မော်လမြိုင်၊ မတ် ၁၅
မူလက သံလွင်တံတား(ချောင်းဆုံ)လို့ သတ်မှတ်ခေါ်ဆိုထားတဲ့တံတားကို “ဗိုလ်ချုပ်အောင်ဆန်းတံတား”လို့ အမည်ပေးဖို့ ပြည်သူ့လွှတ်တော်က ယမန်နေ့က ဆုံးဖြတ်လိုက်တဲ့အပေါ် လူသောင်းချီပါဝင်တဲ့ ဆန္ဒပြပွဲနဲ့ တုံ့ပြန်မယ်လို့ စီစဉ်သူတွေက Frontier ကို အတည်ပြု ပြောဆိုကြပါတယ်။
“တောင်းဆိုထားတာတောင် ဒေသခံလိုချင်တဲ့ပုံစံကို ဂရုမပြုဘူး လုံးလုံး လစ်လျူရှုတယ်လို့ ခံစားရတယ်။ လူသောင်းချီအင်အားပြပြီး ဆန္ဒဖော်ထုတ်ဖို့ အစီအစဉ်ဆွဲနေပါတယ်” လို့ သံလွင်တံတား(ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားအသွင် ဆန္ဒဖော်ထုတ်ရေးကော်မတီ ပြန်ကြားရေးအဖွဲ့ဝင် ဦးမင်းမင်းနွယ်က ပြောပါတယ်။
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့မှာ နေထိုင်ကြတဲ့ မွန်လူမျိုးကိုယ်စားလှယ် စုစုပေါင်း ၉၆ ဦးနဲ့ဖွဲ့စည်းထားတဲ့ ကော်မတီအနေနဲ့ ဆန္ဒပြပွဲပြုလုပ်မယ့်အကြောင်းကို သက်ဆိုင်ရာထံ ယနေ့ တရားဝင် စာတင်သွားမှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
ဆန္ဒပြပွဲကို မော်လမြိုင်မြို့၊ ကမ်းနားလမ်းမှာ မတ် ၁၉ ရက်နေ့မှာ ပြုလုပ်ဖို့ ကော်မတီက ပြင်ဆင်နေတာပါ။ ယမန်နေ့ ညနေပိုင်းမှာကတည်းက မျိုးချစ်မွန်အမျိုးသားအပေါင်းတို့ဆိုပြီး လိပ်မူထားကာ နှိုးဆော်စာလို့ ခေါင်းစဉ်တပ်ထားတဲ့ စာတစ်စောင်ဖြန့်ဝေပြီး ဒေသအသီးသီးက မွန်အမျိုးသားတွေ မပျက်မကွက်ပါဝင်ကြဖို့ ကော်မတီက တိုက်တွန်းနေပြီဖြစ်ပါတယ်။
ဦးမင်းမင်းနွယ်ကတော့ သူတို့လှုပ်ရှားမှုဟာ ဘာနိုင်ငံရေးအရောင်အသွေးမှ မပါဘူးဆိုတာ အာမခံတဲ့အကြောင်း Frontier ကို ပြောပါတယ်။ ဒီတံတားဟာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာလည်းမဟုတ်၊ ထူးခြားချက် တစ်စုံတစ်ရာလည်းမရှိဘဲနဲ့ သံလွင်တံတား(ချောင်းဆုံ)လို့သတ်မှတ်ထားရာကနေ “ဗိုလ်ချုပ်အောင်ဆန်းတံတား”လို့ ရုတ်တရက်အမည်ပြောင်းဖို့ စီစဉ်တာဟာ အနိုင်ကျင့်တယ်လို့ ခံစားရတဲ့အကြောင်း သူကဆိုတယ်။
ဒါ့အပြင် မတ် ၂ ရက်နေ့ကလည်း ဒေသခံ ၃,၀၀၀ ခန့်အင်အားနဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြတာတွေ၊ သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ထံ စာပို့တောင်းဆိုတာတွေကလည်း အရာမထင်ခဲ့တဲ့အတွက် ကော်မတီက စိတ်ပျက်တဲ့ အကြောင်း ဦးမင်းမင်းနွယ်က ပြောပါတယ်။
ယခုတစ်ကြိမ် သာလွန်အင်အားနဲ့ ဆန္ဒပြဖို့ စီစဉ်ရတဲ့ အကြောင်းကတော့ တိုင်းရင်းသားဒေသခံပြည်သူတွေရဲ့ ဆန္ဒကို အသိအမှတ်ပြုပေးဖို့နဲ့ ဒီနာမည်ပြောင်းတာကို ဒေသခံတွေက လက်မခံတဲ့ အကြောင်း ထပ်မံပြသဖို့ဖြစ်တယ်လို့ သူကရှင်းပြပါတယ်။
ဒီတံတားကို အမည်ပေးတဲ့ကိစ္စဟာ ဖေဖော်ဝါရီလလောက်ကတည်းက ဝေဖန်သံတွေ ထွက်နေတာဖြစ်ပါတယ်။ အဲဒီလအတွင်း နှုတ်ထွက်သွားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကလည်း သူ့ရဲ့ အနားယူမှုမှာ ဒီကိစ္စဟာ အကြောင်းတစ်ရပ်ဖြစ်တယ်လို့ ပြောထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးဖို့ ဆုံးဖြတ်လိုက်တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအတွင်း အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ဖက်က ဆွေးနွေးတဲ့ လယ်ဝေးမြို့နယ်အမတ် ဦးမျိုးဇော်ဦးကတော့ ဒီလို အမည်မှည့်တာကို တိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေနဲ့ ဂုဏ်ယူသင့်တယ်လို့ ထည့်သွင်းပြောဆို ခဲ့ပါတယ်။
“ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုပြီး စတင်မှည့်ခေါ်ဖို့ အကြောင်းပေါ်လာတော့ ကျေးဇူးရှင်ကို တနည်းအားဖြင့် ကျေးဇူးဆပ်ခွင့်ရတော့မယ့် မွန်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေနဲ့ ပိုလို့တောင် ဂုဏ်ယူသင့်ပါတယ်”လို့ သူက ပြောခဲ့တာပါ။
သံလွင်မြစ်ပေါ်ကဖြတ်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ကို ဆက်သွယ်ထားတဲ့ ဒီတံတားဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမည်ကို ပေးထားတဲ့ ပထမဆုံးတံတားဖြစ်လာမှာပါ။ ဒါ့အပြင် ပြည်နယ်တစ်ခုမှာရှိတဲ့ တံတားတစ်စင်းရဲ့ အမည်ကိုသတ်မှတ်ဖို့ ပြည်သူ့လွှတ်တော်အဆင့်မှာ ပထမဆုံးအကြိမ် ဆွေးနွေး ဆုံးဖြတ်ခဲ့ရတဲ့ ကိစ္စအဖြစ်လည်း မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။
နောက်ထပ်ထူးခြားတာတစ်ခုကတော့ ပြည်ထောင်စုအစိုးရအဖွဲ့မှာ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ်တာဝန် ယူထားတဲ့ မွန်လူမျိုး နိုင်သက်လွင်ရဲ့ သမီးဖြစ်သူ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်မိကွန်ချမ်းက တင်သွင်းပြီး အတည်ဖြစ်သွားတဲ့ ဒီအဆိုကို လက်မခံနိုင်တဲ့ မွန်လူမျိုးတွေက ဆန္ဒပြပွဲနဲ့ တုံ့ပြန်ဖို့စီစဉ်နေတာပဲ ဖြစ်ပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း