ဖားကန့်တွင် မေ ၅ ရက်နေ့ ညပိုင်းက မြေစာပုံ ပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၁၃ ဦး သေဆုံးခဲ့သည်ဟု ဒေသအာဏာပိုင်တစ်ဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားသည်။
မေ ၆ ရက်နေ့အစောပိုင်းတွင် သေဆုံးသူ ၁၃ ဦး၏ ရုပ်အလောင်များကို မြေကြီးများအောက်မှ ဆွဲထုတ်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ရပ်နားခဲ့သည်ဟု ဒေသအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူ ဒေါ်နီလာမြင့်က အေအက်ဖ်ပီကို ပြောကြားထားသည်။
“သေဆုံးသူတွေက ကျောက်စိမ်းလာရောက် ရှာဖွေတဲ့သူတွေ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
သေဆုံးသူများမှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတစ်ခုပိုင် လုပ်ကွက်တွင် ကျောက်စိမ်းရှာဖွေနေကြသူများဖြစ်သော်လည်း အဆိုပါ ကုမ္ဗဏီမှ ဝန်ထမ်းများမဟုတ်ကြဟုဆိုသည်။
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ဘဇံချောက်ကျေးရွာတွင် မေ ၅ ရက်နေ့ ညပိုင်းအချိန်က တစ်သုံးလုံးကုမ္ပဏီလုပ်ကွက် ဧရိယာအတွင်း အမြင့်ပေ ၁၅၀၊ အကျယ်ပေ ၂၀၀ နှင့်ထု ၈၀၀ ပေခန့်ရှိသော မြေစာထုပြိုကျခဲ့မှုဖြစ်ပွားခဲ့သဖြင့် မေ ၆ ရက်နေ့တွင် ရှာဖွေကယ်ဆယ်မှုများဆောင်ရွက်ခဲ့ရာ သေဆုံးသူ အမျိုးသား ၁၃ ဦးတို့၏ အလောင်းများ တူးဖော်ရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
“အလောင်းတွေ တွေ့ရတာ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ သူတို့က တခြားနေရာတွေကနေ ဒီကိုလာပြီးတော့ အလုပ်လုပ်နေကြတာပါ” ဟု ကျောက်တွင်းအနီးနေထိုင်သူ ဖရော်လွန်းက အေအက်ဖ်ပီကို ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလကလည်း မြေပြိုမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၁၀၀ ကျော် သေဆုံးခဲ့ရသေးသည်။ ထို့ပြင် ထိုကဲ့သို့ လူသေဆုံးရသည့် မတော်တဆမှု မြေပြိုမှုများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
သတင်း- အေအက်ဖ်ပီ