အိုလီဗာ ဆလိုး
ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သူ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့သည့် အခမ်းအနားတွင် PEN America 2018 Barbey Freedom to Write Award ဆုကို ပေးအပ်ခဲ့ပြီး စာပေနယ်မှ အထင်ရှားဆုံး ပုဂ္ဂိုလ်အချို့ကလည်း ၎င်းတို့အား ဂုဏ်ပြုခဲ့သည်။
အဆိုပါသတင်းထောက်နှစ်ဦးမှာ ဒီဇင်ဘာလက ရန်ကုန်မြို့တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ထိုစဉ်က ၎င်းတို့သည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ အင်းဒင်ရွာတွင် ပြီးခဲ့သည့်နှစ် သြဂုတ်လက မူစလင်အမျိုးသား ၁ဝ ဦး အသတ်ခံရမှုနှင့် ပတ်သက်သည့် သတင်းတစ်ပုဒ်အတွက် စုံစမ်းလေ့လာနေချိန်လည်းဖြစ်သည်။ ထို သတ်ဖြတ်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံရွာသားများ ပါဝင်ပတ်သက်မှုရှိကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ဖော်ပြခဲ့သည့် ရိုက်တာ၏ သတင်းဆောင်းပါးတွင် စွပ်စွဲထားသည်။
သတင်းထောက်နှစ်ဦးသည့် ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေအရ ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့ကင်းလှည့်နေစဉ် သတင်းထောက်များထံမှ ပြစ်မှုကျူးလွန်ရာရောက်သည့် စာရွက်စာတမ်းများကို တွေ့ရှိခဲ့သည်ဟု ပြောကြားကြသည်။ သို့သော်လည်း သတင်းထောက်များကမူ ၎င်းတို့ ဖမ်းဆီးမခံရမီ စာရွက်စာတမ်းများ ပေးအပ်ခဲ့သည်ဆိုသည့် ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့အား တွေ့ဆုံရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားကြသည်။
တရားလိုပြသက်သေအဖြစ် ထွက်ဆိုပေးရသည့် ဒုရဲမှူးမိုးရန်နိုင်ကမူ ကိုဝလုံးအား ထောင်ဖမ်းရန် ၎င်းအား အထက်မှ အမိန့်ပေးခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ၎င်းမှာ ရဲစည်းကမ်းကျင့်ဝတ် ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံနေရသည်။
ဆုပေးသည့် အခမ်းအနားတွင် ကမ္ဘာကျော် ဝတ္ထုရေးဆရာမ မာဂရက်အက်တ်ဝုဒ်က ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကိုယ်စား ကြေညာချက်တစ်ခုကို ဖတ်ပြခဲ့သည်။ သတင်းထောက်များက မမျှော်လင့်ဘဲ ဆုရရှိသည့်အတွက် လွန်စွာဂုဏ်ယူသည်ဟု ၎င်းက ဖတ်ကြားခဲ့သည်။ “ကျွန်တော်တို့ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ ကျွန်တော်တို့ရဲ့ သတင်းခန်းကို ကျွန်တော်တို့ အရမ်းပဲ လွမ်းနေပါတယ်။ ခင်ဗျားတို့ရဲ့ အားပေးမှုက ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို ခိုင်မာစေပါတယ်” ဟု ကြေညာချက်တွင် ပါရှိသည်။
“ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ နိုင်ငံအပေါ် ဘယ်တုံးကမှ သစ္စာမဖောက်ခဲ့ဘူးဆိုတာ ကျွန်တော်တို့ရဲ့ ပြည်သူတွေကို နားလည်စေချင်ပါတယ်။ အစိုးရက ကျွန်တော်တို့ကို ဒီလိုမျိုး ဖမ်းဆီးနိုင်တယ်။ တရားရုံးမှာ ကျွန်တော်တို့ရဲ့ အချိန်တွေကို ရက်တွေ အကြာကြီး ဖြုန်းပစ်နိုင်ပါတယ်။ ကျွန်တော်တို့ကို သတင်းရေးလို့မရအောင်လည်း တားဆီးနိုင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ သူတို့ကို ပြောချင်တာက အမှန်တရားကို ဘယ်တော့မှ ဖုံးကွယ်လို့ မရဘူးဆိုတာပဲ။ ကျွန်တော်တို့ ဂျာနယ်လစ်တွေဟာ ထောင်ထဲကို အပို့ခံရဦးတော့ အမှန်တရားကို ရှာဖွေရမှာ ဖြစ်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ဆုကို ကိုဝလုံး၏ ညီဖြစ်သူ ကိုသူရနှင့် ကိုကျော်စိုးဦး၏ ဇနီးဖြစ်သူ မချစ်ဆုဝင်းတို့က လက်ခံရယူခဲ့သည်။ အခမ်းအနားသို့ စာပေနယ်မှ နာမည်ကြီးပုဂ္ဂိုလ်အချို့လည်း တက်ရောက်ခဲ့ပြီး သတင်းထောက်နှစ်ယောက်အား လွှတ်ပေးရန် တောင်းဆိုသည့် အိပ်ဖွင့်ပေးစာကို ၎င်းတို့က သမ္မတဦးဝင်းမြင့်ထံ ရေးသားပေးပို့ခဲ့သည်။
ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ ရဲဝံ့သည် သတင်းအစီရင်ခံမှုက မြန်မာနိုင်ငံအတွက် အတိမ်းအစောင်းမခံသည့် အခြေအနေတစ်ခုတွင် ရှိနေစဉ် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး နိုင်ငံ၏အနာဂါတ်အတွက် နက်ရှိုင်းသည့် ဂယက်များလည်း ရှိနေသည်ဟု စာတွင် ဖော်ပြထားသည်။ စာကို ဂျိုနသန်ဖရန်ဇဲန်၊ အီယန်မက်အီဝန်၊ ဆယ်လ်မန်ရပ်ရှ်ဒီနှင့် ဂျေအမ်ကိုအက်ဇီးတို့ အပါအဝင် စာပေနယ်မှ နာမည်ကြီးပုဂ္ဂိုလ်များက လက်မှတ်ရေးထိုးထားသည်။
PEN/Barbey Freedom to Write Award ဆုသည် လွတ်လပ်စွာ ရေးသားပြောဆိုမှုကြောင့် ပစ်မှတ်ထားခံနေရသည့် အကျဉ်းကျ စာရေးသူများကို အသိအမှတ်ပြုခြင်းဖြစ်သည်။ ၁၉၈၇ ခုနှစ်ကတည်းက ဆုရရှိသူ အကျဉ်းကျစာရေးသူ ၄၂ ဦးအနက် ၃၈ ဦးမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် ဆုကြောင့် တကမ္ဘာလုံး သိရှိသွားသည့်အတွက် ပြန်လည် လွှတ်ပေးခံရသည်ဟု PEN ကပြောသည်။
အောင်ကျော်ဦး ဘာသာပြန်သည်။