ဗိုလ်ချုပ်နေဝင်း (ဝါ) ဥက္ကဋ္ဌကြီးကို နားလည်ရန် ကြိုးစားကြည့်ခြင်း

ပါမောက္ခ ရောဘတ်တေလာက စေ့စပ်သေချာစွာ သုတေသနပြုထားတဲ့ သူ့ရဲ့ “ဗိုလ်ချုပ် နေဝင်း – နိုင်ငံရေးအတ္ထုပ္ပတ္တိ” ထဲမှာ ခေတ်သစ်မြန်မာ့သမိုင်းအတွင်းက လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်တစ်ဦးရဲ့ ဘဝကို အသေးစိတ်ခြယ်မှုန်း တင်ပြထားပါတယ်။ 

၂၀၀၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှာ ဦးနေဝင်း ကွယ်လွန်သွားခြင်းနဲ့အတူ သူ့ရဲ့ ခမ်းနားထည်ဝါမှုလည်း တပါတည်း မှေးမှိန်သွားခဲ့ရပါတယ်။ အာဏာသိမ်းရန် ကြံစည်သည်ဆိုတဲ့ စွဲချက်တစ်ခုနဲ့ သားမက်ဖြစ်သူ၊ မြေးသုံးယောက်တို့နဲ့အတူ နှစ်ရှည်ထောင်ဒဏ်အဖြစ် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်မှာ အကျဉ်းသား တစ်ဦးအဖြစ် ဆုံးပါးသွားခဲ့တာပါ။ ပိုပြီး ထိထိခိုက်ခိုက် ဖြစ်စေတာကတော့ “ဥက္ကဋ္ဌကြီး”ကို နိုင်ငံတော် ဈာပနအခမ်းအနားနဲ့ သဂြုႋဟ်ရန် ငြင်းဆန်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ပါမောက္ခ ရောဘတ်တေလာက စေ့စပ်သေချာစွာ သုတေသနပြုထားတဲ့ သူ့ရဲ့ “ဗိုလ်ချုပ် နေဝင်း – နိုင်ငံရေးအတ္ထုပ္ပတ္တိ” ထဲမှာ ခေတ်သစ်မြန်မာ့သမိုင်းအတွင်းက လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်တစ်ဦးရဲ့ ဘဝကို အသေးစိတ်ခြယ်မှုန်း တင်ပြထားပါတယ်။

ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ်မှာ ပညာရှင်ဘဝလမ်းကြောင်း တစ်ခုကို စတင်ခဲ့တဲ့ ပါမောက္ခ ရောဘတ်တေလာက တပ်မတော်ရဲ့ ဖခင်တစ်ဦးလည်းဖြစ်၊ တပ်မတော်ကို ၂၆ နှစ်လောက် ဦးဆောင်မှုပေးခဲ့သူလည်းဖြစ်ပြီး နိုင်ငံ့ဥသျှောင်အဖြစ်လည်း ၁၉ နှစ်ကြာမျှ ထမ်းဆောင်ခဲ့တဲ့ ပဟေဠိဆန်သော အငြင်းပွားဖွယ်ရာ အမျိုးသားကြီးတစ်ဦးကို ဘယ်တုန်းကမျှ မတွေ့ခဲ့ဖူးလို့ နှမြောတသ ဖြစ်နေသူပါ။

ဒါပေမယ့်လည်း ပါမောက္ခ တေလာက ဗိုလ်ချုပ်နေဝင်းကို သိရှိသူတွေနဲ့ သိကျွမ်းပြီး သူတို့ဆီကနေ ဥက္ကဋ္ဌကြီးအကြောင်းကို သိရှိခဲ့ရသူပါ။ ဒါ့အပြင် ဒီအကြောင်းတွေနဲ့ နှစ်ပေါင်း ၅၀ လောက် စောင့်ကြည့်လေ့လာ သုတေသနပြုမှုတို့က ဗိုလ်ချုပ်နေဝင်းအပေါ် နားလည်မှု လွဲမှားတဲ့ သဘောထားအမြင်တွေကို စိန်ခေါ်နိုင်ချေရှိတဲ့ ပညာရပ်ဆိုင်ရာ စာတမ်းတစ်စောင် ရရှိခဲ့ပါတယ်။ Frontier က ပါမောက္ခ တေလာကို ဗိုလ်ချုပ်နေဝင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ လေ့လာတွေ့ရှိမှုတချို့ကို မျှဝေပေးဖို့ ပန်ကြားခဲ့ပါတယ်။

တိုင်းပြည်ကို မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်နဲ့ အရှေ့တောင်အာရှရဲ့ အချမ်းသာဆုံး နိုင်ငံအဖြစ်ကနေ အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ပြောင်းလဲခဲ့တာတွေနဲ့ဆက်စပ်ပြီး ဗိုလ်ချုပ်နေဝင်းကို မကြာခဏ မှတ်မိလေ့ ရှိကြပါတယ်။ ဒါဟာ မျှတတဲ့ ဆန်းစစ်အကဲဖြတ်ချက် ဖြစ်ရဲ့လား။

ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ် မတိုင်မီမှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှက အချမ်းသာဆုံးနိုင်ငံ ဖြစ်ခဲ့တယ်ဆိုတဲ့ ထပ်ခါတလဲလဲ ပြောကြားနေတာဟာ မှားယွင်းပါတယ်။ ပရော်ဖက်ဆာ အန်းဘုသ်ရဲ့ သုတေသနစာတမ်းက ယူထားတဲ့ စာမျက်နှာ ၅၄၄ ဇယား ၁ မှာ ဖော်ပြထားတဲ့အတိုင်း လူတစ်ဦးချင်းစီရဲ့ ပြည်တွင်းအသားတင်ထုတ်ကုန် GDP အခြေခံအရ မြန်မာနိုင်ငံဟာ ၁၉၆၂ မတိုင်မီနဲ့ ၁၉၆၂ နောက်ပိုင်း အချိန်ကာလ နှစ်ခုစလုံးမှာ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ မလေးရှားအပါအဝင် ပိုမိုဖွံ့ဖြိုးတိုးတက်တဲ့ ဒေသတွင်း စီးပွားရေး နိုင်ငံတွေထက် ဆင်းရဲပါတယ်။

ဒါပေမယ့် ဒေသရဲ့ ရွေ့လျားအား ပိုများတဲ့ စီးပွားရေးနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံက ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ ဖော်ပြခဲ့တဲ့နိုင်ငံတွေရဲ့တိုးတက်မှုနှုန်းကို လိုက်မမီတော့ပါဘူး။ အထူးသဖြင့် ဒေသတွင်းမှာ အရင်းရှင် စီးပွားရေးစနစ်တွေ တိုးတက်လာစေဖို့ ဆောင်ရွက်တဲ့ ဂျပန်နဲ့ အနောက်တိုင်းတို့က ရင်းနှီးမြုပ်နှံမှုတွေ စီးဝင်လာတဲ့ ၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းမှာ ဖြစ်ပါတယ်။ 

သူက စည်းရုံးဆွဲဆောင်မှုမှာ ဆရာတစ်ဆူ ဖြစ်ပေမယ့် နောင်ပိုင်းနှစ်တွေမှာ နောင်တရဖွယ်ရှိတဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တချို့ကို ချမှတ်စေခဲ့တဲ့ စိတ်လိုက်မာန်ပါ ဆောင်ရွက်တဲ့အကျင့်လည်း ရှိပါတယ်။

ဗိုလ်ချုပ်နေဝင်းက အရှေ့တောင်အာရှ နိုင်ငံတွေအပေါ် ရိုက်ခတ်ခဲ့တဲ့ စစ်အေးခေတ် တင်းမာမှုတွေမှာ မြန်မာနိုင်ငံ တိုက်ရိုက်မပါဝင်အောင် ကာကွယ်နိုင်ခဲ့တဲ့ သူ့ရဲ့ ကြိုးပမ်းမှုတွေအတွက် ဒီထက်ပိုပြီး အသိအမှတ်ပြု ခံသင့်တယ်လို့ ပြောခဲ့ဖူးတယ်နော်။ ဘာကြောင့်လဲ။

၁၉၅၀ ပြည့်နှစ်တွေကနေ ၁၉၈၀ ပြည့်နှစ်တွေအထိ တောက်လျောက်ဖြစ်ပွားခဲ့တဲ့ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ စစ်အေးခေတ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ အသက်ဆုံးရံှုးမှုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုတွေ၊ အမေရိကန်နဲ့ ဒေသတွင်း ကွန်မြူနစ်နိုင်ငံ၊ ကွန်မြူနစ်မိတ်ဘက်နိုင်ငံတွေ အကြား ဖြစ်ပွားတဲ့ စစ်ပွဲတွေမှာ အသက်ဆုံးရံှုးမှုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေအကြောင်းကို စဉ်းစားကြည့်ပါဦး။ ကိုရီးယားစစ်ပွဲအတွင်းမှာ အသက်ဆုံးရှုံးခဲ့ရတာတွေကိုလည်း အလားတူ ကြည့်လိုက်ပါဦး။

အာရှမှာရှိတဲ့ စစ်အေးတိုက်ပွဲက အိန္ဒိယနဲ့ မြန်မာနိုင်ငံတွေလည်း ပါဝင်တဲ့ တရုတ်နယ်စပ်နိုင်ငံတွေမှာ တိုက်ခိုက်ခဲ့တာပါ။ မြန်မာနိုင်ငံကတော့ ဗိုလ်ချုပ်နေဝင်းသာမက ဝန်ကြီးချုပ်ဟောင်း ဦးနု၊ သံအမတ် ဂျိမ်း ဘာရင်တန်နဲ့ ၁၉၄၈ ခုနှစ်ကနေ ယနေ့ကာလအထိ မြန်မာ့နိုင်ငံခြားရေးမူဝါဒတွေကို ပုံဖော်ခဲ့တဲ့သူတွေရဲ့ ကျေးဇူးကြောင့် ဒီလိုအဖြစ်မျိုးကို ရှောင်ရှားနိုင်ခဲ့တာပါ။

ဦးနေဝင်းရဲ့ ပြည်ပကို မကြာခဏ ခရီးသွားတာ၊ နိုင်ငံခြားသားတွေနဲ့ ရင်းနှီးတဲ့ ခင်မင်မှုရှိတာတွေက သူဟာ နိုင်ငံခြားသားတွေကို ကြောက်ရွံ့တဲ့သူလို့ ရည်ညွှန်းတာဖြစ်ကြောင်း ကောက်ချက်ချခဲ့ဖူးတယ်နော်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကကော နိုင်ငံခြားသား ကြောက်တဲ့ရောဂါရဲ့ သရုပ်သကန်ပဲ မဟုတ်လား။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေက ဘယ်လိုအတွေးကြောင့် နိုင်ငံခြားသားကြောက်တဲ့ ရောဂါဖြစ်ရမှာလဲ။ ဒါက မြန်မာနိုင်ငံ ပထမဆုံး ကျွန်ပြုခံခဲ့ရတဲ့ ၁၈၂၄ ခုနှစ်နောက်ပိုင်းနဲ့ လွတ်လပ်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာတဲ့ ၁၉၄၈ ခုနှစ်မတိုင်မီ တိုင်းပြည်ထဲ ရောက်လာတဲ့ ဘိုးဘေးရှိသူတွေက ဆန္ဒရှိတယ်ဆိုရင် သူတို့ နိုင်ငံသားဖြစ်ခွင့် အပြည့်အဝရရှိစေဖို့ ဆောင်ရွက်တဲ့ ဥပဒေတစ်ခုပါ။ နယ်ချဲ့လက်အောက်က လွတ်မြောက်လာတဲ့ လူမှုအသိုင်းအဝိုင်း တော်တော်များများမှာ အလားတူ မူဝါဒတွေကို ပြဋ္ဌာန်းခဲ့တာပါ။

သူက ရွှေ့ပြောင်းအခြေချ နေထိုင်သူတွေကို နိုင်ငံသားပြုခွင့် ပေးရာမှာ သူတို့ရဲ့ တိုင်းပြည်အပေါ် သစ္စာရှိမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ခဲ့တာတော့ အမှန်ပါပဲ။ ဒီကိစ္စမှာ သူကလည်း နယ်ချဲ့လက်အောက်ကျရောက်နေတဲ့ အချိန်မှာ စီးပွားရေးအရ သိသိသာသာ သြဇာလွှမ်းမိုးမှုရှိတဲ့ ရွှေ့ပြောင်းအသိုင်းအဝိုင်းတွေကို လက်ခံခဲ့ရတဲ့ ကိုလိုနီနိုင်ငံတွေရဲ့ တခြားခေါင်းဆောင်များစွာနည်းတူပါပဲ။

အဲဒီအက်ဥပဒေ အတည်ပြုတဲ့အချိန်မှာ၊ ကျွန်တော့်စာအုပ်ထဲမှာ ပြည့်ပြည့်စုံစုံလေးဖော်ပြထားတဲ့ သူ ဘာပြောခဲ့သလဲဆိုတာတွေကို ဖတ်ကြည့်မယ်ဆိုရင် မြန်မာ့လူ့ဘောင်အတွင်း ဝင်ရောက်ပေါင်းစည်းလာတဲ့ ရွှေ့ပြောင်းတွေကို မိမိတို့နည်းတူ ဒင်းပြည့်ကျပ်ပြည့် နိုင်ငံသားများအဖြစ် လက်ခံပေးရန်မှာ ဌာနေတိုင်းရင်းသားထုရဲ့ တာဝန်ဖြစ်တယ်လို့ သူ ပြောကြားထားတာ တွေ့ရမှာပါ။ အမေရိကန် သမ္မတလောင်းတွေ ရရှိတဲ့ လက်ခုပ်သြဘာသံမျိုးရဖို့ ရွှေ့ပြောင်းတွေအကြောင်း ယုတ္တိမရှိတာတွေ မပြောကြားခဲ့သလို သူ လက်ခံမှာလည်း မဟုတ်ပါဘူး။

၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက် ပြုလုပ်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံပိုင် ပြုအပြီးမှာ နိုင်ငံသားဥပဒေက ပေါ်ထွက်လာခဲ့တာပါ။ ဦးနေဝင်းက စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံပိုင် ပြုလုပ်တာကြောင့် ပိုင်ဆိုင်သမျှ စီးပွားဥစ္စာ ဆုံးရှုံးခဲ့ရတဲ့သူတွေရဲ့ ဘဏ္ဍာရေး ထိခိုက်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ နာကြည်းမှုတွေအတွက် နောင်တ ရဖူးတာများ ဖော်ပြခဲ့ဖူးပါသလား။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ရဲ့ ထူးဆန်းတဲ့ လက္ခဏာသွင်ပြင်တစ်ရပ်က စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံပိုင် ပြုစဉ်မှာ လူတွေရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကို မသိမ်းတာပဲ။ ဗြိတိသျှ လက်အောက်မှာ ဒါမှမဟုတ် လွတ်လပ်ရေးရပြီးနောက် ပါဝင်လာတဲ့ အစိုးရတွင်း အခန်းကဏ္ဍတွေကြောင့် ချမ်းသာ ကြွယ်ဝလာသူများစွာ အပါအဝင် ရန်ကုန်မြို့ရဲ့ ရေပေါ်ဆီလူတန်းစားဟောင်းတွေက စီးပွားရေး လုပ်ငန်းတွေ နိုင်ငံပိုင် ပြုလုပ်ခံရပေမယ့် ရွှေတောင်ကြား၊ အင်းလျားလမ်းတစ်လျှောက်နဲ့ တခြားနေရာတွေက သူတို့ရဲ့ ခမ်းနားထည်ဝါတဲ့ အိမ်တွေကို ဆက်လက်ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။

၁၉၈၈ နောက်ပိုင်းမှာတော့ သူတို့ကိုယ်တိုင် ဖြစ်စေ၊ ဒါမှမဟုတ် သူတို့ရဲ့ သားသမီးတွေက တန်ဖိုးရှိတဲ့မြေကွက်ကို ရောင်းချခဲ့ခြင်း၊ ဒါမှမဟုတ် အိမ်များကို ဆက်လက်ထိန်းသိမ်းခြင်းများ ရှိခဲ့ပါတယ်။ ဗိုလ်လက်ယာ၊ ဒေါက်တာဗမော်နဲ့ ဦးကျော်ငြိမ်း အပါအဝင် သူ့ရဲ့အုပ်ချုပ်မှုကို ဆန့်ကျင်လို့ သူက ချုပ်နှောင်ခဲ့တဲ့သူတွေ ထောင်ကျနေစဉ်မှာ သူတို့ရဲ့ မိသားစုတွေက သူတို့အိမ်တွေမှာ ဆက်နေထိုင်ခဲ့ကြပြီး သူတို့ကားတွေကို သိမ်းထားခဲ့ပါတယ်။ ထောင်ကနေ လွတ်တဲ့အခါမှာတော့ အဲဒီကားတွေကို ပြန်ပေးပါတယ်။

“ချမ်းသာသူတွေကို ချမ်းသာမြဲ ချမ်းသာအောင် လုပ်ပေးရလိမ့်မယ်။ ဒါပေမယ့် ချမ်းသာသူတွေက ဆင်းရဲနွမ်းပါးသူတွေရဲ့ ဘဝတွေကို မြှင့်တင်နိုင်ခွင့် ပြုရပါလိမ့်မယ်။ ဒီလုပ်ငန်းစဉ်မှာ ဓနရှင်လူတန်းစားက အရင်အချိန်ကလောက် ချမ်းသာချင်မှ ချမ်းသာမှာ ဖြစ်ပေမယ့် ဆင်းရဲမွဲတေသွားမှာတော့ မဟုတ်ပါဘူး”လို့ သူ ပြောခဲ့သလိုပေါ့။

သူက စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံပိုင်ပြုပြီးနောက်မှာ အဲဒီလုပ်ငန်းပိုင်ရှင်ဟောင်းတွေကိုပဲ မကြာခဏ အလုပ်ပြန်ခန့်ပေးတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။ ဖြစ်နိုင်တာက သူတို့မှာ လုပ်ငန်းလုပ်ကိုင်ဖို့ အရည်အချင်း ရှိတယ်ဆိုတာကို နားလည်တာကြောင့်ပါ။

ဘယ်အရာကို သူ့ရဲ့ အကြီးမားဆုံး အောင်မြင်မှုအဖြစ် ဗိုလ်ချုပ်နေဝင်း သတ်မှတ်လိမ့်မယ်လို့ သင်ထင်ပါသလဲ။

မန်မာလို ဖော်ပြမှုမျိုးနဲ့တော့ ကျွန်တော်ပြောလို့ မရပါဘူး။ သူ့ရဲ့အကြီးမားဆုံး အောင်မြင်မှုက မြန်မာ့ တပ်မတော် တည်ဆောက်တာမှာ သူ့ရဲ့ခေါင်းဆောင်မှု၊ ဒါမှမဟုတ် စစ်အေးခေတ်ရဲ့ အမျိုးမျိုးအဖုံဖုံ အပြောင်းအလဲတွေကြားမှာ မြန်မာနိုင်ငံကို ထိန်းကျောင်းထားနိုင်ခဲ့တဲ့ သူ့ရဲ့အခန်းကဏ္ဍ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်သူတွေကို နိုင်ငံတကာ ပဋိပက္ခအန္တရာယ်တွေနဲ့ ဝေးရာမှာ ထားနိုင်ခဲ့တာပါ။

နောက်ဆုံးတစ်ချက်က သူ့မှာ အကြီးမားဆုံး အောင်မြင်မှုတစ်ခု မရှိဘူးလို့လည်း သူ မှတ်ယူနိုင်ပါတယ်။ ၁၉၈၈ ခုနှစ် ဇူလိုင်လမှာ ပြောကြားခဲ့တဲ့ နှုတ်ထွက်မိန့်ခွန်းမှာ ဆိုရှယ်လစ်တော်လှန်ရေးက ကျရှုံးမှုတစ်ခု ဖြစ်တယ်လို့ သူ ဝန်ခံခဲ့ပါတယ်။

သင့်ရဲ့ ပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းမှုကို ဘွဲ့ရတစ်ဦးအဖြစ်နဲ့ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတဲ့ ၁၉၆၁-၁၉၆၂ မှာ စတင်ခဲ့တာနော်။ မြန်မာ့အရေး ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ သင့်ရဲ့ အသက်မွေး ဝမ်းကျောင်းမှုဘဝနဲ့ အခုအင်တာဗျူး လုပ်ဖြစ်စေတဲ့ နိုင်ငံရေးအထုပ္ပတ္တိအတွက် လှုံဆော်အားပေးမှုမှာ သူဟာ လွှမ်းမိုးမှုရှိတဲ့ ပြယုဂ်တစ်ခု ဖြစ်ခဲ့တယ်နော်။ သူက ဘယ်လိုလူမျိုးလို့ ခင်ဗျား ယူဆသလဲ။

သူက လူအမျိုးမျိုးအတွက် ပုံစံအမျိုးမျိုးရှိတဲ့သူပါ။ ကျွန်တော်တို့အားလုံးလိုပဲ သူက အချိန်နဲ့အမျှ သင်ယူပြောင်းလဲခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ သူက စည်းရုံးဆွဲဆောင်မှုမှာ ဆရာတစ်ဆူ ဖြစ်ပေမယ့် နောင်ပိုင်းနှစ်တွေမှာ နောင်တရဖွယ်ရှိတဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တချို့ကို ချမှတ်စေခဲ့တဲ့ စိတ်လိုက်မာန်ပါ ဆောင်ရွက်တဲ့အကျင့်လည်း ရှိပါတယ်။ ကျွန်တော်တို့အားလုံးမှာကော မရှိဘူးလား။

သူက တိုင်းပြည်လုံခြုံရေး၊ တည်ငြိမ်ရေးတို့နဲ့ ပတ်သက်တဲ့ ပြဿနာရပ်တွေ၊ အရေးကိစ္စတွေအကြောင်းကို အချိန်ကြာမြင့်စွာ ခက်ခက်ခဲခဲ စဉ်းစားနိုင်ခဲ့သူပါ။ တစ်ခါတရံမှာ ဆုံးဖြတ်ချက်ချစရာတွေကို သိအောင် လုပ်ရမယ့်အရာတွေ ရှိနေမှန်း သူ သိနေတယ်။ ဒါပေမဲ့ ဒါတွေကို မသိဘဲ မဖြစ်မနေ ဆုံးဖြတ်လိုက်ရတာမျိုး ရှိပါတယ်။

ကျွန်တော်က သူ့ကို နားလည်နိုင်ဖို့အတွက် ဒီစာအုပ်ကို ရေးသားခဲ့တာပါ။ သူနဲ့ တစ်ကြိမ်တစ်ခါမှ မတွေ့ခဲ့ရတာကိုတော့ နှမြောမိပါတယ်။ သူ့ကို သိတဲ့သူတွေနဲ့ ကျွန်တော်သိကျွမ်းခဲ့ရသလို သူ ချုပ်နှောင်ခဲ့တဲ့သူတွေ၊ ဒါမှမဟုတ် သူ့ကို တခြားနည်းလမ်းနဲ့ ဆန့်ကျင်ခဲ့တဲ့သူတွေတောင် သူ့အကြောင်းကို တလေးတစား ပြောကြားလေ့ရှိပါတယ်။

သူတို့က ဗိုလ်ချုပ်နေဝင်းကို တစ်ခေတ်မှာ တစ်ယောက်သာ ရှိတဲ့သူ၊ ရိုးသားတဲ့ စိတ်ရင်းခံနဲ့ ကြိုးစားသူလို့ ရှုမြင်ကြပါတယ်။ ကျွန်တော်က သူနဲ့ သူဖန်တီးခဲ့တဲ့၊ ကျွန်တော်နေထိုင်ခဲ့ဖူးတဲ့ လူ့ဘောင်အကြောင်းကို နားလည်ဖို့ ကြိုးစားကြည့်ခဲ့တာပါ။ ဖြစ်နိုင်တာကတော့ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သူများစွာလိုပဲ ကျွန်တော်ကလည်း ဗိုလ်ချုပ်နေဝင်းခေတ်လွန် မြန်မာနိုင်ငံသစ်မှာ မကြိုက်တဲ့အချက်တွေ အများကြီး တွေ့ခဲ့ရပါတယ်။ 

ဗိုလ်ချုပ်နေဝင်း – နိုင်ငံရေးအထုပ္ပတ္တိတစ်ရပ် ဟူသော စာအုပ်ကို ဧည့်သည်တော် သုတေသနမှူးအဖြစ် ပါမောက္ခ တေလာ ဆောင်ရွက်ခဲ့တဲ့ စင်ကာပူနိုင်ငံ၊ အရှေ့တောင်အာရှ လေ့လာရေး အင်စတီကျုက ပုံနှိပ်ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။ 

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar