ပြဿနာက ငွေလဲနှုန်းမဟုတ်၊ ငွေဖောင်းပွမှုသာ အဓိကဖြစ်သည်

ငွေလဲလှယ်နှုန်းကိုသာ အာရုံထားနေပြီး ကြိုးနီစနစ် ဖြေရှင်းနည်းများသာ ကျင့်သုံးနေပါက ပြောင်းလဲမှုများ နှောင့်နှေးကြန့်ကြာရုံသာ ရှိလိမ့်မည်။ 

မင်းသူမောင် ရေးသားသည်။

၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် ကျပ်ငွေတန်ဖိုးများ လျင်မြန်စွာ ကျဆင်းနေမှုကြောင့် ထိုအခြေအနေကို ထိန်းချုပ်ရန် ကြိုးစားလာခဲ့သည်။ ကျပ်ငွေတန်ဖိုး ကျဆင်းမှုနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်မှုများ ရှိလာသော်လည်း အခြေအနေသည် ထင်သလောက် ဆိုးနေခြင်း မဟုတ်ပေ။

ပြီးခဲ့သော ၃ နှစ်အတွင်း ကျပ်ငွေတန်ဖိုးနှင့် အမေရိကန်ဒေါ်လာတို့၏ ငွေလဲနှုန်း အတက်အကျ ဂရဖ် (ပုံ A) သည် အခြား နိုင်ငံခြားငွေကြေးများကဲ့သို့ပင်ဖြစ်ကြောင်း တွေ့ရှိရမည်။ တူညီသော ကာလတစ်ခု၌ ကနေဒါနှင့် အမေရိကန်ဒေါ်လာတို့၏ ငွေလဲနှုန်း (ပုံ B) နှင့် ဩစတြေးလျနှင့် အမေရိကန်ဒေါ်လာတို့၏ ငွေလဲနှုန်း (ပုံ C) တို့၏ နှိုင်းယှဉ်တန်ဖိုး အတက်အကျ ဂရဖ်ကို ကြည့်ပါ။

typeof=

ဩစတြေးလျနှင့် ကနေဒါနိုင်ငံတို့သည် ကြွယ်ဝချမ်းသာသော စီးပွားရေးကို ပိုင်ဆိုင်ထားကြသော်လည်း တန်ဖိုးအတက်အကျချင်း တူညီနေသည်မှာ အံ့သြဖွယ်ဖြစ်သည်။ ၎င်းတို့၏ အမေရိကန်ဒေါ်လာနှင့် လဲလှယ်နှုန်းသည် ကျပ်ငွေ၏ အမေရိကန်ဒေါ်လာနှင့် လဲလှယ်နှုန်းနှင့် အတူတူနီးပါး ဖြစ်နေသည်။ ထိုလဲလှယ်နှုန်း ၃ မျိုးစလုံး၏ အတက်အကျသည် ဆင်တူနေကြသည်။

ဩစတြေးလျနှင့် ကနေဒါနိုင်ငံများ၏ စီးပွားရေးသည် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ပြီး ပြည်ပတင်ပို့ ရောင်းချမှုတွင် တည်မှီနေသည်။ လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းသည် ထိုကာလအတွင်း အတော်အတန် ကျဆင်းသွားခဲ့သည်။ ၎င်းတို့၏ ငွေကြေးများကို တန်ဖိုးကျရန် ခွင့်ပြုလိုက်ခြင်းသည် ထုတ်ကုန် ပြည်ပတင်ပို့မှုကို ထိန်းသိမ်းပေးပြီး အလုပ်အကိုင် ရရှိခြင်းကိုပါ ဖြစ်ပေါ်စေသည်။

မြန်မာ့စီးပွားရေးသည်လည်း ပြည်ပသို့ ထုတ်ကုန်တင်ပို့မှုအပေါ် များစွာအမှီပြုနေရသည်။ အထူးသဖြင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်တင်ပို့ခြင်း ဖြစ်သည်။ ပို့ကုန်မှ ရသည့်ဝင်ငွေများ ကျဆင်းသွားပြီး သွင်းကုန် များပြားလာခြင်းကြောင့် ကုန်သွယ်ရေးလိုငွေ မြင့်မားလာရာ ငွေကြေးဖောင်းပွလာခြင်း၊ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းနှင့် ကျပ်ငွေ တည်ငြိမ်မှု မရှိခြင်းတို့မှာ သဘာဝကျသော အချက်များသာ ဖြစ်သည်။

အတွေ့အကြုံများအရ သိရှိရသည်မှာ ငွေကြေးတန်ဖိုးသည် ဆိုးရွားသော မက်ခရို စီးပွားရေး အခြေအနေများနှင့် ရင်ဆိုင်ရသောအခါ မလွဲမရှောင်သာ ကျဆင်းမည်သာ ဖြစ်သည်။ အစိုးရ၏ ငွေကြေးလက်ဝယ်ရှိမှုနှင့် ဘတ်ဂျက်လိုငွေပြမှုများကို အခြား ငွေကြေးဝင်ရောက်မှုများနှင့် ချိန်ညှိမပေးနိုင်သောအခါ ငွေကြေးတန်ဖိုး ကျဆင်းမှု ဖြစ်ပေါ်စေတတ်သည်။

ဥပမာပြောရလျှင် ပြီးခဲ့သော ဆယ်စုနှစ်အတွင်း လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့သည် ဘဏ္ဍာရေး လိုငွေပြမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့သော် နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသောကြောင့် ၎င်းတို့နိုင်ငံသုံး ငွေကြေးအပေါ် သက်ရောက်နေသည့် ဖိအားများ သက်သာသွားစေခဲ့သည်။

ငွေကြေးတန်ဖိုး ကျဆင်းမှုကို ကာကွယ်ရန် ဦးဆုံးလုပ်ဆောင်ကြသည့် အချက်မှာ ပြည်တွင်းသုံးငွေကြေးကို အရန်နိုင်ငံခြားငွေဖြင့် ဝယ်ယူခြင်း ဖြစ်သည်။ ၁၉၉၇ ခုနှစ် အာရှဘဏ္ဍာရေး အကျပ်အတည်း ကြုံရစဉ်က ထိုင်းနိုင်ငံသည် ၎င်း၏ ဘတ်ငွေကို ကာကွယ်ရန် အမေရိကန်ဒေါ်လာ ၅ ဘီလျံခန့် သုံးစွဲခဲ့သည်။

ထို့နောက် လုပ်ဆောင်ရမည့် ဒုတိယ နည်းလမ်းမှာ ဘဏ်အတိုးနှုန်းကို တိုးမြင့်ပေးခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၎င်း၏ ဘဏ်အတိုးနှုန်းကို ၁၀ ရာခိုင်နှုန်းမှ ၁၂ ဒသမ ၅ ရာခိုင်နှုန်းထိ တိုးမြှင့်ပေးခဲ့သည်။ ပြည်တွင်းငွေကြေး အတိုးနှုန်းကို တိုးမြင့်ပေးခြင်းကြောင့် လူအများက ပြည်တွင်းငွေကိုသာ ကိုင်ဆောင်ထားကြပြီး ဒေါ်လာအဖြစ် ပြောင်းလဲပစ်ကြမည် မဟုတ်ပေ။

သို့ရာတွင် ထိုင်းငွေကြေးသည် ၁၉၉၇ ခုနှစ် နောက်ပိုင်း ၆ လတွင် ၅၀ ရာခိုင်နှုန်းအထိ တန်ဖိုးကျဆင်းခဲ့သည်။ နိုင်ငံတစ်နိုင်ငံတွင် ယင်း၏ နိုင်ငံခြား အရန်ငွေကို အကုန်သုံးလိုက်ရသည့်အခါ နောက်ထပ် လုပ်ဆောင်ရန်မှာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ထံမှ ဘဏ္ဍာရေး အကူအညီ တောင်းခံရခြင်းပင် ဖြစ်သည်။ သို့သော် IMF ကလည်း နှောင်ကြိုးတန်းလန်းဖြင့်သာ အကူအညီပေးတတ်သည်။ ယင်းမှာ နိုင်ငံ၏ အစိုးရအသုံးစရိတ်ကို လျှော့ချပြီး ဘဏ်အတိုးနှုန်းကို မြှင့်တင်ပေးရခြင်း ဖြစ်သည်။ ထို့ပြင် ယင်း ဘဏ္ဍာရေး အထောက်အပံ့သည် နိုင်ငံ၏ ငွေကြေးတန်ဖိုး အတော်အတန် ကျဆင်းပြီးမှ ရရှိနိုင်ခြင်း ဖြစ်သည်။

အတွေ့အကြုံများအရ နိုင်ငံအများအပြားသည် ၎င်းတို့၏ ငွေကြေးကို ကာကွယ်ရန် ကြိုးစားရာတွင် အောင်မြင်လေ့ မရှိကြပေ။ နိုင်ငံ၏ ငွေကြေးကို ကာကွယ်ရာတွင် အောင်မြင်ခဲ့သော သာဓကမှာ ဟောင်ကောင် တစ်နိုင်ငံသာ ရှိခဲ့ဖူးသည်။ ယင်းမှာ ပြီးခဲ့သော ဆယ်စုနှစ် ၂ ခု ကာလက ဖြစ်သည်။ ငွေကြေးတစ်ခုကို ကာကွယ်ရန် ကြိုးစားရာတွင် အရန်နိုင်ငံခြားငွေ ကုန်ခန်းသွားခြင်း၊ အတိုးနှုန်း မြင့်မားလာခြင်းနှင့် တခါတရံတွင် ထိန်းချုပ်ရခြင်းတို့ လိုအပ်သည်။

ထို့နောက်တွင်ကား ငွေကြေးကို ကြိုးကိုင်ခြယ်လှယ်နေသည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာနိုင်သည်။ ဘဏ္ဍာရေး အာဏာပိုင်များနှင့် အစိုးရတို့က မည်မျှပင် ကြိုးစားကြသော်လည်း ထိခိုက်မှုရှိသော ငွေကြေးသည် နောက်ဆုံး၌ တန်ဖိုးကျသွားသည်သာ ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံသည်လည်း လွတ်မကျန်ရစ်ဘဲ မကြာသေးမီက ငွေကြေးတန်ဖိုးကျအပြီး ယခု ဘယ်အခြေအနေတွင် ရှိနေသနည်း။ မြန်မာနိုင်ငံက မည်သို့ တုန့်ပြန်သင့်သနည်း။

မြန်မာနိုင်ငံ ဗဟိုဘဏ်တွင် ထုတ်ရောင်းစရာ အရန်နိုင်ငံခြားငွေကြေးလည်း ရှိဟန်မတူပေ။ အရန်နိုင်ငံခြားငွေ လုံလုံလောက်လောက် မရှိဘဲ  ပြည်တွင်းသုံး ငွေတန်ဖိုးကို လိုသလို အရှင်မျှောထားဖို့လည်း မလွယ်ပေ။ အဘယ့်ကြောင့်ဆိုသော် ငွေကြေးတန်ဖိုး ကျဆင်းခြင်းကို ဖြေရှင်းရန် ဒေါ်လာများကို လိုအပ်သလို ရောင်းချခြင်း ဝယ်ယူခြင်းများ ပြုလုပ်ရ၍ဖြစ်သည်။

မြန်မာနိုင်ငံက ငွေကြေးတန်ဖိုး ကျဆင်းခြင်းကို ဖြေရှင်းသည့် ပုံစံမှာ ဗဟိုဘဏ်က နေ့စဉ် ဒေါ်လာလေလံပွဲများ ပြုလုပ်ပေးပြီး ဘဏ်များက ဒေါ်လာများကို ဝယ်ယူရန် ရောင်းချရန် လေလံပစ်ရခြင်း ဖြစ်သည်။ ဇန်နဝါရီလ ၃၁ ရက်တွင် ဘဏ်များက ဒေါ်လာ ၁ သန်းခန့် ဝယ်ယူရန် ကြိုးစားခဲ့သည်။ သို့သော် ဗဟိုဘဏ်က ဒေါ်လာ ရောင်းသည်ဆိုရုံမျှ ဒေါ်လာ ၁၀၀ သာ ရောင်းချပေးခဲ့သည်။

ဗဟိုဘဏ်တွင် အရန်နိုင်ငံခြားငွေ ရှိခဲ့လျှင် ပြည်တွင်းသုံး ငွေကြေးတန်ဖိုး ကျဆင်းမှုမှ ကာကွယ်ရန် အသုံးပြုသင့်ပါသလော။

ယင်းမှာ အခြေအနေ အကြောင်းအချက်များပေါ် မူတည်သည်ဟုသာ ဆိုရမည်။ စီးပွားရေး အခြေခံ အလွန် တောင့်တင်းသော နိုင်ငံတစ်နိုင်ငံမှာပင် ပြည်ပမှ သွင်းကုန် တဟုန်ထိုး များပြားလာခြင်း၊ အစိုးရသုံးငွေ များပြားလာခြင်း၊ သို့မဟုတ် အကြောင်းမဲ့ ငွေဈေးကစားခြင်းစသည့် ယာယီအခြေအနေများကြောင့် နိုင်ငံသုံး ငွေကြေးတန်ဖိုး ကျဆင်းရခြင်းမျိုး ကြုံရတတ်သည်။ ယင်းအကြောင်းတရားများကြောင့် ငွေတန်ဖိုး ကျရသည် ဆိုပါက ဗဟိုဘဏ်က အရန်နိုင်ငံခြားငွေ ထုတ်ရောင်း၍ ဖြေရှင်းခြင်းသည် မှန်ကန်သည်ဟု ဆိုနိုင်ပါသည်။

အခြားတစ်ဖက်က ကြည့်ပြန်လျှင်လည်း ငွေတန်ဖိုး ကျရခြင်းသည် နာတာရှည် ပြဿနာများတွင် အရင်းခံခြင်း ဖြစ်နိုင်သေးသည်။ ဤသို့ဖြစ်လျှင်မူ ပုံမှန်မဟုတ်သော ငွေဈေးအတက်အကျများကို ဖြေရှင်းရာတွင်လည်းကောင်း၊ ပြုပြင်ပြောင်းလဲရေး ဥပဒေများ ပြဋ္ဌာန်းရေးအတွက် လိုအပ်သော အချိန်ရရန်လည်းကောင်း အရန်နိုင်ငံခြားငွေကို အသုံးပြုသင့်သည်။

ထိုအခြေအနေမျိုးကို ထွန်းသစ်စ ဈေးကွက်နိုင်ငံများတွင် တွေ့ရတတ်သည်။ ထိုနိုင်ငံများတွင် ငွေကြေးတန်ဖိုး ထိုးကျမှုကြောင့် ဈေးကွက်အပေါ် ယုံကြည်မှု ထိခိုက်ပျက်ပြားစေနိုင်ပေရာ ငွေတန်ဖိုးကို ဖြည်းဖြည်းချင်းသာ ကျစေရန် လွှတ်ထားပေးခြင်းက ပို၍ကောင်းမွန်ပေသည်။ ငွေကြေးဈေးကွက်တွင် ကြားဝင်ဆောင်ရွက်ခြင်းဖြင့် FDI များ ဝင်ရောက်လာရန် အချိန်ရသွားစေနိုင်ခြင်း၊ ဘတ်ဂျက်လိုငွေ လျော့ပါးစေရန်နှင့် ငွေဖောင်းပွမှုနှုန်း လျော့ပါးစေရေး လုပ်ဆောင်နိုင်စေရန်၊ ပြည်ပပို့ကုန်မှ ဝင်ငွေတိုးရရှိလာစေရေး လုပ်ဆောင်နိုင်စေရန် အစိုးရအား အချိန်ပေးသလို ဖြစ်စေနိုင်သည်။ သို့သော် ပြည်တွင်းသုံးငွေ တန်ဖိုးမြင့်မားလာသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေရေးအတွက်မူ အရန်နိုင်ငံခြားငွေကို လုံးဝမသုံးသင့်ပေ။

တချိန်တည်းမှာပင် မြန်မာနိုင်ငံသည် ဘဏ်အတိုးနှုန်းကို မြှင့်တင်လိုစိတ် ရှိပုံမရပေ။ ဘဏ်အတိုးနှုန်း မြှင့်လိုက်လျှင် လုပ်ငန်းရှင်များ ငွေချေးကာ ရင်းနှီးမြှုပ်နှံ လုပ်ငန်းတိုးချဲ့လိုစိတ် မရှိသဖြင့် စီးပွားရေး ဖွံ့ဖြိုးမှု နှောင့်နှေးသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဘဏ်တိုးနှုန်းသည် ယခုပင်လျှင် မြင့်မားနေပုံရပေရာ ဘဏ်တိုးနှုန်း မြင့်မားမှုက ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်နေရသော တွေ့ရမြဲ စီးပွားရေးပုံစံ ဖြစ်နေသည်ကို သတိချပ်ရပေမည်။

၁၉၈၁ ခုနှစ်က အမေရိကန် ပြည်ထောင်စု၌ ဘဏ်တိုးနှုန်းကို ၂၀ ရာခိုင်နှုန်းထိ ထားရှိခဲ့ရာ အမေရိကန်နိုင်ငံ၏ စီးပွားရေးလည်း ကျဆင်းခဲ့ရသည်။ ယင်းအနေအထားမျိုးကို ကျင့်သုံးရန် မြန်မာ့စီးပွားရေးက ခံနိုင်ရည်ရှိမည့်ပုံ မပေါ်သေးပေ။ ထို့ကြောင့်ပင် လုပ်နေကျ ကြားနေကျ ထိန်းချုပ်ရေး ကန့်သတ်ရေး စကားများသာ ကြားနေရသည်။ နိုင်ငံသားများနှင့် ကုမ္ပဏီများ နိုင်ငံရပ်ခြားတွင် အပ်နှံထားသော ငွေစာရင်းများ တင်ပြကြရန်နှင့် ဇိမ်ခံ အဖိုးတန်ပစ္စည်း တင်သွင်းခွင့် ကန့်သတ်ရေး အစီအစဉ်ကဲ့သို့သော ကိစ္စများကို မကြာမီက စတင်လုပ်ဆောင်လာသည်။

ငွေလဲလှယ်မှုနှုန်းများ မတည်ငြိမ်မှုကြောင့် ယနေ့အချိန်တွင် အမှန်ပင် အခက်အခဲ ကြုံတွေ့နေရသည်ဟူသော အချက်ကို လက်ခံအသိအမှတ်ပြုဖို့ အရေးကြီးပါသည်။ မြန်မာနိုင်ငံမှ သွင်းကုန် ထုတ်ကုန် လုပ်ငန်းရှင်များသည် အခြားဖွံ့ဖြိုးပြီး နိုင်ငံများမှ လုပ်ငန်းရှင်များကဲ့သို့ ဤကိစ္စတွင် အထိအခိုက် သက်သာစေမည့် ငွေကြေးအစီအမံများလည်း ရှိကြသည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေ လွတ်လပ်ပွင့်လင်းသော စီးပွားရေးစနစ်တွင် ငွေလဲလှယ်နှုန်း အပြောင်းအလဲမြန်သည့် အန္တရာယ်ကိုမူ ရှောင်လွှဲမရနိုင်ပေ။ မြန်မာ့စီးပွားရေးကို ကမ္ဘာသို့ ဖွင့်လှစ်ပေးထားလိုပါက ဤအန္တရာယ်ကို အနည်းနှင့် အများ ရင်ဆိုင်ရမည်သာ ဖြစ်သည်။

ကျပ်ငွေတန်ဖိုး ကျဆင်းမှုသည် ပြည်ပမှ ကုန်ပစ္စည်း တင်သွင်းမှုကို အဟန့်အတား ဖြစ်စေသည်။ ဤဈေးကွက် ယန္တရားသည် သွင်းကုန်ကို ရွေးချယ်ကန့်သတ်ခြင်း၊ သို့မဟုတ် ထိန်းချုပ်ခြင်းထက် ပို၍တာသွားသည်။ သွင်းကုန်ကို ဥပဒေ စည်းမျဉ်းထား၍ ထိန်းချုပ်မှုကြောင့် ဗျူရိုကရေစီစနစ် အကျင့်ပျက်ခြစားမှုနှင့် အာဏာပိုင်နှင့် ပေါင်းစားသော ခရိုနီဝါဒကို ဖြစ်ထွန်းစေသည်။

သွင်းကုန်ကို ထိန်းချုပ်ကန့်သတ်လိုက်ပြီဆိုလျှင် တင်သွင်းခွင့်ရသူ အနည်းငယ်သာ အမြတ်များများ ရတော့မည်မှာ ပြောစရာမလိုပေ။ ကျပ်ငွေကို တန်ဖိုးချခြင်း၊ သွင်းကုန်အပေါ် သင့်တင့်သော အခွန်စည်းကြပ်ခြင်းတို့ဖြင့် ပြည်ပမှ ကုန်ပစ္စည်း အလွန်အမင်း တင်သွင်းမှုကို လျှော့ချနိုင်သည်။ ၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း ကုန်သွယ်ရေးလိုငွေပြမှု ၂ ဆကျော် တက်သွားခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ၄ ရာခိုင်နှုန်းသာ ရှိရာမှ ၂၀၁၅ ခုနှစ်တွင် ၈ ဒသမ ၉ ရာခိုင်နှုန်းထိ ရောက်သွားသည်။

၂၀၁၆ ခုနှစ်တွင် ကုန်သွယ်ရေးလိုငွေပြမှု ၈ ဒသမ ၃ ရာခိုင်နှုန်းခန့် ရှိမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် ADB က ခန့်မှန်းသည်။ သို့သော် သွင်းကုန် များလွန်းနေခြင်း ရှိမရှိ မည်သို့သိနိုင်မည်နည်း။ ကျပ်ငွေတန်ဖိုး ကျသွားမှုက အသေချာဆုံး အညွှန်းလက္ခဏာ တစ်ခု ဖြစ်နိုင်သည်။ သို့သော် ယင်းသို့ ကျပ်ငွေတန်ဖိုး ကျခြင်းသည်ပင်လျှင် ပြည်ပမှ ကုန်ပစ္စည်း အလွန်အကျွံ တင်သွင်းခြင်း မပြုရန် အကောင်းဆုံးနည်းလည်း ဖြစ်နိုင်ပေသည်။ ဤနေရာတွင် သွင်းကုန်များကို အရမ်းကာရော ပိတ်ပင်ရန်လည်း မလိုအပ်ပေ။

မှောင်ခိုဈေးကွက်များကို နှိပ်ကွပ်ခြင်းနှင့် ပြည်ပတွင် နိုင်ငံခြားငွေစာရင်း ဖွင့်ထားမှုကို ထိန်းချုပ် ကန့်သတ်ခြင်းတို့သည် ယာယီအပြင်ပန်း ကုသမှုများသာ ဖြစ်ရာ ရောဂါကိုမကုဘဲ ရောဂါလက္ခဏာကိုသာ ကုသနေခြင်းနှင့် တူပေလိမ့်မည်။

မှောင်ခိုဈေးကွက် ဆိုသည်မှာ တရားဝင် ဈေးကွက်က အပြည့်အဝ ဖြည့်မပေးနိုင်သော ကွက်လပ်ကို ဖြည့်ရန် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ ငွေကြေးကိစ္စတွင်လည်း တရားဝင် ငွေလဲနှုန်းက ပြင်ပပေါက်ဈေးကို အတိအကျ မထင်ဟပ်သမျှ ကာလပတ်လုံး ဒေါ်လာမှောင်ခိုဈေးကွက် ရှိနေမည်သာ ဖြစ်သည်။

ဒေါ်လာဈေး ကစားရန် ပြည်ပဘဏ်များတွင် ဒေါ်လာများ စုဆောင်းသိုလှောင်ထားကြခြင်းကြောင့် စိုးရိမ်မှု ဖြစ်ရကြောင်း ဗဟိုဘဏ်က ပြောကြားထားပြီး အချို့ကလည်း သံယောင်လိုက်ခဲ့ကြသည်။ ပြည်ပဘဏ်တွင် ငွေစာရင်းဖွင့် စုဆောင်းကြခြင်းသည် ပြည်တွင်းငွေကြေးစနစ်အပေါ် ယုံကြည်မှု ကင်းမဲ့နေခြင်းကို ဖော်ပြနေသည်။ ပြည်ပတွင် ငွေစာရင်းဖွင့်ထားသူများ ဒေါ်လာဈေး ကစားနေကြသည်ဟု သက်သေပြရန်လည်း ခက်လှသည်။

ဈေးကစားရန် ဒေါ်လာကို သိုလှောင်သိမ်းဆည်းထားကြသည်ပဲ ထားပါဦး။ ဤသည်မှာ လွတ်လပ်သော ဈေးကွက်၏ သဘောသဘာဝပင် မဟုတ်ပါလော။ လူတစ်ယောက်သည် ကျပ်ငွေလွှမ်းမိုးသော မြန်မာဘဏ်တွင် ၎င်း၏ ငွေများကို ဆက်ထားပြီး ၁၀ ရာခိုင်နှုန်း အတိုးကို ယူနေမည်၊ သို့မဟုတ် စင်ကာပူလို ဘဏ်တွင် ဒေါ်လာများ အပ်ထားပြီး ၁ ရာခိုင်နှုန်းမျှပင် မရသော အတိုးကို ယူမည်လောဟု မေးစရာ ပေါ်လာသည်။

မိမိနိုင်ငံ ဘဏ်အပေါ်တွင် ဤမျှ ယုံကြည်မှု ကင်းမဲ့နေပြီဆိုလျှင် မိမိကိုယ်ကိုပြန်၍ သုံးသပ်သင့်ပေပြီ။ မှန်ပါသည်။ အခွန်ရှောင်လို၍လည်းကောင်း၊ တရားမဝင်ရသော ငွေကို ဖုံးကွယ်လို၍ လည်းကောင်း ပြည်ပဘဏ်တွင် ဒေါ်လာအပ်နှံထားသူများလည်း ရှိပါသည်။ သို့သော် ဤသို့ မူမမှန်သော ရည်ရွယ်ချက် ရှိသူများသည် ၎င်းတို့ငွေကို စင်ကာပူလို နေရာမျိုးတွင် မထားကြပေ။ ငွေကြေးပမာဏ သိပ်များများစားစား မဟုတ်ဘဲ ပြည်ပတွင် အပ်နှံထားသော နိုင်ငံသားများကို လိုက်လံနှိပ်ကွပ်နေခြင်းသည် ခုတ်ရာတခြား ရှရာတခြား ဖြစ်နိုင်ပေသည်။

မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေး ဖွံ့ဖြိုးမှုအဆင့်တွင် ကျပ်ငွေတန်ဖိုး ခိုင်မာစွာ ထားရှိခြင်းဖြင့် မြန်မာနိုင်ငံအတွက် အကျိုးမရှိနိုင်ပါ။ ကျပ်ငွေ၏ တန်ဖိုးကို သဘာဝမဟုတ်သော နည်းဖြင့် ထောက်ပံ့ကျားကန် ပေးထားခြင်းဖြင့် ပြည်ပပို့ကုန် တင်ပို့သူများကို အကျပ်အတည်း ဖြစ်စေသည်။ ယနေ့ တိုင်းပြည်တွင် ပြည်ပပို့ကုန် မြင့်တင်နိုင်ဖို့ အလွန်အရေးကြီးနေသည်။ ပြည်ပ ကုန်တင်ပို့နိုင်မှုက သွင်းကုန်လို မဟုတ်ဘဲ အလုပ်အကိုင်များကို ဖန်တီးပေးပါသည်။

ကျပ်ငွေတန်ဖိုး အားပျော့နေခြင်းသည်လည်း ပြည်ပမှ အရင်းအနှီးများ ဝင်လာချင်အောင် ဆွဲဆောင်မှု တစ်ခုဖြစ်သည်။ ပို့ကုန်တိုးမြင့်နိုင်မှ မြန်မာတို့ အကျိုးများမည် ဆိုသည်ကို သာဓက ဝေးဝေး ရှာကြည့်စရာ မလိုချေ။ အိမ်နီးချင်း တရုတ်ပြည်ကြီးတွင် ဆယ်စုနှစ်နှင့်ချီ၍ ပြည်ပပို့ကုန် ဦးစားပေး စီးပွားရေး ဖွံ့ဖြိုးမှုဖြင့် လူဦးရေ သန်း ၄၀၀ ကျော် ၈၀၀ ခန့်အထိကို ဆင်းရဲတွင်းမှ ဆွဲထုတ်ပေးနိုင်ခဲ့သည်။

အာရှကျားများဟု ထင်ရှားခဲ့သော စင်ကာပူ၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် တောင်ကိုရီးယားတို့သည်လည်း ပြည်ပပို့ကုန် အဓိကထားသော စီးပွားရေး ဖွံ့ဖြိုးမှုဖြင့် စီးပွားတက်လာခဲ့ကြခြင်း ဖြစ်သည်။ ကျပ်ငွေတန်ဖိုး ကျသွားပါက သွင်းကုန်များ ဈေးတက်သွားမည်မှာ သံသယ ဖြစ်စရာ မလိုပေ။ သို့သော် ငွေလဲလှယ်နှုန်း ဆိုသည်မှာ ရောဂါလက္ခဏာမျှသာဖြစ်ပြီး ငွေကြေးဖောင်းပွမှုကသာ တကယ့်ရောဂါဖြစ်သည်။ ငွေလဲနှုန်း မြင့်တက်လာမှာကို အကြောက်ကြီးပြီး အာဏာပါဝါသုံးကာ ထိန်းချုပ်ကန့်သတ်မှုများ လုပ်လာလျှင် ပြုပြင်ပြောင်းလဲမှု တုံ့နှေးရပ်တန့်သွားလိမ့်မည်။

ယနေ့မြန်မာသည် စည်းမျဉ်း စည်းကမ်းများ လျှော့ချရန် လိုနေပါသည်။ ထပ်တိုးရန် မလိုပါ။ အထိန်းအချုပ် ဥပဒေ စည်းမျဉ်း များလွန်းခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှုကို ပျက်ပြားစေပါသည်။ ပို့ကုန် များများတိုးပြီး သွင်းကုန်တွေ လျှော့ချကာ ကုန်သွယ်ရေး လိုငွေများ လျှော့ချရပါမည်။ ငွေဖောင်းပွမှု လျှော့ချပြီး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ခြင်းဖြင့် ကျပ်ငွေမှာ အလိုလို ခိုင်မာလာပါလိမ့်မည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar