အကြောင်းအမျိုးမျိုးဖြင့် ပြည်တွင်းသို့ ခိုးဝင်ရန် ကြိုးပမ်းလာသည့် ဘင်္ဂါလီများကို ဖမ်းဆီးရမိသည့် ဖြစ်စဉ်များကို စစ်ဆေးရာတွင် တာဝန်ရှိသူတစ်ချို့ ပါဝင်နေသည်ကို တွေ့ရှိရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။
ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်မိသားစုများအား စက်တင်ဘာ ၂၀ ရက်နေ့က တွေ့ဆုံ အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မြေမျို၍ လူမျိုးမပျောက်ဘဲ လူမျိုပါက လူမျိုးပျောက်နိုင်သောကြောင့် ယင်းကိစ္စများမဖြစ်ပွားစေရန် အားလုံးက နိုင်ငံအပေါ် သစ္စာရှိစွာ လုပ်ဆောင်ကြရန်လိုအပ်သည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
သြဂုတ် ၂၅ ရက်နေ့က အဆိုပါဒေသများအတွင်းရှိ နယ်ခြားစောင့်ရဲစခန်းများ တစ်ပြိုင်နက် တိုက်ခိုက်ခံရပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ ဆောင်ရွက်နေသည့်ဒေသသို့ ကာကွယ်ရေးဦးစီးချုပ်က ပထမဆုံး သွားရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
သြဂုတ်၂၅ ရက်နေ့ဖြစ်စဉ်တွင်လည်း တောင်ဘဇာတပ်ဌာနချုပ်အပါအဝင် ရဲကင်းစခန်း ၃၀ အား အင်အားသုံး တိုက်ခိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ ဖော်ထုတ်ရရှိသော သတင်းများအရ အကြမ်းဖက်ဘင်္ဂါလီအင်အား ၄,၀၀၀ ကျော်ဖြင့် ကြိုတင်စီစဉ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ယင်းဖြစ်စဉ်မတိုင်မီတွင်ပင် မေယုတောင်တန်းပေါ်တွင် အကြမ်းဖက်သင်တန်းပေးမှုများ၊ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုများကြောင့် တပ်များဖြင့် ဝင်ရောက်ရှင်းလင်းစေခဲ့သည်ဟုလည်း ဆိုသည်။
တောင်ဘဇာရှိ နယ်မြေခံတပ်အနေဖြင့် အင်အားသုံး၍ ဝင်ရောက်တိုက်ခိုက်လာသော အကြမ်းဖက်သမားများကို ရဲဝံ့စွာ ခုခံကာကွယ်တိုက်ခိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မိမိတို့နိုင်ငံအတွက် အရေးကြီးသောနယ်မြေဒေသများဖြစ်၍ တပ်မတော်အစိုးရကာလကပင် ဌာနချုပ်များတည်၍ နေရာချထားခဲ့ကြောင်း၊ ယင်းတပ်ဌာနချုပ်များသာ မရှိပါက ဤနယ်မြေ၏အခြေအနေမှာ ပိုမိုဆိုးဝါးသွားနိုင်ကြောင်း” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားသည်။
ဘူးသီးတောင်၊ မောင်တောဒေသအတွင်း လူနည်းစုဖြစ်သည့် မြို၊ ခမီ၊ သက်၊ ဒိုင်းနက် စသည့်ဒေသခံ တိုင်းရင်းသားများ၏ လုံခြုံရေးအတွက် ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။