ဖွံ့ဖြိုးရေးမှတဆင့် ငြိမ်းချမ်းရေးရစေရန် တရုတ်၏စမ်းသပ်မှု

မကြာခဏ ထဖြစ်နေသော တိုက်ခိုက်မှုများနှင့် မြန်မာပြည်မြောက်ပိုင်း၌ စစ်ရေးအရ မတိုးသာ မဆုတ်သာ အခြေအနေဖြစ်နေရာ တရုတ်ပြည်က ရဲတင်းသောစမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ထိုစမ်းသပ်မှု၏ သွယ်ဝိုက်အဓိပ္ပာယ်များကို နေပြည်တော်ရှိ အုပ်ချုပ်သူများကိုယ်တိုင် နားမလည်နိုင်သေးတာလည်း ဖြစ်နိုင်ပေသည်။

ယွန်ဆန် ရေးသားသည်။

အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု၏ ပြည်တွင်းပဋိပက္ခများကို ရှုမြင်ရာတွင် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအပြန်အလှန် အကျိုးပြုနေသောအရာများအဖြစ် တရုတ်ကမြင်ပါသည်။ နိုင်ငံရေးနှင့် စီးပွားရေးရပိုင်ခွင့်များ ဖြန့်ဝေရာတွင် မျှမျှတတ မှန်မှန်ကန်ကန်ဖြစ်ရေးကို ဦးစားပေးရမည့်အစား လူတိုင်းဝေစုကြီးကြီးရအောင် စီးပွားရေးကိုသာ ဦးစားပေးပါသည်။ ဤချဉ်းကပ်မှုသည် စီးပွားရေးဖွံ့ဖြိုးမှုမှတဆင့် နိုင်ငံရေးတည်ငြိမ်မှု ရယူခဲ့သော တရုတ်၏ကိုယ်ပိုင်အတွေ့အကြုံကို ထင်ဟပ်ပါသည်။ စီးပွားရေးတိုးတက်ကောင်းမွန်မှုသည် နိုင်ငံအစိုးရ၏ တရားဝင်မှုကို ခိုင်မာစေပြီး တည်ငြိမ်မှုကိုလည်း တိုးတက်ရရှိစေပါသည်။

တည်ငြိမ်မှုရရှိလာသည်နှင့်အမျှ နောက်ထပ်စီးပွားတက်ဖို့ကိုလည်း အခြေအနေဖန်တီးပေးပါသည်။ ဖွံ့ဖြိုးရေးအသားပေး ချဉ်းကပ်နည်းဖြင့် ပဋိပက္ခဖြေရှင်းမှုသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားသော ‘ရပ်ဝန်းနှင့်လမ်း’ အစီအစဉ်၏ မရှိမဖြစ်သော အစိတ်အပိုင်းများဖြစ်လာပါသည်။

အခြေခံအကြောင်းရင်း

မြန်မာနိုင်ငံမြောက်ပိုင်း တိုင်းရင်းသားပဋိပက္ခ ကြားဝင်ဖြန်ဖြေရေးတွင် တရုတ်နိုင်ငံသည် ၂၀၁၃ ခုနှစ် အစောပိုင်းမှစ၍ တရားဝင်ပါဝင်လုပ်ဆောင်ခဲ့ပါသည်။ ထိုနှစ်မှစ၍ အာရှရေးရာ အထူးသံတမန်ရုံးကို ထူထောင်ခဲ့သည်။ ခြောက်နှစ်ကြာ ငြိမ်းချမ်းရေးအတွက် အဆောက်အအုံရော ယန္တရားတွင်ပါ သဘောတူညီမှု မရခဲ့ကြပေ။ တိုင်းရင်းသားလူမျိုးစု ပြည်နယ်များတွင် နိုင်ငံရေးနှင့် စီးပွားရေးလုပ်ပိုင်ခွင့်အာဏာ ဖြန့်ဝေမှုတွင်လည်း သဘောတူညီမှု မရနိုင်ခဲ့ကြပေ။ ထိုသို့ ကြုံတွေ့ခဲ့ရလေရာ ဤသို့ကောက်ချက်ဆွဲခဲ့တော့သည်။

(၁) သမိုင်းကြောင်းရှုပ်ထွေးမှု။   ဗမာအများစုပါဝင်သော ဗဟိုအစိုးရနှင့် လူနည်းစုတိုင်းရင်းသားများအကြား ယုံကြည်မှု ကင်းမဲ့နေကြခြင်းတို့ကြောင့် အခက်ခဲဆုံးပြဿနာများ၊ အထူးသဖြင့် အာဏာခွဲဝေခြင်းတို့ကို ညှိနှိုင်းဆွေးနွေးရန် မဖြစ်နိုင်ပါ။ ဤသို့ တစ်ဦးပေါ်တစ်ဦး မယုံကြည်မှုနှင့် ရန်လိုမှုများလွှမ်းမိုးနေသော အခြေအနေတွင် ငြိမ်းချမ်းရေး သဘောတူညီမှု တစ်ခုအတွက် နှစ်ဘက်ခေါင်းဆောင်များက အလျှော့ပေးလိုက်လျောမှုများလုပ်ရန် မျှော်လင့်နေလျှင် လက်တွေ့ကျနိုင်လိမ့်မည် မဟုတ်ပေ။

(၂) ဆွေးနွေးညှိနှိုင်းမှုကို ထိပ်ပိုင်းခေါင်းဆောင်များကသာ လုပ်ဆောင်နေကြပြီး အထက်ကချပေးသော စနစ်ဖြစ်နေသည်။ နှစ်ဘက်မှ သာမန်ပြည်သူတို့ ပါဝင်ခွင့်မရှိပေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုအားကောင်းစေရန် သာမန်လူထုအဖို့ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ မက်လုံးများလည်းမရှိပေ။

(၃) ထိပ်ပိုင်းချင်း တွေ့ဆုံဆွေးနွေးနေခြင်းဖြင့် အောင်မြင်ဖွယ်မရှိရာ အခြားငြိမ်းချမ်းရေးဗျူဟာအဖြစ် လူထုနှစ်ရပ်အကြား စီးပွားရေးဆက်ဆံလုပ်ကိုင်မှု လုပ်ဆောင်ခြင်းဖြင့် အောက်ခြေမှ အထက်ကို တက်သွားသည့်နည်းကို ကျင့်သုံးကြည့်သင့်ပါသည်။

(၄) နောက်ဆုံးအားဖြင့်ပြောရလျှင် တိုင်းရင်းသားလက်နက်ကိုင်တို့ ထိန်းချုပ်ထားသော ဒေသများတွင် စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူထုပါဝင်လက်ခံမှုတို့ကြောင့် ဤအုပ်စုများမှာ ဆက်လက်တိုက်ခိုက်လိုစိတ် လျော့ပါးသွားသည်။ အထူးသဖြင့် စီးပွားရေးအလုပ်အကိုင်များကို ထိခိုက်ပျက်စီးမှာ စိုးသောကြောင့်ဖြစ်သည်။

အတိုချုပ်ပြောရလျှင် စီးပွားရေးဖွံ့ဖြိုးမှုနှင့် မြန်မာနိုင်ငံအတွင်း စီးပွားရေးပေါင်းစည်းမှုသည် တည်ငြိမ်မှုကို ဖြစ်ပေါ်စေပြီး စစ်ရေးပဋိပက္ခကို လျော့ပါးစေကာ နောက်ဆုံးတွင် နိုင်ငံရေးပေါင်းစည်းမှုကို ဖြစ်ပေါ်စေပြီး စစ်မှန်သော ငြိမ်းချမ်းရေးကို ပေါ်ထွန်းစေနိုင်ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်လိုခိုက်လိုစိတ်ကို တဖြည်းဖြည်းလျော့ပါးစေခြင်းသည် အလွန်အရေးကြီးပါသည်။ တရုတ်တို့အမြင်ပြောရလျှင် ဤတိုင်းရင်းသားတို့ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ရခြင်းအတွက် အဓိကအကြောင်းတရားများအနက် တစ်ခုမှာ သူတို့၏ စီးပွားရေးအကျိုးစီးပွားများကို ကာကွယ်လိုခြင်းကြောင့်ပင်ဖြစ်သည်။

အထူးသဖြင့် သဘာဝသယံဇာတဆိုင်ရာ အကျိုးစီးပွားများဖြစ်သည့် ဗဟိုအစိုးရနှင့် တပ်မတော်က ဤသယံဇာတများကို အသုံးချကြလိမ့်မည်ဟူသော စိုးရိမ်စိတ်ကြောင့် ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်လိုက်လျှင် သူတို့၏ အသက်မွေးမှု အလုပ်အကိုင်တွေ ပျက်စီးသွားလိမ့်မည်၊ အနာဂတ်မျှော်လင့်ချက် ဆိတ်သုဉ်းသွားလိမ့်မည်ဟု စိုးရိမ်နေကြပါသည်။

စီးပွားရေးဖွံ့ဖြိုးရန် အခြားနည်းလမ်းနှင့် ပိုမိုကောင်းမွန်သော ရင်းမြစ်များရရှိကာ ဝင်ငွေများလည်း ဖွံ့ဖြိုးခိုင်မာလာပါက ဤသဘာဝသယံဇာတ ပြဿနာကို အမြင်သစ်ဖြင့် ကြည့်မြင်လာကြလိမ့်မည်။ 

တိုင်းရင်းသားဒေသများတွင် စီးပွားရေး ခိုင်မာအားကောင်းလာပါက တပ်မတော်နှင့် တိုင်းရင်းသားအုပ်စုများအကြား အင်အားချိန်ခွင်ညှာသည်လည်း ပြောင်းလဲသွားလိမ့်မည်ဟု တရုတ်တို့က ယုံကြည်သည်။ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ၏ အရင်းအမြစ်များမှာ အကန့်အသတ်နှင့်သာရှိသဖြင့်  ကြာရှည်အချိန်ဆွဲ မတိုက်နိုင်ကြပါဟု မြန်မာစစ်တပ်က ယူဆထားသည်။ ဤယူဆချက်ကလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေဖို့ အဓိကအချက်တစ်ခုဖြစ်နေသည်။

သို့သော် တိုင်းရင်းသားလက်နက်ကိုင်တွေကို စစ်မြေပြင်မှာ နိဂုံးချုပ်သွားအောင် တပ်မတော်က စင်စစ်မသုတ်သင်နိုင်ဆိုသော အမှန်တရားသည်လည်း တပ်မတော်အတွက် အဆင်မပြေလှပေ။ တပ်မတော်၏ ဤလက်တွေ့မကျသော မျှော်လင့်ချက်ကြောင့် တပ်မတော်သည် စစ်ကိုအပြီးအပြတ် အနိုင်ရအောင် ကြိုးပမ်းနေသော်လည်း မအောင်မြင်နိုင်ပေ။ ထို့ကြောင့်ပင် တိုက်ပွဲများ မကြာမကြာထပ်ဖြစ်နေပြီး ရှေ့တိုးမရ နောက်ဆုတ်မရ အခြေစိုက်နေပေသည်။

ဤညီမျှခြင်းကို ပြောင်းလဲပစ်ရန် နည်းလမ်းတစ်ခုမှာ တိုင်းရင်းသားလက်နက်ကိုင်တို့၏ တိုက်ခိုက်နိုင်စွမ်းကို အားဖြည့်ပေးပြီး စစ်ပွဲကို အနိုင်တိုက်လို့မရနိုင်ဆိုသော အမှန်တရားကို တပ်မတော်လက်ခံလာအောင် လုပ်ဖို့ပင်ဖြစ်သည်။ ထိုအခါမှသာ တွေ့ဆုံဆွေးနွေးလိုသော နိုင်ငံရေးဆန္ဒ နိုးထလာမည်။ တိုင်းရင်းသားတို့၏ စွမ်းရည်ကို မြှင့်တင်မည်ဆိုရာ၌လည်း စစ်ရေးကိုသာ ဆိုလိုခြင်းမဟုတ်၊ စီးပွားရေးဖွံ့ဖြိုးလာပါကလည်း ၎င်းတို့၏ အလုံးစုံအင်အားများ တိုးပွားလာပြီး အထက်တွင် ဆိုခဲ့ပြီးသော တည်ငြိမ်မှုအကျိုးတရားကို ရနိုင်ပါသည်။

လက်တွေ့လုပ်ဆောင်ချက်

စီးပွားရေးဖွံ့ဖြိုးမှုကို ပဋိပက္ခဖြေရှင်းရေးနည်းလမ်းတစ်ခုအဖြစ် တရုတ်၏မူဝါဒ အပြောင်းအလဲကို လွန်ခဲ့သောနှစ်အတွင်း မြန်မာပြည်မြောက်ပိုင်းအပေါ် တရုတ်၏ချဉ်းကပ်ပုံကို ကြည့်၍သိနိုင်သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် သုံးခုပေါ်တွင် လာရောက်တွေ့ဆုံနေသည်။ ထိုဇုန် သုံးခုမှာ မြစ်ကြီးနား- ရွှေလီနှင့် လင်ကျန်း Lincang တို့ဖြစ်သည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် သုံးခုမှာ နယ်မြေဂိတ်ဝများဖြစ်ကြသော ဟူကျောင် – ကန်ပိုက်တီးအဆုံ Houqiao -Kanpiketee ၊ တရုတ်ပြည် တိန်ချောင် Tengchong မြို့နှင့် ကချင်ပြည်နယ် မြစ်ကြီးနား၊ ရှမ်းပြည်မြောက်ပိုင်း ရွှေလီ – မူဆယ်ဂိတ်နှင့် မိုင်းဒင် – ချင်းရွှေဟော်ဂိတ် Mengding-Chinshwehaw တို့ဖြစ်ကြပြီး ဝနှင့် ကိုးကန့်နယ်တို့နှင့် ကပ်လျက်တည်ရှိသည်။ ထိုနေရာအားလုံးမှာ မြန်မာအစိုးရ ထိန်းချုပ်မှုအောက်ရှိ ဒေသများဖြစ်သည်။

ဤစီးပွားရေးဇုန်များသည် အဓိအားဖြင့် နယ်စပ်ကုန်သွယ်မှု၊ စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်း၊ တရုတ်ပြည်နှင့် မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသားတို့ဒေသနှင့် တရုတ်ပြည်အကြား လမ်းပန်းအဆက်အသွယ် ဖွံ့ဖြိုးရေးတို့ကို ဦးတည်လုပ်ဆောင်ခြင်းဖြစ်သည်။ ဧက ၅,၀၀၀ ကျော်ရှိ မြစ်ကြီးနားဇုန်တွင် စိုက်ပျိုးရေးကုန်ထုတ်လုပ်မှု ဦးစားပေးသည်။ အထူးသဖြင့် ဆန်၊ ကျွဲ၊ နွားနှင့် အပေါ့စားစက်မှုလုပ်ငန်းများပါဝင်သည်။  လင်ကျန်းဇုန်အတွက် ဒေါ်လာ သန်း ၂၅၀ ကို အာရှဖွံ့ဖြိုးရေးဘက်မှ ချေးငွေရရှိသည်။ ယင်းကို နယ်စပ်ကုန်သွယ်ရေး ချောမွေ့အောင် လုပ်ရာတွင် အသုံးပြုရန်ဖြစ်သည်။

မြန်မာတိုင်းရင်းသားများ ဖွံ့ဖြိုးရေးအတွက် လယ်သမားများ၊ ကုန်သည်များသည် ကုန်သွယ်ရေးဇုန်မှ အကျိုးကျေးဇူးခံစားကြရမည်။ ထောက်ပို့ကွင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ စက်မှုနှင့် သက်မွေးပညာ လေ့ကျင့်သင်ကြားရေးများ ပေါ်ထွန်းလာရန် တရုတ်က ရည်ရွယ်သည်။ တရုတ်တို့ တွက်ကိန်းအရ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် အကျိုးများနိုင်ပုံကို လင်ကျန်းဇုန်က နမူနာသရုပ်ပြအဖြစ် ထွက်ပေါ်လာပြီး ရှမ်းပြည်နှင့် ကချင်ပြည်နယ် အခြားဒေသများတွင် အလားတူ လုပ်ဆောင်နိုင်ပုံကို နမူနာပြရန်ဖြစ်သည်။

လက်ခံကြိုဆိုခြင်း

မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားအုပ်စုများကလည်း တရုတ်၏ ဖွံ့ဖြိုးရေးအာရုံစိုက်မှုက တိုင်းရင်းသားဒေသများဘက်ဆီသို့ ဦးတည်လာခြင်းကို နွေးထွေးစွာ ကြိုဆိုခဲ့ပြီး တရုတ်၏ စီးပွားရေးလုပ်ဆောင်ချက်များ မြန်မာနိုင်ငံ၏ မြေနိမ့်ဒေသများဆီမှ ဝေးရာနေရာများသို့ ရွှေ့ပြောင်းလုပ်ဆောင်ချက်အပေါ် ချီးကျူးခဲ့သည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ စောက်ထိုး Y ဒီဇိုင်းမှ H ကို လှည့်ထားသည့် အစီအမံသို့ ပြင်ဆင်မှုကို မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဆန့်ကျင်ကြသည်။ ယင်းသို့ပြင်ဆင်မှုတွင် အထက်ပိုင်းလက်တံကို တဖက်တချက်တွင် ကချင်၊ ရှမ်းပြည်နယ်တို့နှင့် ထိစပ်နေသော တရုတ် – မြန်မာ နယ်စပ်တလျှောက်ဖြန့်ကျက်၍လည်းကောင်း၊ အောက်ပိုင်းလက်တံကို မူလ တရုတ် – မြန်မာ စီးပွားရေးစင်္ကြံစီမံချက် CMEC တွင် ပါဝင်သကဲ့သို့ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ထိ ဖြန့်ကျက်လျက်လည်းကောင်းရှိနေသည်။

တရားဝင်ပြင်ဆင်မှု မပြုလုပ်ရသေးသော်လည်း နယ်စပ်စီးပွားရေးဇုန်သစ်များက ပြသနေသည့် လက္ခဏာတစ်ခုမှာ CMEC သည် ဤလမ်းကြောင်းအတိုင်း ဦးတည်နေခြင်းဖြစ်သည်။

ယင်းနယ်စပ်စီးပွားရေးဇုန်များက နယ်စပ်ကုန်သွယ်ရေးကို မြှင့်တင်နိုင်သည်သာမက တိုင်းရင်းသားဒေသများကိုလည်း တရုတ်နှင့် အောက်မြန်မာနိုင်ငံကြား စီးပွားရေးလုပ်ဆောင်မှုအတွက် စင်္ကြံသစ်များအဖြစ်သို့ ပြောင်းလဲနိုင်မည်ဖြစ်သည်။

ယင်းသို့အခြေအနေက တိုင်းရင်းသားဒေသများ၏ လူမှုစီးပွားတိုးတက်မှုကို ခိုင်မာစေသည့်အပြင် မြန်မာ့အမျိုးသားစီးပွားရေးတွင် ယင်းတို့၏အရေးပါမှုကို မြင့်မားစေမည်ဖြစ်သည်။ ပို၍အရေးပါနိုင်သည်မှာ တိုင်းရင်းသားဒေသများ၏ စီးပွားရေးဖွံ့ဖြိုးရေးတွင် တရုတ်တို့၏ အာရုံစိုက်ရင်းနှီးမြှုပ်နှံလိုမှုမှာ မပြောဘဲသိသာစေသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ၎င်းတို့၏အခွင့်အရေးကို ထောက်ခံကြောင်း သိသာသည့်သတင်းစကားများ ပို့ဆောင်ထားသည်။

စီးပွားရေးအရ တက်တက်ကြွကြွ ပံ့ပိုးပါဝင်လိုမှုနှင့် တိုင်းရင်းသားဒေသများ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတွင် ၎င်းတို့အကျိုးစီးပွားများ နစ်ဝင်နေမှုတို့ကြောင့် တရုတ်တို့သည် တပ်မတော်၏ထိုးစစ်များကို များစွာဆန့်ကျင်ဖွယ်ရှိမည်ဖြစ်သည်။ ယင်းသို့မျှော်မှန်းချက်များက ချဲ့ကားရာရောက်နိုင်သော်လည်း ပဋိပက္ခဇုန်များတွင် တရုတ်က ၎င်းအကျိုးစီးပွားများ လူသိရှင်ကြား တွယ်ကပ်နေသည်ဆိုသည့်အချက်က အချည်းနှီးဖြစ်မသွားပေ။

ဖွံ့ဖြိုးရေးအဆိုပြုချက်ကြီးကလည်း တရုတ်တို့၏အကျိုးစီးပွားများကို ကောင်းစွာဆောင်ကျဉ်းသည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ စစ်ရေးပဋိပက္ခက CMEC တွင် မျှော်မှန်းထားသကဲ့သို့ဖြစ်သည့် ဖွံ့ဖြိုးရေးကို ကြာရှည်စွာနှောင့်ယှက်နေသည်။ ရှမ်းပြည်နယ်၊ အထူးသဖြင့် ရွှေလီအနီး တိုက်ခိုက်မှုများက နယ်စပ်ကုန်သွယ်ရေးနှင့် နှစ်ဘက်စီးပွားရေးလုပ်ဆောင်ချက်များကို ဆိုးဝါးစွာထိခိုက်စေသည်။

တိုင်းရင်းသားဒေသများကို CMEC အတွင်းသို့ ဆွဲသွင်းခြင်းဖြင့် အဖွဲ့အစည်းအားလုံးသည် ဒေသတွင်းတည်ငြိမ်မှုကို ကာကွယ်စောင့်ရှောက်ရာတွင် ရင်းနှီးမှုတစ်ခုစီ ရှိလာမည်ဖြစ်သည်။ တည်ငြိမ်မှုရှိလာပါက မြန်မာနိုင်ငံကို ဖြတ်သန်းသည့် CMEC အတွက် အဓိကအတားအဆီးတစ်ခုကို ဖယ်ရှားနိုင်မည်ဖြစ်သည်။

ယူနန်ပြည်နယ်ရှိ ဒေသခံအစိုးရများကလည်း ခါးပတ်နှင့်လမ်းအစီအစဉ် BRI မှ ထွက်ပေါ်လာမည့် အခွင့်အလမ်းများကိုရယူရန် စိတ်အားထက်သန်လျက်ရှိပြီး CMEC ၏ အစိတ်အပိုင်းတစ်ခုအဖြစ် နယ်စပ်စီးပွားရေးဇုန်များကို အခိုင်အမာထောက်ခံလျက်ရှိသည်။

လင်ကျန်း၊ တိန်ချောင်း၊ ပေါင်ရှန်နှင့် ရွှေလီတို့မှ ဒေသတွင်းအစိုးရတို့သည် အရှေ့တောင်အာရှ၊ တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာအတွက် တရုတ်၏ ဒေသတွင်းသယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ဗဟိုချက်များ ဖြစ်လာရေးဆိုင်ရာ ၎င်းတို့၏ရည်မှန်းချက် ခိုင်မာကြောင်းပြသရန် ယင်းစီးပွားရေး ဖွံ့ဖြိုးမှုစီမံကိန်းများကို ချဲ့ကားပြောဆိုလျက်ရှိသည်။

တိုင်းရင်းသားဒေသများရှိ တရုတ်၏ဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ပတ်သက်၍ အင်န်အယ်လ်ဒီအစိုးရနှင့် တပ်မတော်တို့ထံမှ ကြီးမားသည့်တုံ့ပြန်ချက် တစုံတရာမရှိသေးပေ။

ယင်းမှာ အမြဲတစေ အံ့သြစရာတော့မဟုတ်ပေ။ စီးပွားရေးဖွံ့ဖြိုးမှုသည် ယေဘုယျအားဖြင့် အကျိုးပြုသည့်သဘောဖြစ်ရာ ၎င်းတို့က ဆန့်ကျင်ဘက်မြင်နေခြင်းမှာ နိုင်ငံရေးအရမှားယွင်းသည်။

သို့သော်လည်း တရုတ်သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များကို ယခင်က တရားမဝင် လျှို့ဝှက်ချဉ်းကပ်နည်းကို စွန့်လွှတ်လိုက်ပြီး ,င်းလက်နက်ကိုင်များကို အင်အားခိုင်မာစေသည့် စီးပွားဆက်ဆံမှုများ ပွင့်ပွင့်လင်းလင်းလုပ်နေသည်ကို နေပြည်တော်က သိမသိဆိုသည်မှာ စဉ်းစားစရာဖြစ်သည်။

ယင်းဖွံ့ဖြိုးရေးစီမံကိန်းများက တိုင်းရင်းသားဒေသများကို တရုတ်၏ စီးပွားရေးပတ်လမ်းအတွင်း ပို၍နှီးနွယ်စေမည်ဖြစ်ပြီး တိုင်းရင်းသားတို့၏အဆင့်အတန်းကို တရုတ်၏ဒေသဆိုင်ရာစီမံကိန်းတွင် အတည်တကျ သတ်မှတ်စေမည်ဖြစ်သည်။

ယင်းအခြေအနေများက မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရုတ်၏နိုင်ငံရေးနှင့် လုံခြုံရေးသြဇာကို ခိုင်မာတောင့်တင်းစေမည်ဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြေနိမ့်ဒေသတွင် ရင်းနှီးမြုပ်နှံမှုကို စိတ်ပါဝင်စားကြောင်းလည်း တရုတ်၏ ဒီဇိုင်းတွင် ပြသနေသည်။ တရုတ်၏ အဆုံးစွန်တွက်ချက်မှုများတွင် အကယ်၍ မြန်မာနိုင်ငံ၏ မြေနိမ့်လွင်ပြင်ဒေသကို ယုံကြည်အားကိုး၍မရလျှင် အနိမ့်ဆုံး တောင်ပေါ်ဒေသကို အခိုင်အမာဆုပ်ကိုင်ထားမည်ဖြစ်သည်။

သုံးသပ်ချက်

မြန်မာနိုင်ငံရှိ ပဋိပက္ခကို ဖြေရှင်းရာတွင် တရုတ်က ၎င်း၏မဟာဗျူဟာကို ပြောင်းလဲနေပြီး လုံးဝခြားနားသည့် ချဉ်းကပ်မှုကို စမ်းသပ်နေသည်။ ယင်းချဉ်းကပ်မှုမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ကာလတိုတည်ငြိမ်သည့် သက်ရောက်မှုတစ်ခုရှိနိုင်သည်ဆိုသည့် အိုင်ဒီယာထဲတွင် နစ်ဝင်နေပြီး စီးပွားရေးပေါင်းစည်းမှုက ပြန်လည်ရင်ကြားစေ့ရေးတွင် ရေရှည်အကျိုးအမြတ်ကို ဖန်တီးပေးမည်ဖြစ်သည်။

အထက်တန်းလွှာဗဟိုပြု အပေါ်မှအောက်သို့ပုံစံ ငြိမ်းချမ်းရေးစေ့စပ်ညိနှိုင်းမှုများနှင့် နှိုင်းယှဉ်လျှင် ယခုဖွံ့ဖြိုးရေးကိုဦးတည်သည့် ချဉ်းကပ်မှုမှာ အောက်မှအပေါ်သို့ပုံစံမှ အမှန်တကယ်ရင်ကြားစေ့ရေးကို အရှိန်အဟုန်နှင့် ဖြစ်လာစေရန်မျှော်လင့်သော ပြည်သူများကို ဗဟိုပြုခြင်းဖြစ်သည်။ ယင်းပြောင်းလဲမှုက တရုတ်၏ မဟာဗျူဟာသစ်တွက်ချက်မှုများကို ကိုယ်စားပြုပြီး အမျိုးမျိုးသော တရုတ်အေဂျင်စီများ၏ သဘောတူချက်တစ်ခုကို ရောင်ပြန်ဟပ်သည်။

ယင်းချဉ်းကပ်မှုအောင်မြင်မှာလား မည်သူမျှမသိနိုင်ပါ။ နောက်ဆုံးတော့ လူ့အသိုင်းအဝိုင်းအသီးသီး၏ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပေါင်းစည်းမှုတို့မှတဆင့် အောင်မြင်စွာ ဖြေရှင်းလိုက်သော ပြည်တွင်းစစ်တစ်ခုကို စောင့်ကြည့်ရန်သာရှိသည်။ စီးပွားရေးဖွံ့ဖြိုးမှုကို အားပေးမြှင့်တင်ခြင်းက တိုင်းရင်းသားလက်နက်ကိုင်များကို ရဲဆေးတင်ပေးခြင်းအပြင် တိုင်းရင်းသားဒေသများနှင့် ကျန်ဒေသများကြား ရန်လိုမှုကို နက်ရှိုင်းစေခြင်းတို့အတွက် အန္တရာယ်တော့ရှိသည်။

တရုတ်၏ ကိုယ်ပိုင်ပြဿနာမှာပင် ပြည်မကြီးနှင့် ထိုင်ဝမ်ကြား စီးပွားရေးပေါင်းစည်းမှုက ယခုအချိန်ထိ ပေကျင်းလိုချင်နေသည့် နိုင်ငံရေးရင်ကြားစေ့မှုကို မရရှိသေးပေ။ ရှင်ကျန်းနှင့် တိဘက်ကဲ့သို့ လူနည်းစုဒေသများတွင် စီးပွားရေးဖွံ့ဖြိုးမှုမှတ်တမ်းရှိသော်လည်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးမရရှိသေးပေ။

တခြားသောနိုင်ငံရေးနှင့် စစ်ရေးရွေးချယ်မှုများက အောင်မြင်မှုမရှိသေးကို ထောက်၍ စီးပွားရေးဖွံ့ဖြိုးမှုမှတဆင့် တည်ငြိမ်ရေးကို ရေရှည်ချဉ်းကပ်မှုက အဆိုးဆုံးအိုင်ဒီယာတော့မဟုတ်ပေ။ ထို့အပြင် မြန်မာနိုင်ငံ၏အနာဂတ်ကို စိတ်ဝင်စားသူတိုင်း အာရုံစိုက်သင့်သည်ကတော့ သေချာပါသည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar