တောင်ကြီး၊ ဖေဖော်ဝါရီ ၁၃
ယနေ့ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၂ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ပိုင်ငွေ ကျပ် ၂၇ သိန်း ခြောက်သောင်းအသုံးပြုကာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တော်ခန်းမမှာ မိဘမဲ့ ကလေးငယ်တွေကို နေ့လည်စာအဟာရဒါနနဲ့ စာအုပ်စာတမ်းတွေကို ယနေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ပိုင်အလှူရယ်၊ ဆန်၊ဆီ၊ ဆားနဲ့ ကစားစရာပစ္စည်းတွေကတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရယ် ပေါင်းပြီး လှူဒါန်းတာပါ” လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက Frontier ကို ပြောပါတယ်။
တက်ရောက်လာတဲ့ ကလေးငယ်တွေကို အခမ်းအနားအစပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံ ကလေးများနေ့လည်း ဖြစ်ပါတယ်။ ကျန်းမာ ချမ်းသာကြပါစေ။ နိုင်ငံ့အကျိုးပြုနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အခမ်းအနားကို ဓမ္မဝိဒူ လူငယ်ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းလူငယ်ဖွံ့ဖြိုးရေး၊ အမျိုးသမီးစတဲ့ ပရဟိဂေဟာများ၊ ဒေါ်ကြီးဒေါ်ငယ်၊ Open Door၊ အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတ အသင်း၊ ဘုရားဖြူ(ခရစ်ယန်)မသန်စွမ်းဂေဟာ၊ စိတ္တသုခ၊ အောင်ချမ်းသာနဲ့ မိဘမေတ္တာ ပရဟိတဂေဟာတို့က ကလေးငယ် စုစုပေါင်း ၂၄၀ ဦး တက်ရောက်ခဲ့ပါတယ်။
သတင်း-ဉာဏ်လှိုင်လင်း