နေပြည်တော်၊ သြဂုတ် ၁၈
စီးပွားရေးတည်ငြိမ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ခံနိုင်ရည်ရှိမှုအတွက် ဖွံ့ဖြိုးရေးမူဝါဒလုပ်ငန်းစဉ်ချေးငွေ (Development Policy Operation) အဖြစ် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အား ကမ္ဘာဘဏ်က မြန်မာနိုင်ငံသို့ ပေးအပ်သွားမည်ဖြစ်သည်။
ယခုချေးငွေသည် နိုင်ငံတော်၏ ဘတ်ဂျက်သို့ တိုက်ရိုက် ပံ့ပိုးထည့်ဝင်သည့် ချေးငွေအမျိုးအစား ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံးအကြိမ် ရရှိခြင်းဖြစ်ကာ ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသည့် စီးပွားရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်ဟု ကမ္ဘာ့ဘဏ်က ယနေ့သတင်းထုတ်ပြန်သည်။
“နိုင်ငံတော်ရဲ့ ဘတ်ဂျက်သို့ တိုက်ရိုက်ထောက်ပံ့တဲ့ ချေးငွေအမျိုးအစားဟာ အစိုးရအနေနဲ့ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်တဲ့နေရာမှာ အထောက်အကူပြုနိုင်တဲ့ ပံ့ပိုးမှု နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ယခု ပထမဦးဆုံးအကြိမ်ဖြစ်တဲ့ ဘတ်ဂျက်ပံ့ပိုးမှုက ခေတ်မီ စီးပွားရေး စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်ရေး လုပ်ငန်းများအတွက် အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စ အယ်လင်ဂိုးစတိန်းက ပြောသည်။
“ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်း ဝင်ရောက်လာနိုင်စေရန်၊ အလုံးစုံးပါဝင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်စေရန်၊ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးနိုင်စေရန်အတွက် အရေးကြီးလိုအပ်တဲ့ စီးပွားရေး တည်ငြိမ်စေရေးကို ဖော်ဆောင်နိုင်မှာဖြစ်ပြီး တစ်ဖက်ကလည်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို တိုးချဲ့မြှင့်တင်ပေးနိုင်ဖို့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု အားကောင်းစေမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
အဆိုပါချေးငွေအတွက် သဘောတူညီချက်ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၏ ရှေ့မှောက်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နွဲ့နွဲ့ဝင်းနှင့် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စ အယ်လင်ဂိုးစတိန်းတို့က နေပြည်တော်တွင် ယနေ့ လက်မှတ်ရေးထိုးခဲ့ကြသည်။
ကမ္ဘာ့ဘဏ်၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်မည့် ယခုလုပ်ငန်းစဉ်တွင် အဓိကကျသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဖြစ်သည့် ငွေကြေး ဖောင်းပွမှု၊ ပြည်သူ့ ကြွေးမြီခံနိုင်ရည်ရှိမှုနှင့် အစိုးရ၏ အသုံးစရိတ်နှင့် အခွန်ကောက်စနစ်များ ထိရောက်မှုရှိစေရေး စသည်တို့ကို ဖြေရှင်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။
“လုပ်ငန်းစဉ်မှာ အဆိုပြုထားတဲ့ မူဝါဒပြောင်းလဲမှု လုပ်ငန်းတွေရဲ့ အထောက်အကူနဲ့ စီးပွားရေး မူဝါဒတွေကို ခိုင်ခိုင်မာမာ အကောင်အထည်ဖော်နိုင်စေရန်၊ ပြည်သူများအတွက် လျှပ်စစ်ဓာတ်အား၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းတွေ ပိုမိုလက်လှမ်းမှီနိုင်စေရန် ယုံကြည်မှု တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
“ယခုလို ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးမြင့်မားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာနိုင်မှာ ဖြစ်ပြီး အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာ ဖြစ်သလို အားလုံးပါဝင်နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ပါလိမ့်မယ်” ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
ယခုချေးငွေသည် ဝင်ငွေနည်းပါးသည့် တိုင်းပြည်များအတွက် ရည်ရွယ်သည့် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး ရံပုံငွေ (International Development Association) က ပေးအပ်သည့် ချေးငွေဖြစ်ပြီး ချေးငွေ သက်တမ်းမှာ ၃၈ နှစ် ဖြစ်ကာ၊ ၆ နှစ် ဆိုင်းငံ့ကာလရရှိမည် ဖြစ်ပြီး အတိုးမဲ့ ချေးငွေ အမျိုးအစားဖြစ်သည်။