ကချင်ပြည်နယ် ဖားကန့်ရှိ ဒေါ်လာဘီလျံချီတန်သော ကျောက်စိမ်းလုပ်ငန်းတွင် ကုမ္ပဏီပိုင်ရှင်များမှအစ ကုန်သည်များအလယ်၊ ပွပေါက်တိုး ချမ်းသာနိုးဖြင့် နေ့စဉ်အသက်ကို ရင်းနေရသော ရေမဆေးသမားအဆုံး အားလုံးအတွက် စွန့်စားရမှုအန္တရာယ်က ရှိနေသည်။
ဒင်န်နီယယ် ကွန်းဘ်စ် ရေးသားသည်။
ရေမဆေးသမား
နေ့တိုင်းလိုလို ခွန်မြတ်သည် နံနက် ၄ နာရီခွဲတွင် အိပ်ရာထသည်။ ထို့ကြောင့် နေမထွက်မီ တောင်ခြေသို့ သူရောက်သည်။ တောင်ပေါ်လေဒဏ်ကို ကာကွယ်နိုင်ရန် သူ့ခြေဖျားမှ လက်ဖျားအထိဖုံးနိုင်သော ဈေးပေါသည့် ဂျာကင်ကိုဝတ်ထားပြီး ယမန်နေ့ညက ပစ်ထားခဲ့သော ကျောက်တုံးများနှင့် အပျက်အစီးအကြားတွင် ကျောက်ရှာဖွေသည်။
တောင်ခြေသို့ လူအရောက်နည်းနေချိန်တွင် တန်ဖိုးကြီးကျောက်ကို တွေ့ရှိနိင်သည့် အခွင့်အလမ်း ပိုများသဖြင့် ခွန်မြတ်သည် စောစောစီးစီး အိပ်ရာထခြင်းဖြစ်သည်။ သူရှာဖွေသည်မှာ ကျောက်စိမ်းတုံးဖြစ်သည်။ အဖိုးနည်းလှသည့် အစိမ်းရောင်ကျောက်တုံးများက သူ့မိဘများနှင့် ညီငယ်ညီမငယ်များအား တစ်လတာကျွေးမွေးနိုင်ခြင်းနှင့် ဆာလောင်မွတ်သိပ်ခြင်းတည်းဟူသော အခြေအနေနှစ်ခု၏ ခြားနားမှုသရုပ်ကို ဖော်ပြပေးနိုင်သည်။
အသက် ၂၇ နှစ်အရွယ် ကျောက်တူးသမားလေးသည် တစ်ရက်ပျမ်းမျှ ကျောက်တုံး ၁,၀၀၀ ခန့်ကို တူသေးသေးဖြင့်ထုကာထုကာ အသံကိုနားထောင်ရသည်။ “အသံက ဘယ်လိုအသံမျိုးလဲဆိုတာကို နားလည်ဖို့ အချိန်အကြာကြီး လေ့လာခဲ့ရတယ်။ ဒါပေမဲ့ နားလည်သွားပြီဆိုတာနဲ့ ဘယ်တော့မှမမေ့တော့ဘူး။ ကျောက်စိမ်းကထွက်တဲ့အသံက အသံချိုတယ်” ဟု သူကပြောသည်။
ခွန်မြတ်သည် ဖားကန့်၌ တသက်လုံးနေလာခဲ့သူ ဖြစ်သည်။ သို့သော် သူသည် မြန်မာ့ကျောက်စိမ်းလောက၏ လှေကားတွင် အောက်ဆုံးအထစ်၌ ရောက်ရှိနေသူဖြစ်သည်။ သူ့ကို ရေမဆေးကျောက်သမားအဖြစ် သိကြသည်။ စကားလုံး အသုံးအနှုန်း၏အဓိပ္ပာယ်မှာ “ရေနဲ့မဆေးနဲ့” ဟုပင် အဓိပ္ပာယ်ရသည်။ အစဉ်အလာအရ ကျောက်ရှာသမားသည် ကျောက်မရောင်းချမီ ကျောက်စိမ်းတုံးများကို ပြုပြင်ပြောင်းလဲခြင်းမပြုရသည်ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ သို့ရာတွင် ထိုအသုံးအနှုန်း၏အဓိပ္ပာယ်က ကျောက်စိမ်းလောကတွင် အဆင့်အနိမ့်ဆုံး လူနေမှုဘဝပုံစံကို ဖော်ညွှန်းသောသဘောရှိသည်။
ဖားကန့်တွင် အလုပ်လုပ်နေသော ရေမဆေးသမား ထောင်ပေါင်းများစွာရှိသည့်အနက် သူတို့ကို ဆင်းရဲဲတွင်းမှ ဆွဲထုတ်နိုင်သည့် ကျောက်ကောင်းတစ်ပွင့်ရသူမှာ အလွန်ရှားပါသည်။ အများစုမှာ ထမင်းနပ်မှန်ရုံသာရှိသည်။ သူတို့မှာ ဈေးကစားသော စီးပွားရေးသမားများ၊ နိုင်လိုမင်းထက်ပြုသော လုံခြုံရေးတပ်ဖွဲ့များ၊ သို့မဟုတ် ဖားကန့်တခွင် ပျံ့နှံ့နေသော ဈေးပေါအန္တရာယ်များသည့် ဘိန်းဖြူတို့၏ သားကောင်ဘဝသို့ မကြာခဏ ကျရောက်တတ်သည်။
မြန်မာ့ကျောက်လောကတွင် စွန့်စားမှုအန္တရာယ်က အထက်မှအောက်သို့ စီးဆင်လျက်ရှိရာ ရေမဆေးတို့က အောက်ဆုံးတွင် ရောက်နေသည်။ အလွတ်တန်းသဘောဖြစ်သော သူတို့ကျောက်တူးလုပ်ငန်းက အဆမတန် အန္တရာယ်များလွန်းလှသည်။ သတ္တုတွင်းများတွင် ကြိမ်ဖန်များစွာ မြေပြိုမှုများကြောင့် လူငယ်များသည် တန်ပေါင်းများစွာသော မြေစာပုံများအောက် ကျရောက်ကြရသည်။ ရေမဆေးသမား သေဆုံးမှုမှာ မထူးဆန်းတော့သကဲ့သို့ မိသားစုများမှာလည်း လျော်ကြေးမရသလောက်ဖြစ်သည်။ သူတို့အလုပ်ကလည်း တရားမဝင်အလုပ် ဖြစ်သည်။
ရေမဆေးသမားတို့က လိုင်စင်မဲ့ဆောင်ရွက်နေခြင်းဖြစ်သလို သူတို့ အသက်မွေးဝမ်းကျောင်းအဖြစ် မှီခိုနေရသော ပစ္စည်းများကိုစွန့်ပစ်သည့် တူးဖော်ရေးကုမ္ပဏီများကလည်း ကြည်ဖြူခြင်းမရှိပေ။ သို့သော်လည်း ရေမဆေးသမားတို့ ရှာဖွေထားသော ကျောက်အများစုမှာလည်း နောက်ဆုံးတွင် အကြီးစားရောင်းဝယ်ရေး ကုမ္ပဏီများလက်ထဲသို့ ရောက်လာသည့်အတွက် မြန်မာ့ကျောက်စိမ်း ဖြန့်ဖြူးရေးကွင်းဆက်အတွက် လိုအပ်ချက်အရ မသိလိုက်မသိဘာသာ လွှတ်ထားသည်။
ဖားကန့်တွင် အလုပ်လုပ်နေသော ရေမဆေးသမားဦးရေမှာ မကြာသေးမီနှစ်များအတွင်း အဆမတန် မြင့်တက်ခဲ့ပြီး ဤနယ်မြေအတွင်းသို့ လူပေါင်းသောင်းချီ ဝင်ရောက်လာသည်ဟု ယူဆရသည်။ ရံဖန်ရံခါ ယှဉ်ပြိုင်မှုများ ပြင်းထန်လာချိန်၊ အထူးသဖြင့် သူတို့၏ ဘေးအန္တရာယ်လုံခြုံမှုကို ကုမ္ပဏီများက ထည့်သွင်းစဉ်းစားခြင်းမရှိဟု ရေမဆေးသမားများက ခံစားလာချိန်တွင် ရေမဆေးသမားများနှင့် တူးဖော်ရေးကုမ္ပဏီတို့ ထိပ်တိုက်ရင်ဆိုင်တွေ့တတ်ကြသည်။
တောင်စောင်းတစ်ခုတွင် မြေဇာများကို ထရပ်ကားပေါ်မှမချမီ ယာဉ်မောင်းက ဟွန်းအကြိမ်များစွာတီး၊ မီးတောက်၍ တောင်စောင်းများရှိ ရေမဆေးသမားများအား သတိပေးလေ့ရှိသည်။ သို့သော် တခါတရံတွင် အဆောတလျင် ပြုတတ်သည်။ သို့မဟုတ် ဟွန်းတီးရန် မေ့သွားတတ်သည်။ ဂရုမစိုက်ဘဲ နမော်နမဲ့ လုပ်တာမျိုးလည်း ရှိတတ်သည်။
ယင်းသို့ပစ္စလက်ခတ် လုပ်တတ်သည့်ကိစ္စမျိုးနှင့် ကြုံရသည့်အခါ ရေမဆေးသမားတို့က ဒေါသဖြစ်ကာ အလွန်စည်းလုံးသွားတတ်ကြသည်။ သူတို့ဒေါသကိုလည်း တူးဖော်ရေးကုမ္ပဏီကြီးများအပေါ် ပုံချတတ်သည်။ “ကုမ္ပဏီတွေက သူတို့ရဲ့တူးဖော်ရေးသမားတွေကို ဂရုစိုက်သင့်တာပေါ့။ သူတို့က ကျွန်တော်တ်ု့ိကို ပြဿနာလုပ်တယ်။ ကျွန်တော်တို့က ဆန္ဒထုတ်ဖော်ပြီးတော့ ကုမ္ပဏီတွေရဲ့အမူအကျင့်တွေကိုပြင်ဖို့ ညှိနှိုင်းလို့ရတဲ့အထိ လမ်းတွေကို ကျွန်တော်တို့ ပိတ်ထားမှာပါ” ဟု ခွန်မြတ်က ပြောသည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက ဖြစ်သည်။ မြေဇာများကို စတင်သွန်ချချိန်တွင် ခွန်မြတ်နှင့် အခြားရေမဆေးသမား ၅၀ သည် မတ်စောက်သော တောင်ကုန်းဘေးတွင် အလုပ်လုပ်လျက်ရှိသည်။
“လူတွေထွက်ပြေးကြတယ်။ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းက ပိတ်မိပြီး သူ့ခေါင်းလောက်အထိ ကျောက်တုံးတွေကြားထဲ မြုပ်သွားတယ်” ဟု သူကပြန်ပြောင်းပြောပြသည်။
သူ့ကိုကူညီရမည့်အစား အခြားရေမဆေးသမားများက ပြုတ်ကျလာသော ကျောက်တုံးများဆီ ပြေးသွားပြီး ရှာကြဖွေကြသည်။ သူနှင့်အခြားတစ်ယောက်က ကျောက်တုံးများကိုတူးပြီး သူ့ကိုဆွဲထုတ်ကြသည်။ မည်သူ တစ်ဦးတစ်ယောက်မျှ ဝင်ရောက်ကူညီခြင်း မရှိပေ။ သူ့သူငယ်ချင်းက ကံကောင်းသည်။ သို့သော် ယခုနှယ် မြေပြိုမှုမျိုးကြောင့် လူပေါင်းများစွာ သေဆုံးနေရသည်ကို ခွန်မြတ်သိထားသည်။
သူ့ဘဝစီမံကိန်းအကြောင်း ခွန်မြတ်ကိုမေးသောအခါ အရည်အသွေးမြင့် ကျောက်တွေ့ရှိပြီး ရောင်းချင်ကြောင်း သူကပြောသည်။ ကျောက်ကောင်းကောင်း တွေ့ပါက နေ့ချင်းညချင်း သန်းကြွယ်သူဌေးတစ်ဦး ဖြစ်နိုင်ကြောင်း သူကဆိုသည်။
“အဲဒီအချိန်ကျရင် ကျွန်တော်လက်ထပ်မယ်။ မိသားစုဘဝကို စတင်မယ်။ ဖားကန့်ကနေ လစ်တော့မယ်” ဟု သူကပြောသည်။ ထိုကဲ့သို့သော ကျောက်မျိုးရခဲ့ဖူးသော ရေမဆေးကျောက်သမား တွေ့ဖူးသလား ဟု သူ့ကိုမေးသောအခါ သူက ခေါင်းခါသည်။
“ဟင့်အင်း” ပါတဲ့။
မြန်မာနိုင်ငံအတွက် ရတနာဆုလာဘ်
ကျောက်စိမ်းကို ဘူမိဗေဒပညာရှင်တို့က နှစ်မျိုးခွဲသည်။ နက်ဖရိုက် Nephrite က ပွပြီးဖရောင်းဆန်သည်။ ယေဘုယျအားဖြင့် အစိမ်းရောင်ဖျော့ဖျော့နှင့် မဟော်ဂနီရောင်ရှိသည်။ တရုတ်တို့သည် နက်ဖရိုက်ကို အနည်းဆုံး ဘီစီ ၅၅၀၀ လောက်ကတည်းက တူးဖော်ခဲ့ကြသည်။ တရုတ်တို့၏ စောစောပိုင်းကာလက အနုပညာလက်ရာများသည် ကျောက်စိမ်းပန်းပုလက်ရာများ ဖြစ်သည်။ ဟန်မင်းဆက်ခေတ် ကဗျာတစ်ပုဒ်တွင် ကျောက်စိမ်း၏တန်ဖိုးကို ဖော်ညွှန်းထားသည်။
ကျောက်စိမ်း၏ တောက်ပြောင်သောမျက်နှာပြင်ဝယ် ကောင်းမှုအပေါင်းက ခညောင်းလျက်၊
ယင်း၏တောက်ပြောင်သော အရည်အသွေးထဲ၌ အသိပညာကြွယ်ဝမှုက ခညောင်းလျက်၊
ယင်း၏ဦးမညွှတ်စတမ်း ကြံ့ကြံ့ခံနိုင်မှုအထဲဝယ် တော်တည့်မှန်ကန်မှုက ခညောင်းလျက်၊
ယင်း၏ဘေးဥပါဒ်ကင်းစင်မှုအထဲဝယ် တန်ခိုးစွမ်းအားအပေါင်း ခညောင်းလျက်၊
ယင်း၏ရေရှည်တည်တံ့နိုင်မှုအထဲဝယ် ထာဝရသဘော ကိန်းအောင်းလျက်။
ကိုယ်ကျင့်တရား ဦးစီးဦးဆောင်မှုဖြင့် မကောင်းသော နိမိတ်တို့ကင်းစင်လျက် ကျောက်စိမ်းသည် လက်ဆင့်ကမ်း ခရီးဆက်နေသည်။
ဂျေဒိုက် Jadeite က ပို၍မာသည်။ ဖန်နှင့်ပိုတူသည်။ တခါတရံတွင် ပိုမိုတောက်ပြောင်၊ အလင်းပေါက်သည့် မြစိမ်းရောင်ရှိသည်။ ကချင်ပြည်နယ်သည် အရည်အသွေးပြည့် အစိမ်းရောင်ကျောက်စိမ်းကို ပုံမှန်ဖြည့်တင်းပေးရာတွင် ကမ္ဘာပေါ်၌ တစ်ခုတည်းသောနေရာဖြစ်ပြီး အားလုံးနီးပါးမှာ တရုတ်နိုင်ငံတွင် အဆုံးသတ်သည်။ တရုတ်ဈေးကွက်၌ ကျောက်စိမ်းသည် အရောင်ပါသောစိန်မှအပ အခြားသောကျောက်များထက် ဈေးပိုစွာသည်။
မြန်မာနိုင်ငံသည် ၁၃ ရာစုနှစ်ကတည်းက တရုတ်နိုင်ငံသို့ ကျောက်စိမ်းတင်ပို့ခဲ့သည်။ စစ်ပွဲများ၊ နိုင်ငံရေးအကူးအပြောင်းကာလများနှင့် စီးပွားရေး မငြိမ်မသက်ဖြစ်သည့် ကာလမျိုးတွင် တခါတရံ ကျောက်စိမ်းစီးဆင်းမှု နှေးကွေးပြီး အရောင်းအဝယ် ထိခိုက်တတ်သည်။ သို့သော် တရုတ်နိုင်ငံ၏ ကျောက်စိမ်းဝယ်လိုအားမှာ ကျဆင်းသွားသည်ဟူ၍မရှိဘဲ အဟန့်အတားများတွေ့ပြီးတိုင်း လုပ်ငန်းကဏ္ဍသည် အရှိန်အဟုန်ဖြင့် ပြန်လည်ရှင်သန်လာသည်ကို တွေ့ရသည်။
မကြာသေးမီ ဆယ်စုနှစ်များအတွင်း တရုတ်စီးပွားရေး အံ့ဖွယ်ဘနန်းတိုးတက်မှုက လူလတ်တန်းစား သန်းပေါင်းရာချီ ပေါ်ထွန်းလာစေပြီး ကျောက်စိမ်းမှာ လူအများဝယ်နိုင်သော ဇိမ်ခံပစ္စည်းဖြစ်ကာ အရောင်းအဝယ် အဆမတန် မြင့်တက်ခဲ့သည်။ ၂၀၁၄ ခုနှစ်က တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံ၏ နှစ်စဉ်ကျောက်စိမ်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ဘီလျံ ၃၀ ကျော်ရှိမည်ဟု ခန့်မှန်းချက်ရှိခဲ့သည်။
အလောင်းအစားသမား
နောင်တင်း Nawng Ting သည် ကျောက်စိမ်းလုပ်ငန်းကို ယခုမှ စတင်လုပ်ခါစသာ ရှိသေးသည်။ အသက် ၃၀ အရွယ်ရှိ စီးပွားရေးလုပ်ငန်းသမားသည် မြစ်ကြီးနားရှိသူ့အိမ်မှ ဖားကန့်သို့ ခြောက်နာရီကြာ သွားရသောခရီးကို တစ်လတစ်ကြိမ် သွားလေ့ရှိသည်။ ကချင်ပြည်နယ် အစိုးရဝန်ထမ်းဟောင်း တစ်ဦးဖြစ်သော နော်တင်းသည် ကျောက်တွင်းမြို့တော်၏ လွတ်လပ်သောပတ်ဝန်းကျင်၏ အရသာကို ခံစားနိုင်သည်။ “ဖားကန့်မှာ ခင်ဗျား ဘာမဆို လုပ်လို့ရတယ်” ဟု သူက ကျွန်တော့်ကိုပြောသည်။ “စားသောက်ဆိုင်တွေ အများကြီးရှိတယ်။ ဂေါက်ကွင်းရှိတယ်။ ကာရာအိုကေရှိတယ်။ အနှိပ်ခန်းတွေ အများကြီးရှိတယ်” ဟု သူက ဆိုသည်။
တခါတရံ သူ့အတွက် အလုပ်လုပ်ပေးမည့် ရေမဆေးသမားတစ်ဖွဲ့ကို သူငှားသည်။ အဖွဲ့ကတွေ့သော ကျောက်စိမ်းမှန်သမျှကို တန်ဖိုးနည်းနည်းများများ ခွဲဝေယူသည်။ ကျန်အချိန်များတွင် အခြားလွတ်လပ်သော ဝယ်လက်များနှင့်အတူ ရေမဆေးသမားများနှင့် ပြည့်နှက်နေသော မတ်စောက်သည့်ဆင်ခြေလျှောကို စီးမိုးကြည့်နိုင်သော ရှည်လျားသည့်ကုန်းတန်းပေါ်သို့ သူသွားသည်။ သူတို့သည် ရေမဆေးသမားများ ယူလာသောကျောက်တုံးများကို အားကောင်းသော လက်နှိပ်ဓာတ်မီးများဖြင့် စစ်ဆေးကြရာ ညအချိန်သည် အားကောင်းသော ဓာတ်မီးရောင်တို့ဖြင့် လင်းလက်နေတော့သည်။
ကျောက်စိမ်းတုံးများမှာ အစဉ်သဖြင့် အရောင်မှိန်နေတတ်ပြီး အပြင်ဘက်တွင် အညိုရောင် သန်းနေတတ်သည်။ ထို့ကြောင့် အထဲတွင်ဘာရှိသည်ကို တတ်သလောက် မှတ်သလောက်သာ မှန်းကြည့်နိုင်သည်။ သူတွေ့သော ကျောက်ကိုကြိုက်ပါက နောင်တင်သည် ရေမဆေးသမားထံမှ ကျောက်ကို ဝယ်တတ်သည်။ အများအားဖြင့် ကျပ် ၁၀,၀၀၀ သို့မဟုတ် ကျပ် ၂၀,၀၀၀ လောက်သာ ပေးတတ်သည်။ “ကျောက်စိမ်းကောင်းကို ဘယ်လိုရွေးရမယ်ဆိုတာ ကျွန်တော် ပညာယူနေတုန်းပဲ ရှိပါသေးတယ်။ ဒါမျိုးကလည်း နှစ်အကြာကြီးသင်မှ ကျွမ်းကျင်တာ” ဟု သူက ဝန်ခံသည်။
ကျောက်တစ်လုံးကို ဝယ်ပြီးနောက် ကျောက်ဖြတ်လွှရှိသူ တစ်ဦးဦးထံ သူသွားသည်။ လွှသမားက ကျောက်ကိုဖွင့်ပေးခြင်းဖြင့် သူ့ကံကြမ္မာကို ဖော်ထုတ်ပေးသည်။ ကျောက်စိမ်းတစ်တုံးကို ဖွင့်လိုက်ခြင်းသည် အလွန်ကြီးမားသော အလောင်းအစားတစ်ခုဖြစ်သည်။ ကျောက်တစ်လုံးသည် တစ်ကီလိုဂရမ်ကို ဒေါ်လာ သန်းပေါင်းများစွာတန်သည့် မြစိမ်းရောင်တောက်နေသော အရည်ကျောက် Imperial jade လည်း ဖြစ်နိုင်သည်။ သယ်ယူပို့ဆောင်ခပင် မကျေသော အဆင့်နိမ့် သာမန်ကျောက်တုံးတစ်တုံးလည်း ဖြစ်နိုင်သည်။ ကျောက်တုံးကို နှစ်ခြမ်းမခွဲရသေးသမျှ မည်သို့မျှ အသေအချာ မသိနိုင်ပေ။
နောင်တင်းသည် ငွေကြေးအရ စွန့်စားရတတ်သော ပွဲစားတစ်ဦးဖြစ်သည်။ ရေမဆေးသမားကဲ့သို့ပင် သူ့အလုပ်က ဥပဒေအရ အညိုရောင်နယ်မြေတွင် ကျရောက်နေသည်။ အခွန်မပေးဆောင်ပါက ဖားကန့်သို့လာရောက်၍ ကျောက်စိမ်းဝယ်သူများအား တရားဝင်မှတ်ပုံတင် ကုမ္ပဏီတစ်ခုနည်းတူ မြို့ပြင်ပသို့ ကျောက်စိမ်းသယ်ယူခွင့် မပြုပေ။ ထို့ကြောင့်အမြတ်ရရန် တစ်ခုတည်းသောနည်းလမ်းမှာ ဖားကန့်ရှိ တစုံတဦးအား တမင်နှိမ်ထားသောဈေးဖြင့် ရောင်းချရန်၊ သို့မဟုတ် တရုတ်နိုင်ငံဘက်သို့ ကျောက်ကို တရားမဝင် သယ်ထုတ်ပြီး ရောင်းရန်ဖြစ်သည်။
ယခုနှစ် ဧပြီလအတွင်းက နောင်တင်းသည် ကျောက်အများအပြား ဝယ်ယူခဲ့သည်။ ထိုကျောက်များထဲမှ ကျပ် ၁၃၀,၀၀၀ ပေးခဲ့ရသော ကျောက်တစ်လုံးကို ဖြတ်လိုက်သောအခါ အတွင်းသားအနှစ်မှာ ကြည်လင်ပြီး အစိမ်းရောင် တောက်နေသည်။ သူသည် တောင်တန်းများကိုကျော်ဖြတ်၍ တရုတ်နိုင်ငံအတွင်းသို့ သယ်ယူရန် မှောင်ခိုအဖွဲ့အား တစ်ကီလိုဂရမ်လျှင် ကျပ်တစ်သောင်းဖြင့် ငှားရမ်းခဲ့သည်။ ရက်သတ္တပတ် အနည်းငယ်ကြာသောအခါ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်တစ်ဖက်ကမ်းရှိ နယ်စပ်မြို့ ရွှေလီသို့ ရောက်ပြီဖြစ်ကြောင်း သူ့ကို ဖုန်းဆက်အကြောင်းကြားလာသည်။
နောင်တင်း၏ကျောက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားသော နယ်မြေကိုဖြတ်၍ သယ်ယူလာဟန်ရှိသည်။ သို့သော်လည်း သူတို့အဆက်အသွယ်ဖြစ်သော စီးပွားရေးသမားများအား မှောင်ခိုတို့က ပြောကြားခြင်းမရှိပေ။ “ကျောက်ကို သူတို့ဘယ်လိုသယ်တယ်ဆိုတာ ခင်ဗျားကို ဘယ်တော့မှ မပြောဘူး။ သူတို့ကိုယ်သူတို့ အကာအကွယ် ယူတဲ့သဘောလည်းပါတယ်” ဟု သူက ပြောသည်။
ယခုနှစ် နှစ်ဦးပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် တပ်မတော်တို့ တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွင် ပိုမိုအန္တရာယ်များပြားလာသည်။ တပ်မတော်ကင်းများ အလှည့်များလာသည့်အတွက် မှောင်ခိုသမားများ မကြာခဏ အဖမ်းခံရပြီး ပြန်လွှတ်မပေးမီ သူတို့ကျောက်များမှာ ထုချေခံရသည်။
ထိုသို့ဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အခါ လျော်ကြေးမရသည့်အတွက် တရုတ်နယ်စပ်ဘက်သို့ရောက်အောင် ကောင်းကောင်းမွန်မွန် ပို့မပေးနိုင်သောအဖွဲ့များကို စီးပွားရေးသမားများက ရှောင်ကြသည်။ ထိုသို့ဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက အဖမ်းခံရသည့် မှောင်ခိုသမားများမှာ နာမည်ကောင်းကို ခက်ခက်ခဲခဲ ပြန်အဖတ်ဆည်ရသည်။
ရွှေလီတွင် နောင်တင်းသည် သူ့ကျောက်စိမ်းများကို တရုတ်ဝယ်လက်များအား ရောင်းချနိုင်ရန် ဌာနေမြန်မာ ကျောက်စိမ်းကုန်သည်များနှင့် အလုပ်လုပ်ရသည်။ အရည်အသွေးမြင့် ကျောက်တစ်ပွင့်ကို အမေရိကန် ဒေါ်လာ ၁,၀၀၀ နီးပါးရသည်။ ရောင်းပေးသူများအား ကော်မရှင် ၅ ရာခိုင်နှုန်းပေးပြီးသည့်တိုင်အောင် မြစ်ကြီးနားအပြန်တွင် နောင်တင်းအတွက် အမြတ်အများကြီးကျန်သည်။ ကျောက်စိမ်းများ ထပ်ရရန်အရေး ပြန်လည်ရင်းနှီးမြှုပ်နှံရန် သူစီစဉ်သည်။
“မနက်ဖန် ဖားကန့်ကို နောက်တစ်ခေါက်သွားဖို့ စီစဉ်ပြီးပြီ” ဟု သူက ပြန်အရောက်တွင် ပြောသည်။ “ဘယ်ကျောက်က အရည်အသွေးကောင်းမယ်ဆိုတာကို ခန့်မှန်းတတ်ဖို့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံ ပိုရအောင်လုပ်ဖို့ ကျွန်တော့အတွက် အရေးကြီးတယ်။ ရွှေလီမှာ အမြတ်ရဖို့ ဘယ်သူမှ အမြဲကံကောင်းနေမှာ မဟုတ်ဘူး” ဟု သူကဆိုသည်။
ဘီလျံချီသည့် အခွန်ရှောင်မှုများ
ကျောက်စိမ်းကုန်သွယ်မှုက အခွန်တိမ်းရှောင်ရန်နှင့် ငွေကြေးခဝါချစရာကဲ့သို့ အလိုလိုဖြစ်နေသည်။ သဘောသဘာဝအရပင် ကြီးကြပ်ထိန်းကွပ်ရ ခက်ခဲသည်။ အခြားတန်ဖိုးကြီး ကျောက်များကဲ့သို့မဟုတ်။ ကျောက်စိမ်းတန်ဖိုးကို ဈေးကွက်ကမဖြတ်ဘဲ စားသုံးသူက ဖြတ်သည်။ ကျောက်စိမ်း၏တန်ဖိုးကို ဈေးဖြတ်ရန် ကြီးကြပ်ရေးမှူးများအတွက် စံနှုန်းမရှိပေ။ ထို့ကြောင့် အခွန်မည်မျှ စည်းကြပ်ရမည်ကို မသိနိုင်ပေ။
“တန်ဖိုးက ကြည့်တဲ့သူအပေါ်မှာပဲ မူတည်နေတယ်။ ကျွန်တော် ကျောက်တစ်ပွင့်ကို အမေရိကန်ဒေါ်လာ ၂,၀၀၀ နဲ့ရောင်းမယ်။ ဒါပေမဲ့ ဘောင်ချာမှာ ဒေါ်လာ ၂၀ ပဲရေးမယ်။ ဒါမှမဟုတ် ဘောင်ချာတောင် ရေးချင်မှရေးမယ်။ အစိုးရမှာစစ်ဆေးဖို့၊ ဒါမှမဟုတ် ထိန်းချုပ်ဖို့နည်းလမ်းကို မရှိတာ” ဟု မြန်မာနိုင်ငံမြောက်ပိုင်းတွင် နေထိုင်သူ တရုတ်ကျောက်စိမ်းကုန်သည်တစ်ဦးက ပြောသည်။
ကြီးကြပ်မှုကို ကုန်သည်များက ရှောင်ရှားရန် လွယ်ကူနေသောကြောင့် ကျောက်စိမ်းရောင်းချရာမှ အစိုးရအတွက်ရငွေက တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ သာရှိသည်။ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ဘီလျံပေါင်းများစွာ ရနေသည့်အထဲမှ အလွန်သေးငယ်သော အစိတ်အပိုင်းကိုသာ ရလိုက်ခြင်းဖြစ်သည်။ ထိုဝင်ငွေအများစုမှာလည်း နေပြည်တော်တွင်ပြုလုပ်သော ပုံမှန်ကျောက်မျက်ရတနာပြပွဲမှတဆင့် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှ ရရှိခြင်းဖြစ်ကြောင်း Myanmar’s Extractive Industries Transparency Initiative (EITI) အစီရင်ခံစာပါ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ သို့ရာတွင် ထိုဝင်ငွေ၏ အစိတ်အပိုင်းအချို့မှာ ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်မှုအတွက် ဖားကန့်ရှိ အခွန်ကောက်ခံသူများထံမှ ရရှိခြင်းဖြစ်သည်။
အမြတ်အစွန်းများသော ဤအရောင်းအဝယ်လုပ်ငန်းမှဝေစုကို အစိုးမဟုတ်သော အဖွဲ့အစည်းများကလည်း ကောက်ခံသည်။ တန်ဖိုးအမြင့်ဆုံး ကျောက်များအတွက် အခွန်ကန့်သတ်ကောက်ခံခြင်းအားဖြင့် ကေအိုင်အေ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ငွေကြေးကို လျင်မြန်ထိရာက်စွာ ရှာဖွေနိုင်သည်။
ကေအိုင်အိုသည် ဖားကန့်တွင် အခွန်ကောက်ခံသူ ၁၀ ဦးခန့်ထားရာ ကုမ္ပဏီများနှင့် ကုန်သည်များထံမှ နှစ်စဉ်အမေရိကန်ဒေါ်လာ တစ်ဘီလျံရရှိကြောင်း ဟားဘတ်တက္ကသိုလ် Ash Center for Democratic Governance and Innovation ၏ လေ့လာဆန်းစစ်ချက်အရ သိရသည်။ ဤပေးဆောင်မှုများမှာ မြန်မာနိုင်ငံ တည်ဆဲဥပဒေများအရ တရားမဝင်ပေ။ ထို့ကြောင့် ထိုငွေများကို “ဒေသဆိုင်ရာ ကုသိုလ်ဖြစ်အဖွဲ့များထံ လှူဒါန်းငွေ” အဖြစ် ကုမ္ပဏီငွေစာရင်းများတွင် စာရင်းပြကြောင်း ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ၏ အဆိုအရ သိရသည်။
လောပန်
ဦးဘွန်ယန်း U Bum Yun သည် ဖားကန့်တွင် အလုပ်စလုပ်ခဲ့သည်မှာ ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက ဖြစ်သည်။ ကျောင်းအားရက်များတွင် မြစ်ကြီးနားမှ ကျောက်တူးရာမြို့သို့ သူသွားလေ့ရှိသည်။
“ကျွန်တော် အလုပ်စလုပ်တဲ့အချိန်ကတည်းက ကချင်ပြည်နယ်မှာ ကျောက်စိမ်းက နာမည်ကြီးနေပြီ။ ကျောက်စိမ်းကြောင့် လူတွေချမ်းသာကြတယ်။ ကျောက်စိမ်းကြောင့် သူတို့ကလေးတွေကို ကျောင်းထားနိုင်ကြတယ်” ဟု သူကဆိုသည်။
ဦးဘွန်ယန်းသည် ကျောက်စိမ်းလှေကား နင်းတက်ကာ ကချင်ကျောက်တွင်းပိုင်ရှင်များအနက် အချမ်းသာဆုံး လောပန်တစ်ဦး ဖြစ်လာသည်။ သူ့လုပ်ငန်းကို ကြည့်သောအခါ မြင်မြင်သမျှမှာ ပြဿနာတွေချည်း ဖြစ်သည်။ သူ့ကုမ္ပဏီ ဂျင်းဖောအကယ်ဒမီသည် ဖားကန့်၌ စုစုပေါင်းမြေဧက ၁၀၀ ကျော်ကို တူးဖော်ခွင့်ရထားသည်။ သို့သော် လုပ်ငန်းခွင်အများအပြားတွင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း Myanmar Gems Enterprise ၊ သို့မဟုတ် တပ်မတော်ကုမ္ပဏီများနှင့် ပူးတွဲလုပ်ရသည်။ နိုင်လိုမင်းထက်ရှိသော သူတို့၏တူးဖော်ရေး အလေ့အကျင့်များကို သူနှစ်သက်ခြင်း မရှိပေ။
၂၀၁၆ ခုနှစ်တွင် အာဏာရပြီးနောက်ပိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် နိုင်ငံ၏ ကျောက်တူးဖော်ရေး နည်းဥပဒေများကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းနှင့် တူးဖော်ရေး လိုင်စင်များကို သက်တမ်းတိုးပေးခြင်းဖြင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့သည်။
စစ်တပ်နှင့်အဆက်အသွယ်ရှိသော ကုမ္ပဏီကြီးများသည် ကချင်တို့ ထိန်းချုပ်ထားသော တွင်းငယ်များကို ဝိုင်းရံထားသည်ကများသည်။ အကြီးစားကုမ္ပဏီကြီးများ စတင်တူးဖော်သည်နှင့် အသေးစား တူးဖော်ရေးလုပ်ငန်းများမှာ လုပ်ငန်းခွင်သို့ ဝင်မရအောင်ဖြစ်ရသည်။ နောက်ဆုံးတွင် သူတို့၏ ခွင့်ပြုလက်မှတ်များကို ကုမ္ပဏီကြီးများသို့ ပြန်ရောင်းရသည်ဘဝသို့ ရောက်ရသည်။
ဦးဘွန်ယန်းက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ထောက်ခံပြီး ယင်းလုပ်ငန်းစဉ်က ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းမှာ တန်းတူရည်တူ ယှဉ်ပြိုင်ခွင့်ရှိသော အနေအထားကို ရရှိစေဖို့အတွက် အခြေအနေ တစ်ရပ်ကို ဖန်တီးပေးသည်ဟု သူ ယူဆသည်။
“အခုအချိန်မှာတော့ ဖားကန့်မှာ တရားဥပဒေစိုးမိုးမှု မရှိပါဘူး” ဟု သူက ဆိုသည်။
“ဒါကြောင့်လဲ ရေမဆေးသမား ထောင်ပေါင်းများစွာက ကုမ္ပဏီကျောက်တွင်းနယ်မြေတွေကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေနိုင်တာ ဖြစ်ပါတယ်။ ကုမ္ပဏီက အစိုးရကို အခွန်ပေးပါတယ်။ ဒါပေမဲ့ အစိုးရက အဲဒါ သူတို့ပြဿနာ မဟုတ်ဘူးလို့ ပြောနေပါတယ်။ ‘ခင်ဗျားတို့ပြဿနာတွေကို ရဲ၊ ဒါမှမဟုတ် စစ်တပ်နဲ့ သွားရှင်းပါလို့ ပြောနေပါတယ်’ အဲဒီတော့ ပြဿနာကို ကိုယ့်ဘာသာကိုယ် ရှင်းရတော့မလို ဖြစ်နေပါတယ်။ ရှေ့နောက်ညီညွတ်မှု မရှိပါဘူး။ တကယ်တမ်း အစိုးရက ကြီးကြပ်တဲ့တာဝန်ယူပြီး ကျွန်တော်တို့ ပြဿနာတွေကို ရှင်းပေးရပါမယ်”
သို့တိုင်အောင် ကျောက်စိမ်းက ဦးဘွန်ယန်းကို လူချမ်းသာ တစ်ယောက်ဖြစ်အောင် လုပ်ပေးသည်။ မြစ်ကြီးနားရှိ သူ၏သုံးထပ်အိမ်ကြီးကို နံရံအမြင့်ကြီးဖြင့် ကာထားသည်။ ကျောက်စိမ်းများဖြင့် စီခြယ်ထားသော တိုင်လုံးများက ဒုတိယထပ် လသာဆောင်ကြမ်းခင်းကို ထမ်းထားသည်။ အတွင်းရှိ ခန်းမဆောင်များကို တန်ဆာဆင်ထားသော ပလ္လင်ခုံများပေါ်တွင် ကျောက်စိမ်းတုံးကြီးများတင်ကာ နေရာအနှံ့ မွမ်းမံထားသည်။ ကျယ်ဝန်းလှသော ခန်းမဆောင်တွင် ကချင်တောင်တန်းများ၏ မြေပြင်အနေအထား သရုပ်ဖော်ပုံကြီးကို ဘောင်ခတ်ချိတ်ဆွဲထားသည်။ ကားချပ်တစ်ခုလုံးကို အစိမ်း၊ အဖြူနှင့် အညိုစသည်ဖြင့် ကျောက်စိမ်းတုံးလေးများဖြင့် အသေးစိတ် ခြယ်မှုန်းထားသည်။
စားပွဲပေါ်တွင် တင်ထားသော ဓာတ်ပုံအယ်လဘမ်၌ လုပ်ငန်း၏အောင်မြင်မှုများကို မှတ်တမ်းတင်ထားသည်။ ဓာတ်ပုံတစ်ပုံတွင် ဦးဘွန်ယန်းနှင့် သူ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးတို့ မြေအောက်ဥမင်လိုဏ်ခေါင်းတွင်းသို့ တိုးဝင်နေသည်ကို တွေ့ရသည်။ သူတို့နောက်ရှိ ကျောက်နံရံမှ ကျောက်စိမ်းတုံး၏ တောက်ပသော အစိမ်းရောင်များက ကျောက်နံရံမှ ဖြာထွက်နေသည်။
“ကျွန်တော့အတွက်ကတော့ အလောင်းအစားဆိုတာမျိုး မရှိပါဘူး။ ကျွန်တော်က ပိုင်မှပဲတူးတာပါ။ ဒီလိုကျောက်စိမ်းမျိုးက အောင်ဖို့သိပ်သေချာပါတယ်” ဟု သူကဆိုသည်။
မြန်မာနိုင်ငံ ဥပဒေအရ ဦးဘွန်ယန်းနှင့် အခြားကျောက်စိမ်းကုန်သည်များသည် သူတို့ကျောက်စိမ်းအားလုံးကို နေပြည်တော်၌ပြုလုပ်သော နှစ်ပတ်လည် ကျောက်မျက်ရတနာပြပွဲတွင် ပြသရမည်ဖြစ်သည်။ သို့သော် အရည်အသွေးမြင့် ကျောက်မျက်များအတွက်မှာမူ စည်းကမ်းလိုက်နာလာအောင် ဆွဲဆောင်နိုင်သော မက်လုံးကနည်းကြောင်း ဦးဘွန်ယန်းကပြောသည်။ ဝန်ထုပ်ဝန်ပိုးကြီးမားသည်ဟု ကုန်သည်အများစုက ပြောနေသောအခွန် လုပ်ထုံးလုပ်နည်းများက ကျောက်စိမ်းလုပ်ငန်း၏ စီးပွားရေးပုံစံနှင့် မကိုက်ညီ၊ မြေအောက်ကုန်သွယ်ရေးကို အားပေးနေသည်ဟုဆိုသည်။ ကျောက်ရိုင်းတုံးများကို ပြည်ပသို့ခိုးထုတ်ခြင်းဖြင့် အစိုးရအခွန်ကို ရှောင်လွှဲရာတွင် လွယ်ကူစေသည်။
“မြန်မာနိုင်ငံမူဝါဒတွေက စီးပွားရေးလုပ်ငန်းနဲ့ မကိုက်ညီတဲ့အတွက် ကျွန်တော်တို့က အဲဒီလို ကျောက်ရိုင်းတုံးမျိုးကို တရုတ်ကို တင်ပို့ပါတယ်။ ပြီးတော့ အရည်အသွေးပြည့် ကျောက်တုံးမျိုးဆိုရင်လည်း ကျောက်မျက်ရတနာပြပွဲကို ဘယ်တော့မှ မတင်ပါဘူး။ လူတိုင်းက တခြားနိုင်ငံကို တရားမဝင် တင်ပို့ကြပါတယ်” ဟု ဆိုသည်။
သို့သော် ဦးဘွန်ယန်းက မြို့တော်မှာပင် အနေများသည်။ နေပြည်တော်ရှိ အစိုးရအဆောက်အအုံ တစ်ခုရှေ့တွင် ထားရှိသော ၄၁ ဒသမ ၅ တန်ရှိ ကျောက်စိမ်းတုံးကြီး၏ဓာတ်ပုံ သူ့အိမ်တွင်ရှိသည်။
“အဲဒါ ကျွန်တော့်ကျောက်စိမ်းတုံးပေါ့။ ရောင်းထားတာ မဟုတ်ဘူး။ အစိုးရကို ပေးထားတာ။ စီးပွားရေးလုပ်ငန်း လုပ်တဲ့အဖိုးအခပေါ့” ဟု သူက ပခုံးတွန့်၍ပြောသည်။
ကျောက်စိမ်းလှေကား၏ ထိပ်ဆုံးတွင်ရပ်နေပါက စွန့်စားမှုအန္တရာယ်များက တကယ်ပင် လွင့်စင်ကင်းပျောက်သွားသည်။ လုံခြုံစိတ်ချမှု၏ အကျိုးဆက်ကြောင့် ဦးဘွန်ယန်းသည် လုပ်ငန်းရပ်ကို အပေါ်စီးမှကြည့်နိုင်ပြီး ထိခိုက်ခံခဲ့ရသည့် ထောင်သောင်းချီနေသော ဘဝများအကြောင်းကို စဉ်းစားနိုင်သည်။
“အချိန်တိုအတွင်းမှာ လူတစ်ယောက်ကို ချမ်းသာအောင် လုပ်ပေးနိုင်တာကတော့ ကျောက်စိမ်းပဲရှိတယ်ဆိုတဲ့ အယူအဆ တစ်ခုရှိပါတယ်။ ဒါပေမဲ့ ကျောက်စိမ်းကြောင့်ပဲ ကချင်ပြည်နယ်ဟာ အများကြီး နာကျင်ခံစားရပါတယ်။ အလွန်လွဲမှားတဲ့ စီမံခန့်ခွဲမှုပါပဲ” ဟု သူက မှတ်ချက်ချသည်။
ရုတ်တရက်ငိုသံနှင့်အတူ ဦးဘွန်ယန်း၏မြေးသည် အခြားအခန်းတွင် အိပ်နေရာမှ နိုးလာသည်။ သူသည် အပြေးသွားပြီး ကလေးငယ်ကိုချော့သည်။ အခန်းတွင်း၌ ဦးဘွန်ယန်း၏ မိသားစုဓာတ်ပုံများဖြင့် ပြည့်နေသည်။ ကလေးငယ်ကို ပွေ့ချီကိုင်လှုပ်နေသည်ကို ကြည့်ရသည်မှာ ယနေ့တစ်နေ့လုံး ယခုအချိန်သည် အပျော်ဆုံးအချိန် ဖြစ်ပုံရသည်။
ဇမ္ဗူစိုး ဘာသာပြန်သည်။