အင်န်အယ်လ်ဒီပါတီ တစိုက်မတ်မတ် ပြောခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအကြောင်း အင်န်အယ်လ်ဒီအစိုးရ ဖွဲ့စည်းပြီးနောက်ပိုင်း သိပ်ပြီး ပြောသံ ဆိုသံ မကြားရတော့ပါဘူး။
စည်သူအောင်မြင့် ရေးသားသည်။
အခုဆို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရ တိုင်းပြည်တာဝန်ယူနေတာ တစ်နှစ်ကျော် ရှိသွားပါပြီ။ တစ်နှစ်ကျော်အတွင်း သူ အဓိက နံပတ်တစ် ဦးစားပေး အကောင်အထည်ဖော်နေတာကတော့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးပါ။
အရင် အတိုက်အခံဘဝတုန်းက အင်န်အယ်လ်ဒီ တစိုက်မတ်မတ် ပြောခဲ့တဲ့၊ ၂၀၁၅ ရွေးကောက်ပွဲ ဝင်စဉ်က ပြည်သူတွေကို ကတိပေးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအကြောင်း သိပ်ပြီး ပြောသံ ဆိုသံ မကြားရတော့ပါဘူး။ တချို့ နိုင်ငံရေးအကဲခတ်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အချိန်ဇယား နောက်ဆုတ်သွားပြီလား ဆိုပြီး ပြောဆိုဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ ရှမ်းပြည် ညီညွတ်ရေးကော်မတီ အစည်းအဝေးမှာတောင် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးက မြန်မာနိုင်ငံမှာ အင်န်အယ်လ်ဒီနဲ့ တပ်မတော် အစိုးရ နှစ်ဖွဲ့လိုလို ဖြစ်နေတယ်၊ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်သင့်ပြီဆိုပြီး ဝေဖန်ခဲ့ပါသေးတယ်။
ဒီလို အခြေအနေမျိုးမှာ အရင်တုန်းက ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဦးစားပေး အစီအစဉ်အဖြစ် ထည့်သွင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီအနေနဲ့ သဘောထား ပြောင်းသွားပြီလားဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
အားလုံးသိကြပြီဖြစ်တဲ့အတိုင်း လက်ရှိ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာဟာ အရင် စစ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲသွားခဲ့တာ ဖြစ်ပါတယ်။ အနှစ်သာရအားဖြင့်ကြည့်ရင် တိုင်းပြည်ကို စစ်ဘုရင်မင်းဆက် ထူထောင်ပြီး စစ်ဘုရင်တွေ အစဉ်အဆက် အုပ်ချုပ်နိုင်အောင် ဖန်တီးထားတဲ့ ဖွဲ့စည်းပုံ အမျိုးအစားပါ။ ဒါပေမဲ့ တပ်မတော်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီအတွင်း ဂိုဏ်းဂဏ ကွဲပြားခြင်းအပါအဝင် အကြောင်းအချက်တချို့ တိုက်ဆိုင်သွားလို့သာ ၂၀၁၆ ခုနှစ်မှာ အင်န်အယ်လ်ဒီအစိုးရ ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအရ ပထမအကြိမ် ရွေးကောက်ပွဲနဲ့ အာဏာရလာတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး ၂၀၁၀ နောက်ပိုင်း အခြေအနေကိုကြည့်ရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဘယ်သူကမှ စောဒက မတက်ကြတော့ပါဘူး။ သမ္မတ ဦးသိန်းစိန် အစိုးရ၊ တပ်မတော်၊ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအားလုံး ဖွဲ့စည်းပုံ ပြင်ဆင်ရေးအကြောင်း ပြောဆိုကြပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံကို ဘယ်အချိန်မှာ ပြင်ဆင်မယ်၊ ဖွဲ့စည်းပုံကို ဘယ်နည်းဘယ်ပုံ ပြင်ဆင်မယ်ဆိုတဲ့ အပိုင်းတွေမှာတော့ သဘောထား မတူညီကြပါဘူး။
သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ တပ်မတော်ရဲ့ သဘောထားကို ကြည့်ရင်တော့ ရှင်းပါတယ်။ သူတို့က အဲဒီအချိန် လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲအောင် လုပ်နေတယ်၊ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကြီးတွေ ကျင်းပမယ်၊ အဲဒီ ဆွေးနွေးပွဲကနေ ရလာတဲ့ ရလဒ်တွေနဲ့အညီ ဖွဲ့စည်းပုံကို ပြင်သွားမယ်ဆိုတဲ့ သဘောထားမျိုးပါ။
သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ အင်န်အယ်လ်ဒီကတော့ အဲဒီအချိန်ကတည်းက ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ဆန္ဒရှိခဲ့ကြပြီး ကြိုးလည်း ကြိုးစားခဲ့ကြပါတယ်။ ဖွဲ့စည်းပုံထဲက ဘယ်အချက်တွေကို ဘယ်လို ပြင်မယ်ဆိုတဲ့ကိစ္စ သူရဦးရွှေမန်းအုပ်စုနဲ့ အင်န်အယ်လ်ဒီပါတီ သဘောထားချင်း မတူညီပေမဲ့ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်း ကြိုးစားရာမှာတော့ အတူတကွ ပူးပေါင်းခဲ့ကြပါတယ်။ ဒါပေမဲ့ အားလုံးသိကြပြီ ဖြစ်တဲ့အတိုင်း တပ်မတော်ဘက်က သဘောမတူတဲ့အတွက်ကြောင့် ဖွဲ့စည်းပုံပြင်ရေး လှုပ်ရှားမှု အရေးနိမ့်သွားခဲ့ရပါတယ်။
တနည်းပြောရရင် ဖွဲ့စည်းပုံ ပြင်ရေး အချိန်ကာလနဲ့ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နဂို ကိုင်စွဲခဲ့တဲ့ သဘောထား ပြောင်းလဲသွားပြီး အရင်သမ္မတဟောင်း ဦးသိန်းစိန် ကိုင်စွဲခဲ့တဲ့ အနေအထားနဲ့ တစ်ထပ်တည်း တူညီသွားတာပါပဲ။
နောက်ပိုင်း အင်န်အယ်လ်ဒီ အစိုးရ တက်လာတဲ့အခါ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ ပြောသံဆိုသံ မကြားရတော့သလို လှုပ်ရှားမှုတွေကိုလည်း မတွေ့ရတော့ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ဥရောပ သုံးနိုင်ငံ ခရီးသွားပါတယ်။ မေလ ၉ ရက်နေ့မှာတော့ ဗြိတိန်ရောက် မြန်မာနိုင်ငံသား ၃၀၀ လောက်နဲ့ လန်ဒန်မြို့က The Landmark London ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။
အဲဒီ တွေ့ဆုံပွဲမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောထားကို ခုလို ပြောဆိုခဲ့ပါတယ်။
“ကျွန်မတို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပတ်သက်လို့ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစိုက်မတ်မတ် ဆန့်ကျင်ခဲ့ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်း၊ စံထားတွေနဲ့ မကိုက်ညီဘူး ဆိုပြီးတော့ ပြည်သူ့ဆန္ဒ ခံယူပွဲလုပ်ကတည်းက ဆန့်ကျင်ခဲ့ပါတယ်။
“ဒါပေမဲ့လည်း ကျွန်မ အမြဲပြောပါတယ်။ ကျမတို့နိုင်ငံမှာ အရေးကြီးဆုံးက ဘာလဲဆိုတော့ တရားဥပဒေ စိုးမိုးရေးပဲ။ ဘာဖြစ်လို့ တရားဥပဒေ စိုးမိုးရေးက အရေးကြီး သလဲဆိုတော့ တရားဥပဒေစိုးမိုးရေး မရှိဘူးဆိုရင် ဒီနိုင်ငံဟာ တည်ငြိမ်နိုင်မှာ မဟုတ်ဘူး။ တည်ငြိမ်နိုင်မှုမရှိတဲ့နိုင်ငံဟာ ဘယ်လိုမှ ငြိမ်းချမ်းရေး ရနိုင်မှာ မဟုတ်ဘူး။
“အခုဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အင်မတန်မှကို ဆက်နွယ်နေပါတယ်။ NCA သဘောတူညီမှုထဲမှာလည်း ပါပါတယ်။ ဒီ ၂၁ ပင်လုံညီလာခံကနေတဆင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တစ်ခုဖြစ်အောင်လို့ ပြုပြင်ပြောင်းလဲ သွားရမယ်ဆိုတာ ပါပြီးသားပါ။” လို့ ပြောဆိုခဲ့ပါတယ်။
အဓိပ္ပာယ်ကတော့ ဖွဲ့စည်းပုံပြင်ရေးကို သိပ်မကြာခင် အချိန်အတွင်း ဆောင်ရွက်ဦးမှာ မဟုတ်သေးဘူး၊ ၂၁ ပင်လုံညီလာခံတွေကနေတဆင့် လက်နက်ကိုင် တိုင်းရင်းသားတွေ အပါအဝင် အားလုံးနဲ့ ညှိနှိုင်းတိုင်ပင်နေပြီး အဲဒီက သဘောတူညီချက်တွေ ထွက်ပေါ်လာမှသာ ဖွဲ့စည်းပုံ ပြင်ရေး ဆောင်ရွက်သွားမယ် ဆိုတာပါပဲ။
တနည်းပြောရရင် ဖွဲ့စည်းပုံ ပြင်ရေး အချိန်ကာလနဲ့ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နဂို ကိုင်စွဲခဲ့တဲ့ သဘောထား ပြောင်းလဲသွားပြီး အရင်သမ္မတဟောင်း ဦးသိန်းစိန် ကိုင်စွဲခဲ့တဲ့ အနေအထားနဲ့ တစ်ထပ်တည်း တူညီသွားတာပါပဲ။
ဒီနေရာမှာ ကြည့်ဖို့လိုတာက နိုင်ငံရေးအရ လက်နက်ကိုင် တိုင်းရင်းသားတွေ အပါအဝင် အားလုံးသဘောတူညီချက် ဘယ်တော့ရနိုင်မလဲ ဆိုတာပါ။ ငြိမ်းချမ်းရေး ဖြစ်စဉ် ဘယ်တော့ပြီးဆုံးမလဲ ဆိုတာပါ။ လက်ရှိ ဖြစ်ပျက်နေတဲ့ အနေအထားကို ကြည့်ရင် ဒီဖြစ်စဉ် ၂၀၁၇ တစ်နှစ်တည်းမှာ ပြီးပြတ်နိုင်ဖွယ် မရှိသလို နောင် သုံးလေးနှစ်မှာ အပြီးသတ် သဘောတူညီချက်တွေ ရကြလိမ့်မယ် ဆိုပြီးလည်း ယတိပြတ် ပြောနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ အဲဒီ အခြေအနေ မရှိသေးရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုလည်း လုပ်နိုင်ဦးမှာ မဟုတ်သေးဘူးဆိုတဲ့ သဘောပါပဲ။
တကယ်တော့ အရင်အစိုးရနဲ့ လက်ရှိ အစိုးရ တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် နှောင့်နှေးကြန့်ကြာနေရတာမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့်လည်း ပါပါတယ်။ ဒီအတွက် သင့်တော်တဲ့ အချိန်တစ်ခုမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သင့်တော်သလောက် ပြင်ဆင်ထားလိုက်ရင် ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် ပြန်ပြီး အထောက်အကူပြုမှာ သေချာပါတယ်။
ဒီအတွက်လည်း သိပ်ပြီး ခက်လှတာတော့ မဟုတ်ပါဘူး။ လက်ရှိ ဖွဲ့စည်းပုံကို တပ်မတော်နဲ့ အင်န်အယ်လ်ဒီ သာ သဘောတူညီရင် ဘာကိုမဆို ပြင်ဆင်နိုင်ကြပါတယ်။ ဒီအတွက် နောင်တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ၊ သဘောတူညီချက်ရမှ ဖွဲ့စည်းပုံ ပြင်မယ်ဆိုတဲ့ သဘောထားအစား ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ခုကတည်းက တပ်မတော်နဲ့ ဖွဲ့စည်းပုံပြင်ရေး ပူးတွဲကော်မတီလို ဖွဲ့စည်းပြီး စ အကောင်အထည် ဖော်သွားသင့်ပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။