Senior General Min Aung Hlaing speaks during the opening ceremony of the 21st Century Panglong Union Peace Conference in Nay Pyi Taw on August 19. (AFP)
၂၀၂၀၊ ဩဂုတ်၁၉ရက်က နေပြည်တော်တွင် ကျင်းပခဲ့သော လေးကြိမ်မြောက် ၂၁ရာစုပင်လုံညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (သက်အောင် | အေအက်ဖ်ပီ)

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘယ်လမ်းကို ရွေးချယ်မလဲ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သမ္မတဖြစ်လိုတဲ့ဆန္ဒကို ကြိမ်ဖန်များစွာ လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်လာဖို့ဆိုရင်တော့ တပ်မတော်နဲ့နီးစပ်ပြီး သူ့ကိုထောက်ခံပေးမယ့် ပြည်ခိုင်ဖြိုးပါတီအနေနဲ့ လာမယ့်နိုဝင်ဘာရွေးကောက်မှာ လုံလောက်တဲ့အမတ်နေရာ အနိုင်ရရှိဖို့လိုအပ်နေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

လက်ရှိ ပြည်တွင်းကနိုင်ငံရေးသမားတွေရော၊ နိုင်ငံတကာက မြန်မာ့အရေးလေ့လာစောင့်ကြည့်နေသူတွေပါ စိတ်ဝင်စားနေကြတဲ့ ကိစ္စတစ်ခုကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့အနာဂတ်ပါ။

၂၀၁၁မှာ မြန်မာ့တပ်မတော်ရဲ့ အဆင့်အမြင့်ဆုံး ရာထူး ဆက်ခံခွင့်ရခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၁၆မှာ အသက်၆၀ပြည့်ခဲ့ပေမဲ့ အငြိမ်းစားမယူခဲ့ပါဘူး။ တပ်မတော်တွင်းဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်တာဝန် ဆက်ယူခဲ့ပါတယ်။ လာမယ့် ၂၀၂၁မှာဆိုရင်တော့ အသက်၆၅နှစ်ပြည့်ပါပြီ။ အဲဒီအချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် တခြားတစ်ယောက်ယောက်ကို လွှဲပြောင်းပေးရလိမ့်မယ်ဆိုပြီး အစိုးရအဖွဲ့အတွင်းမှာရော၊ တပ်မတော် အတွင်းမှာပါ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနေကြပါတယ်။

သိပ်မကြာသေးခင် အချိန်ပိုင်းအထိလုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အင်တာဗျူးတွေမှာရော၊ နိုင်ငံခြားသံတမန်တွေနဲ့ တွေ့ဆုံရာမှာပါ သူ့ကိုအဲဒီအကြောင်းမေးကြ၊ သူကလည်း အဲဒီအကြောင်း သွယ်ဝိုက်ပြီးပြန်ဖြေတာ တွေ့မြင်ကြရပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကနေအနားယူမှာလား၊ ပြီးရင် သူဘာဆက်လုပ်မှာလဲဆိုတဲ့ကိစ္စ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အခုတစ်ပတ် အဲဒီအကြောင်းကို လေ့လာတင်ပြသွားပါ့မယ်။

အရင်စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀မှာ ရွေးကောက်ပွဲတစ်ခု ကျင်းပစေပြီး ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ခဲ့တဲ့ ဦးသိန်းစိန်ကို သမ္မတ တာဝန်ပေးအပ်ခဲ့ပါတယ်။ သူနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးကလွဲရင် တတိယမြောက် အာဏာအရှိဆုံးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်းကိုတော့ တပ်မတော်က အနားယူခိုင်း၊ ရွေးကောက်ပွဲဝင်ခိုင်းပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတာဝန်ပေးပါတယ်။ သူနဲ့အတူ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးနှစ်ယောက်စလုံး တပ်မတော်ကနေအငြိမ်းစားယူပြီး အများထင်မှတ်မထားတဲ့ တပ်မတော်မှာပိုပြီးဂျူနီယာကျတဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ပေးအပ်ခဲ့ပါတယ်။

