ဖားကန့်မြေပြိုမှုတွင် သေဆုံးသွားသူများ၏ အလောင်းများကို ကြိုးစား ရှာဖွေနေ

အေအက်ဖ်ပီ

ကျောက်စိမ်းတူးဖော်သူ ၅၀ ကျော် သေဆုံးခဲ့ရသော ရွှံ့နွံများပြိုကျမှုမှ ကျန်ရစ်ခဲ့သည့် မြေစာပုံများထဲမှ စတုတ္တမြောက်အလောင်းကို ရှာဖွေရေး အဖွဲ့များက ဧပြီ ၂၄ ရက်တွင် ခက်ခက်ခဲခဲ ဆွဲထုတ်နေကြသည်။

နာမည်ဆိုးဖြင့် ကျော်ကြားသော ထိုလုပ်ငန်းတွင် သေဆုံးမှုများ မကြာခဏ ဖြစ်ပွားသော်လည်း အကျိုးအမြတ်က များများရရှိနိုင်သည်။ ယင်းလုပ်ငန်းတွင် အကျင့်ပျက် ချစားမှုများ ဖောဖောသီသီ ရှိနေပြီး မြေပြိုမှုကြောင့် နှစ်စဉ် လူ ဒါဇင်ပေါင်းများစွာ သေဆုံးကြရသည်။

ယခုနောက်ဆုံး ဖြစ်ပေါ်သော မြေပြိုမှုသည် ကချင်ပြည်နယ် မြောက်ပိုင်း ဖားကန့်တွင် ဧပြီ ၂၂ ရက်ေနေ့ ညပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကျောက်စိမ်းတူးဖော်ရေးလုပ်သားများ ညပိုင်းအလုပ်ဆင်းနေစဉ်တွင် လူ ၅၄ ဦးကို ရွှံ့နွံများက ဝါးမြိုသွားပုံကို ရဲတစ်ဦးက ပြန်ပြောင်းပြောပြခဲ့သည်။

ဧပြီ ၂၃ ရက်နေ့တွင် ရှာဖွေကယ်ဆယ်မှုမှ အလောင်း ၃ လောင်းသာ တွေ့ရှိခဲ့သည်။

ရွှံ့မြေပုံကြီး၏ အစွန်အဖျားတွင် အလောင်းများ ရှာဖွေရခြင်းမှာ အန္တရာယ်အလွန်များသည်ဟု ဒေသခံ ရဲတစ်ဦးက AFP ကို ပြောသည်။

မကြာခဏ ပြိုပြိုကျနေသော မတ်စောက်သည့် မြေပုံကြီးနံဘေးတွင် ရှာဖွေကယ်ဆယ်သူများ အလုပ်လုပ်နေသည်ကို AFP က စောင့်ကြည့်ခဲ့သည်။

တူးဖော်စက်များဖြင့် ဟန်ချက်ညီညီ ရှာဖွေလိုက်သောအခါ စတုတ္တမြောက်အလောင်းကို ရရှိခဲ့ပြီး ကုန်းမြေပေါ်သို့ ပို့ကာ ရေဆေးကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမြင်ကွင်းကို ဝိုင်းပြီး ကြည့်ရှုနေသူ ၁၀၀ ခန့်ရှိပြီး သေဆုံးသွားသူများ၏ မိသားစုဝင်များက ငိုကြွေးနေကြသည်။

“ကျွန်တော် ဘယ်လောက် ဝမ်းနည်းမလဲ စဉ်းစားကြည့်ဗျာ” ဟု သားဖြစ်သူ သေဆုံးသွားသော အသက် ၅၇ နှစ်အရွယ် ဖခင်က ပြောသည်။

ဧပြီ ၂၄ ရက်နေ့ ညပိုင်းသို့ ရောက်သောအခါ ရှာဖွေမှုကို ရပ်နားလိုက်ပြီး ယနေ့ (ဧပြီ ၂၅ ရက်နေ့) တွင် ပြန်လည် ရှာဖွေကြမည် ဖြစ်သည်။

ထို ကျောက်စိမ်းတွင်းကို မြန်မာသူရ ကျောက်မျက်ကုမ္ပဏီနှင့် ရွှေနဂါးကိုးကောင်ကုမ္ပဏီတို့က လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

မြန်မာသူရကျောက်မျက်ကုမ္ပဏီ၏ ဒါရိုက်တာ ဦးလှစိုးဦးက ကုမ္ပဏီအနေဖြင့် ကျန်ရစ်သူ မိသားစုဝင်များက ၎င်းတို့ ဆွေမျိုးသားချင်းများ၏ အလောင်းကို ရှာတွေ့နိုင်ရန် ဝိုင်းဝန်းကူညီပေးနေသည်ဟု ပြောကြားသည်။

ပိုမိုကောင်းမွန်သည့် ကာကွယ်စောင့်ရှောက်မှုများ လိုအပ်

ဖားကန့်မြို့မှ ကျောက်စိမ်းတွင်းများသည် မြေမျက်နှာသွင်ပြင်ကို လှပသော ရှုခင်းအသွင်မှ လမျက်နှာပြင်ကဲ့သို့ အချိုင့်အခွက် မြေပုံများသာ ကျန်ရစ်စေခဲ့သည်။

မြေပြိုမှုများတွင် အဓိက ခံစားရသူများမှာ ဒေသခံ ဆင်းရဲသားတိုင်းရင်းသားများ အများစု ဖြစ်သည်။ ကုမ္ပဏီကြီးများက ချန်ရစ်ခဲ့သော ကျောက်အစအနများထဲမှ ကျောက်စိမ်းများကို ၎င်းတို့က ရှာဖွေ ကောက်ယူကြခြင်း ဖြစ်သည်။

မြေပြိုသောအချိန်တွင် ထိုနေရာတွင် ပြင်ပမှ ရေမဆေးကျောက် ရှာဖွေသူများ မရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် မြေပြိုမှုကြီး ဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။ ပြီးခဲ့သောနှစ် ဇူလိုင်လက မြေပြိုမှုတွင်လည်း မုတ်သုံမိုးကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရပြီးနောက် အလောင်း ၂၃ လောင်း ပြန်လည်တွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ (MATA) ၏ အမျိုးသားညှိနှိုင်းရေးမှူး ဦးရဲလင်းမြင့်က မြန်မာနိုင်ငံမှ သတ္တုတွင်း အလုပ်သမားများအနေဖြင့် ကောင်းမွန်သည့် အကာအကွယ်များ ရရှိသင့်သည်ဟု ပြောကြားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Knut Ostby က သေဆုံးသွားသူများ၏ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပြီး ကျန်းမာရေးနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာဥပဒေများ အလျင်အမြန် ထားရှိပေးရန် တောင်းဆိုခဲ့သည်။

ကျောက်စိမ်းဈေးကွက်သည် အိမ်နီးချင်း တရုတ်နိုင်ငံမှ ဝယ်လိုအား များပြားသောကြောင့် ကြီးထွားနေခြင်း ဖြစ်သည်။ တရုတ်နိုင်ငံတွင် ကျောက်စိမ်းကို ရှေးယခင်ကတည်းက တန်ဖိုးထားကြသည်။

စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် Global Witness ၏ ခန့်မှန်းမှုအရ ၂၀၁၄ ခုနှစ်တွင် ကျောက်စိမ်းဈေးကွက်က အမေရိကန်ဒေါ်လာ ၃၁ ဘီလျံခန့် တန်ဖိုးရှိပြီး အနည်းငယ်မျှသာ အစိုးရ ဘဏ္ဍာတိုက်ထဲသို့ ရောက်ရှိနေသည်။

မြန်မာနိုင်ငံမြောက်ပိုင်းမှ ပေါကြွယ်ဝသော သယံဇာတများဖြစ်သည့် ကျောက်စိမ်း၊ ကျွန်းသစ်၊ ရွှေ၊ ပယင်း စသည်တို့သည် ဆယ်စုနှစ်များစွာတိုင် ပဋိပက္ခဖြစ်နေသော ကချင်လက်နက်ကိုင်များနှင့် တပ်မတော်တို့အား ထောက်ပံ့ပေးနေသော ရင်းမြစ်များဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar