နေပြည်တော်၊ ဇွန် ၁၀
တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု၊ လေးစားမှုနှင့် အပြန်အလှန်နားလည်မှု ရှိသည့်အချိန်ရောက်မှသာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်၍ လက်ရှိအချိန်တွင် ပြည်တွင်း ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များကို ဦးစားပေးလုပ်ဆောင်နေသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ ပြောကြားသည်။
“လုပ်ရကိုင်ရတာ အခက်အခဲရှိတာပေ့ါ။ အကန့်အသတ် ရှိတာပေ့ါ။ ဒါကို ပြည်တွင်းငြိမ်းချမ်းရေးရမှ လုပ်မယ်လို့ မဟုတ်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အရင်ရဖို့ လုပ်နေတယ်။ ကျွန်တော်တို့ သက်တမ်းမှာ မြန်နိုင်သမျှမြန်အောင် ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်မှာပါ”ဟု နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ ဇဗ္ဗူသီရိခန်းမတွင် ပြုလုပ်သော ဒုတိယအကြိမ်၊ ပထမပုံမှန် အစည်းအဝေးနောက်ဆုံးနေ့ မီဒီယာတွေ့ဆုံပွဲတွင် ၎င်းက ပြောကြားသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များကို ထိန်းချုပ်ထားနိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၎င်းတို့၏ ရွေးကောက်ပွဲ ကြွေးကြော်သံများတွင် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဟူ၍ ထည့်သွင်းမဲဆွယ်ခဲ့သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတာ ပြင်ချင်လွန်းလို့ ကျွန်တော့်ဥက္ကဋ္ဌ (ဒေါ်အောင်ဆန်းစုကြည်)နဲ့ တစ်နိုင်ငံလုံးလှည့်ပြီး ဟောပြောနေတာပဲ။ ကျွန်တော်လည်း ပြင်ချင်တာပေ့ါ။ သို့သော်ကိုယ့်စိတ်ဆန္ဒရှိတိုင်း လုပ်လို့ရတာရှိမယ်။ မရတာရှိမယ်။ လုပ်လို့ မရမှန်းသိရဲ့သားနဲ့ လုပ်တော့လည်း ဘယ်လိုလုပ်ပြီးတော့ အကျိုးရလဒ် ရမလဲ” ဟု ပါတီ၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးလည်းဖြစ်သူ ဦးဝင်းမြင့်က သုံးသပ်သည်။
ပြည်တွင်းငြိမ်းချမ်းရေးရရန် ညှိနှိုင်းဆွေးနွေးသည့် တာဝန်ယူထားသူများပင်လျှင် မည်သည့်အချိန် ပြေလည်မည်ကို မပြောနိုင်သေးသဖြင့် ထိုအခြေအနေရောက်မှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟု ဆိုလိုခြင်းမဟုတ်ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေး ရလျှင်ရခြင်း လုပ်ဆောင်မည်ဟု ပြောဆိုခြင်းဖြစ်ကြောင်းလည်း ၎င်းက ထပ်မံ ပြောကြားသည်။ သို့သော် ဖွဲ့စည်းပုံပြင်နိုင်မည့်အချိန်ကာလကိုမူ အတိအကျမပြောနိုင်သေးဟု ဦးဝင်းမြင့်က ဆိုသည်။
“လွှတ်တော်ထဲမှာ ဘယ်လောက်ပဲ အနိုင်ရထားရထား၊ ကျွန်တော်ပြောချင်တာက အမျိုးသား ပြန်လည်သင့်မြတ်မှု မရှိပဲနဲ့ အမျိုးသား ရင်ကြားစေမှု မရှိပဲနဲ့ ရောက်တာနဲ့ ပြီးပြီးရော လုပ်မယ်ဆိုရင် မအောင်မြင်နိုင်ဘူး” ဟု ၎င်းက သုံးသပ်သည်။
လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြင်ဆင်လိုလျှင် လွှတ်တော်များအတွင်းရှိ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တာဝန်ပေးထားသည့် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၏ သဘောတူညီချက်ကို ရယူနိုင်ရမည်ဖြစ်သည်။
ထိုအခြေအနေတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်ပြီး သုံးလနီးပါးရှိချိန်အထိ အရပ်သား သမ္မတ၊ ဒုတိယသမ္မတ ၂၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တပ်မတော်ဖက်မှ ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်ချုပ်နှင့် တပ်ချုပ်က ခန့်သည့် ဒုတိယသမ္မတ (၁)၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ တပ်မတော်သားဝန်ကြီးများ ပါဝင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးအား ပထမအကြိမ်ပင် စတင် ကျင်းပနိုင်ခြင်းမရှိသေးသည်ကို ဦးဝင်းမြင့်၏ ပြောဆိုချက်များအရ သိရသည်။
ပြီးခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်တွင်မူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင်တာဝန်ရှိသည်ဟု ၎င်း၏ မိန့်ခွန်းများတွင် အကြိမ်ကြိမ်ပြောဆိုထားဖူးသည်။
သို့သော် လက်ရှိအစိုးရလက်ထက်အတွင်း ပြီးခဲ့သည့်လပိုင်းက ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင်မူ ပြည်တွင်း ငြိမ်းချမ်းရေးရရှိပါက လွှတ်တော်အတွင်းရှိနေသော တပ်မတော်သား ၂၅ ရာခိုင်နှုန်း၏ အနာဂတ်မှာ ပြည်သူတို့၏ သဘောဆန္ဒအတိုင်းဖြစ်စေရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
ပြီးခဲ့သည့် ပြည်ခိုင်ဖြိုးအစိုးရလက်ထက်တွင် အင်န်အယ်လ်ဒီနှင့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကောက်ခံသည့် အခြေခံဥပဒေ ပြင်ဆင်ရေး သဘောထားကောက်ခံမှု စစ်တမ်းတွင်မူ ပြည်သူ ငါးသန်းကျော်က ထောက်ခံကြောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုပြင်ဆင်ချက်များတွင် လွှတ်တော်နှင့် အစိုးရအဖွဲ့အတွင်းမှ တပ်မတော်သားများ ထွက်ခွာသွားရေးဆိုင်ရာ အချက်များလည်းပါဝင်သည်။
ပြည်ခိုင်ဖြိုးအမတ်အများစုကြီးစိုးသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်လည်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ကိုယ်တိုင်ဦးဆောင်ပြုလုပ်ခဲ့ဖူးသည်။ ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၏ ဥပဒေပြုခွင့်၊ အခွန်အခကောက်ပိုင်ခွင့်၊ စီးပွားရေးဆိုင်ရာလုပ်ပိုင်ခွင့်အချို့ကိုသာ ပြင်ဆင်နိုင်ခဲ့ပြီး တပ်မတော်၏ နိုင်ငံရေးတွင်ပါဝင်ခွင့်၊ ဖွဲ့စည်းပုံပြင်ဆင်ခြင်းဆိုင်ရာ ကန့်သတ်ချက်များနှင့် သမ္မတ အရည်အချင်း သတ်မှတ်ချက်ကဲ့သို့သော အရေးကြီးပုဒ်မများကိုမူ တစ်ခုတစ်လေမှ မပြင်ဆင်နိုင်ခဲ့ပေ။
“ဖြစ်နိုင်ရင် အတတ်နိုင်ဆုံး အမြန်ဆုံး ကြိုးစားပြီး လုပ်မယ်။ အတတ်နိုင်ဆုံး အမြန်ဆုံး ကြိုးစားပြီးတော့ မြန်မြန်ထက်ထက်လုပ်နိုင်လေ ကျနော်တို့ တိုင်းပြည်အကျိုးရှိလေဆိုတာ နားလည်တယ်” ဟု ဦးဝင်းမြင့်က ပြောသည်။
သတင်း-ဉာဏ်လှိုင်လင်း