တကယ်ဆိုရင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ စစ်ဘုရင်မင်းဆက် အစဉ်အဆက်အုပ်ချုပ်ဖို့ စနစ်တကျစီစဉ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်တာကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုတာ တစ်ချိန်မှာသမ္မတဖြစ်လာမယ့် သမ္မတလောင်းလို့သတ်မှတ်မယ်ဆိုရင်လည်း မှားတယ်လို့မဆိုနိုင်ပါဘူး။

ဒါပေမဲ့ ကံမကောင်းအကြောင်းမလှစွာပဲ ၂၀၁၁နဲ့ ၂၀၁၅အကြား အာဏာရပြည်ခိုင်ဖြိုးပါတီတွင်းမှာ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့အုပ်စုနဲ့ လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း ဦးဆောင်တဲ့ ပါတီနဲ့လွှတ်တော်ခေါင်းဆောင်အုပ်စု ဂိုဏ်းဂဏတိုက်ပွဲတွေပြင်းထန်ပြီး နောက်ဆုံး ၂၀၁၅ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီကို ခွက်ခွက်လန်အောင်ရှုံးတဲ့ အနေအထားဆိုက်ရောက်သွားခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း ၂၀၁၅နှစ်ဆန်း တရုတ်-မြန်မာနယ်စပ်မှာ အရင်ကိုးကန့်သူပုန်ဟောင်းတွေရဲ့ အကြီးအကျယ်ဝင်ရောက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး မြန်မာ့တပ်မတော်အကြီးအကျယ်အထိနာခဲ့သလို၊ တပ်မတော်ကနေ တရုတ်အစိုးရအပေါ် ယုံကြည်မှုကင်းမဲ့တဲ့အခြေအနေမျိုးလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ အကျိုးဆက်အဖြစ် အမာခံကျောထောက်နောက်ခံပေးမယ့် မဟာမိတ်အင်အားစုကင်းမဲ့သလိုဖြစ်သွားတဲ့ အခြေအနေအောက်မှာ စစ်အာဏာသိမ်းပွဲမျိုး မပေါ်ပေါက်တော့ပဲ အင်န်အယ်လ်ဒီအစိုးရကို အာဏာလွှဲပေးလိုက်ရတဲ့ အခြေအနေဆိုက်ရောက်သွားစေပါတယ်။

အဲဒီငါးနှစ်တာကာလ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သမ္မတဟောင်းဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌဟောင်းသူရဦးရွှေမန်း အကွဲအပြဲမှာ သမ္မတဟောင်းဦးသိန်းစိန်ဘက်က ပြတ်ပြတ်သားသားရပ်တည်တာကလွဲလို့ တခြား နိုင်ငံရေးနဲ့ဆိုင်တဲ့ကိစ္စရပ်တွေမှာ ဝင်ရောက်ပြောဆိုစွက်ဖက်တာမျိုးမရှိဘဲ တပ်မတော်ဆိုင်ရာလုပ်ငန်းတွေကိုပဲ အာရုံစိုက်တာ တွေ့မြင်ကြရပါတယ်။

၂၀၁၅ရွေးကောက်ပွဲပြီးနောက်ပိုင်း အစိုးရအဖွဲ့သစ်ဖွဲ့တဲ့အခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် ရွေးချယ်စရာတစ်ခု ပေါ်လာပါတယ်။ အဲဒါကတော့ တပ်မတော်ကနေ အငြိမ်းစားယူပြီး ဒုသမ္မတ တာဝန်ယူမလားဆိုတာပါ။ တကယ်တော့ ၂၀၀၈ဖွဲ့စည်းပုံအရ ဒုသမ္မတဆိုတာ သမ္မတက တာဝန်ခွဲဝေပေးတာတွေကိုသာလုပ်ရတဲ့ သိပ်ပြီးသြဇာအာဏာမကြီးတဲ့ ရာထူးတာဝန်ဖြစ်တာမို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒုသမ္မတရာထူးမယူပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကိုပဲ ဆက်ယူခဲ့တာတွေ့နိုင်ပါတယ်။

အင်န်အယ်လ်ဒီအစိုးရလက်ထက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြုမူလှုပ်ရှားပုံတွေဟာ သမ္မတဟောင်းဦးသိန်းစိန်လက်ထက်ကနဲ့ ခြားနားလာတာတွေ့မြင်ရပါတယ်။ တပ်မတော်ကို ရွေးကောက်ခံ အစိုးရလက်အောက်မှာ မဟုတ်တဲ့၊ သီးခြားရပ်တည်တဲ့အဖွဲ့အစည်းတစ်ခု၊ သူကိုယ်တိုင် သီးခြားအာဏာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်အဖြစ်ရပ်တည်ပြရင်း ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှုရှိလာတာကိုလည်း တွေ့မြင်ကြရပါတယ်။ နိုင်ငံတကာအကြီးအကဲနဲ့ သံတမန်တွေဟာ အစိုးရအကြီးအကဲ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို တွေ့ဆုံသလို၊ သူ့ကိုလည်း သီးခြားစီ တွေ့ဆုံရတာကိုလည်း ကျေနပ်နှစ်ခြိုက်ဟန်ရှိပါတယ်။ ဒီအတွက် မြန်မာနိုင်ငံမှာ အစိုးရနှစ်ဖွဲ့ ရှိတယ်ဆိုပြီး ဝေဖန်တာရှိသလို၊ အဲဒီအတိုင်း အမှန်တကယ်ဖြစ်ပျက်နေတာတွေကိုလည်း တွေ့မြင်လာကြရပါတယ်။

အင်န်အယ်လ်ဒီအစိုးရသက်တမ်း ကြာမြင့်လာလေလေ၊ အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေကြား ပွတ်တိုက်မှုများလာလေလေဖြစ်ပြီး အခုနောက်ဆုံးငြိမ်းချမ်းရေးကိစ္စမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစိုးရအဖွဲ့အပေါ် လူသိထင်ရှား ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်မှုတောင်လုပ်ခဲ့ပါတယ်။ သြဂုတ်၁၉ရက်ကလုပ်တဲ့ ၂၁ရာစုပင်လုံညီလာခံအဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရကို အရင်က ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)နဲ့ ခိုင်းနှိုင်းပြီး “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားပါနဲ့”လို့ ပြောဆိုခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ လက်ရှိပြည်တွင်းစစ်ကို တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ပဋိပက္ခအဖြစ်၊ အစိုးရက ကြားဝင်ဖျန်ဖြေသူအဖြစ် ပုံမဖော်ပါနဲ့၊ တပ်မတော်ကိုပဲ အပြစ်ပုံချမနေပါနဲ့လို့ ဆိုလိုလိုက်တာဖြစ်ပါတယ်။

ဒီအတောအတွင်း နိုင်ငံခြားမီဒီယာတွေ၊ နိုင်ငံခြားသံတမန်တွေနဲ့တွေ့ဆုံချိန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့အနာဂတ်ကို သူပုံဖော်ပြတာမျိုးတော့ ရှိခဲ့ပါတယ်။ သူအမြဲပြောလေ့ရှိတာက သူဟာ စစ်ဘက်၊ အရပ်ဘက်ကြွယ်ဝတဲ့ အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံတွေအများကြီးရှိခဲ့တယ်၊ ဒါကြောင့် ရွေးကောက်ပွဲပြီးလို့ရလဒ်တွေ ထွက်ပေါ်လာတဲ့အပေါ်မူတည်ပြီး သူဆက်လုပ်သွားမယ်လို့ ဖြေခဲ့ပါတယ်။ သွယ်ဝိုက်ပြီးပြောရရင်တော့ သူ့အနေနဲ့ နိုင်ငံ့အထွတ်အထိပ် နိုင်ငံတော်သမ္မတဖြစ်ဖို့အထိ ရည်မှန်းချက်ထားတယ်ဆိုတဲ့ သဘောမျိုးပါပဲ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ၂၀၀၈ဖွဲ့စည်းပုံအရ တပ်မတော်သားအစုအဖွဲ့က တင်တဲ့ ဒုသမ္မတတစ်ယောက်ဖြစ်လာဖို့ အလွန်လွယ်ကူပါတယ်။ ဒါပေမဲ့ သမ္မတတစ်ယောက် ဖြစ်လာဖို့ကတော့ အကြမ်းဖျင်းကိုယ်စားလှယ် ၆၆၀နီးပါးရှိမယ့် ပြည်ထောင်စုလွှတ်တော်မှာ တစ်ဝက်ကျော်အရည်အတွက် ရထားဖို့လိုပါတယ်။ အဲဒီမှာ တပ်ချုပ်ကခန့်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ယောက်ရှိတာမို့ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးနဲ့မဟာမိတ်တွေက အနည်းဆုံး အမတ်၁၆၅ ယောက်လောက် အနိုင်ရဖို့လိုပါတယ်။

