၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဧရာဝတီဘဏ်ခွဲတစ်ခု ရှေ့တွင် ငွေထုတ်ရန် စောင့်ဆိုင်းနေကြသူများ။ (ဓာတ်ပုံ-အေအက်ဖ်ပီ)

ဖြိုလဲပစ်ခြင်းခံရသော မသေမရှင် မြန်မာ့ဘဏ်လုပ်ငန်း 

အတွေးအမြင် 

ဘဏ်တွေဆီက ငွေသားထုတ်ယူနိုင်ခွင့်ပမာဏ ကန့်သတ်ထားတဲ့ စစ်ကော်မရှင်ရဲ့မူဝါဒတွေက ဘဏ်လုပ်ငန်းအပေါ် ပြည်သူရဲ့ယုံကြည်မှု ယုတ်လျော့ကျဆင်းစေရုံသာမက လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရရှိခဲ့တဲ့တိုးတက်မှုတွေကိုလည်း ပျက်စီးသွားစေပါတယ်။

မျိုးလွင်ဦး၊ ဖရွန်တီးယား 

ရန်ကုန်မြို့၊ လသာမြို့နယ်က ဝါးတန်းဆန်စပါးကုန်စည်ဒိုင်အတွင်းကို ဝင်သွားရင် လက်ကား ဆန်အရောင်းအဝယ် လုပ်နေကြတဲ့ ကုန်သည်တွေကို မြင်ကြရမှာပါ။ ဆန်ရောင်းလိုတဲ့ လက်ကားကုန်သည်ကြီးတွေဟာ စားပွဲရှည်တွေမှာ နေရာအသီးသီးယူကြပြီး သူတို့ရောင်းမယ့် ဆန်အမျိုးအစား ထည့်ထားတဲ့ နမူနာခွက်တွေ၊ အဲဒီဆန်တွေကို ချက်ပြီး နမူနာပြထားတဲ့ ထမင်းခွက်ငယ်လေးတွေကို ပြသထားကြပါတယ်။ 

ဒီမှာ ထူးဆန်းတာတစ်ခုက ကုန်သည်အသီးသီးရဲ့ စားပွဲတွေမှာ ငွေစက္ကူရေတွက်စက် ကြီးငယ်တွေ တင်ထားပြီး ငွေပေး၊ ငွေချေနေကြတာပါ။

လက်ကားစျေးဖြစ်တဲ့အားလျော်စွာ ဝယ်သူတစ််ယောက်ရဲ့ ငွေပေးချေမှုဟာ ကျပ်ငွေ သိန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိ ရှိပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ အစိုးရပိုင်ရော ပုဂ္ဂလိကဘဏ်ပါ အများကြီးရှိနေပြီး မိုဘိုင်းဖုန်းမှာ ထည့်သွင်းထားတဲ့ ဘဏ်စနစ်ထဲကနေတဆင့် ကုန်သည်တွေအနေနဲ့ အလွယ်တကူ ငွေပေးချေလို့ ရနေပါတယ်။ 

ဒါပေမဲ့ ဘာကြောင့်များ ငွေစက္ကူတွေကို အထုတ်လိုက်၊ အိတ်လိုက် သယ်လာ၊ ထမ်းလာပြီး ငွေရေတွက်စက်တွေနဲ့ ရေတွက်၊ အရောင်းအဝယ် လုပ်နေကြပါသလဲ။ ကုန်သည်တွေအားလုံး တညီတညာထဲ ပြောကြတာကတော့ ဘဏ်အကောင့်ကနေ ငွေလွှဲပြောင်းရယူရင် သူတို့ဆီ ဝင်လာတဲ့ငွေတွေကို ပြန်ထုတ်တဲ့အခါ ကိုယ်လိုသလောက် ဘဏ်တွေကနေ လွယ်လွယ်ကူကူ ပြန်ထုတ်လို့ မရတာကြောင့် ခုလို ငွေစက္ကူတွေနဲ့ပဲ အရောင်းအဝယ် လုပ်နေကြတာပါလို့ ဆိုပါတယ်။ 

ကုန်သည််တွေအနေနဲ့ ကိုယ်အပ်ထားတဲ့ငွေ ကိုယ်တိုင်အလွယ်တကူ ပြန်ထုတ်လို့ မရလောက်အောင် မြန်မာနိုင်ငံရဲ့ဘဏ်စနစ်က ဘာတွေဖြစ်နေပါသလဲ။ 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းပြီး စစ်ကောင်စီ (ယခုစစ်ကော်မရှင်) ဖွဲ့ မအုပ်ချုပ်ခင်အချိန်အထိ ဘဏ်စနစ်ဟာ ပုံမှန်အခြေအနေမှာ ရှိနေခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် အရပ်သားအုပ်ချုပ်မှု စတင်ချိန်ကစလို့ ဖြေးဖြေးမှန်မှန် တိုးတက်နေခဲ့တာပါ။

ပုံမှန် ဘဏ်လုပ်ငန်းအပြင် ဒီဂျစ်တယ် ငွေပေးချေမှုစနစ်ဘက်မှာပါ တိုးတက်ခဲ့ပြီး သုံးစွဲသူလည်း များပြားခဲ့ပါတယ်။ မြန်မာနိုင်ငံသားတိုင်း ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ရပြီး ဘဏ်မှာလည်း အကောင့်ဖွင့်ထားနိုင်သလို ကိုယ့်ရဲ့ ဒေါ်လာအကောင့်က ငွေတွေကိုလည်း မိုဘိုင်းဘဏ်စနစ်ကနေတဆင့် လွှဲပြောင်းနိုင်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာသုံး ငွေပေးချေမှုစနစ်တွေနဲ့ လုပ်ငန်းပူးပေါင်းဆောင်ရွက်ထားတဲ့ ဘဏ်တွေမှာလည်း သူတို့ထုတ်ဝေတဲ့ Master ကဒ်၊ Visa ကဒ်တွေမှာ အကောင့်ဖွင့်ပြီး နိုင်ငံတွင်းဘဏ်တွေတင်သာမက နိုင်ငံတကာက ATM စက်တွေမှာပါ ငွေထုတ်ယူတာ၊ နိုင်ငံတကာကုမ္ပဏီတွေနဲ့ အရောင်းအဝယ်ပြုလုပ်ပြီး အွန်လိုင်းကနေ ငွေပေးချေတာမျိုးတွေကိုလည်း လုပ်နိုင်ခဲ့ပါတယ်။ 

နိုင်ငံခြားငွေလဲလှယ်တဲ့ဘဏ်၊ လုပ်ငန်းနဲ့ ငွေလွှဲကောင်တာတွေ ပေါ်ပေါက်လာပြီး၊ နှုန်းရှင်မျှောထားကာ လက်တွေ့ပြင်ပပေါက်စျေးနဲ့ မကွာတဲ့ နှုန်းထားတွေနဲ့ လဲလှယ်အရောင်းအဝယ် ပြုလုပ်နိုင်ကြပါတယ်။ 

ဒါ့အပြင် နိုင်ငံခြားဘဏ်တွေ ရုံးခွဲဖွင့်ခွင့်ရလာပြီး သက်ဆိုင်ရာနိုင်ငံတွေက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံတဲ့လုပ်ငန်းတွေအတွက် လုပ်ငန်းလုပ်ကိုင်ခွင့်၊ မြန်မာကုမ္ပဏီကြီးတွေအတွက် ငွေချေးခွင့် စတာတွေ လုပ်ခွင့်ရလာပါတယ်။ ဒီလို တိုးတက်ဖွံ့ဖြိုးလာနေတဲ့ မြန်မာ့ဘဏ်လုပ်ငန်းဟာ ၂၀၂၁ အာဏာသိမ်းပွဲပြီးနောက် ပြဿနာတွေ တက်လာခဲ့ပါတယ်။

ပထမဦးဆုံးကတော့ အာဏာသိမ်းပြီးကာစမှာ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့နဲ့ သတင်းအချက်အလက် အမှောင်ချဖို့ စစ်ကောင်စီကနေ အင်တာနက်လိုင်းကို လုံးဝ ဖြတ်တောက်ပစ်လိုက်တဲ့ အချိန်မှာပါပဲ။ ကိုဗစ်နိုင်တင်းကပ်ရောဂါ ဖြစ်နေလို့ ဘဏ်တွေ မဖွင့်တစ်ချက်၊ ဖွင့်တစ်ချက် ဖြစ်နေချိန်မှာတောင် ATM စက်တွေကနေ ငွေမှန်မှန်ထုတ်လို့ ရနေတဲ့ ဘဏ်ရဲ့ဖောက်သည်တွေဟာ အင်တာနက် ဖြတ်တောက်လိုက်ချိန်မှာတော့ ငွေထုတ်ယူလို့ မရတော့ပါဘူး။ 

တဆက်တည်း ဆန္ဒပြပြည်သူတွေက တချို့သောဘဏ်တွေကို သပိတ်မှောက်ဖို့ ရည်ရွယ်ချက်နဲ့ အဲဒီဘဏ်တွေမှာ ငွေအပ်တာမျိုး မလုပ်ကြတော့ဘဲ အပ်ထားပြီးသားငွေတွေကို အလုံးအရင်းနဲ့ ထုတ်ယူမှုတွေ ဖြစ်လာပါတယ်။ ဒီအခါ စစ်ကောင်စီက ဘဏ်တွေပြိုလဲသွားမှာကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘဏ်အသီးသီးက ပြည်သူရဲ့ဘဏ်အပ်ငွေ ထုတ်ယူမှုကို အကြီးအကျယ် ကန့်သတ်လိုက်တဲ့အခါ လူထုဟာ ငွေထုတ်ယူခွင့်မရှိတော့ဘဲ ငွေတွေ ဘဏ်ထဲမှာ ပိတ်မိကုန်ပါတယ်။ 

စစ်ကောင်စီဟာ ဗဟိုဘဏ်ကနေတဆင့် အစိုးရပိုင်ဘဏ်တွေရော၊ ပုဂ္ဂလိဘဏ်တွေကိုပါ ပြည်သူတွေရဲ့ သူတို့ပိုင်ငွေထုတ်ယူမှုကို မဖြစ်စလောက်ပမာဏက လွဲပြီး ထုတ်ယူခွင့်ကန့်သတ်မှု အမိန့်ကို ထုတ်ပြန်လိုက်ခြင်းပါ။ တကယ်တော့ ဘဏ််တွေနဲ့ ဖောက်သည်တွေအကြား သဘောတူထားချက်တွေအရ ဘဏ်တွေဟာ သူတို့ဆီမှာ ငွေအပ်နှံထားသူတွေကို အဲလိုလုပ်တာမျိုးဟာ သဘောတူညီချက်ကို ချိုးဖေါက်တာဖြစ်သလို၊ ဥပဒေနဲ့လည်း ညီညွတ်ခြင်းမရှိပါဘူး။ 

ဘဏ်နဲ့ ဘဏ်ကို ဆက်သွယ်ဆောင်ရွက်တဲ့ ပြည်သူတွေရဲ့ သဘောတူညီချက်မှာ ဥပမာ စာရင်းရှင်အပ်ငွေဆိုရင် အတိုးနှုန်း နိမ့်နိမ့်ပဲ ရပေမဲ့ ကိုယ်အပ်ထားတဲ့ငွေကို ကြိုက်တဲ့အချိန်မှာ ကြိုက်သလောက် ပြန်ထုတ်ယူခွင့်ရှိသလို၊ စာရင်းရှင်းလင်းပြီး အကောင့်ဖျက်သိမ်းမယ်ဆိုရင်လည်း ကိိုယ်အပ်ထားသမျှ ငွေအားလုံး ပြန်ထုတ်ယူခွင့်ရှိရပါမယ်။ 

အလားတူ စာရင်းရှင်အပ်ငွေထက် အတိုးနှုန်း ပိုများတဲ့ စာရင်းသေအပ်ငွေဆိုရင်လည်း သတ်မှတ်အချိန်မှာ သတ်မှတ်အတိုးရတဲ့ စနစ်ဖြစ်ပေမဲ့ သတ်မှတ်ချိန်ပြည့်အောင် မစောင့်ဆိုင်းဘူးဆိုရင် အတိုးငွေမရတာကလွဲရင် ကြိုက်တဲ့အချိန် ကြိုက်သလောက် ငွေထုတ်ယူလို့ရပါတယ်။ 

အကောင့်ဖျက်သိမ်းမယ်ဆိုရင်လည်း အပ်ထားသမျှငွေအားလုံး ပြန်ထုတ်လို့ရပါတယ်။ စစ်ကောင်စီရဲ့ ညွှန်ကြားချက်အရ ဗဟိုဘဏ်က ထပ်ဆင့်အမိန့်ပေးပြီး အစိုးရဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်အသီးသီးကို ပြည်သူနဲ့ ထားရှိခဲ့တဲ့ အဲဒီအရေးအကြီးဆုံး အခြေခံသဘောတူညီချက်ကို ဖောက်ဖျက်ခိုင်းလိုက်တာပါပဲ။ 

