တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen. Li Zuocheng ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည်။
ဧပြီ ၈ ရက်နေ့က စတင်သည့် ထိုခရီးစဉ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ သင်တန်းကျောင်းများ၊ စက်ရုံများနှင့် အထင်ကရနေရာများအား လှည့်လည်ကြည့်ရှု လေ့လာခြင်းများ ဆောင်ရွက်သွားမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိယခုလာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန်အတွက် လာရောက်သည့် ခရီးစဉ်ဖြစ်သည်” ဟု ပေကျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးတွင် သံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင် သင်တန်းသားအရာရှိများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ကိုယ်စားလှယ်အဖွဲ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်း ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများက အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြသည်။