မြန်မာနိုင်ငံ မြောက်ပိုင်း ကျောက်စိမ်းတူးဖော်ရာဒေသမှာ ထပ်မံဖြစ်ပေါ်ခဲ့တဲ့ မြေပြိုမှုကြောင့် အနည်းဆုံး ၂၇ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး အေအက်ဖ်ပီက ရေးသားထားပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေရတယ်လို့လည်း ဆိုပါတယ်။
ကချင်ပြည်နယ်မှာ တည်ရှိတဲ့ ဖားကန့်ဒေသဟာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ကျောက်စိမ်းတွေ ထွက်ရှိရာဒေသဖြစ်ပေမယ့် လူသေဆုံးမှုများတဲ့ မတော်တဆမှုတွေ၊ မြေပြိုမှုတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။
အခုနောက်ဆုံးဖြစ်ရပ်ဟာ ဇူလိုင် ၂၄ ရက်နေ့၊ နံနက်အစောပိုင်းက ဖားကန့်မြို့နယ်၊ ဆိပ်မူမြို့နယ်ခွဲမှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းအပြီးမှာ ဖြစ်ပေါ်ခဲ့တဲ့ မြေပြိုမှုကြောင့် အနည်းဆုံးလူပေါင်း ၂၇ ဦး မြေကြီးတွေအောက် ရောက်ရှိသွားတယ်လို့ အေအက်ဖ်ပီက ရေးသားထားပါတယ်။ အဲဒီထဲက အများစုက ရဝမ်လူမျိုးတွေဖြစ်ကြတယ်လိုပလည်း ဒေသခံရဲအရာရှိ အောင်ဇင်ကျော်က အေအက်ဖ်ပီကို ပြောပါတယ်။
“အခုထိ အလောင်းတစ်လောင်းမှ မတွေ့သေးပါဘူး။ ဒီနေ့တော့ ကြက်ခြေနီတွေ၊ မီးသတ်တွေနဲ့ ကျွန်တော်တို့ ထပ်မံရှာဖွေသွားမှာပါ” လို့ သူပြောပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်ရဲ့အဆိုအရ မမုံကျေးရွာအနီး ကျောက်စိမ်းနန်းတော် ကျောက်စိမ်းတူးဖော်ရေးကုမ္မဏီရဲ့ လုပ်ကွက်ဟောင်းနဲ့ ပေပေါင်းထောင်ချီ မတ်စောက်တဲ့ ကျောက်စိမ်းကြော ကမ်းပါး ပြိုကျခဲ့တာလို့ သိရပါတယ်။
“မိုးရာသီမရောက်ခင်တုန်းက ကျောက်စိမ်းတူးဖော်တဲ့လူတွေက မြေတွေကို တူးဆွသွားခဲ့ကြတယ်။ အခုမိုးတွေရွာလာတော့ မြေကြီးက မတည်ငြိမ်တော့ပဲ ဗွက်တွေလဲ အရမ်းထနေတယ်” လို့ ဒေသခံတစ်ဦးဖြစ်သူ ဦးရွှေသိန်းက အေအက်ဖ်ပီကို ပြောပါတယ်။
ဖားကန့်မြိ့နယ်မှာ မြေပြိုမှုတွေ မကြာခဏ ဖြစ်ပေါ်နေပြီး ယခုနှစ်အတွင်း မြေပြိုမှုတွေကြောင့် လူ ၁၅ဝ ကျော်လောက် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ကချင်အမျိုးသား လူမှုဖွံ့ုဖြိုးရေး ဖောင်ဒေးရှင်းထံက သိရပါတယ်။
37627636_645187739180817_8727568103195541504_n.jpg
ဇူလိုင် ၁၄ ရက်က Win Jade အုပ်စုရဲ့ လုပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ အစိုးရက ပြောကြားပေမယ့် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အဆိုအရ သေဆုံးသူ အနည်းဆုံး ၁၉ ဦးနဲ့ ပျောက်ဆုံးသူ ၈ဝ ဦး ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်းကလည်း ဖားကန့်ဒေသမှာ မြေပြိုမှုတွေ အတော်များများ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကြီးမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Global Witness ရဲ့ ခန့်မှန်းမှုအရ ၂၀၁၄ ခုနှစ်တစ်နှစ်တည်းမှာပင် ကျောက်စိမ်းလုပ်ငန်းက ဒေါ်လာ ၃၁ ဘီလျံ တန်ကြေးရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အများစုကတော့ အစိုးရဝင်ငွေထဲ ရောက်ရှိခြင်းမရှိပါဘူး။