ရန်ကုန်၊ ဇန်နဝါရီ ၂၈
၂၀၁၅ ခုနှစ်က ထောင်ချခံခဲ့ရသော နယူးဇီလန်နိုင်ငံသား ဖိလစ်ဘလက်ဝုဒ်သည် မြန်မာနိုင်ငံမှ နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့သို့ ယနေ့ထွက်ခွာသွားပြီ ဖြစ်သည်။
ထောင်ဒဏ်ကျခံနေရသည့် မစ္စတာဘလက်ဝုဒ်နှင့် ဘားဆိုင်မန်နေဂျာများဖြစ်သည့် ထွန်းသူရိန်နှင့် ထွဋ္ဋ်ကိုကိုလွင်တို့သည် ဇန်နဝါရီ ၂၂ ရက်နေ့တွင် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့် ပေးသူများထဲတွင် ပါဝင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံမှ ထွက်ခွာရန် စီစဉ်ဆောင်ရွက်နေစဉ်အတွင်း ၎င်းသည် အင်းစိန်ထောင်ထဲတွင် ဆက်လက်နေထိုင်ခဲ့ရသည်။
“မိသားစုက စီစဉ်ထားတဲ့ လေယာဉ်နဲ့ မစ္စတာဘလက်ဝုဒ် မြန်မာနိုင်ငံကနေ ဒီနေ့ထွက်ခွာမှာ ဖြစ်ပါတယ်” ဟု နယူးဇီလန် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက Frontier ကို ပြောသည်။
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် ဖွင့်လှစ်ထားသော V Gastro Bar ၏ တာဝန်ရှိသူများဖြစ်ကြသည့် ၎င်းတို့သုံးဦးသည် ဗုဒ္ဓရုပ်ပွားတော်ကို နားကြပ်တပ်ထားသောပုံဖြင့် ဘားဆိုင်ကြော်ငြာအား လူမှုကွန်ယက်ပေါ်တွင် တင်မှုဖြင့် ၂၀၁၄ ခုနှစ် အကုန်ပိုင်းတွင် အဖမ်းခံခဲ့ရပြီးနောက် တရားစွဲဆိုခံခဲ့ကြရသည်။
မစ္စတာဘလက်ဝုဒ်သည် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် လေယာဉ်ပြောင်းစီးကာ နယူးဇီလန်သို့ ပြန်ရန် စီစဉ်ထားသော်လည်း သြစတြေးလျ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ကာကွယ်ရေးဌာန၊ တာဝန်ရှိသူများကက ခွင့်မပြုဟု သြစတြေးလျနှင့် နယူးဇီလန် သတင်းဌာနများက ယခုရက်သတ္တပတ်အစောပိုင်းက ရေးသားခဲ့ကြသည်။
သို့သော် အဆိုပါ သတင်းများမှာ နားလည်မှုလွဲမှားကာ ရေးသားကြခြင်းသာဖြစ်သည်ဟု မစ္စတာဘလက်ဝုဒ်၏ ဖခင်ဖြစ်သူက Coconuts Yangon ကို ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်သည့် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် မစ္စတာဘလက်ဝုဒ်နှင့် မြန်မာနိုင်ငံသား အကျဉ်းသား ၁၀၁ ဦး ပါဝင်ခဲ့သည်။