အေအက်ဖ်ပီ
ဖားကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာ ပါဝင်သွားတဲ့ လူ ၂၃ ဦးရဲ့ ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မိုးတွေ သည်းထန်စွာ ရွာသွန်းခဲ့အတွက် ရှာဖွေရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရပြီးနောက် အခုလို ရှာဖွေတွေ့ရှိတာဖြစ်ပါတယ်။
ကယ်ဆယ်ရေးသမားတွေက နောက်ထပ်လေးဦးကို ထပ်မံ ရှာဖွေနေကြဆဲဖြစ်ပါတယ်။ သေဆုံးသူတွေနဲ့ ပျောက်ဆုံးနေကြသူအများစုဟာ ကချင်ပြည်နယ်ရဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ နေထိုင်ကြတဲ့ လူနည်းစု ရဝမ်တိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။
“မနေ့က ညနေပိုင်းအထိ အလောင်း ၂၃ လောင်းကို ကျွန်တော်တို့ တွေ့ရှိခဲ့တယ်။ ဒီနေ့ရာသီဥတုကောင်းခဲ့ရင်တော့ ကျန်တဲ့လူတွေကို ကျွန်တော်တို့ ရှာနိုင်ဖို့ ကြိုးစားမယ်” လို့ ဖားကန့်က အမည်မဖော်လိုတဲ့ ဒေသအာဏာပိုင်တစ်ဦးက အေအက်ဖ်ပီကို ဇူလိုင် ၃၀ ရက်နေ့မှာ ပြောပါတယ်။
ယခုနှစ်အတွင်းမှာ မြေပြိုမှုတွေကြောင့် လူပေါင်း ဒါဇင်နဲ့ချီကာ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ သေဆုံးသူအများစုဟာ ကျောက်စိမ်းတူးဖော်ထားတဲ့နေရာတွေမှာ ရေမဆေးကျောက် ရှာဖွေကြတဲ့ ဆင်းရဲတဲ့ ဒေသခံတွေ ဖြစ်ကြပါတယ်။
ဇူလိုင် ၂၄ ရက်နေ့က ဆိပ်မူမှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကတော့ ရဝမ်လူနည်းစု တိုင်းရင်းသားတွေကို အထူးထိခိုက်စေခဲ့ပါတယ်။
ခရစ်ယာန်ဘာသာကို အဓိက ကိုးကွယ်ကြတဲ့ အဲဒီတိုင်းရင်းသားတွေဟာ လူဦးရေ ၇၀,၀၀၀ လောက်ပဲရှိပြီး မြန်မာနိုင်ငံရဲ့ လူဦးရေအနည်းဆုံး တိုင်းရင်းသားတွေထဲက တစ်ခုဖြစ်ပါတယ်။
“သက်ဆိုင်ရာ မိသားစုတွေကပဲ အသုဘအခမ်းအနား လုပ်ပါတယ်။ ဒီတစ်ကြိမ်ကတော့ ကျွန်တော်တို့ရွာကို တော်တော် အထိနာသွားစေတယ်” လို့ ရှာဖွေရေးလုပ်ငန်းများ ကူညီလုပ်ဆောင်ပေးနေသည့် ဒေသခံတစ်ဦးဖြစ်သူ ဦးရွှေသိန်းက ပြောပါတယ်။
ကမ္ဘာ့ထိပ်တန်း ကျောက်စိမ်းအများစုဟာ ကချင်ပြည်နယ်က ထွက်ရှိတာဖြစ်ပါတယ်။ ဒါပေမယ့် အများစုကတော့ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားမြင့်မားမှုကြောင့် နယ်စပ်ကို ဖြတ်ကျော်ပြီး တရားမဝင် တင်ပို့နေကြပါတယ်။
နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Global Witness ရဲ့ ခန့်မှန်းချက်အရ ကျောက်စိမ်းကဏ္ဍဟာ ၂၀၁၄ ခုနှစ် တစ်နှစ်တည်းမှာပင် အမေရိကန်ဒေါ်လာ ၃၁ ဘီလျံတန်ဖိုးရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စည်းမျဉ်း စည်းကမ်းတွေ၊ စောင့်ကြည့်မှုတွေ ညံ့ဖျင်းတာကြောင့် အများစုဟာ နိုင်ငံဘဏ္ဍာထဲကို ရောက်ရှိလာခြင်း မရှိပါဘူး။