ဖရွန်းတီးယားမြန်မာ
မနက်မိုးလင်းသည်နှင့် ကိုဇော်ဦးသည် သူ၏ဖေ့စ်ဘွတ်ခ်နှင့် အီးမေးလ်းကတစ်ဆင့် လှိုင်သာယာမြို့နယ်အတွင်း ဖြစ်ပျက်သမျှကို စတင်ကြည့်ရှုသည်။ ဆန္ဒပြပွဲရှိ၊ မရှိ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုရှိ၊ မရှိ သတင်းများကို စစ်ဆေးသည်။
“ဘယ်မှာ ဘာဖြစ်သလဲ ကြည့်တယ်။ တစ်ခုခုဖြစ်ထားတယ်ဆိုရင် အဲဒီနေရာကို ကိုယ်တိုင်သွားပြီး ဟုတ်၊ မဟုတ် သတင်းယူတယ်။ တကယ်လို့ ဘာမှမဖြစ်ရင်လည်း ကျနော့်မြို့နယ်ထဲကို ဒီတိုင်းပဲ ပတ်ကြည့်တယ်။ သတင်းရလိုရငြားပေါ့”ဟု ကိုဇော်ဦးက ပြောသည်။ လုံခြုံရေးအတွက် ၎င်း၏အမည်ကို လွှဲပြောင်းသုံးစွဲထားသည်။
HTY Information ဟု အမည်ပေးထားသည့် ဒေသန္တရသတင်းဌာနငယ်လေးတစ်ခု၏ အယ်ဒီတာနှင့် သတင်းထောက်ချုပ်အဖြစ် တာဝန်ယူထားသည့် ၎င်း၏ တစ်နေ့တာလုပ်ငန်းစဉ်ကို ကိုဇော်ဦးက ရှင်းပြနေခြင်းဖြစ်သည်။
လူဦးရေးထူထပ်များပြားလှပြီး နယ်မြေကျယ်ဝန်းသည့် လှိုင်သာယာမြို့ နယ်နှစ်ခုနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ဖော်ပြပေးသည့် HTY Information သတင်းဌာနအမည်ဖြင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာနှင့် အင်တာနက်ဝက်ဆိုက်တို့ကို မတ်၅ရက်တွင် တည်ထောင်ခဲ့သည်။
HTY Information သတင်းစာမျက်နှာကို မတည်ထောင်ခင်က အိုင်တီပညာရှင်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သည့် ကိုဇော်ဦးသည် သတင်းစာပညာနှင့် ပတ်သက်လျှင် ယခင်က အတွေ့အကြုံ လုံးဝမရှိခဲ့ပေ။
“ဒါတွေ (သတင်းဌာန)လုပ်ဖြစ်မယ်လို့ အရင်ကတစ်ခါမှ မတွေးခဲ့ဖူးဘူး ။ တစ်ခါတလေ ငါဘာတွေ လုပ်နေတာလဲလို့တောင် တွေးမိတယ်”ဟု သူက ပြောသည်။
ဖေဖော်ဝါရီ၁ရက်၊ စစ်တပ်အာဏာသိမ်းမှုက ကိုဇော်ဦးတစ်ယောက် သတင်းဌာနတစ်ခု တည်ထောင်ဖြစ်ဖို့ ဇာတ်လမ်းအစဖြစ်သည်။ အာဏာသိမ်းမှုနောက်ပိုင်း ကိုဇော်ဦးသည် သူ၏ ကိုယ်ပိုင်လူမှုကွန်ရက် စာမျက်နှာတွင် လှိုင်သာယာမြို့နယ်အတွင်းက ဆန္ဒပြပွဲသတင်းများကို နေ့စဉ်တင်ဆက်ပေးရာမှ မြို့နယ်အခြေပြု သတင်းစာမျက်နှာတစ်ခု ဖွင့်လှစ်ရန်အတွေးရလာခဲ့သည်။
စတင်တည်ထောင်စဉ်က ကိုဇော်ဦးသည် သူ၏သတင်းစာမျက်နှာတွင် လှိုင်သာယာမြို့နယ်အတွင်းရှိ ဆန္ဒပြပွဲသတင်းများနှင့် ပုံများကိုသာ တင်ဆက်ပေးရန် ရည်ရွယ်ခဲ့သည်။ သို့သော် စစ်ကောင်စီက လှိုင်သာယာရှိ ဆန္ဒပြပြည်သူများကို ကျည်ဆန်အစစ်များသုံး၍ အကြမ်းဖက်ဖြိုခွင်းခဲ့သည့် မတ်၁၄ရက်က ၎င်း၏ ရည်ရွယ်ချက်များကို အမြစ်ကစွဲကိုင်လှုပ်ရမ်း ပြောင်းလဲလိုက်သည်။ ထိုနေ့က လှိုင်သာယာအတွင်း ကမ္ဘာပျက်မတတ်ဖြစ်ခဲ့သည့် အခြေအနေများကြောင့် ကိုဇော်ဦးသည် သတင်းပေ့ချ်တစ်ခု တည်ထောင်၍ တစ်စိုက်မတ်မတ်လည်ပတ်ရန် ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။
ဆန္ဒပြပြည်သူများ၏ သွေးမြေကျခဲ့သော မတ်၁၄ရက်၊ လှိုင်သာယာက အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်တွင် လူမသိ၊ သူမသိဖြစ်ရပ်များစွာကို မီးမောင်းထိုးတင်ပြ၍ ကမ္ဘာသိအောင်ပြုလုပ်ရန် မြို့နယ်အခြေစိုက် ဒေသန္တရသတင်းဌာနတစ်ခု လိုအပ်နေကြောင်း ကိုဇော်ဦး နားလည်လိုက်သည်။
“အဲဒီနေ့က လှိုင်သာယာက ဖြိုခွင်းမှုမှာ လူတွေအများကြီး သေတာကိုတွေခဲ့တယ်။ တချို့ဖြစ်စဉ်တွေကို ကျနော်ပေ့ချ်ကနေ Live လွှင့် (ရုပ်သံတိုက်ရိုက်တင်ဆက်မှု) နိုင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီနေ့ကဖြစ်စဉ်ကို တကယ့်မီဒီယာကြီးတွေအများအပြားက မဖော်ပြနိုင်ခဲ့ဘူး။ သတင်းတွေက မြေပြင်က အခြေအနေတွေကို မလွှမ်းခြုံနိုင်ခဲ့ဘူး”ဟု ၎င်းကပြောသည်။
ပြည်တွင်းသတင်းဌာနများ၏ဖော်ပြချက်အရ လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မတ်၁၄ရက် အကြမ်းဖက်ဖြိုခွင်းမှုအတွင်း အရပ်သားဆန္ဒပြသူ ၆၀ကျော် သေဆုံးခဲ့သည်။ သို့တိုင် လှိုင်သာယာအခြေစိုက် အရပ်ဘက်လူမှုကူညီရေးအဖွဲ့အစည်းများ၏ အဆိုအရမူ သေဆုံးသူဦးရေမှာ ၁၀၀ကျော်ခဲ့သည်။
ယင်းသို့သေဆုံးမှု ကိန်းဂဏန်းနှင့်ပတ်သက်၍ အတိအကျ မဖော်ပြနိုင်ခြင်းမှာ အဆိုပါနေ့တွင် လှိုင်သာယာသို့ နယ်မြေကွင်းဆင်းသတင်းရယူသည့် သတင်းမီဒီယာအင်အား နည်းပါးခဲ့သည်ဟု ကိုဇော်ဦးက ယူဆသည်။
“သတင်းထောက်တော်တော်များများ အဲဒီနေ့က လှိုင်သာယာကို မဝင်ရောက်နိုင်ခဲ့ဘူး။ အဲဒီတော့ ဒီက သတင်းတွေက ထင်သလောက်ပါမလာဘူး။ အဲဒီမှာ ကျနော်တို့မြို့နယ်အတွက် သတင်းတွေကို ပုံမှန်တင်ဆက်ပေးဖို့ လိုအပ်နေတယ်ဆိုတာ နားလည်လိုက်တယ်”ဟု သူက ပြောဆိုသည်။
အဆိုပါကာလတွင် စစ်ကောင်စီက သတင်းမီဒီယာအချို့ကို လုပ်ကိုင်ခွင့်လိုင်စင် ရုတ်သိမ်းထားသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် နေ့စဉ်ထုတ်သတင်းစာများ ရပ်ဆိုင်းထားသဖြင့် လှိုင်သာယာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရက်စက်ကြမ်းကြုတ်မှုများကို ထောင့်ပေါင်းစုံစေ့အောင် သတင်းမလွှမ်းခြုံနိုင် ခဲ့ကြောင်း ကိုဇော်ဦးက ဆိုသည်။
မတ်၁၄ရက်မတိုင်ခင် ရက်ပိုင်းအလို ဆန္ဒပြမှုများဖြစ်ပေါ်အောင် လှုံ့ဆော်ရေးသားသည်ဟုဆိုကာ စစ်ကောင်စီသည် သတင်းဌာနငါးခုကို မတ်၈ရက်တွင် လုပ်ကိုင်ခွင့်လုပ်ငန်း လိုင်စင်ရုတ်သိမ်းခဲ့သည်။ ပိတ်သိမ်းခံရသော သတင်းဌာနများမှာ Myanmar Now၊ DVB၊ 7Day၊ မစ္ဇျိမနှင့် ခေတ်သစ်သတင်းတို့ ဖြစ်ကြသည်။ ၎င်းတို့အနက် 7Day ကလွဲ၍ ကျန်မီဒီယာများသည် စစ်ကောင်စီ၏ပိတ်ပင်မှုအား အာခံ၍ အွန်လိုင်းကတစ်ဆင့် ဆက်လက်သတင်းတင်ဆက်ခဲ့ကြသည်။
စစ်ကောင်စီ၏ မီဒီယာဖိနှိပ်မှုခြေလှမ်းများမှ ယင်းတွင်ရပ်တန့်မသွားခဲ့ပေ။ စစ်ကောင်စီသည် ဧပြီလအတွင်း ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်၊ 74 Media သတင်းဌာန၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အခြေစိုက် တာချီလိတ်သတင်းအေဂျင်စီတို့ကိုပါ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ ဆက်လက်ရုတ်သိမ်းခဲ့သည်။ အဆိုပါသတင်းဌာနများအနက် မြစ်ကြီးနားသတင်းဂျာနယ်ကလွဲ၍ ကျန်သတင်းဌာနများသည် ယခင်ကအတိုင်း ပုံမှန် အွန်လိုင်းသတင်းများ တင်ဆက်နေဆဲဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီသည် ပြည်တွင်းအခြေစိုက် သတင်းဌာနများကို ပိတ်သိမ်းသည့်အပြင် သတင်းထောက်ဦးရေ ၈၀ကျော်ကိုလည်း ဖမ်းဆီးခဲ့ပြီး ၄၀ကျော်မှာ လက်ရှိအချိန်ထိ တရားရင်ဆိုင်နေရဆဲဖြစ်သည်။
ယင်းသို့ ဖိနှိပ်ချုပ်ချယ်မှုများက ၂၀၁၂ ဆင်ဆာစနစ်ဖျက်သိမ်းပြီးချိန်မှစ၍ စတင်ဖွံ့ဖြိုးလာသည့် မြန်မာ့သတင်းမီဒီယာလောကကို အမှောင်ဘက်ခြမ်းဆီသို့ ပြန်လည်တွန်းပို့ပစ်လိုက်သည်။ စစ်ကောင်စီ၏ မီဒီယာလွတ်လပ်ခွင့် ဖိနှိပ်မှုကြောင့် ပြည်တွင်းရှိ သတင်းပင်မရေစီးကြောင်းပေါ်က သတင်းဌာနကြီးများမှာ ဆက်လက်လည်ပတ်ရန် ပိုမိုကျပ်တည်းလာသည့်အပြင် သတင်းထောက်အများအပြားအတွက်လည်း မြေပြင်ကွင်းဆင်း သတင်းရယူရေးမှာ အန္တရာယ်ပိုများလာသည်။
ထိုအခြေအနေတွင် အခြေစိုက်ရာမြို့နယ်ကိုသာ အဓိကထား၍ သတင်းတင်ဆက်သည့် မြို့နယ်အခြေပြု ဒေသန္တရသတင်းဌာနငယ်များလည်း အပြိုင်းအရိုင်း ထွက်ပေါ်လာသည်။ ယင်းတို့အနက် ကိုဇော်ဦးတို့ ဦးစီးလုပ်ကိုင်သည့် လှိုင်သာယာအခြေစိုက် HTY Information လည်း တစ်ခုအပါအဝင်ဖြစ်သည်။ HTY Information သည် အခြေစိုက်သည့်မြို့နယ်အတွင်းက သတင်းများအပြင် မန္တလေးနှင့် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်စသည့် အရပ်ဒေသများက ဖြစ်ပေါ်တိုးတက်မှုများကိုလည်း အခါအားလျော်စွာ သတင်းတင်ဆက်နေသည်။
မတ်၁၄ရက်၊ လှိုင်သာယာကဖြစ်စဉ်များကို မျက်ဝါးထင်ထင်ကြုံတွေ့လိုက်ရပြီးနောက်ပိုင်းတွင် ကိုဇော်ဦးသည် လှိုင်သာယာမြို့နယ်အတွင်း ဖြစ်ပျက်သမျှ အကြောင်းအရာများကို ပိုမိုဦးစားပေး၍ HTY Information အွန်လိုင်းစာမျက်နှာကတစ်ဆင့် ပုံမှန်သတင်းတင်ဆက်ခဲ့သည်။ အထူးသဖြင့် လှိုင်သာယာအတွင်းက ဆန္ဒပြပွဲအကြမ်းဖက်ဖြိုခွင်းမှုများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ တိုက်ခိုက်ခံရခြင်းနှင့် ဗုံးပေါက်ကွဲခြင်း စသည့်ဖြစ်စဉ်များကို ပုံမှန်သတင်းတင်ဆက်ခဲ့သည်။
လက်ရှိတွင် HTY Information ၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာသည် Follower (ပရိသတ်) ၁၆၀,၀၀၀ ကျော်ရှိပြီး သတင်းများကို နှစ်သက်သူနှင့် မျှဝေသူဦးရေမှာ ပုံမှန်အားဖြင့် ၁,၀၀၀မှ ၄,၅၀၀အကြား ရှိနေသည်။ ထို့ပြင် မေလဆန်းပိုင်းကစတင်၍ HTY Information သတင်းစာမျက်နှာကို သတင်းအကြောင်းအရာများ အမြဲပေးပို့လာသည့် လူထုအခြေပြုသတင်းသမားများဟု ခေါ်ဆိုနိုင်သည့် အလွတ်တန်းသတင်းပေးပို့သူ ၁၀ဦးခန့်အထိ ရှိလာခဲ့သည်။
သတင်းပင်မရေစီးကြောင်းပေါ်က မီဒီယာအဖွဲ့အစည်းများ ဖြိုခွင်းဖိနှိပ်ခံရချိန်တွင် ထွက်ပေါ်လာသော ဒေသန္တရသတင်းဌာနများအနက် အချို့မှာ အတွေ့အကြုံရှိသတင်းထောက်များ ဦးစီးလုပ်ကိုင်သည့် ဌာနများဖြစ်သည်။ သို့သော် အများစုမှာမူ သတင်းစာပညာ အတွေ့အကြုံမရှိသော်လည်း စိတ်အားထက်သန်သည့် လူငယ်များဦးစီး၍ လုပ်ကိုင်ကြသည့် သတင်းခန်းများဖြစ်သည်။
အတွေ့အကြုံမရှိသော်လည်း စိတ်အားထက်သန်မှုကိုအရင်းပြုကြသည်ဖြစ်ရာ အချို့ကိစ္စရပ်များတွင် သတင်းစာအတတ်ပညာနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားမှုအကြား ရောထွေးသည့် ပုံစံမျိုးဖြင့်လည်း လှုပ်ရှားကြလေ့ရှိသည်။
ဥပမာအားဖြင့် အချို့မြို့နယ်က ဒေသအခြေပြုအွန်လိုင်းသတင်းစာမျက်နှာများသည် ပုံံမှန်ဆန္ဒပြပွဲ သတင်းများအပြင် စစ်ကောင်စီက အရပ်သားများကို စစ်ဆေးသည့်နေရာများ၊ ဆန္ဒပြပွဲများတွင် ပြည်သူများကို ဖြိုခွင်းရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ ချီတက်လာရာ လမ်းကြောင်းများကို အချိန်နှင့်တစ်ပြေးညီ ဖော်ပြသည့်အပြင် CDM လှုပ်ရှားမှုတွင် ပါဝင်သော အစိုးရဝန်ထမ်းများအတွက် ရန်ပုံငွေကောက်ခံသည့် အကြောင်းအရာများကိုလည်း တင်ဆက်ပေးလေ့ရှိသည်။
“ဒါက သတင်းစီးဆင်းမှု ပုံစံအသစ်တစ်မျိုးပါ။ ပရော်ဖက်ရှင်နယ်မီဒီယာတွေက ရုန်းကန်လာရတဲ့ အခြေအနေတစ်ခုမှာ အဲဒီကွက်လပ်ကို Citizen Media (လူထုအခြေစိုက်မီဒီယာ) တွေက ဖြည့်ပေးတဲ့ သဘောမျိုးပါ”ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီဝင်ဟောင်းနှင့် သတင်းစာသင်တန်းဆရာတစ်ဦးဖြစ်သူ ဦးမြင့်ကျော်က မှတ်ချက်ပြုသည်။
စာဖတ်ပရိသတ် သိန်းနှင့်ချီရှိသည့်တိုင် မြို့နယ်အခြေပြုသတင်းမီဒီယာများသည် စီးပွားရေးအရ တွက်ချေကိုက်သည့် လုပ်ငန်းတော့မဟုတ်ပေ။ အထူးသဖြင့် ကြော်ငြာနှင့် အခြားဝင်ငွေရလမ်း မရှိသဖြင့် ကုန်ကျစရိတ်များကို ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်၍ လည်ပတ်ရသဖြင့် ရေရှည်ရပ်တည်ရေးမှာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ကြောင်း သတင်းစာမျက်နှာတည်ထောင်သူများက ဖရွန်းတီးယားမြန်မာကို ပြောသည်။
ပိုမိုဆိုးရွားသည်မှာ ယင်းမြို့နယ်အခြေပြုသတင်းဌာနများကို စစ်ကောင်စီက အရေးယူရန် ပစ်မှတ်ထား၍ လိုက်လံစုံစမ်းလျက်ရှိကြောင်း သတင်းထောက်များနှင့် အယ်ဒီတာအချို့က ပြောသည်။ အကျိုးဆက်အဖြစ် ၎င်းတို့အနက် အချို့အလွတ်တန်းသတင်းထောက်နှင့် အယ်ဒီတာများမှာ ထွက်ပြေးတိမ်းရှောင်ရပြီး ယင်းကြောင့်ပင် သတင်းလုပ်ငန်းစီမံခန့်ခွဲမှု ဘက်ပေါင်းစုံက အကျပ်အတည်းစိုက်ရသည်။

ကြီးမားသော သက်ရောက်မှု
အသက်၃၀နှစ်သာရှိသေးသည့် ကိုဝေလင်းသည် သင်္ဃန်းကျွန်းပို့စ် (Thingangyun Post)ဟု အမည်ရသည့် အွန်လိုင်းသတင်းစာမျက်နှာကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည်။ ၎င်းသည် ယခင်က ပြည်တွင်းသတင်းဌာန အများအပြားတွင် လုပ်ကိုင်ခဲ့ဖူးပြီး သတင်းလုပ်ငန်းအတွေ့အကြုံ ၁၀နှစ်ခန့်ရှိသူလည်း ဖြစ်သည်။
၎င်းတည်ထောင်သည့် သင်္ဃန်းကျွန်းပို့စ်သည် သတင်းဌာနကြီးများတွင် ဖော်ပြခြင်းခံရလေ့မရှိသော သင်္ဃန်းကျွန်းမြို့နယ်အတွင်းက အသေးစိတ်အကြောင်းအရာများကို တင်ဆက်ပေးသည်။ အဆိုပါသတင်းစာမျက်နှာကို အသိမိတ်ဆွေ အမျိုးသမီးတစ်ဦးနှင့်အတူ ၂၀၁၉တွင် စတင်တည်ထောင်ခဲ့သည်။
“Mainstream (သတင်းပင်မရေစီးကြောင်း) မီဒီယာတွေဆိုတာက မြို့နယ်ထဲမှာဖြစ်တဲ့ တချို့ကိစ္စတွေကို ဖော်ပြဖို့မရှိဘူး။ ဥပမာဆိုင်ကယ်တွေပျောက်တဲ့ သတင်းမျိုးတွေဆို ဖော်ပြမှာမဟုတ်ဘူး။ အဲဒီလိုသတင်းတွေက လည်း လူထုအတွက် အရေးပါတယ်။ ကျနော်တို့က အဲဒါမျိုးလေးတွေဖော်ပြဖို့ တည်ထောင်ခဲ့တယ်”ဟု ကိုဝေလင်းကပြောသည်။
“ဒါပေမဲ့ အဲဒီအချိန်တုန်းက လူတွေ သိပ်မသိဘူး။ ရွေးကောက်ပွဲမှာ နည်းနည်းသိလာတယ်။ အာဏာသိမ်းပြီးတဲ့ အချိန်မှာတော့ ကျနော်တို့သတင်းတွေကို ဖတ်တဲ့သူတွေ ပိုတိုးလာတယ်”ဟု ၎င်းကပြောသည်။
လက်ရှိတွင် ပရော်ဖက်ရှင်နယ်သတင်းထောက်သုံးဦးဖြင့် လည်ပတ်နေသည့် သင်္ဃန်းကျွန်းပို့စ်သတင်းဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် Followers (ပရိသတ်ပေါင်း) ၁၁၂,၀၀၀ကျော် ရှိနေသည်။
သင်္ဃန်းကျွန်းပိုစ့်သတင်းဌာနသည် ဖေဖော်ဝါရီ၁၅ရက်က သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဗဟိုဘဏ် ဝန်ထမ်းအိမ်ရာတွင် CDMလုပ်ဆောင်နေသည့် ဝန်ထမ်းများလုပ်ငန်းခွင်ပြန်ဝင်ရန် စစ်ကောင်စီလုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖိအားပေးသည့်ဖြစ်စဉ်ကို အစောဆုံးတင်ဆက်နိုင်ခဲ့သည်။
“အဲဒီနေ့က ကျနော်တို့က အဲဒီနေရာကို အရင်ဆုံးရောက်တယ်။ ကျနော်တို့က Live လွှင့်လိုက်တော့ (ရုပ်သံတိုက်ရိုက်တင်ဆင်မှု) တခြားသတင်းဌာနကြီးတွေကလည်း အဲဒီမှာဖြစ်နေတာတွေကိုသိပြီး ရောက်လာကြတယ်။ အဲဒီမှာကျနော်တို့ သတင်းတွေကို စောင့်ဖတ်တဲ့သူတွေ သင်္ဃန်းကျွန်းမှာ ပိုပြီးများလာတယ်”ဟု အယ်ဒီတာကိုဝေလင်းက ပြောသည်။
အထူးသဖြင့် ကိုဝေလင်းတို့သည် သင်္ဃန်းကျွန်းပိုစ့်သတင်းဌာနကို မြို့နယ်အတွင်းရှိ လူထုကို သတင်းပေးရန်နှင့် မြို့နယ်အတွင်းဖြစ်ပျက်နေသည့် အခက်အခဲများကို တစ်နိုင်ငံလုံးအာရုံစိုက်ခံရအောင် တင်ဆက်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
“ရလဒ်က အရမ်းကြီးတယ်ဗျာ။ ကျနော်တို့ တင်ဆက်လိုက်တဲ့ သတင်းကြောင့်မို့ အဲဒီဗဟိုဘဏ်အိမ်ရာက လူတွေရဲ့ အခက်အခဲကို လာကူညီတဲ့သူတွေလည်း အများကြီးဖြစ်ကုန်တယ်”ဟု သူက ဖေဖော်ဝါရီ၁၅ရက်က ဖြစ်စဉ်ကို ပြန်ပြောင်းပြောပြသည်။
“အဲဒီတုန်းကဆို အရမ်းပီတိဖြစ်တာပဲ။ ကိုယ့်သတင်းကြောင့် အခက်အခဲဖြစ်နေတဲ့သူတွေ အကူအညီရကုန်တာလေဗျာ။ တော်တော်လည်း ကျေနပ်တယ်”
ပြည်တွင်းသတင်းဌာနကြီးများ လက်လှမ်းမမီနိုင်သော နယ်မြို့များတွင်လည်း ဒေသန္တရအခြေစိုက် သတင်းဌာနများ၏ ကြိုးပမ်းမှုကြောင့် အများပြည်သူက အချိန်နှင့်တစ်ပြေးညီ သတင်းများသိရှိရပြီး အကျိုးကျေးဇူး ကြီးမားလှသည်။
“ကျနော်တို့ မိုးကုတ်မှာ ဆန္ဒပြပွဲတွေလုပ်တယ်။ စစ်တပ်က ဖြိုခွင်းမှုတွေလုပ်ပြီး ဖမ်းတယ်။ လူတွေအများကြီး အဖမ်းခံရတယ်ဗျာ။ ဒါပေမဲ့ ဘယ်မီဒီယာမှာမှ သတင်းတွေ မပါဘူး”ဟု မိုးကုတ်မြို့ခံ ကိုမင်းနောင် (အမည်လွှဲက)က ပြောသည်။
“အဲဒါကြောင့် ကျနော်တို့ Mogok Information Group ကို စတည်ထောင်ပြီး လုပ်ဖြစ်တာပဲ”
ကိုမင်းနောင် အပါအဝင် အသက်၁၇နှစ်နှင့် ၂၀အကြားရှိ လူငယ်ကိုးဦး ပါဝင်လုပ်ကိုင်နေသည့် Mogok Information Group ဟုအမည်ပေးထားသော သတင်းစာမျက်နှာကလည်း Follower ပရိသတ်ပေါင်း ၂၅,၀၀၀ကျော်အထိ ရှိနေပြီး ယင်းအမည်ဖြင့်ပင် Telegram channel တစ်ခုပါ ဖွင့်လှစ်ထားသည်။
ပတ္တမြားမြေဟု နာမည်ကျော်သည့် မိုးကုတ်တွင် မေလလယ်အထိ ဆန္ဒပြပွဲများကို ကျည်အစစ်သုံး၍ ပစ်ခတ်ဖြိုခွင်းမှုကြောင့် အရပ်သား၁၁ဦးသေဆုံးပြီး လူပေါင်း၁၀၀ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း Mogok Information Group ကပြုစုထားသော စာရင်းများအရ သိရသည်။
“ဒါပေမဲ့ အဲဒီသတင်းတွေ ဘယ်မှာမှ သေချာရေးထားတာမတွေ့ရဘူး”ဟု ကိုမင်းနောင်က ပြောသည်။
Mogok Information Group သတင်းစာမျက်နှာသည် အရပ်သားများဖမ်းဆီးခံရမှု၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လူနေအိမ်များသို့ တရားလက်လွတ် ဝင်ရောက်ရှာဖွေမှုများနှင့် ဗုံးပေါက်ကွဲသည့် သတင်းများကို အမြဲတစေ တင်ဆက်လျက်ရှိသည်။
“ကျနော်တို့ ဆန္ဒပြတဲ့အခါမှာ စစ်သားနှင့်ရဲတွေလာတဲ့ လမ်းကြောင်းတွေကိုလည်း အချိန်နဲ့တစ်ပြေးညီ တင်ပေးတယ်။ ဒါမှ မြို့က ဆန္ဒပြသူတွေရှောင်တိမ်းနိုင်အောင်ပါ”ဟု ကိုမင်းနောင်က ပြောသည်။
“ကျနော်တို့က သတင်းလည်း မရေးဘူး။ သတင်းရေးနည်းလည်း မသင်ဖူးဘူး။ ကျနော်တို့ ကိုယ့်ဟာကိုယ် သူများတွေ ရေးတာကြည့်ပြီး ကြိုးစားပြီး ရေးတယ်။ အဓိက,က ကျနော်တို့မြို့က အကြောင်းတွေကို လူတွေ သိစေချင်လို့ပါ”ဟု ၎င်းကပြောသည်။
Follower ပရိသတ်ပေါင်း ၇၀,၀၀၀ကျော်ရှိသည့် မြင်းခြံမြို့ခံလူငယ်တစ်ဦးတည်ထောင်သော Myingyan News သတင်းစာမျက်နှာကလည်း အလားတူရည်ရွယ်ချက်ဖြင့် လည်ပတ်နေသည်။
“သတင်းရေးရတာ အစပိုင်းကတော့ ကျနော့်အဖို့ မလွယ်ကူဘူး။ ဒါပေမဲ့ ကျနော်တခြားသတင်းဌာနတွေက ရေးတာကိုကြည့်ပြီး ကြိုးစားပြီး ရေးတာပဲ။ အဲဒါမှ ကျနော်တို့မြို့မှာ စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လူတွေ သိနိုင်မှာလေ”ဟု အသက်၂၆နှစ်အရွယ် ကိုလင်းအောင် (အမည်လွှဲ)က ပြောသည်။ ၎င်းသည် Myingyan News သတင်းစာမျက်နှာ တည်ထောင်သူလည်းဖြစ်သည်။
Myingyan News အတွက် ၎င်းအပါအဝင် သတင်ပေးပို့သူ ဒေသခံအယောက်၂၀ခန့်ရှိကြောင်း ကိုလင်းအောင်က ဆိုသည်။ အဆိုပါဒေသန္တရသတင်းဌာနကို မတည်ထောင်မီက ဖေဖော်ဝါရီအတွင်း အာဏာသိမ်းပြီးကာစတွင် မြို့နယ်၊ ရပ်ရွာအသီးသီး၌ ဒေသခံများက ညကင်းအဖွဲ့များ ဖွဲ့စည်းခဲ့ကြရာ မြင်းခြံမြို့က ရပ်ကွက်ညကင်းအဖွဲ့များတွင် ကိုလင်းအောင်တို့ ပါဝင်ခဲ့သည်။
သို့သော် အာဏာသိမ်းမှုအလွန် အချိန်ကြာမြင့်လာသည်နှင့်အမျှ စစ်ကောင်စီက မြင်းခြံအပါအဝင် နိုင်ငံတစ်ဝန်းရှိ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို ကျည်ဆန်အစစ်များသုံး၍ လူသေဆုံးသည်အထိ အကြမ်းဖက်ပစ်ခတ်၍ ဖြိုခွင်းလာသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပို၍အကြမ်းဖက်သောနည်းလမ်းများ အသုံးပြု၍ နိုင်ငံတစ်ဝှမ်းက ဆန္ဒပြပွဲများကို ပစ်ခတ်ဖြိုခွင်းလာချိန်တွင် မြင်းခြံတွင်မူ ဒေသခံများသည် ရရာလက်နက်စွဲကိုင်၍ စစ်ကောင်စီကို ပြန်လည်ခုခံ တိုက်ခိုက်ခဲ့ကြသည်။
Myingyan News သတင်းစာမျက်နှာသည် စစ်တပ်၏ အကြမ်းဖက် ဖြိုခွင်းမှုဖြစ်စဉ်များကို လူအများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာအောင် သတင်းတင်ဆက်ပေးနိုင်ခဲ့သည်ဟု ကိုလင်းအောင်က ဆိုသည်။
“တခြားမီဒီယာအကြီးတွေက ကျနော်တို့ဆီကနေ မြို့အခြေအနေတွေ သိရတယ်။ ပြီးတော့ ကျနော်တို့ကို ဒီက အခြေအနေတွေ အင်တာဗျူးတယ်။ ကျနော်တို့ ရည်ရွယ်ချက်အောင်မြင်တယ်”ဟု ၎င်းက ပြောသည်။

“ကျနော်တို့ ရဲရင့်ဖို့လိုတယ်”
မြို့နယ်အခြေစိုက်မီဒီယာများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးတွင် စာဖတ်ပရိသတ်၏ ပူးပေါင်းမှုကလည်း အရေးပါကြောင်း ယင်းမီဒီယာများကို တာဝန်ယူထားသည့် လူထုအခြေပြုသတင်းသမားများက တစ်ညီတစ်ညွတ်တည်း ဆိုကြသည်။
“နေ့စဉ်ပုံမှန် ကျနော့် Page (သတင်းစာမျက်နှာ)ရဲ့ Messenger (စာပို့စနစ်) ကနေ သတင်းတွေ မှန်၊ မမှန် အတည်ပြုပေးဖို့ ဆက်သွယ်တဲ့ သူတွေရှိတယ်။ နောက် ပုံမှန်သတင်းတွေပို့ပေးတဲ့ သူတွေလည်းရှိတယ်”ဟု HTY Information တည်ထောင်သူ ကိုဇော်ဦးကပြောသည်။
စာဖတ်ပရိသတ်အခိုင်အမာရှိသည့်တိုင် ဒေသန္တရအခြေပြုမီဒီယာငယ်များသည် ကြော်ငြာဝင်ငွေနှင့် အခြားငွေရလမ်းမရှိခြင်းကြောင့် တစ်ချိန်ချိန်တွင် ကျပ်တည်းလာမည်ကို ကိုဇော်ဦးက ကြိုမြင်နေသည်။
“ကျနော်တို့မှာ ဒီကနေ ဘာဝင်ငွေမှ မရှိဘူ။ ကုန်ကျစရိတ်တွေ အကုန်လုံး အိတ်စိုက်ပဲ”ဟု ၎င်းကပြောသည်။
မတ်လဆန်းမှ စတင်၍ တည်ထောင်ခဲ့သည့် HTY Information အတွက် ကင်မရာဝယ်ခြင်း၊ ဖုန်းဘီလ်နှင့် ခရီးစရိတ်များအပါအဝင် ကျပ်သိန်း၃၀ဝန်းကျင် ကုန်ကျခဲ့ပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။
ဝင်ငွေရလမ်းမရှိသည့် ပြဿနာမှာ သင်္ဃန်းကျွန်းပိုစ့်အတွက်လည်း အတူတူပင်ဖြစ်သည်။ ကိုဝေလင်း၏ အဆိုအရ သတင်းလိုက်ရသည့် ကာလများတွင် နေ့စဉ်ကုန်ကျစရိတ်မှာ တစ်ရက်လျှင် ကျပ်၂၀,၀၀၀ခန့်ရှိသည်။
“အဲဒီစရိတ်တွေအကုန် ကိုယ့်ဘာသာကိုယ်ပဲ စိုက်ရတာပဲ”ဟု ၎င်းကပြောသည်။
၎င်းတို့အတွက် အခြားစိန်ခေါ်မှုတစ်ခုမှာ စစ်ကောင်စီ၏ အင်တာနက်အသုံးပြုမှုဆိုင်ရာ ကန့်သတ်ချက်များ ဖြစ်သည်။ ပြည်တွင်းအခြေစိုက်သတင်းဌာနများသည် စာဖတ်သူပရိသတ်များကို မြန်မာပြည်အတွင်း လူသုံးများသည့် လူမှုကွန်ရက်ဖြစ်သော ဖေ့စ်ဘွတ်ကတစ်ဆင့် အဓိကထား၍ သတင်းများ တင်ဆက်ကြသည်ဖြစ်ရာ စစ်ကောင်စီက ဖေ့စ်ဘွတ်ခ်ကို ပိတ်ပင်လိုက်သောအခါ စာဖတ်သူပရိသတ်ဦးရေ လျော့ကျသည့်ပြဿနာကို မီဒီယာတိုင်းနီးပါး ကြုံတွေ့ခဲ့ရသည်။
ပို၍ဆိုးဝါးသည်က မိုဘိုင်းလ်ဒေတာ အင်တာနက်အသုံးပြုမှုကို ထပ်တိုး၍ ကန့်သတ်လိုက်သောအခါ သတင်းအချက်အလက်စီးဆင်းမှုကို အကြီးအကျယ်ဟန့်တားနှောက်ယှက်ခဲ့သည်။
သို့တိုင် ရန်ကုန်အခြေစိုက် HTY Information နှင့် သင်္ဃန်းကျွန်းပိုစ့် သတင်းဌာနများအဖို့ မိုဘိုင်းလ်ဒေတာ အင်တာနက် အသုံးပြုမှု ကန့်သတ်ချက်ကြောင့် သတင်းဖတ်သူလျော့ကျမှု ပြဿနာမှာ သိပ်မကြီးမားခဲ့ပေ။
“အင်တာနက်ပိတ်တဲ့အချိန်မှာ Reach (စာဖတ်ပရိသတ်အကြား ပျံ့နှံ့မှု) တော့ကျတယ်။ ဒါပေမဲ့ နည်းနည်းပါပဲ” ဟု ကိုဝေလင်းက ပြောသည်။
ယင်းသို့ဖြစ်ရသည်မှာ ၎င်းတို့သည် အခြေစိုက်ရာ မြို့နယ်တစ်ခုတည်းကိုသာ အဓိကထား၍ သတင်းတင်ဆက်နေသည့် ဒေသန္တရမီဒီယာဖြစ်သောကြောင့်လည်း ဖြစ်နိုင်သည်။
မိုဘိုင်းလ်ဒေတာအင်တာနက်အသုံးပြုမှုကို ဆက်လက်ကန့်သတ်ထားသော်လည်း စစ်ကောင်စီသည် အိမ်များသို့ ဖိုက်ဘာကြိုးများဖြင့် သွယ်တန်း၍ အသုံးပြုသော အင်တာနက်ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုခွင့် ပေးထားဆဲဖြစ်သည်။
သို့သော် အဆိုပါဖိုက်ဘာအင်တာနက်များကို ဖြတ်တောက်လိုက်ပါက အွန်လိုင်းမှ သတင်းတင်ဆက်နိုင်ရန် နည်းလမ်းသည် မရှိသလောက်နီးပါးဖြစ်သွားတော့ပေမည်။
“သူတို့ ဖိုက်ဘာကိုပါဖြတ်ရင်တော့ ကျနော်တို့ ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူ။ သူတို့ မလုပ်ဘူးလို့လည်း ပြောလို့မရဘူး။ အဲဒါကြောင့်မို့ ကျနော်တို့မြို့နယ်အခြေပြု လက်ကမ်းစာစောင်ထုတ်ဖို့ စဉ်းစားထားတယ်”ဟု ကိုဝေလင်းက ပြောသည်။
ရန်ကုန်၊ မန္တလေးမဟုတ်သည့် အခြားရပ်ဝေးမြို့ရွာများတွင် ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုများ မရှိသဖြင့် သတင်းများဖတ်ရှုရန် မိုဘိုင်းလ်ဒေတာအင်တာနက်ကိုသာ အဓိကအားထားခဲ့ရသည်။ စစ်ကောင်စီက မိုဘိုင်းလ်ဒေတာအင်တာနက် ဖြတ်တောက်လိုက်သောအခါတွင် အဆိုပါရပ်ဝေးဒေသများမှ သတင်းဖတ်ရှုသူ ဦးရေ သိသိသာသာ ကျဆင်းသွားသည်။
“မိုးကုတ်မှာဆို မြို့ပေါ်အိမ်တွေက ဖိုက်ဘာရှိတယ်။ ဒါပေမဲ့ ရွာဘက်တွေမှာက အင်တာနက်မရတော့ဘူး။ အဲဒီတော့ ကျနော်တို့က စာစောင်လေးထုတ်ပြီး ရွာဘက်တွေကို လိုက်ဝေခဲ့ရတယ်”ဟု Mogok Information Group က ကိုမင်းနောင်က ပြောသည်။
သို့သော် မိုဘိုင်းလ်ဒေတာဖုန်းအင်တာနက်ကို ပြန်လည်အသုံးပြုခွင့်ရချိန်တွင်မူ စာစောင်ထုတ်ဝေမှု ရပ်ဆိုင်းခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“သူတို့ အင်တာနက် ပြန်ဖြတ်ရင်တော့ ကျနော်တို့ စာစောင်တွေ ပြန်ဝေမယ်။ အရှုံးတော့ မပေးဘူး။ ရတဲ့ နည်းနဲ့တော့ လုပ်နေရမှာပဲ”ဟု အသက်၂၀ဝန်းကျင်သာရှိသေးသည့် ကိုမင်းနောင်က ပြောသည်။
အင်တာနက်ကန့်သတ်ချက်နှင့် ရေရှည်ရပ်တည်ရေးအတွက် ငွေကြေးအရစိန်ခေါ်မှုများအပြင် လူထုအခြေပြုမီဒီယာများအတွက် ပို၍အန္တရာယ်ရှိသည့် ခြိမ်းခြောက်မှုတစ်ခုလည်း ရှိနေသေးသည်။
“အဓိက အန္တရာယ်ကတော့ စစ်ကောင်စီပဲ”ဟု သင်္ဃန်းကျွန်းပိုစ့် သတင်းဌာနတည်ထောင်သူ ကိုဝေလင်းက ပြောသည်။
ဖေဖော်ဝါရီအာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီသည် ပြည်တွင်းအခြေစိုက် သတင်းပင်မရေစီးကြောင်းပေါ်က မီဒီယာများ၊ သတင်းထောက်များကိုသာမက လူထုအခြေပြုမီဒီယာများကိုပါက ပစ်မှတ်ထား၍ ဖမ်းဆီးလာသည်။
စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့များသည် ဧပြီ၂၄ရက်တွင် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အခြေစိုက် သန်လျင်ပိုစ့်သတင်းဂျာနယ် အယ်ဒီတာချုပ် ဒေါ်တူးတူးသာနှင့် မိသားစုဝင်နှစ်ဦးအပါအဝင် လူလေးဦးကို ဖမ်းဆီးခဲ့သည်။ ယင်းဖြစ်စဉ်မှာ မြို့နယ်အခြေပြု ဒေသန္တရသတင်းဌာနတစ်ခုကို ပထမဆုံးအကြိမ် ပစ်မှတ်ထားဖြိုခွင်းခြင်းလည်း ဖြစ်သည်။
ကိုဝေလင်း၏ ပြောကြားချက်အရ ၎င်းနှင့်အတူ သင်္ဃန်းကျွန်းပိုစ့်သတင်းစာမျက်နှာကို တာဝန်ယူထားသည့် လုပ်ဖော်ကိုင်ဖက်တစ်ဦးမှာ ယခင်နေထိုင်ရာအရပ်တွင် လုံခြုံမှုမရှိတော့ဟု ခံစားလာရသဖြင့် ဧပြီလဆန်းပိုင်းတွင် တောင်ဥက္ကလာပမြို့နယ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
အခြားမြို့နယ်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည့်တိုင် ၎င်းတို့သည် အရပ်ဝတ်နှင့် စစ်ကောင်စီသတင်းပေးများ၏ လိုက်လံစောင့်ကြည့်ခြင်း ခံခဲ့ရကြောင်း ကိုဝေလင်းကဆိုသည်။
“ဘေးအိမ်က နေတဲ့သူတွေက ပြောတယ်။ ကျနော်တို့ မရှိတဲ့အချိန် အရပ်ဝတ်နဲ့လူတချို့ လာမေးနေတာ သုံးခါလောက်ရှိပြီဆိုပြီး လှမ်းပြောတယ်။ အဲဒီနောက် ကျနော်တို့လည်း တခြားနေရာကို ထပ်ရွှေ့ရတာပဲ”ဟု ၎င်းကပြောသည်။
လတ်တလော လုံခြုံစိတ်ချရသည်ဟု ယူဆရသည့် နေရာတစ်ခုသို့ ရွှေ့ပြောင်းနေထိုင်သည့်တိုင် စိတ်ဒုံးဒုံးချနိုင်သည်အထိ စိုးရိမ်မှုများ လျော့နည်းသွားသည်တော့မဟုတ်ဟု ၎င်းကဆိုသည်။ အကြောင်းမှာ စစ်ကောင်စီက ၎င်းတို့အလိုရှိသူများကို မဖမ်းဆီးနိုင်ပါက ၎င်းတို့၏ မိသားစုဝင်များကို ဓားစာခံသဖွယ် ဖမ်းဆီးခေါ်ဆောင်လေ့ရှိခြင်းကြောင့်ဖြစ်သည်။
“ကျနော့် မိသားစုဝင်တွေ အဖမ်းခံရမှာကို စိုးရိမ်တယ်”ဟု သူက ပြောသည်။
ကိုဝေလင်းတွင် မိဘနှစ်ပါးအပါအဝင် မိသားစုဝင် ငါးဦးရှိသည်။ သို့တိုင် မိသားစုဝင်များအဖမ်းခံရမည်ကို စိုးရိမ်နေသည်မှာ ၎င်းတစ်ဦးတည်းမဟုတ်ဘဲ ပြည်တွင်းအခြေစိုက်သတင်းထောက်တိုင်းတွင် အဆိုပါစိုးရိမ်မှု ရှိနေသည်ဟု ၎င်းကဆိုသည်။
လှိုင်သာယာက ကိုဇော်ဦးအဖို့မူ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းကိုမည်သူမည်ဝါမှန်း မသိရှိသေးကြောင်း ပြောသည်။ သို့သော် ၎င်းနေထိုင်ရာရပ်ကွက်အတွင်း HTY Information သတင်းဌာနတွင် လုပ်ကိုင်နေသူများကို စစ်ကောင်စီက လိုက်လံရှာဖွေ၊ စုံစမ်းနေကြောင်း သတင်းဖတ်ရှုသူများက သတိပေးလာကြသည်ဟု ဆိုသည်။
ဧပြီလကုန်ပိုင်းက လှိုင်သာယာမြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့စဉ် မြေပြင်ကွင်းဆင်း၍ သတင်းတင်ဆက်ရန် ကြိုးပမ်းရာတွင် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်များက HTY Information သတင်းဌာနကို လိုက်လံစုံစမ်းနေသည်အား ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည်ဟု ၎င်းကဆိုသည်။
“ကျနော်က အခင်းဖြစ်တဲ့ နေရာနားမှာပဲရှိသေးတယ်။ သတင်းကို အွန်လိုင်းပေါ် တင်လိုက်မိတယ်။ သူတို့က အဲဒီမှာ လိုက်စစ်တော့တာပဲ”ဟု ကိုဇော်ဦးက ပြောသည်။
“အဲဒီမှာ ကျနော်လည်း အမြန်လှည့်ပြေးတော့တာပဲ။ တော်တော်လည်း လန့်သွားတယ်”
ထိုရက်နောက်ပိုင်း ကိုဇော်ဦးသည် နေထိုင်ရာအိမ်ခန်းကို စွန့်ခွာ၍ လုံခြုံစိတ်ချရသည်ထင်ရသော အခြားတစ်နေရာသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။
“ကိုယ့်သတင်းဌာနက အောင်မြင်လေလေ။ အန္တရာယ်က ပိုကြီးလေလေပဲ”ဟု ကိုဇော်ဦးက စိတ်ပျက်လက်ပျက် ပြောဆိုသည်။
နဂိုကတည်းကရှိနှင့်ပြီးဖြစ်သည့် အင်တာနက်ကန့်သတ်မှုကြောင့် သတင်းလုပ်ငန်းများ မတွင်မကျယ်ဖြစ်နေစဉ် စစ်ကောင်စီကပါ ဖမ်းဆီးရန် ပစ်မှတ်ထား၍ လိုက်လံစုံစမ်းခံရသဖြင့် ကိုဇော်ဦးတို့၊ ကိုဝေလင်းတို့လို ဒေသန္တရမီဒီယာသမားများအဖို့ သတင်းလိုက်ရသည်မှာ ပိုမိုခက်ခဲလာသည်။
ပို၍ဆိုးသည်က မိုဘိုင်းဒေတာအင်တာနက်ကန့်သတ်ထားချိန်တွင် ၎င်းတို့နှစ်ဦးစလုံးသည် တစ်နေရာမှ တစ်နေရာသို့ မကြာခဏ ရွှေ့ပြောင်းနေထိုင်ရခြင်းဖြစ်ပြီး နေရာတိုင်းတွင် ဖိုက်ဘာအင်တာနက်တပ်ဆင်မှု မရှိသဖြင့် သတင်းလုပ်ငန်းများ နှောင့်နှေးရသည်။
ထို့ကြောင့်ပင် ၎င်းတို့သည် ဖိုက်ဘာအင်တာနက်သုံးစွဲခွင့်ရရှိသည့် လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် အသိမိတ်ဆွေနေအိမ်များသို့ အန္တရာယ်များကြားက အရဲစွန့်၍ သွားရောက်ကာ သတင်းတင်ရသည်။
“တစ်ခါတလေ လက်ဘက်ရည်ဆိုင်က ကျနော့် သတင်းခန်းပဲ။ တစ်ခါတလေကျရင်တော့ သူငယ်ချင်းတွေအိမ်က ရုံးခန်းပေါ့”ဟု ကိုဝေလင်းက ရယ်လျက်ပြောသည်။
ကိုဇော်ဦးကမူ ငွေကြေးအရ မည်သည့်အခက်အခဲရှိပါစေ၊ စစ်ကောင်စီ၏ မည်သို့ခြိမ်းခြောက်မှုမျိုး ရှိနေပါစေ ၎င်းစတင်ခဲ့သည့် မြို့နယ်အခြေပြုဒေသန္တရသတင်းခန်းလေး ဆက်လက်အသက်ဝင်နေအောင် ကြိုးပမ်းသွားမည်ဟု အခိုင်အမာဆိုသည်။
“အခုချိန်မှာ ကျနော်တို့ ရဲရင့်ဖို့လိုတယ်။ တကယ်လို့ ကျနော်တို့သာ သတင်းတွေမဖော်ပြနိုင်ရင် စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ ဖိနှိပ်မှုတွေကို ဘယ်သူမှ သိနိုင်တော့မှာမဟုတ်ဘူး။ အဲဒါကြောင့် ကျနော်တို့ ရတဲ့နည်းလမ်းနဲ့ အလုပ်ဆက်လုပ်မှ ရမယ်”ဟု ၎င်းကပြောသည်။