၂၀၁၅ရွေးကောက်ပွဲတုန်းကတော့ ပြည်ထောင်စုအဆင့်အတွက် ပြည်ခိုင်ဖြိုးဟာ အမတ်၄၁ယောက်ပဲ အနိုင်ရခဲ့ပြီး အခု ၂၀၂၀မှာ နှစ်ဆခွဲဖြစ်တဲ့ အယောက် ၁၀၀လောက်အနိုင်ရဖို့ မျှော်မှန်းထားတယ်ဆိုပြီး လက်ရှိ ပြည်ခိုင်ဖြိုးအမတ်လောင်းလည်းဖြစ်၊ အရင်သမ္မတဟောင်းဦးသိန်းစိန် အစိုးရလက်ထက်က စီနီယာဝန်ကြီးလည်းဖြစ်ခဲ့တဲ့ ရေတပ်ဦးစီးချုပ်ဟောင်း ဦးစိုးသိန်းက VOA သတင်းဌာနကို ပြောဆိုထားပါတယ်။ အဲဒီမျှော်မှန်းချက်ဟာ တပ်ချုပ်ကို သမ္မတဖြစ်အောင် ပို့ဆောင်ပေးနိုင်တဲ့ ကိုယ်စားလှယ်အရေအတွက်ထက် အတော်လေးကိုနည်းနေတဲ့အပြင် လက်ရှိပြည်ခိုင်ဖြိုးအပေါ် လူထုထောက်ခံမှု ခန့်မှန်းတွက်ဆချက်အရ၊ ၂၀၀၈ဖွဲ့စည်းပုံအရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတဖြစ်လာရေးဆိုတာ အတော့်ကို အလှမ်းကွာဝေးနေတာ တွေ့နိုင်ပါတယ်။ 

နောက်ထပ် တွက်ချက်ဖို့လိုတာတစ်ခုက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဖြစ်လာနိုင်သလားဆိုတာပါ။ ဒါကလည်း အထောက်အထားမဲ့ ပြောတာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ သြဂုတ်၁၄ရက်က နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီ ၃၄ ပါတီ တွေ့ဆုံပွဲလုပ်ပါတယ်။ အဲဒီပွဲမှာ ပါတီခေါင်းဆောင်သုံးယောက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ မကောင်းကြောင်း၊ ဘက်လိုက်နေတဲ့အကြောင်း၊ ဒါကြောင့် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း၊ ဒါကြောင့် တပ်မတော်က အာဏာလွှဲပြောင်းရယူပြီး ရွေးကောက်ပွဲကျင်းပပေးစေလိုကြောင်း တင်ပြခဲ့ပါတယ်။

အဲဒီပွဲမှာ တိတိကျကျတင်ပြသူကတော့ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်ပါ။ သူက ပါလီမန်ဒီမိုကရေစီခေတ် ဝန်ကြီးချုပ်ဦးနုလက်ထက်ကိုရည်ညွှန်းပြီး ၁၉၄၇ဖွဲ့စည်းပုံအရ ၁၉၅၈မှာ တည်ဆဲအစိုးရဆီကနေ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့တပ်မတော်က အာဏာလွှဲပြောင်းရယူပြီး ၁၉၆၀မှာ ရွေးကောက်ပွဲလုပ်ပေးခဲ့တဲ့ သာဓကရှိကြောင်း၊ အဲဒီသာဓက အတိုင်း လက်ရှိတပ်မတော်ကနေ အာဏာလွှဲပြောင်းရယူပြီး ရွေးကောက်ပွဲကို ဦးဆောင် ကျင်းပပေးဖို့ ပြောဆိုတာပါ။

ဒါပေမဲ့ ၂၀၀၈ဖွဲ့စည်းပုံမှာတော့ တိုင်းပြည်က တကယ့်ကို ဆိုးဆိုးရွားရွားအခြေအနေရောက်မှ နိုင်ငံတော်သမ္မတကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲပြောင်းပေးဖို့ဆိုတဲ့ ဖော်ပြချက်ရှိပါတယ်။ နိုင်ငံတော်သမ္မတက လွှဲမပေးရင် တပ်ချုပ်ဟာ သူ့သဘောနဲ့သူ အာဏာရယူလို့မရပါဘူး။ တကယ်လို့ သမ္မတရဲ့လွှဲအပ်ချက်မရဘဲ စစ်အာဏာသိမ်းမှုလုပ်ခဲ့ရင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာကျသလို၊ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာလည်းကျပါလိမ့်မယ်။

နိုင်ငံရေးပါတီခေါင်းဆောင်တစ်ချို့ရဲ့ အဲဒီလိုအမြော်အမြင်မဲ့တဲ့ အကြံပေးချက်အတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ၂၀၀၈ဖွဲ့စည်းပုံကို ချိုးဖောက်ရာရောက်တဲ့၊ နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ရာရောက်တဲ့ စစ်အာဏာသိမ်းမှုမျိုး လုပ်လိမ့်မယ်လို့တော့မမျှော်လင့်နိုင်ပါဘူး။ 

အဖြစ်နိုင်ဆုံးကတော့ သူ့အသက်ထက်ဆုံး တိုင်းပြည်အတွက် အလုပ်လုပ်ပေးဖို့ အမြဲတန်း ဆန္ဒရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲအပြီး ၂၀၂၁နှစ်ဆန်းမှာ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့သစ်မှာ တပ်မတော်အစုအဖွဲ့ကတင်မြှောက်တဲ့ ဒုသမ္မတတစ်ယောက်အနေနဲ့ တိုင်းပြည်တာဝန်တွေကို ဆက်ပြီးထမ်းဆောင်သွားဖွယ်ရှိနေပါကြောင်း တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်

စည်သူအောင်မြင့်

စည်သူအောင်မြင့်သည် ၁၉၉၇ တွင် သတင်းထောက်တစ်ဦး ဖြစ်လာသည်။ Living Colour စီးပွားရေးမဂ္ဂဇင်း နှင့် အခြားစာစောင်အများအပြား၌ ရေးသားခဲ့သည်။ ၂၀၁၃ မတိုင်မီက ပြည်ပ မီဒီယာများအတွက် သတင်းများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များ ပေးပို့ဆောင်ရွက်ခဲ့သည်။ လက်ရှိတွင် မီဒီယာ များ၌ အလွတ်တန်း ပင်တိုင်ဆောင်းပါးရှင်အဖြစ် ရေးသားပေးပို့လျက်ရှိသည်။

Share on facebook
Share on twitter
Share on email

More stories

အချိန်တိုအတွင်း အလျင်အမြန် ကြီးထွားလာသည့် မျက်နှာသစ်နိုင်ငံရေးပါတီ ယူဘီပီသည် နိုင်ငံရေးတွင် ရေရှည်ရပ်တည်နိုင်ပါမည်လော။ ဤဆောင်းပါးက လေ့လာတင်ပြထားပါသည်။

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar