မြန်မာနိုင်ငံတွင် လူမျိုးသုဉ်း သတ်ဖြတ်မှုများ ဖြစ်ပေါ်နေသည်ဟု ၎င်း၏ ပြောကြားချက်နှင့် ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ဒေါ်အောင်ဆန်းစုကြည်အား တောင်းပန်ခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ကြသည့် ရိုဟင်ဂျာများအား လက်ခံရန် ဆန္ဒရှိသည်ဟု ဒူတာတေးက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ပြောကြားခဲ့ပြီး ထိုအဖြစ်အပျက်မှာ “လူမျိုးသုဉ်းသတ်ဖြတ်မှု” ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ထံ ရည်ညွှန်းပြီး ဧပြီ ၁၃ ရက်နေ့က ပြောကြားရာတွင်မူ ဒူတာတေးက ၎င်းအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် စွက်ဖက်ခြင်းမဟုတ်ဟု ပြောကြားခဲ့ကြောင်း ရိုက်တာက ရေးသားထားသည်။ ထိုသို့ ပြောကြားရာတွင် မြန်မာနိုင်ငံ၏ “ပြည်တွင်းစစ်” ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
“ကျွန်တော် ခင်ဗျားကို တောင်းပန်မှာပါ။ ဒါပေမယ့် ကျွန်တော် ပြောကြားချက်က သရော်တာသက်သက် ဖြစ်တယ်ဆိုတာ ခင်ဗျား သတိပြုမိမယ်ထင်ပါတယ်” ဟု ဒူတာတေးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် လူအခွင့်အရေး ချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည်ဟု စွပ်စွဲနေသော်လည်း ရိုဟင်ဂျာများအား ကူညီရန်အတွက်မူ အနည်းငယ်သာ လုပ်ဆောင်နေသည့် ဥရောပနိုင်ငံများအား ဆန့်ကျင် ပြောကြားခြင်းဖြစ်သည်ဟုလည်း ဒူတာတေးက ပြောကြားသည်။
“စစ်ကြောင့် ဒုက္ခရောက်နေကြသူတွေအတွက် လုံခြုံစိတ်ချရတဲ့ ခိုနားရာတစ်ခု ခဏလေးပဲဖြစ်ဖြစ် စီစဉ်ပေးဖို့ ခင်ဗျားတို့မှာ အစီအစဉ်တစ်ခုခုများ ရှိပါသလား” ဟု ဒူတာတေးက ဥရောပနိုင်ငံများကို ရည်ညွှန်း ပြောကြားခဲ့သည်ဟု ရိုက်တာက ရေးသားထားသည်။
ဒုက္ခသည်များအတွက် “ယာယီသက်သာရာ” စီစဉ်ပေးရန် ၎င်းက တိုက်တွန်းလိုက်ပြီး ၎င်းအနေဖြင့်လည်း အလားတူ ဆောင်ရွက်ပေးမည်ဟု ဆိုသည်။
“လူသားချင်းစာနာထောက်ထားမှုဆိုတဲ့ အမည်အောက်ကနေ ကျွန်တော်အတွက် တာဝန်ဝေစုကို လက်ခံဖို့ အဆင်သင့်ပါပဲ” ဟု ၎င်းကပြောကြားခဲ့သည်။