အကျိုးဆက်အဖြစ် ပြည်သူတွေဟာ ဘဏ်တွေမှာ သူတို့အပ်နှံထားတဲ့ငွေ လိုသလောက် ထုတ်ယူလို့ မရတော့ပါဘူး။ အကန့်အသတ်နဲ့ ငွေဖြည့်တင်းထားတဲ့ ATM စက်တွေမှာ ငွေထုတ်ယူလိုသူ ပြည်သူတွေဟာ ရှည်လျားစွာ တန်းစီ စောင့်ဆိုင်းရမှု ဖြစ်ပေါ်ခဲ့ပါတယ်။ 

ဘဏ်ကနေ ငွေထုတ်ရခက်တာကြောင့် ဘဏ်ဝန်ထမ်းတချို့ရဲ့ အဂတိလိုက်စားမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီး ကိုယ့်ငွေကိုယ် ပြန်လည်ရရှိဖို့ ရာခိုင်နှုန်းတစ်ခုနဲ့ ငွေထပ်ဆောင်းပေးရတာတွေလည်း ဖြစ်လာခဲ့ပါတယ်။ 

ပြည်သူတွေကြားထဲမှာလည်း ဘဏ်အကောင့်ထဲက ငွေကို ၁ဝ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း  ထပ်ဆင့်အမြတ်ယူပြီး ငွေသားလဲပေးတဲ့စျေးကွက် ဖြစ်ပေါ်လာပါတယ်။ ဥပမာ ကျပ်ငွေ သိန်း ၁၀၀ ကို မိုဘိုင်းဘဏ်စနစ်ကနေ လွှဲပေးလိုက်တဲ့အခါ ကိုယ်က သိန်း ၈၀ (သို့) သိန်း ၉၀ လောက်ပဲ ပြန်ရတာမျိုးပါ။ ကျန်တဲ့ငွေတွေကိုတော့ ငွေသားစက္ကူ ထုတ်ပေးခအဖြစ် ပေးလိုက်ရတာမျိုးပါ။ 

ဗဟိုဘဏ် တာဝန်ရှိသူတွေကတော့ ‘ဘဏ်မှာ အပ်ထားတဲ့ ပြည်သူတွေရဲ့ငွေ မဆုံးရှုံးစေရပါဘူး’ လို့ အကြိမ်ကြိမ် ကတိပေးတဲ့တိုင် ပြည်သူတွေရဲ့အပ်နှံငွေတွေ ဘဏ်ထဲမှာ နှစ်နဲ့ချီ ပိတ်မိသွားခဲ့ပြီး ဘဏ််တွေအပေါ် ယုံကြည်မှုကျဆင်း၊ နောက်ထပ် ငွေအပ်နှံတာမျိုးတွေကိုလည်း မလုပ်ကြတော့ပါဘူး။

မြန်မာကျပ်ငွေတန်ဖိုးဟာ ဒေါ်လာနဲ့ နှိုင်းရင် စစ်အာဏာမသိမ်းခင်က တစ်ဒေါ်လာ ၁,၃၅၀ ကျပ် ရှိရာကနေ ပြည်သူတွေရဲ့ငွေတွေ ဘဏ်ထဲပိတ်မိပြီး သုံးနှစ်ခန့်အကြာ ၂၀၂၄ ခုနှစ်အတွင်းမှာ တစ်ဒေါ်လာ ကျပ် ၄,၀၀၀ ဝန်းကျင်အထိ ဖြစ်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် မြန်မာကျပ်ငွေတန်ဖိုးဟာ နဂိုတန်ဖိုးရဲ့ ၃ ပုံ ၂ ပုံကို ဆုံးရှုံးသွားတဲ့သဘော ဖြစ်ခဲ့ပါတယ်။

ဥပမာအားဖြင့် စစ်အာဏာမသိမ်းမီက ဘဏ်မှာ ဒေါ်လာ ၁၀,၀၀၀ နဲ့ညီမျှတဲ့ ကျပ်ငွေ ၁၃၅ သိန်း အပ်နှံထားတဲ့သူ တစ်ယောက်ဟာ ဘဏ်တွေရဲ့ ငွေထုတ်ယူမှု ကန့်သတ်မှုကြောင့် ထုတ်မယူနိုင်ခဲ့ဘူးဆိုရင် ဘဏ်ထဲမှာ ကျပ်ငွေ ၁၃၅ သိန်းအတိုင်းပဲ ရှိနေသေးတယ် ဆိုပေမဲ့ ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် ၃,၃၇၅ ဒေါ်လာလောက်ပဲ တန်ကြေးရှိတော့မယ့် သဘောပါ။ ဒီအချက်ဟာ ဘဏ်မှာ သန်းနှင့်ချီတဲ့ ပြည်သူတွေရဲ့အပ်နှံထားတဲ့ စုဆောင်းငွေတွေ အများအပြား ပျောက်ဆုံးသွားခဲ့ရတယ်ဆိုတာ ပြသနေပါတယ်။   

ဒါကြောင့် မဖြစ်မနေ သုံးရတာကလွဲရင် ပြည်သူအများစုဟာ ဘဏ်တွေမှာ ငွေအပ်နှံမှုတွေ သိပ်မလုပ်ကြတော့ဘဲ ငွေသားနဲ့ ငွေပေးချေမှုတွေ လုပ်ခဲ့ကြပါတယ်။ အကျိုးဆက်အနေနဲ့ ဘဏ််တွေမှာ ငွေအပ်နှံသူ နည်းပါးလာပြီး စုဆောင်းငွေနဲ့ ချေးငွေအကြား အချိုးမညီ ပြဿနာတွေ ဖြစ်ပေါ်လာပြီးနောက်မှာ ဘဏ်လုပ်ငန်းဟာ မသေမရှင် အနေအထားလို လည်ပတ်ရုံ လည်ပတ်နေတဲ့အနေအထား ရောက်လာပါတယ်။ 

နောက်ပိုင်း ဗဟိုဘဏ်ဟာ ဘဏ်တွေအတွက် အပ်နှံငွေတွေ ရရှိဖို့ နောက်ထပ် နည်းလမ်းတစ်ခုနဲ့ ကြိုးစားလာပါတယ်။ အဲဒါကတော့ အရင်ဘဏ်အသီးသီးမှာ အကောင့်အမျိုးမျိုးနဲ့ အပ်နှံထားတဲ့ ငွေတွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာဖြေလျော့တာမျိုး မလုပ်ဘဲ ပြည်သူတွေအနေနဲ့ နောက်ထပ် special account အသစ်တွေ ဖွင့်မယ်ဆိုရင်တော့ ငွေပမာဏ ကြိုက်သလောက်ကို အပ်နိုင်ပြီး ကြိုက်သလောက် ပြန်ထုတ်ခွင့်နဲ့ လွတ်လပ်စွာလွဲပြောင်းခွင့်တွေ ရရှိမယ်ဆိုပြီး စည်းရုံး ကြေညာခဲ့ပါတယ်။ 

အရင်အကောင့်ဟောင်းတွေထဲ ရှိနေတဲ့ ငွေတွေကိုတော့ special account ထဲ လွဲခွင့် မပေးခဲ့သလို၊ အကောင့်ဟောင်းတွေထဲ ငွေလွှဲပေးခဲ့ရင်လည်း ကန့်သတ်ချက်တွေအတိုင်းပဲ ငွေထုတ်ခွင့်ရမယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ဆိုလိုတာက အရင်အကောင့်ဟောင်းတွေအားလုံးကို မေ့လိုက််တော့၊ ဘဏ်လုပ်ငန်း လုပ်ချင်ရင် special account အသစ်တွေ ထပ်ဖွင့်ကြလို့ ဆိုလိုက်တာပါပဲ။

ဒီလိုနဲ့ ဘဏ်နဲ့ ကင်းလို့မရတဲ့ ကုန်သည်နဲ့ လုပ်ငန်းရှင်တွေဟာ special account ဆိုတာတွေကို ဖွင့်ကြပါတယ်။ စဖွင့်ပြီး ကာလတစ်ခုအထိ ဗဟိုဘဏ်ရဲ့ ကတိအတိုင်း အပ်ထားတဲ့ ငွေတွေကို လိုအပ်သလို ထုတ်ယူခွင့် ရရှိကြပါတယ်။ ဒါပေမဲ့ ၂၀၂၆ ခုနှစ်ထဲ ရောက်လာတော့ special account ထဲက ငွေတွေကို လိုအပ်သလောက် ထုတ်ယူတာကို ခွင့်ပြုပေးခြင်း မရှိတော့ပြန်ပါဘူး။

ဒါနဲ့ ပတ်သက်ပြီး ၂၀၂၆ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ရန်ကုန်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) မှာ ကျင်းပတဲ့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးမှာ မြန်မာ ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေက special account တွေကနေ ငွေထုတ်ယူမှု ကန့်သတ်နေတာကို အတည်ပြုလိုက်ပြီး ဒေါ်လာ၊ ရွှေ အစရှိတဲ့ စျေးကစားတဲ့နေရာတွေကို ငွေကြေးတွေ မရောက်ဖို့ ထိန်းကျောင်းရတာလို့ အကြောင်းပြပါတယ်။

တကယ်လက်တွေ့မှာတော့ ဘဏ်မှာ အတိုင်းအတာပမာဏတစ်ခု ငွေထုတ်ယူသူတိုင်းကို အဲလိုကန့်သတ်လာတာဖြစ်ပြီး ဒါဟာ ပြည်သူတွေ special account ဖွင့်စဉ်တုန်းက ဘဏ်နဲ့ ပြည်သူတွေအကြား ထားခဲ့တဲ့ သဘောတူညီချက်ကို ထပ်ပြီး ဖေါက်ဖျက်လိုက်တဲ့ သဘောလည်း ဖြစ်ခဲ့ပါတယ်။ ပြောရရင်တော့ ဘဏ်တွေဟာ ပြည်သူတွေနဲ့ သဘောတူထားတဲ့ အချက်တွေကို အကြိမ်ကြိမ် ချိုးဖေါက်ခဲ့တာဖြစ်ပြီး ပြည်သူတွေရဲ့ ယုံကြည်မှုမရတော့တဲ့ သဘောမျိုးဖြစ်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ ပြင်ပမှာ၊ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ငွေသား အမြောက်အများ ပေးချေ၊ ရယူတာကို ဒီဂျစ်တယ်နည်း၊ အွန်လိုင်းနည်းတွေ အသုံးမပြုဘဲ ဆန်စပါးကုန်စည်ဒိုင်တွေလို မြန်မာနိိုင်ငံ နေရာအနှံ့အပြားမှာ ငွေစက္ကူတွေနဲ့ ပြန်ပြီး အသုံးပြုနေကြတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်ဟာ သူအုပ်ချုပ်နေတဲ့ ငါးနှစ်ကျော်ကာလအတွင်း ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ ကုမ္ပဏီတွေအပေါ် နိုင်ငံခြားငွေကိုင်တွယ်အသုံးပြုနေတဲ့ကိစ္စ၊ ပြင်ပပေါက်စျေးနဲ့ လွတ်လပ်စွာလွှဲပြောင်းတဲ့ကိစ္စလိုမျိုးတွေကို တင်းတင်းကြပ်ကြပ် တားမြစ် ကန့်သတ်ခဲ့ပါတယ်။ မြန်မာကျပ်ငွေနဲ့ ငွေပေးချေမှုကိစ္စတွေမှာလည်း ကျပ်ငွေ သိန်း ၂၀၀ နဲ့အထက်ဖြစ်ပါက ဒီဂျစ်တယ်ငွေပေးချေမှုစနစ်နဲ့ပဲ မဖြစ်မနေသုံးရမယ် ဆိုတာမျိုးအထိ စျေးကွက်စီးပွားရေးနဲ့ မလျော်ညီတဲ့ အမိန့်မျိုးစုံ ချမှတ်လုပ်ကိုင်ခဲ့တာမို့ ဘဏ်တွေအပေါ် ပြည်သူတွေရဲ့ ယုံကြည်မှု တစ်နေ့ထက်တစ်နေ့ ကျဆင်းလာနေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိုပါ အဟန့်အတားဖြစ်နေစေတာ မြင်တွေ့နေရပါတယ်။  

မျိုးလွင်ဦးသည် မြန်မာ့နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို ကာလရှည်ကြာ အလေးထားစောင့်ကြည့်လေ့လာနေသော စာရေးဆရာနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.