ဘင်္ဂလားဒေရှ့်စခန်းရောက် မြန်မာဟိန္ဒူ ဒုက္ခသည်များ ပွဲတော်ကျင်းပ

အေအက်ဖ်ပီ

ဘင်္ဂလားဒေရှ့်က စခန်းတစ်ခုမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ဟိန္ဒူဒုက္ခသည်တွေဟာ ဒူရ်ဂါပူဇော်ပွဲကို ကျင်းပခဲ့ကြပါတယ်။ ပြီးခဲ့နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် သူတို့ ထွက်ပြေးလာခဲ့ပြီးနောက်ပိုင်း ပထမဆုံး ကျင်းပတာလည်း ဖြစ်ပါတယ်။

မြန်မာစစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် ပြီးခဲ့တဲ့နှစ် သြဂုတ်လက အိုးအိမ်တွေ စွန့်ခွာထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာမူဆလင် ခုနစ်သိန်းကျော်နဲ့အတူ ဟိန္ဒူ ၅၀၀ ကျော်လည်း ပါဝင်ခဲ့ပါတယ်။

သူတို့ လွတ်မြောက်လာရတဲ့ ကြောက်ရွံ့ဖွယ် အခြေအနေတွေကြောင့် သူတို့ နှစ်စဉ်ကျင်းပနေတဲ့ အထိမ်းအမှတ်ပွဲကို ပြီးခဲ့တဲ့နှစ်က ကျင်းပနိုင်ခဲ့ခြင်းမရှိဘူးလို့ ဟိန္ဒူလူ့အဖွဲ့အစည်းခေါင်းဆောင် Jibon Sharma က အေအအက်ဖ်ပီကို ပြောပါတယ်။

ဒါပေမယ့် အခုအခါမှာတော့ ဘင်္ဂလားဒေရှ့် အရှေ့တောင်ပိုင်းက အာဏာပိုင်တွေနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံထဲက ဟိန္ဒူလူနည်းစုတွေက သူတို့ကို ကူညီခဲ့ကြပါတယ်။ ကူညီကြတဲ့အထဲမှာ ကျောင်းဆောင် ဆောက်လုပ်ဖို့ ပစ္စည်းတွေလည်း ပါဝင်ပါတယ်။

“မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ရှိနေတုန်းကတော့ ပုံမှန် ဝတ်ပြုလေ့ရှိကြတယ်။ ဒါပေမယ့် ဒီမှာကတော့ မတူဘူးလေ။ ဘင်္ဂလားဒေရှ့်က ကျွန်တော်တို့ မထင်ထားလောက်တဲ့အထိ ငွေကြေးတွေ၊ အဝတ်အစားတွေကို ကူညီခဲ့ကြတယ်” လို့ Sharma က ပြောပါတယ်။

“သူတို့ကို ကျွန်တော်တို့ အရမ်းကျေးဇူးတင်ပါတယ်” လို့လည်း သူက ပြောပါတယ်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လမှာ သူတို့ ဟိန္ဒူအသိုက်အဝန်းကို ရိုဟင်ဂျာစစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ကြတယ်လို့ ဟိန္ဒူဒုက္ခသည်တွေက ပြောပါတယ်။ ဘင်္ဂလားဒေရှ့် စခန်းတွေက ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဆက်ဆံရေးကလည်း တင်းမာနေဆဲ ဖြစ်ပါတယ်။

ကော့ဘဇာအနီးက ရိုဟင်ဂျာမူဆလင် သိန်းပေါင်းများစွာ နေထိုင်နေကြတဲ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်တဲ့ ကူတာပါလောင်ကနေ တစ်မိုင်လောက်ပဲ ဝေးတဲ့နေရာမှာ ဟိန္ဒူတွေ စခန်းချ နေထိုင်နေကြပါတယ်။

“စခန်းမှာ ကျွန်တော်တို့ အချိန်ပြည့် လုံခြုံရေးချထားပါတယ်။ သူတို့တွေကြား တင်းမာမှုရှိနေတာကို ကျွန်တော်တို့ ကောင်းကောင်း သတိပြုမိပါတယ်” လို့ ရဲအရာရှိ Jahangir Alam က ပြောပါတယ်။

ပွဲတော်ကို တေးဂီတတွေ၊ ယဉ်ကျေးမှုဖျော်ဖြေမှုတွေနဲ့ ၁၀ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

“အခုလို ပူဇော်ပွဲကြီးကို ဘယ်တုန်းက နောက်ဆုံးကျင်းပခဲ့ကြလဲဆိုတာတောင် ကျွန်တော်မေ့နေပြီ။ ကျွန်တော်ကလေးတွေ ပျော်နေတဲ့မျက်နှာလေးတွေကို မြင်ရတာ ကျွန်တော်အရမ်းပျော်မိတယ်” လို့ ဟိန္ဒူဒုက္ခသည်တစ်ဦးဖြစ်တဲ့ Suma Paul က ပျော်ရွှင်မှုကြောင့် မျက်ရည်တွေ ကျနေရင်းနဲ့ ပြောပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar