လက်ရှိ ကိုဗစ်-၁၉ကိုမြန်မာနိုင်ငံက ရင်ဆိုင်ကျော်လွှားဖို့ရန် နည်းလမ်းတစ်စုံတစ်ရာကို ရှည်ရှည်ဝေးဝေးစဉ်းစားရန်မလိုပါ။ လူ့အခွင့်အရေးဥပဒေများတွင်ပါရှိသော အချက်များကိုလိုက်နာ၍ မည်သည့်အချက်များ ဆောင်ရွက်ရန်လိုသည်ကို ဆန်းစစ်ကြည့်ရန်သာဖြစ်သည်။
ဂျန်နီဒိုမီနို ရေးသားသည်။
ဩဂုတ်လကုန်ပိုင်းတွင် ရခိုင်ပြည်နယ်၌ ကိုဗစ်-၁၉ဖြစ်ပွားမှုများ မြင့်တက်လာသည့်အခါ ကပ်ရောဂါတုန့်ပြန်ဆောင်ရွက်မှုများကို လူမျိုး (သို့မဟုတ်) ဘာသာခွဲခြားပြီး ဆောင်ရွက်သွားမည် မဟုတ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အလေးပေးပြောကြားခဲ့သည်။ ကိုဗစ်-၁၉ကပ်ရောဂါကိုတိုက်ဖျက်ရာတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပစ်ပယ်ထားမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ကတိပေးခဲ့ပါသည်။
လူမျိုးစုအခြေခံ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားလျက်ရှိသော ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဤစကားလုံးများသည် အတော်လေးတာသွားပါသည်။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (အေအေတပ်ဖွဲ့)တို့အကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ရခိုင်၊ ရိုဟင်ဂျာ၊ ဒိုင်းနက်၊ ချင်း (သို့) မြို စသည့်လူမျိုးအစုံ ထောင်နှင့်ချီ၍ တိုက်ပွဲများအကြားထွက်ပြေးနေရပြီး သေဆုံးမှုများ၊ အဓမ္မကျင့်ခံရမှုများ၊ စိတ်ဒဏ်ရာများနှင့် ရင်ဆိုင်ရလျက်ရှိပါသည်။
ကလေးသူငယ်များနှင့် အမျိုးသမီးများသည် ဗုံး၊ အမြောက်နှင့် မြေမြှုပ်မိုင်းဒဏ်များ၏ သားကောင်များဖြစ်ခဲ့ရရှာသည်။ လက်ရှိတွင် ပြည်တွင်း၌ ကိုဗစ်-၁၉ လူအချင်းချင်းကူးစက်မှု မြင့်တက်လျက်ရှိသော်လည်း တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်တို့အကြား နှစ်ဘက်အပစ်အခတ်ရပ်စဲရေးမှာ အလှမ်းဝေးနေဆဲဖြစ်ပါသည်။
ထိုသို့ ငရဲကြနေသည့်အပြင် လူ့ပယောဂကြောင့် နိုင်ငံရေးအရပါဝင်နိုင်မှုဆုံးရှုံးခြင်းဆိုသည့် တစ္ဆေကြီးကလည်း ခြောက်လန့်လျက်ရှိပါသည်။ ရောဂါပိုးကူးစက်မှုကိုထိန်းချုပ်ရန် အစိုးရက နေအိမ်တွင်သာ နေထိုင်စေရေးအမိန့် (Stay-at-home) ထုတ်ပြန်ခဲ့ပါသည်။ တချိန်တည်းတွင် အေအေတပ်ဖွဲ့များအကြား ဆက်သွယ်ရေးကို နှောင့်ယှက်တားဆီးရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်အတွင်းကမြို့နယ်အချို့တွင် အင်တာနက်ဆက်သွယ်မှုကို အစိုးရက ဆက်လက်ဖြတ်တောက်ထားဆဲဖြစ်သည်။ အင်တာနက်ပိတ်ဆို့ဖြတ်တောက်မှုသည် ကျန်းမာရေးသတင်းအချက်အလက်နှင့် စောင့်ရှောက်မှုများ လူထုက လက်လှမ်းမီရရှိရေးတွင် အတားအဆီးဖြစ်စေသည်။
အလားတူပင် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများ အွန်လိုင်းပေါ်သို့ ပိုမိုရောက်ရှိလာသည်နှင့်အမျှ ယင်းသို့အင်တာနက်ပိတ်ပင်ခြင်းကြောင့် လူထု၏ နိုင်ငံရေးအခွင့်အရေးများကို ကျင့်သုံးနိုင်မှု၊ တစ်နည်းအားဖြင့် အွန်လိုင်းမဲဆွယ်စည်းရုံးမှုများတွင်ပါ ဝင်နိုင်ခွင့်ကို အတားအဆီးဖြစ်စေပါသည်။ ဤအရေးကြီးသည့် အထွေထွေရွေးကောက်ပွဲကာလတွင် အဆိုပါဒေသများရှိ မဲဆန္ဒရှင်များသာမက ကိုယ်စားလှယ်လောင်းများကပါ အလွန်နှေးကွေးသော အင်တာနက်ကွန်ရက်ဖြင့်သာ တင်းတိမ်နေရပါသည်။
လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားလျက်ရှိသော အခြေအနေတွင် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉အပေါ်တုန့်ပြန်မှုများကို မည်သို့အကဲဖြတ်ရမည်နည်း။ အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များအဖွဲ့ (International Commission of Jurists – ICJ)က ထုတ်ပြန်သည့် “ကိုဗစ်-၁၉နှင့် လူ့အခွင့်အရေး – မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ကျန်းမာရေးအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း”အစီရင်ခံစာတွင် အထက်ပါမေးခွန်းအတွက် တွေးတောဆင်ခြင်ဖွယ် အယူအဆတစ်ချို့ပါရှိနေသည်။
ဤနေရာတွင် ခွဲခြားဆက်ဆံမှုကို တားမြစ်သော နိုင်ငံတကာဥပဒေသည် အရေးပါပေသည်။ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးအတည်ပြုထားသော အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာသဘောတူစာချုပ် (ICESCR)သည် လူအချင်းချင်း ခွဲခြားဆက်ဆံမှုကို တားမြစ်ထားပြီး လူသားအားလုံးအတွက် အမြင့်ဆုံးဖော်ဆောင်ပေးနိုင်သော ကျန်းမာရေးအဆင့်အတန်း ရရှိခံစားခွင့်ကို အာမခံချက်ပေးထားပါသည်။
ဤသဘောတူစာချုပ်အရ လူမျိုး၊ အသားအရောင်၊ လိင်စိတ်တိမ်းညွှန်မှု (သို့မဟုတ်) ဂျန်ဒါအမှတ်သညာ၊ အသက်၊ ကျား၊ မကွဲပြားမှု၊ ဘာသာစကား၊ နိုင်ငံရေး (သို့) အခြားခံယူချက်၊ နိုင်ငံသားဖြစ်မှှု၊ လူမျိုး (သို့) ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာအဆင့်၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ (သို့) တိုင်းရင်းသားဖြစ်မှုဇာစ်မြစ်၊ မျိုးနွယ်စုဆင်းသက်မှု၊ ကျန်းမာရေးအခြေအနေ၊ မသန်စွမ်းဖြစ်မှုမှု၊ ပိုင်ဆိုင်မှု၊ လူမှုစီးပွားအခြေအနေ၊ မွေးဖွားလာမှုနှင့် အခြားအခြေအနေမရွေး နိုင်ငံအတွင်းရှိ လူသားအားလုံး၏ ကျန်းမာရေး စောင့်ရှောက်မှုလက်လှမ်းမီရေးကို မြန်မာနိုင်ငံမှ ဆောင်ရွက်မြှင့်တင်ပေးရပါမည်။ ယင်းအချက်သည် လက်နက်ပိုင်ပဋိပက္ခဖြစ်ပွားနေသည့် အခြေအနေတွင်လည်း အကျုံးဝင်ပါသည်။
ICESCR သဘောတူစာချုပ်ပါလိုက်နာရဆောင်ရွက်ရမည့်အချက်အချို့သည် အစိုးရ၏ စွမ်းဆောင်ရည်အပေါ်တွင်မူတည်သဖြင့် ယင်းအချက်ကို “တဖြည်းဖြည်း အဆင့်ဆင့်တိုးမြှင့်၍ အကောင်ထည်ဖော်သွားနိုင်” ပေသည်။ သို့ရာတွင် အထက်တွင်ဖော်ြပခဲ့သည့် မည်သည့် အချက်ကိုမဆို မူတည်၍ ခွဲခြားဆက်ဆံမှုများမရှိစေရန်ဆောင်ရွက်ရမည့်တာဝန်ကမူ ယင်းကဲ့သို့ အဆင့်လိုက်အကောင်အထည်ဖော်ရသည့် လုပ်ငန်းမျိုးမဟုတ်ပေ။
ဆိုလိုသည်က ICESCRသဘောတူစာချုပ်ပါ အချက်များကိုလိုက်နာ အကောင်အထည်ဖော်ရာတွင် အစိုးရအနေဖြင့် အရင်းအမြစ်များ အလုံအလောက်မရှိခြင်းကြောင့် ခွဲခြားဆက်ဆံမှုရှိသော ဥပဒေ၊ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများဆက်လက်တည်ရှိရပါသည်ဟု အကြောင်းပြချက်ပေး၍မရပေ။
ICESCR သဘောတူစာချုပ်အရ ခွဲခြားဆက်ဆံမှုမရှိဘဲ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးစွမ်းရာတွင် ဆေးရုံ ဆေးပေးခန်းများ၊ ဆေးဝါးပစ္စည်းများနှင့် ဆေးဝါးကုသမှုများကို လက်ခံရယူရာတွင် ပြည်သူများအတွက် စီးပွားရေးအရလက်လှမ်းမီပြီး အလွယ်တကူသွားရောက်နိုင်သည့်အခြေအနေမျိုးဖြစ်ရန် လိုအပ်ရုံမက ကျန်းမာရေးသတင်းအချက်အလက်များကိုလည်း အတားအဆီးမရှိရယူသုံးစွဲခွင့်ရှိရန် အစိုးရက အကောင်အထည်ဖော်ရမည်ဖြစ်သည်။
ထိုအချက်နှင့် ကိုက်ညီရန်ဆိုလျှင် လူတိုင်း ကျန်းမာရေးဆိုင်ရာအသိပညာပေးအစီအစဉ်များနှင့် သတင်းအချက်အလက်များကို ရရှိနိုင်အောင် မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်ရပေမည်။ လက်ရှိကိုဗစ်-၁၉အခြေအနေတွင် ကပ်ရောဂါနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များကို “လူတိုင်း လက်လှမ်းမီနိုင်စေရန် ဒေသသုံးနှင့် တိုင်းရင်းသားဘာသာစကားများအသုံးပြုပြီး ပုံမှန်”ဝေမျှပေးရမည်ဟု ကုလသမဂ္ဂ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများ ဆိုင်ရာကော်မတီက အကြံပြုထားသည်။
ဆက်သွယ်ရေးနှင့် သတင်းဝေမျှရေးလမ်းကြောင်းများ ဖွင့်ထားပေးခြင်းသည် ကူးစက်ပြန့်ပွားမှုကို လျှော့ချနိုင်ရန်နှင့် ကိုဗစ်-၁၉နှင့်ပတ်သတ်သော သတင်းအမှားများကို တိုက်ဖျက်နိုင်ရန် အရေးကြီးကြောင်း ကုလသမဂ္ဂကော်မတီကဆိုသည်။
ICJ ၏ နောက်ဆုံးထွက်ရှိထားသော “Living Like People Who Die Slowly: The Need for Right to Health Compliant COVID-19 Responses” အစီရင်ခံစာတွင် တင်ပြထားသည့်အတိုင်း အစိုးရများသည် ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များကို ဆင်ဆာဖြတ်တောက်ခြင်း၊ သတင်းထိမ်ချန်ခြင်း (သို့) မှားယွင်းစွာတင်ပြချင်းနှင့် ထိုအချက်အလက်များကို ပြည်သူများ လက်လှမ်းမမီအောင် တားဆီးပိတ်ပင်ခြင်းတို့ကို ရှောင်ကြဉ်ရမည်ဖြစ်သည်။
လုံးဝပိတ်ပင်ထားခြင်းမဟုတ်သော်လည်း အင်တာနက်ကန့်သတ်ထားမှုသည် အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် ရပ်ရွာပြည်သူများကို ပြင်ပနှင့်အဆက်ပြတ်စေပြီး ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ ရရှိဖို့ရန် အခက်အခဲဖြစ်စေပါသည်။ ထိုကဲ့သို့ တိုက်ပွဲများအကြောင်းပြ၍ အင်တာနက်ဆက်သွယ်မှုကွန်ရက်ကိုအားလုံးကို ပိတ်ပင်လိုက်ခြင်းသည် လျော်ကန်သင့်မြတ်ခြင်းမရှိပေ။
မည်သူ့ကိုမျှ နိုင်ငံသားဖြစ်မှု၊ လူမျိုး၊ တိုင်းရင်းသားဖြစ်မှု၊ ကိုးကွယ်ရာဘာသာ (သို့) ယုံကြည်မှုတို့အပေါ် ခွဲခြားဆက်ဆံခြင်းမရှိဟုဆိုပါက မြန်မာနိုင်ငံအစိုးရအနေဖြင့် (ရခိုင်ပြည်နယ်အတွင်းက) ထိုမြို့နယ်များတွင် 3G နှင့် 4G အင်တာနက်ဆက်သွယ်မှုကွန်ရက်များ ပြန်လည်ဖွင့်ပေးရန်လိုအပ်သည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကိုသာမက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေများကိုပါ လိုက်နာရမည့် ဝတ္တရားရှိပါသည်။ ယင်းဥပဒေများသည် လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်သော အစုအဖွဲ့များ၏ စစ်မက်ရေးရာ အပြုအမူများကို ထိန်းညှိပေးနိုင်သလို ပဋိပက္ခတွင် လားလားမျှ ပါဝင်ပတ်သက်ခြင်းမရှိသော အရပ်သားများကိုလည်း အကာအကွယ်ပေးသောကြောင့်ဖြစ်သည်။ အရေးကြီးသည်က မြန်မာ့တပ်မတော်သာမက ရက္ခိုင့်တပ်မတော်ကပါ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနိုင်ငံတကာဥပဒေများကို လိုက်နာရန်လိုအပ်သည်။
အချုပ်အခြာပိုင်သောအစိုးရမဟုတ်သဖြင့် အေအေအဖွဲ့သည် ICESCRသဘောတူစာချုပ်ပါအချက်အလက်များကို တရားဝင်လိုက်နာဖို့ရန် ဝတ္တရားမရှိပေ။ သို့ရာတွင် ယင်းထိန်းချုပ်သည့်နယ်မြေဒေသများအတွက် လက်တွေ့သဘောအရ အာဏာပိုင်ဖြစ်နေသည့်အလျောက် အေအေအဖွဲ့အနေဖြင့်လည်း ထိုအရပ်ဒေသများတွင် ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမီရေးအပါအဝင် နိုင်ငံတကာဥပဒေအရ လူ့အခွင့်အရေးများကို လေးစားလိုက်နာဖို့ရန် ယေဘုယျအားဖြင့် တာဝန်ရှိပါသည်။
ဂျီနီဗာသဘောတူစာချုပ်ပါ အပိုဒ်(၃)အရ စစ်မက်တိုက်ခိုက်မှုတွင် တက်ကြွစွာပါဝင်သူနှင့် မပါဝင်သူတို့ကို ခွဲခြားသတ်မှတ်ရန် နှစ်ဘက်စလုံးတွင် တာဝန်ရှိပါသည်။ မြေမြှုပ်မှိုင်းများအသုံးပြုခြင်းအားဖြင့် အရပ်သားများကို သတ်ဖြတ်ခြင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာဥပဒေများအရ ဥပဒေချိုးဖောက်သည့်လုပ်ရပ်များဖြစ်သည်။
ဒဏ်ရာရရှိသူနှင့် ဖျားနာသူများသည် မည်သည့်ခွဲခြားမှုမျှမရှိဘဲ အချိန်မီရုံမက လုံလောက်သော ဆေးဝါးကုသမှုများကို ရရှိအောင်ဆောင်ရွက်ရန် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့က ဆောင်ရွက်ရပေမည်။ ယင်းသို့ဆောင်ရွက်ရန်အတွက်ဆိုလျှင် ကျန်းမာရေးဝန်ထမ်းများနှင့်လူနာယာဉ်များ လုံခြုံစွာသွားလာခွင့်နှင့် ပဋိပက္ခဖြစ်ပွားရာဒေသတွင် ဆေးရုံဆေးပေးခန်းများ ဆက်လက်လည်ပတ်ခွင့်တို့ကို နှစ်ဘက်စလုံးက အာမခံပေးရပေမည်။
ယင်းအခြေအနေတွင် ကုလသမဂ္ဂ၏ အမှတ်တံဆိပ်တပ်ဆင်ထားသော လူနာတင်ယာဉ်များသည် အထူးအရေးပါလှသည်။ ယင်းအမှတ်တံဆိပ်ကိုမြင်လျှင် နှစ်ဘက်စလုံးက ယာဉ်တန်းကို မတိုက်ခိုက်မိအောင် အထူးသတိထားရန်လိုအပ်သည်။ ကျန်းမာရေးဝန်ထမ်းများကို ခန္ဓာကိုယ်ထိခိုက်မှုအန္တရာယ်မှ အကာအကွယ်ပေးရန် လိုအပ်သလို မည်သည့်လူမျိုး၊ နိုင်ငံရေးခံယူချက်ရှိသူကိုမဆို ခွဲခြားဆက်ဆံခြင်းမရှိဘဲ ဆေးဝါးကုသပေးမှုကြောင့် အရေးယူခံရခြင်းမှ ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ပေးရန်လိုအပ်ပါသည်။
ပြည်သူများသည် ဗုံးဒဏ် နှင့်ရောဂါပိုးဒဏ် တစ်ခုမဟုတ်တစ်ခု ဖိအားပေးရွေးချယ်ရသည့် အဖြစ်မျိုးမှာ မဖြစ်သင့်ပါ။ ထိုဘေးဥပဒ်နှစ်ခုလုံးကျရောက်မည့်ရန်မှ ပြည်သူများကို အကာအကွယ်ပေးရန် လိုအပ်ပါသည်။ ယင်းအခြေအနေမျိုးမကြုံရစေရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကြေညာကြရန် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲနေသူများကို တောင်းဆိုခဲ့ပြီး “မိမိတို့၏ အသက်များအတွက် အစစ်အမှန်တိုက်ပွဲ” ဖြစ်သည့် ကိုဗစ်-၁၉တိုက်ဖျက်ရေးကို ဦးစားပေးကြရန် မေတ္တာရပ်ခံခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း ဌာနေသံတမန်အသိုင်းအဝိုင်း၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း အပစ်အခတ်ရပ်စဲရန် တောင်းဆိုထားသည်။ ပဋိပက္ခအတွင်း ပါဝင်ပတ်သက်နေသော အစုအဖွဲ့များသာမက အစိုးရကပါ အပစ်အခတ်ရပ်စဲခြင်းဖြင့် နိုင်ငံတကာဥပဒေများတွင်ပါရှိသော ဝတ္တရားများကို လိုက်နာနိုင်မည်ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ပြန့်ပွားမှုမြင့်တက်လျက်ရှိပါသည်။ လူမျိုး၊ ကိုးကွယ်ရာ ဘာသာစသည့် လူတို့ဖန်တီးထားသော ပညတ်ချက်များကိုဖယ်ရှားဖို့ လိုအပ်နေပြီဖြစ်ကြောင်း ဤကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုက ထောက်ပြလျက်ရှိသည်။ ထို့အပြင် မည်သူမဆို ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များရရှိဖို့ လိုအပ်ကြောင်းကိုလည်း ကိုဗစ်-၁၉က ရှင်းရှင်းလင်းလင်းပြသလျက်ရှိပါသည်။
ထို့ကြောင့် လက်ရှိ ကိုဗစ်-၁၉ကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားဖို့ဆိုလျှင် မြန်မာအစိုးရအနေဖြင့် အခြားရှည်ရှည်ဝေးဝေး စဉ်းစားနေရန်မလိုပါ။ လူ့အခွင့်အရေးဥပဒေများက လိုက်နာရန်တိုက်တွန်းသည့် အချက်အလက်များကို လိုက်နာကြည့်ရုံသာ လိုအပ်ပေသည်။