နေပြည်တော်၊ မတ် ၁၄
သံလွင်မြစ်ပေါ်ကဖြတ်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့တို့ကို ဆက်သွယ်မယ့် တံတားတစ်စင်းရဲ့ အမည်ကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်သတ်မှတ်ဖို့ ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်း အဝေးမှာ ဆွေးနွေးပြီးနောက် ဆန္ဒမဲခွဲကာ အတည်ပြုလိုက်ပါပြီ။
ပြည်နယ်တစ်ခုအတွင်းတည်ရှိတဲ့ တံတားတစ်စင်း အမည်ပေးဖို့ကိစ္စကို ပြည်သူ့လွှတ်တော်မှာ အဆိုတင်သွင်း ဆုံးဖြတ်တာဟာ ၂၀၁၁ ခုနှစ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလက စတင်ရေတွက်ရင် ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
အဲဒီတံတားကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမည်နာမနဲ့ ဂုဏ်ပြုသတ်မှတ်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းလို့အမည်ရပြီး ပြည်သူ့လွှတ်တော်အမတ် အမတ် ၁၅ ဦး ယနေ့ ပါဝင်ဆွေးနွေးခဲ့ကြတဲ့ ဒီအဆိုကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကလည်း ထောက်ခံခဲ့ပါတယ်။
အမတ်တွေရဲ့ ဆွေးနွေးမှုအတွင်းမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ဝင် အမတ်တစ်ဦးက ကန့်ကွက်ဆွေးနွေးပြီး ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ အမတ်ကတော့ ဒေသခံတွေရဲ့ ဆန္ဒသဘောထားကို လေ့လာသင့်တယ်လို့ အကြံပြုခဲ့ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် အမတ် ၁၂ ဦးကတော့ အဆိုကို ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။
တပ်မတော်ဖက်က တစ်ဦးပါဝင်ဆွေးနွေးခဲ့ပြီး သတ်မှတ်ချိန်ပြည့်သွားလို့ ဆွေးနွေးချက်မပြီးဆုံးလိုက်တဲ့ ဗိုလ်မှူးဇော်ဇော်မိုးကတော့ ကန့်ကွက်တာမဟုတ်ဘဲ တပ်မတော်အနေနဲ့ ဒီကိစ္စမှာကြားနေအဖြစ် ရပ်တည်တဲ့အကြောင်း အစည်းအဝေးပြီးဆုံးချိန်မှာ တယ်လီဖုန်းကတစ်ဆင့် အတည်ပြုပြောဆိုခဲ့ပါတယ်။
ထူးခြားတာက NLDနဲ့ USDP အမတ်တွေဟာ ဒီကိစ္စမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ဒြပ်ကို ငဲ့ကြဖို့ မတူညီတဲ့ ရှုထောင့်တွေကနေ ဆွေးနွေးသွားကြတာပါ။
အဆိုကို ထောက်ခံဆွေးနွေးခဲ့တဲ့ စေတုတ္တရာမဲဆန္ဒနယ် NLD အမတ် ဦးကျော်လွန်အောင်က ဒီတံတားအမည် အကြောင်းပြုပြီး လူတစ်ချို့ရဲ့ ပရောဂနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ထာဝရဂုဏ်ပုဒ်ကို ထပ်မံမလုပ်ကြံမိဖို့ လိုတယ်လို့ သတိပေးခဲ့ပြီး မင်းကင်းမြို့နယ် USDP အမတ် ဦးမောင်မြင့်ကတော့ သာမန်တံတားလေးကို ဗိုလ်ချုပ် နာမည်ပေးတာဟာ ဗိုလ်ချုပ်ရဲ့ကြီးမြတ်တဲ့ ဂုဏ်ဒြပ်ကို နှိမ့်ချသလိုဖြစ်နေတဲ့အတွက် ကန့်ကွက်တယ်လို့ ပြောခဲ့ပါတယ်။
တပ်မတော်ဖက်ကတော့ မဲအနည်းအများနဲ့ ဆုံးဖြတ်တာထက် အဓိကနဲ့ သာမညကို ခွဲခြားသင့်တယ်လို့ ပြည်သူ့လွှတ်တော်ကို တိုက်တွန်းခဲ့ပါတယ်။ ဝင်ရောက်ဆွေးနွေးတဲ့ ဗိုလ်မှူးဇော်ဇော်မိုးက “တံတားအမည်တစ်ခု သတ်မှတ်ပေးရေးကိစ္စဟာ ပြည်သူ့လွှတ်တော်အထိ တင်ပြဆောင်ရွက်ရမယ့် ကိစ္စတစ်ရပ် မဟုတ်ဘူးလို့လည်း ယူဆမိပါတယ်”လို့ လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။
ဆွေးနွေးမှုများအပြီးမှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒီအဆိုကို သဘောတူမတူမေးမြန်းခဲ့ရာမှာ ဦးမောင်မြင့်က မတ်တပ်ထ ကန့်ကွက်ခဲ့တဲ့အတွက် စက်ခလုပ်အသုံးပြုပြီး လျှို့ဝှက်ဆန္ဒမဲ ခွဲခဲ့ရပါတယ်။ မဲခွဲရာမှာတော့ ထောက်ခံမဲ ၂၁၇၊ ကန့်ကွက်၊ ၄၃၊ ကြားနေ ၁၁၆ မဲနဲ့ အဆိုဟာ အတည်ဖြစ်ခဲ့ပါတယ်။
အဆိုရှင် မွန်ပြည်နယ်၊ ပေါင်မဲဆန္ဒနယ်အမတ် ဒေါ်မိကွန်ချမ်းကတော့ ဒါဟာ သာမန်နာမည်ပေးတဲ့ကိစ္စလို့ မယူဆစေလိုတဲ့အကြောင်း Frontier ကိုပြောတယ်။
“ရွာတစ်ရွာကိုယ်စားပြုတဲ့ တံတားလည်းမဟုတ်ဘူး။ ဝန်ကြီးပြောသလိုပဲ တစ်တိုင်းတစ်ပြည်လုံးက တိုင်းရင်းသားတွေအားလုံးကို စီးပွားရေးဖွံ့ဖြိုးဖို့အတွက် ကမ္ဘာ့အဆင့်တောင်မှ မျှော်မှန်းပြီးဆောက်ထားတဲ့ တံတားဆိုတော့ ကျွန်မတို့က အားလုံးအတွက်ကိုလည်း စဉ်းစားပေးရမှာ။ လူမျိုးတစ်မျိုးအတွက်ကြောင့်ဆိုတာ မဟုတ်ဘူးလို့ ပြောချင်တယ်”လို့ အစည်းအဝေးအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ သူက ပြောကြားပါတယ်။
မူလက သံလွင်တံတား(ချောင်းဆုံ)လို့ သတ်မှတ်ပြီး စီမံကိန်းဆောင်ရွက်နေရာက ဗိုလ်ချုပ်အောင်ဆန်း တံတားဆိုတဲ့အမည်နဲ့ ဖွင့်လှစ်ဖို့ စီစဉ်တဲ့အပေါ် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလလောက်ကစပြီး ဝေဖန်မှုတွေရှိ လာခဲ့ပါတယ်။
အဲဒီအချိန်ကာလအတွင်းမှာပဲ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး နှုတ်ထွက်သွားခဲ့ပြီး သူ ရာထူးစွန့်ရတဲ့ကိစ္စမှာ ဒီတံတားအမည်ပေးရေးဟာ အဓိကအကြောင်းတစ်ရပ်ဖြစ်တဲ့အကြောင်း မီဒီယာအချို့ကို ပြောကြားခဲ့ပါသေးတယ်။
အဲဒီနောက် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ဒေါ်မိကွန်ချမ်းက ဒီအဆိုကို ပြည်သူ့လွှတ်တော်ကို စတင် တင်သွင်းခဲ့တာပါ။ အဲဒီနောက် ချောင်းဆုံမြို့ ဒေသခံ ၃,၀၀၀ ကျော်က ဒီလိုအမည်ပေးမှုကို ကန့်ကွက်တဲ့အကြောင်း မတ် ၂ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ဒီလို ကန့်ကွက်မှုတွေလုပ်နေတဲ့ ဒေသခံတွေဆီ သွားရောက်ဆွေးနွေးခဲ့တာမျိုးရှိပါသလားလို့ အဆိုရှင် ဒေါ်မိကွန်ချမ်းကို Frontier က မေးမြန်းရာမှာတော့ “ကန့်ကွက်တယ်ဆိုတာက ပုံစံမျိုးစုံပါ။ ဒေသခံဆိုတဲ့နေရာမှာ မွန်ပြည်နယ်မှာ လူမျိုးပေါင်းစုံနေထိုင်တယ်”လို့ပဲ ပြန်ဖြေပါတယ်။
ဘီလူးကျွန်းဒေသခံ ဦးမင်းမင်းနွယ်ကို Frontier က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှတော့ သူတို့ ဒေသနဲ့ အနီးတစ်ဝိုက်က ဘယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မျိုးကမှ လာပြီးမေးမြန်းတာမျိုး မရှိဘူးလို့ပြောပါတယ်။ ချောင်းဆုံမြို့နယ်အမတ် ဒေါ်ခင်ဌေးကြွယ်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာ တာဝန်ယူနေတဲ့အတွက် အဲဒီမဲဆန္ဒနယ်ဟာ လစ်လပ်နေပါတယ်။
“အဆိုရှင်က ပေါင်မြို့နယ် အမတ်ပဲလေဗျာ။ သူကိုယ်တိုင်ကိုက ဒေသမှာရှိတဲ့ မွန်လူမျိုးစုတွေကိုရော၊ ဒေသခံတွေကိုရော တစ်စုံတစ်ရာ ဘာမှမမေးမြန်းပဲနဲ့ သူ့သဘောနဲ့သူ တင်လိုက်တာ”လို့ အသက် ၅၂ နှစ် အရွယ် ဦးမင်းမင်းနွယ်က ပြောပါတယ်။
ဘာကြောင့် ဗိုလ်ချုပ်အောင်ဆန်းအမည်ပေးမှာကို ကန့်ကွက်တာလဲလို့ မေးမြန်းရာမှာတော့ “ဗိုလ်ချုပ်အောင်ဆန်းကို မလေးစားလို့မဟုတ်ဘူး။ တံတားသေးသေးလေးမို့ ကန့်ကွက်တာဗျ။ ပြည်ထောင်စုလမ်းမကြီးပေါ်က တံတားလည်းမဟုတ်ဘူး။ ဖက်ဒရယ်နိုင်ငံ သွားနေတယ်ဆိုပြီး တံတားအမည်ကိုတောင် ဒေသခံသဘောထားကို နားမထောင်ဘဲလုပ်တာကြောင့်”လို့ သူက ပြောပါတယ်။
ဦးမင်းမင်းနွယ်ဟာ တံတားအမည်ပေးတာနဲ့ ပတ်သက်ပြီး ဆန္ဒပြကန့်ကွက်မှုကို ဦးဆောင်ခဲ့တဲ့ ၉၆ ဦး ကော်မတီရဲ့ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး ကန့်ကွက်မှုတွေ ဆက်လုပ်သွားမယ်လို့ Frontier ကို အသိပေးပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း