ်ဘွတ်ခ်အသုံးပြုသူအများအပြားက သူတို့ရဲ့ မကျေနပ်ချက်တွေကိုလည်း မျှဝေရေးသားခဲ့ကြပါတယ်။ တစ်ချို့က ရာခိုင်နှုန်းတစ်ခုယူပြီးငွေထုတ်ပေးတဲ့သူတွေအများစုဟာ “ဘဏ်ဝန်ထမ်းတွေများတယ်”လို့ စွပ်စွဲပါတယ်။ ဒီစွပ်စွဲချက်ကို သီးခြားအတည်မပြုနိုင်ပါဘူး။ တစ်ချို့အွန်လိုင်းအသုံးပြုသူတွေကလည်း လိုင်းပေါ်မှာ အခုလိုငွေထုတ်ဖို့ ကြိုးစားရင်း မသမာသူတွေ လိမ်လည်တာ ခံလိုက်ရကြောင်း ရင်ဖွင့်ကြပါတယ်။
တစ်ချို့ ငွေပမာဏအများကြီး ထုတ်ပေးတဲ့သူတွေဟာ ဘဏ်အကောင့်ထဲက ငွေတွေနဲ့ ရွှေပြန်ဝယ်စုတယ်လို့ မပြည့်က ဆိုပါတယ်။ အဲဒီဝယ်စုတဲ့ ရွှေတွေကို ပြန်ရောင်းပြီး ငွေပြန်ဖော်ကြတဲ့သဘောပါ။
“နည်းနည်းလေးပဲဝယ်မယ်ဆိုရင် ရွှေဆိုင်တွေက ငွေသားတောင်းတယ်။ ဒါပေမဲ့ ရွှေအများကြီးဝယ်မယ်ဆိုရင် မိုဘိုင်းဘဏ်အကောင့်တွေနဲ့ ဝယ်လို့ရတယ်”လို့ သူက ပြောပါတယ်။
မေ၁၂ရက်က ပြည်တွင်းရွှေဈေးဟာ စံချိန်တင်မြင့်တက်လာတဲ့အခါမှာ အာဏာပိုင်တွေက ရွှေဈေးကွက်ကို ဝင်ထိန်းဖို့ ကြိုးပမ်းလာပါတယ်။ “ရွှေဈေးတည်ငြိမ်မှုရှိဖို့” အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနဲ့ ပူးပေါင်းနေတယ်လို့ မေ၁၇ရက်မှာ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက ကြေညာပါတယ်။ ဒါ့ပြင် ရွှေဆိုင်တွေကို အရောင်းအဝယ်အတွက် ငွေသားနဲ့သာ လက်ခံဖို့ အသင်းက ပြောဆိုခဲ့ပြီး လကုန်ပြုလုပ်တဲ့ အစည်းအဝေးမှာတော့ “ဈေးကစားတဲ့သူတွေကို လုံးဝမရောင်းဖို့” အသင်းက ဆုံးဖြတ်ခဲ့ပါတယ်။
မေ၂၀ရက်မှာ ရဲတပ်ဖွဲ့ဟာ အိမ်တိုင်ရာအရောက် ငွေသားထုတ်ယူမှုဝန်ဆောင်ခပေးနေတဲ့ မြောက်ဥက္ကလာပမြို့နယ်က အမျိုးသမီးတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီသတင်းကိုတော့ ရဲတပ်ဖွဲ့က မေ၃၁ရက်ရောက်မှ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ အွန်လိုင်းရှော့ပင်းလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေသူဖြစ်ကြောင်းနဲ့ ဝန်ဆောင်ခအဖြစ် ၄ရာခိုင်နှုန်းကနေ ၈ရာခိုင်နှုန်းအထိ ကောက်ခံခဲ့ကြောင်း ရဲတပ်ဖွဲ့ထုတ်ပြန်ချက်က ဆိုပါတယ်။
အလားတူဝန်ဆောင်မှုပေးနေသူတွေကို ဖမ်းဆီးသွားမှာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး အဲဒီအမျိုးသမီးဟာ “လက်ရှိဖြစ်ပေါ်နေသော ငွေသားထုတ်ယူမှုအခြေအနေ”ကို အခွင့်အကောင်းယူခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ရဲတပ်ဖွဲ့ထုတ်ပြန်တဲ့ လက်ရှိငွေသားထုတ်ယူမှု အခြေအနေဆိုတာကတော့ ဘဏ်တွေနဲ့ ဘဏ်အသုံးပြုသူတွေ ရင်ဆိုင်နေရတဲ့ ငွေသားပြတ်လပ်မှု ပြဿနာပဲ ဖြစ်ပါတယ်။
အဲဒီသတင်းကို မေ၃၁ရက်မှာ ထုတ်ပြန်လိုက်တဲ့နောက်ပိုင်းမှာတော့ အရင်က ရာခိုင်နှုန်းအကျိုးဆောင်သမားတွေ မှိုလိုပေါက်ဖြစ်နေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေ တိတ်ဆိတ်ကုန်ပါတယ်။ အဲဒီထုတ်ပြန်ချက်ကြောင့် အားလုံးက ထိတ်လန့်ကုန်ပြီး ဘာမှမတင်ရဲတော့တဲ့အထိ ဖြစ်သွားပုံရပါတယ်။
အကျိုးဆောင်တွေလား၊ ကိုယ်ကျိုးရှာသူတွေလား
ရာခိုင်နှုန်းတစ်ခုဝန်ဆောင်ခယူပြီး ငွေထုတ်ပေးတဲ့ အကျိုးဆောင်တွေကို ကိုယ်ကျိုးရှာတဲ့သူတွေလို့ ပြောဆိုကြပေမဲ့ လက်ရှိဘဏ်လုပ်ငန်းတစ်ခုလုံး အကျပ်အတည်းဆိုက်ရောက်ပြီး ငွေထုတ်ရခက်ခဲနေချိန်မှာ ငွေသားအလွယ်တကူရရှိအောင် ဆောင်ရွက်ပေးတဲ့ သူတို့ရဲ့အခန်းကဏ္ဍကိုတော့ ပစ်ပယ်ထားလို့မရပါဘူး။ ဒီလိုဝန်ဆောင်မှုတွေရှိလို့ ဝန်ထမ်းလစာပေးဖို့နဲ့ တခြားအသုံးစရိတ်တွေအတွက် ငွေအခက်အခဲရှိတဲ့ လုပ်ငန်းရှင်တွေတစ်ချို့အဖို့ အသက်ရှူချောင်ရတာတော့ ငြင်းမရတဲ့ အမှန်တရားတစ်ခုပါပဲ။
မြန်မာနိုင်ငံရေး စီးပွားရေးအကြောင်းကို လေ့လာနေတဲ့ အမေရိကန်နိုင်ငံ၊ Duke တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ အက်ဒ်မွန် မာလက်စကီးကတော့ ဒီလိုအကျိုးဆောင်တွေကို အပြစ်တင်မယ့်အစား “စွန့်စားရဲတဲ့ ကိုယ်ထူကိုယ်လုပ်ငန်းရှင်တွေ”အဖြစ် သတ်မှတ်သင့်ပြီး သူတို့ရှိနေတဲ့အတွက် စီးပွားရေးလုပ်ငန်းတစ်ချို့ ရှေ့ဆက်နိုင်ခဲ့တာကို အသိအမှတ်ပြုရမယ်လို့ မှတ်ချက်ပြုပါတယ်။
“တကယ်တော့ “ဒီဘဏ်အကျပ်အတည်းကို သူတို့ကြောင့် စဖြစ်လာတာမဟုတ်ဘူး။ သူတို့တွေဟာ ငွေသားပြတ်လပ်မှု မရှိအောင် နည်းလမ်းရှာပြီး ဝန်ဆောင်မှုပေးတဲ့ သဘောပါပဲ။ ကောက်ခံတဲ့ ဝန်ဆောင်ခက သူတို့ယူရတဲ့ စွန့်စားမှုကို ပြန်ကာမိစေဖို့ဖြစ်ပြီး ဒီလိုရာခိုင်နှုန်းတွေ မြင့်တက်လာတယ်ဆိုတာကလည်း လုပ်ငန်းရှင်တစ်ချို့ရဲ့ ငွေသားလိုအပ်ချက်ကြောင့်ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းရှင်တွေကလည်း ဒီငွေသားတွေကို ပြန်လည်ရင်းနှီး မြှုပ်နှံခြင်းအားဖြင့် ဒီထက်ပိုတဲ့အမြတ်ရမယ်လို့ တွက်ထားတဲ့လုပ်ငန်းရှင်တွေပေါ့”လို့ ပါမောက္ခ မာလက်စကီးက ပြောပါတယ်။
ငွေသားရှားပါးပြတ်လပ်မှု ရှိနေသမျှကာလပတ်လုံး “အထက်က အောက်ကိုဖိတဲ့ စည်းကြပ်မှုမျိုးနဲ့ အပြစ်ပေးအရေးယူတဲ့ ပုံစံမျိုး”က အလုပ်ဖြစ်လိမ့်မယ်လို့ မထင်ကြောင်း သူကဆိုပါတယ်။ “နိုင်ငံရေးမတည်ငြိမ်တဲ့အခါမျိုးနဲ့ လူထုယုံကြည်မှုကျဆင်းနေခြင်းကသာ ဘဏ္ဍာရေးလုပ်ငန်း အကျပ်အတည်းရဲ့ အဓိကအရေးပါတဲ့ စိတ်အပိုင်းတစ်ခုဖြစ်ပါတယ်”လို့သူက ဆက်ပြောပါတယ်။
ငွေသားပြတ်လပ်မှုဟာ ဝယ်ယူစားသုံးသူ အများပြည်သူကို ထိခိုက်ရုံမက နိုင်ငံ့စီးပွားရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထိခိုက်စေနိုင်တယ်လို့ ယူဆကြောင်း ပါမောက္ခမာလက်စကီးက ဆိုပါတယ်။ လူတွေက ငွေသားကို အလွယ်တကူမရရှိနိုင်တဲ့အခါမှာ “ငွေသားစီးဆင်းမှုအလျင် တုံ့နှေးသွားပြီး” အရောင်းအဝယ်လုပ်ငန်းတွေ အကန့်အသတ်နဲ့ဖြစ်သွားတယ်လို့ သူကဆိုပါတယ်။ ဒီအချက်တွေက နိုင်ငံ့စီးပွားရေးဘယ်လောက် သန်စွမ်းသလဲဆိုတာ ပြသနေတာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
“ငွေသားစီးဆင်းမှုအလျင် မြန်နေတဲ့အချိန်မှာဆိုရင် လူတွေက ကုန်ပစ္စည်းတွေရောင်းမယ်။ ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ကိုင်မယ်။ အဲဒီရောင်းချမှုက ရတဲ့ငွေကတစ်ဆင့် တခြားကုန်ပစ္စည်းတွေ ဝယ်ယူမယ်။ ဝန်ဆောင်မှုတွေ ရယူသုံးစွဲမယ်။ လူ့ပယောဂကြောင့်ဖြစ်တဲ့ ငွေသားပြတ်လပ်မှုက စီးပွားရေးလုပ်ငန်းတွေရဲ့ ဒီသဘောသဘာဝလုပ်ငန်းစဉ်ကြီးကို သွားပြီး နှောက်ယှက်လိုက်တယ်။ အဲဒီအခါမှာ နေ့စဉ်အရောင်းအဝယ် လုပ်ငန်းတွေဟာ ပိုပြီးငွေကုန်ကြေးကျများလာမယ်။ စီးပွားရေးလုပ်ငန်းတွေ တုံ့နှေးလာမယ်။ နောက်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေလာမယ်”လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ဦးစန်းလွင်အတွက်တော့ အကျိုးဆောင်တွေတောင်းတဲ့ အခကြေးငွေက မြင့်လွန်းပါတယ်။ “ကျနော်ကြားတာက တစ်ချို့ KPay ကိုယ်စားလှယ်တွေဆိုရင် ၂၀ရာခိုင်နှုန်းလောက်အထိကို ကောက်နေတယ် … ကျနော်ကတော့ သူတို့က နိုင်ငံရေးအခြေအနေမကောင်းတာကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာနေတယ်လို့ပဲ မြင်တယ်”လို့ ဦးစန်းလွင်က ပြောပါတယ်။
“လက်တစ်ဆုပ်စာ သူဌေးတွေက ဒီကတစ်ဆင့် အမြတ်တွေအများကြီးရနေတာ”လို့ ဦးစန်းလွင်က ပြောပါတယ်။ တခြားသူတွေအနေနဲ့ ရာခိုင်နှုန်းယူပြီး ငွေသားထုတ်ပေးတဲ့ အကျိုးဆောင်တွေကို အားကိုးမယ့်အစား သူ့လိုပဲ ငွေထုတ်စက်တွေမှာ လိုက်တန်းစီပြီး ငွေထုတ်သင့်တယ်လို့ သူကဆိုပါတယ်။
“ကျနော်ကတော့ လူတွေအနေနဲ့ အမြတ်ကြီးစား ကိုယ်ကျိုးရှာတဲ့သူတွေကို ရာခိုင်နှုန်းအများကြီးပေးမယ့်အစား ကျနော့်လိုပဲ တန်းစီပြီး ငွေထုတ်သင့်ပါတယ်”လို့ ဦးစန်းလွင်က ပြောပါတယ်။