နေပြည်တော်၊ ဇန်နဝါရီ ၂၆
ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက်ရှိ ဗိုလ်ရာညွန့် လမ်းမကြီးပေါ်တွင် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဆက်စပ်နေသော Myanmar Mobile Money Services က “ယာဉ်မရပ်ရ” ဆိုင်းဘုတ်ငယ်များ ချထားပြီး ကာလကြာရှည်စွာ ပိတ်ဆို့ထားခြင်းကို ယခုလအတွင်း ပြန်ဖွင့်ပေးမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
အဆိုပါ ဗိုလ်ရာညွန့်လမ်းအား ကာလကြာရှည်စွာ ပိတ်ဆို့ထားမှုကြောင့် ဒေသခံပြည်သူတို့ သွားလာရေး ခက်ခဲခြင်း၊ ထိုသို့ ပိတ်ဆို့ထားခြင်းမှာ မည်သည့် အခွင့်အာဏာအရ ဆောင်ရွက်ရသည်ကို သိလိုခြင်း၊ ဌာနဆိုင်ရာ ယာဉ်များသာ၊ ယာဉ် မရပ်ရ၊ ယာဉ်ထိန်းဥပဒေအရ အရေးယူမည်စသည့် ဆိုင်းဘုတ်များကို ချထားခြင်းအပေါ် သိလိုခြင်း၊ ပြည်သူတို့ ယာဉ်ရပ်ခြင်း၊ သွားလာခြင်းကို အရေးယူမည်ဆိုလ ျှင် မည်သည့် ပုဒ်မဖြင့် အရေးယူမည်ကို သိလိုခြင်းစသည့် မေးခွန်းငါးခုတို့ကို ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီဝင် ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာက ကာကွယ်ရေးဝန်ကြီးဌာနအား လွှတ်တော်က တစ်ဆင့် မေးမြန်းခဲ့ခြင်းဖြစ်သည်။
ဦးနန္ဒကျော်စွာက ယနေ့ပြည်သူ့လွှတ်တော်အစည်းအဝေး၏ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရသဖြင့် ၎င်းကိုယ်စား ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးပါတီဝင် ဦးစိုးဝင်းက မေးခွန်းများကို လွှတ်တော်သို့ဖတ်ကြားပြခဲ့သည်။
ဗိုလ်မှူးချုပ်အောင်သော်က မေးခွန့်းများ တစ်ခုချင်းကို ပြန်လည် မဖြေကြားဘဲ “လမ်းပိတ်ထားတာကို အခု ဇန်နဝါရီလထဲမှာပဲ ပြန်ဖွင့်ပေးဖို့ စီစဉ်ထားပါတယ်” ဟုသာ ဖြေကြားခဲ့ခြင်းဖြစ်သည်။
သတင်း- စိုးသန်းလင်း