ဗီယက်နန်ပြည်သူ့ရေတပ်မှ ဖရီးဂိတ်စစ်ရေယာဉ်တစ်စီးနှင့် အိန္ဒိယရေတပ်မှ သုတေသနရေယာဉ်တစ်စီးတို့သည် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောကြားသည်။
ဗီယက်နမ်မှ ဖရီးဂိတ် စစ်ရေယာဉ် Ly Thai To (စစ်ရေယာဉ် အမှတ်-ဝ၁၂)သည် အရာရှိ၊ စစ်သည် ၁၃၀ ဦးလိုက်ပါလာပြီး မြိတ်မြို့သို့ ဧပြီ ၃ ရက်နေ့က ရောက်ရှိလာခြင်းဖြစ်သည်။
အဆိုပါရေယာဉ်သည် မြန်မာနိုင်ငံတွင် ဧပြီ ၆ ရက်အထိ လေးရက်ကြာ နေထိုင်၍ လေ့လာလည်ပတ် သွားမည်ဟုဆိုသည်။
ထို့အတူ အိန္ဒိယရေတပ်မှ သုတေသန ရေယာဉ် INS Sagardhwani (A 74) သည် သီလဝါဆိပ်ကမ်းသို့ ဧပြီ ၂ ရက်နေ့က ရောက်ရှိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောကြားသည်။ ထိုရေယာဉ်ပေါ်တွင် အရာရှိ၊ စစ်သည် စုစုပေါင်း ၁၁၂ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် ဧပြီ ၆ ရက်အထိ ငါးရက်ကြာနေထိုင်၍ လေ့လာလည်ပတ် သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံသို့ အိန္ဒိယရေတပ်မှ စစ်ရေယာဉ်များမကြာခဏ လာရောက်လည်ပတ်လေ့ရှိသော်လည်း ဗီယက်နမ်စစ်ရေယာဉ် လာရောက်လည်ပတ်မှုမှာ ပထမဆုံးဖြစ်သည်။