ပြောင်းလဲချိန် တန်ပြီဖြစ်တဲ့ ရဲတပ်ဖွဲ့

လူအင်အား မပြည့်စုံမှု၊ ပစ္စည်းကိရိယာ မလုံလောက်မှုနဲ့ ထောက်ပံ့ငွေ နည်းပါးမှုတွေက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ပုံရိပ်ကို မြှင့်တင်နိုင်စေဖို့ အစိုးရရဲ့ ကြိုးပမ်းမှုတွေမှာ အတားအဆီး ဖြစ်နေပါတယ်

ထွန်းခိုင် ရေးသားသည်။

ဓာတ်ပုံများ- သိမ့်မွန်စိုး (J) 

ကိုယ့်အိမ်ထဲ လူစိမ်းတယောက်ဝင်လာပြီး ရန်ရှာဖို့ ကြိုးစားတယ် ဆိုပါစို့။ အိမ်ရှင်က ရဲကိုဖုန်းဆက် အကြောင်းကြားမယ်။ ခဏနေတော့ ရဲကားတစ်စီး ရောက်လာပြီး ထိုလူစိမ်းကို ဖမ်းသွားပါလိမ့်မယ်။

ဒါတွေက ဟောလိဝုဒ်ဇာတ်လမ်းတွေနဲ့ မြန်မာနိုင်ငံမဟုတ်တဲ့ နိုင်ငံတွေမှာတော့ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

မြန်မာနိုင်ငံမှာတော့ ဒါမျိုးက အစိုးရဝါဒဖြန့် ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲမှာသာ တွေ့မြင်ရမှာပါ။ အပြင်မှာတော့ ဒါမျိုးက ကြုံရခဲလှပါတယ်။

မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ဝင်များရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး မကြာခဏ ဝေဖန်ခံနေရဆဲ ဖြစ်ပါတယ်။ လက်နှက်မဲ့ ဆန္ဒပြသူတွေကို ရိုက်နှက်ဖမ်းဆီးတာတွေ၊ အချုပ်ခန်းထဲမှာ သေသွားတဲ့သူတွေ၊ ရဲစခန်းမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရတဲ့ ဂေး (လိင်တူချစ်သူ) တွေ စတဲ့သတင်းတွေကို မကြာခဏကြားရလေ့ရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရအာဏာ ရလာပြီးတဲ့နောက်မှာ ဒါတွေကိုအဆုံးသတ်ဖို့ ကြိုးစားတဲ့အနေနဲ့ ရက်၁၀၀ စီမံချက်အဖြစ် ရဲပုံရိပ်ကို ပြန်လည်မြှင့်တင်ဖို့ ကြိုးစားနေပါပြီ။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဘက်ကရောဘယ်လောက် လိုက်လုပ်နိုင်မှာလဲ။

“ရဲ အလုပ်ဆိုတာ ပြဿနာနှစ်ရပ်ကြားက ရပ်တည်ပြီး လုပ်ရလို့ အသားညှပ်ပေါင်မုန့်ကြားက အသားပြားလိုပဲ ညပ်နေတာလေ” လို့ ဥရောပသမဂ္ဂက ပေးထားတဲ့ ရဲလုပ်ငန်းဆိုင်ရာ သင်တန်းတွေ တက်ရောက်ဖူးတဲ့ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးကပြောပါတယ်။

jtms_patrolpolices-11.jpg

မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့ထဲဝင်ဖို့ သိပ်မခက်ခဲလှပါဘူး။ ရဲတပ်သားသစ်တယောက်ဖြစ်ဖို့ အသက်၁၈နှစ် ကနေ ၂၇ နှစ်အတွင်း ကျန်းမာသန်စွမ်းတဲ့သူ ဖြစ်ဖို့လိုပါတယ်။ ပညာအရည်အချင်းကတော့ မူလတန်းအဆင့် အောင်မြင်ဖို့လိုပါတယ်။

ဒါပေမဲ့ ရဲတယောက်အဖြစ် ရှင်သန်ရပ်တည်ဖို့ကတော့ အင်မတန်မှ ခက်ခဲလွန်းလှပါတယ်။

တရားခံကိုဖမ်းဖို့၊ ဒါမှမဟုတ် အခင်းဖြစ်ပွားရာနေရာကိုသွားဖို့ မော်တော်ဆိုင်ကယ်ကို ကိုယ့်အိပ်ထဲက ကိုယ်ပိုင်ငွေနဲ့ စိုက်ဝယ်ရပါတယ်။

အလွန်တရာ နည်းပါးလှတဲ့ လုပ်ခလစာနဲ့ ၂၄ နာရီ တာဝန်ထမ်းဆောင်ရပါတယ်။

ရဲတပ်သားတယောက်ဟာ လစာနဲ့ အခြားထောက်ပံ့စားရိတ်တွေပေါင်းပါမှ တစ်လကို ကျပ် ၁၃၅,၀၀၀ လောက်ပဲ ရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ နှစ်နှစ်ကမှစပြီး ခံစားခွင့်ရတဲ့ လုပ်ခလစာပါ။ အဲဒီမတိုင်မီတုန်းကဆိုရင် သူတို့ လစာဟာကျပ် ၁၁၅,၀၀၀ ပဲ ရှိပါတယ်။

သူတို့ဟာ ဒီဝင်ငွေလေးနဲ့ သူတို့ အသက်ရှင်သန်ရေးအတွက်သာမကပဲ သူတို့ရဲ့ နောက်က သူတို့ကို မှီခိုနေရတဲ့ မိသားစုဝင်တွေ ရှင်သန်ရပ်တည်ရေးအတွက်ပါ အသုံးပြုရပါတယ်။

“ပေးထားတဲ့ လစာငွေက မိသားစုအတွက် မနည်းလောက်အောင် စားကြရတယ်” လို့ပ ရခိုင်ပြည်နယ်မှာ လုံထိန်းတာဝန်ထမ်းဆောင်နေတဲ့ အမည်မဖော်လိုသူ ရဲတပ်သားတစ်ဦးက ပြောပါတယ်။

တခါတရံမှာ သူတို့ရဲ့ ဒီလစာလေးကို သူတို့နဲ့ သူတို့ မိသားစုအတွက်တင်မကပဲ သူတို့ ဖမ်းလာခဲ့တဲ့ ရာဇဝတ်သားတွေအတွက်ပါ မျှဝေရတာရှိပါတယ်။

ရဲစခန်းမှာ ချူပ်ထားတဲ့ အချုပ်သားတယောက်အတွက် ၂၀၁၂ ခုနှစ် မတိုင်ခင်အထိ အစိုးရက သတ်မှတ်ထားတဲ့ ထမင်းစရိတ်က တစ်ရက်ကို ၃၀ ကျပ်ဖြစ်ပါတယ်။

ဒီငွေဟာ ထမင်းစားဖို့ မဆိုထားနဲ့ အချုပ်သား ၁၀ ယောက်ပေါင်းမှ ရေသန့်တစ်ဗူးပဲ ဝယ်သောက်လို့ရတဲ့ ပမာဏပါ။

၂၀၁၂ ခုနှစ်၊ မတ်လရောက်မှ အစိုးရက အချုပ်သားတယောက်အတွက် တစ်ရက်စာ ထမင်းစရိတ်ကို ၄၈၀ ကျပ် ၈၂ ပြားနှုန်း တိုးမြှင့် သတ်မှတ် ပေးခဲ့တာပါ။ ဟိုအရင်ကထက် ၁၆ ဆလောက် တိုးပေးခဲ့တယ်ဆိုပေမယ့် ဒီတိုးပေးခဲ့တဲ့ငွေကလည်း လူတယောက်အတွက် ထမင်းတစ်နပ်စားဖို့ မလုံလောက်သေးပါဘူး။

အချုပ်သားအများစုကို သူ့တို့အိမ်တွေက လာရောက်ကျွေးမွေးလေ့ရှိပေမယ့် တခါတရံ အိမ်က ထမင်းချိုင့်လာမပို့တဲ့ အချုပ်သားတွေအတွက် ရဲတွေက သူတို့  ဖမ်းလာတဲ့တရားခံကို သူတို့ကိုယ်တိုင် တာဝန်ယူရတာတွေ ရှိပါတယ်။

“မြန်မာ့ရဲလုပ်ငန်းက နိုင်ငံတကာအဆင့်မပြောနဲ့ အာဆီယံမှာတောင် အနိမ့်ဆုံး ဖြစ်နေတယ်” လို့ ဥရောပသမဂ္ဂကရဲ့ ရဲလုပ်ငန်းဆိုင်ရာသင်တန်းတက်ရောက်ဖူးတဲ့ ရဲအရာရှိတစ်ဦးက ပြောသည်။

jtms_patrolpolices-18.jpg

မြန်မာနိုင်ငံက ရဲတွေရဲ့ လစာနဲ့ အထောက်အပံ့တွေသာမကပဲ ရဲတပ်ဖွဲ့ရဲ့ အင်အားကလည်း နိုင်ငံတကာအဆင့်ကို မရောက်သေးပါဘူး။

မြန်မာနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ရန်ကုန်မှာ ရဲတပ်ဖွဲ့ဝင်တွေ မလုံမလောက်ဖြစ်နေပါတယ်။ လူ ၁,၂၇၄ ယောက်ကို ရဲတစ်ယောက်နှုန်းနဲ့ ကိုင်တွယ်ဖြေရှင်းနေရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲမှူးဖြစ်တဲ့ ယာယီ ရဲမှူးချုပ်ဝင်းနိုင်က ပြောပါတယ်။

နိုင်ငံတကာမှာ လက်ခံကျင့်သုံးနေတဲ့ လူ ၄၀၀ မှာ ရဲတစ်ဦးအချိုးကျခန့်အပ်တဲ့ စနစ်နဲ့ ဒီအရေအတွက်ကို နှိုင်းယှဉ်ကြည့်လိုက်ရင် လိုအပ်ချက်တွေ တော်တော်များများရှိတာကို တွေ့နိုင်မယ်လို့ သူကဆိုပါတယ်။

အခက်အခဲတွေ များလှတဲ့ကြားက ရုန်းကန်နေရတဲ့ ရဲတယောက် ဖြစ်လာချင်တဲ့သူတွေ တနေ့တခြား နည်းပါး လာတဲ့အချိန်မှာ ရဲတပ်သားသစ် စုဆောင်းရတဲ့ အခက်အခဲတွေလဲ ရှိလာပါတယ်။

အဲဒီပြဿနာကိုဖြေရှင်းဖို့ အစိုးရက တရားဝင်ရေးသားထားတာမဟုတ်တဲ့ စည်းမျဉ်းစည်းကမ်းတစ်ခုကို ရဲတပ်ဖွဲ့ဝင်တွေအကြားမှာ ထုတ်ပြန်ခဲ့ဖူးတယ်လို့ ရဲတွေက ဆိုပါတယ်။

အဲ့ဒါကတော့ ရဲစခန်းတစ်ခုကို တစ်လမှာ လူသစ်ဘယ်နှစ်ယောက် စုဆောင်းပေးရမယ်ဆိုပြီး တာဝန်ပေးတာပါ။  ဒီစနစ်ကြောင့် ရဲတပ်ဖွဲ့ထဲမှာ တပ်ဖွဲ့ဝင်အင်အား တိုးလာတာမှန်ပေမယ့် အရည်အချင်းမရှိတဲ့လူတွေ ရောပြီး ဝင်လာတာတွေလည်း ဖြစ်လာနိုင်သလို ဒီလိုလူတွေတချို့ရဲ့ လုပ်ရပ်တွေကြောင့် ရဲတွေပိုပြီး နာမည်ပျက်လာနိုင်တယ်လို့ ရဲတွေက ထောက်ပြပါတယ်။

“စခန်းတစ်ခုကို (ရဲအသစ်) တစ်လ ဘယ်နှစ်ယောက် စုရမယ်။ မရရင် အရေးယူမယ်ဆိုတာက ရဲတပ်ဖွဲ့ဝင်ကောင်းတွေ မရနိုင်ပဲ သူခိုးဂျပိုးတွေသာ ရဲဖြစ်လာနိုင်ပါတယ်”လို့ အမည်မဖော်လိုတဲ့ ရဲအရာရှိတစ်ဦးက Frontier နဲ့ Facebook ကတဆင့် တွေ့ဆုံမေးမြန်းမှုမှာ ပြောပါတယ်။

မပြည့်စုံမှုတွေ၊ ဖိအားတွေကြားမှာ ရပ်တည်ရင်း အမှားအယွင်း လုပ်မိရင် ရဲတပ်ဖွဲ့ဝင်တွေဟာ ပြစ်ဒဏ် ကြီးကြီးမားမား ပေးခံတာတွေရှိပါတယ်။

ရဲတစ်ယောက် ပြစ်မှုကျူးလွန်ရင် သာမာန်ဥပဒေအပြင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ဆိုတာနဲ့ပါ ထပ်ပြီး အရေးယူခံရနိုင်ပါတယ်။

ဒီ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဟာ စစ်စည်းကမ်းထိန်းသိမ်းရေးဥပဒေကနေ တိုက်ရိုက်ကူးချထားတဲ့အတွက် ရဲတွေအတွက် အတော်လေး ပြင်းထန်တဲ့ ဥပဒေမျိုးဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

မြန်မာပြည်က ရဲတွေဟာ ဥပဒေတစ်ခုထဲတင် စစ်တပ်ဖက်က သွတ်သွင်းထားတာ ခံနေရတာမဟုတ်ပါဘူး။ တပ်မတော်အရာရှိတွေကိုလည်း ရဲတပ်ဖွဲ့ထဲ ထည့်သွင်းတာတွေရှိပါတယ်။

တပ်မတော်အရာရှိတယောက်ဟာ ရဲတပ်ဖွဲ့ထဲကို ပြောင်းမယ်ဆိုရင် တပ်ဘက်မှာ သူရထားတဲ့ရာထူးထက် မြင့်တဲ့ ရာထူးကို ရဲတပ်ဖွဲ့မှာရရှိပါတယ်။

ဒါဟာအောက်ခြေရဲတွေအတွက် ရာထူးတက်ဖို့ အခွင့်အလမ်းကိုလည်း ပိတ်ဆို့စေတာဖြစ်တယ်လို့ နှစ်ပေါင်းများစွာကတည်းက ထောက်ပြဝေဖန်ခဲ့တဲ့ ကိစ္စတစ်ခုပါ။

တပ်မတော်အရာရှိတွေ ရဲထဲကို တိုက်ရိုက်ကူးပြောင်းတဲ့စနစ်ဟာ အရင်စစ်အစိုးရ လက်ထက်မှာတင်မဟုတ်ဘဲ ဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားတစ်ပိုင်း အစိုးရလက်ထက်မှာလည်း ဆက်ဖြစ်နေဆဲပါ။

၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်အတွင်း တပ်မတော်အရာရှိ ၇၃ ဦးထက်မနည်း အရပ်ဘက်ကို ပြောင်းခဲ့တယ်လို့ အစိုးရ ပြန်ထမ်းတွေက ထုတ်ပြန်ခဲ့ပြီး ဒီအထဲက ဗိုလ်မှူးလေးယောက်ဟာ အဆင့်မြင့်အရာရှိတွေအဖြစ် ရဲတပ်ဖွဲ့ကို ကူးပြောင်းခဲ့ပြီး ရဲမှူးရာထူးတွေ ရယူခဲ့ပါတယ်။

jtms_nationalistsprotestuse17.jpg

နှစ်ပေါင်းများစွာ ဝေဖန်ခံနေရတဲ့ ရဲတွေကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အရင်ကတည်းက ကြိုးပမ်းခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အတိုက်အခံအဖြစ်ရှိနေစဉ် သမ္မတဦးသိန်းစိန်လက်ထက်တုန်းက ရဲတွေကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် သင်တန်းပေးဖို့ ဥရောပသမဂ္ဂ (အီးယူ) ကို တောင်းဆိုခဲ့တယ်လို့ အီးယူက ပြောကြားဖူးပါတယ်။

ဒါပေမဲ့ ဝေဖန်မှုတွေတော့ ရှိနေဆဲပါပဲ။

ရဲတပ်ဖွဲ့တွေအနေနဲ့အတိတ်တုန်းက အဓိကရုဏ်း နှိမ်နှင်းရေးတွေမှာ ဆန္ဒပြသူတွေကို ရိုက်နှက် ဖြိုခွင်းတာတွေမှာ အင်အားအလွန်အကျွံသုံးလို့ ဝေဖန်ခံခဲ့ရပါတယ်။

အခြားတစ်ဘက်မှာလည်း လူမျိုးရေး ပဋိပက္ခတွေမှာ ရဲတပ်ဖွဲ့ဝင်တွေက မတားဆီးပဲ ဘေးက ရပ်ကြည့်နေတယ်ဆိုတဲ့ ဝေဖန်မှုများလည်း ရှိနေပါတယ်။

လူဒါဇင်ပေါင်းများစွာသေဆုံးခဲ့ပြီး အိမ်ခြေထောင်နှင့်ချီ ပျက်စီးခဲ့တဲ့ ၂၀၁၃ မိတ္ထီလာအရေးအခင်းမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ အဓိကရုဏ်းတွေကို ဝင်ရောက်တားဆီးခြင်းမရှိဘူးလို့ ဝေဖန်ခံနေရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲချုပ်ဇော်ဝင်းက ပြောပါတယ်။ ဒါမျိုးတွေ နောက်ထပ်ထပ်မဖြစ်ဖို့ လိုတယ်လို့ သူကဆိုပါတယ်။

“ကိုယ့်ရှေ့မှာ လူတယောက်ကိုတယောက် သတ်နေတာ ဘာအထက်အမိန့်မှ မလိုဘူး” လို့ သူက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ မေ ၂၁ ရက်က ကျင်းပတဲ့အခမ်းအနားတစ်ခုမှာ ပြောခဲ့ပါတယ်။

အရင်ကဝေဖန်ခံရတာတွေကို အဆုံးသတ်အောင် သူ့လူတွေကိုလည်း တိုက်တွန်းပြီး ရက် ၁၀၀ စီမံချက်အသစ်တစ်ခု ရေးဆွဲကာ ရဲတပ်ဖွဲ့ကို ပြန်လည်အသက်သွင်းဖို့ သူကကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အစိုးရသစ်ရဲ့ မူဝါဒနောက်ကို လိုက်ရတဲ့ရဲတွေမှာ အခက်အခဲတွေ ရှိနေဆဲပါ။

အသစ်ပြန်ဆောက်ဖို့အတွက် အစိုးရကဘက်ဂျက်ချပေးတာ ထိုင်စောင့်နေရတဲ့ အိုမင်းဟောင်းနွမ်းနေတဲ့ လိုင်းခန်းတွေမှာ နေထိုင်ရင်းနဲ့ သူတို့ဟာ မြန်မာပြည်ကအခြားသူတွေလိုပဲ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေကြရပါတယ်။

ရဲတပ်ဖွဲ့က ထွက်တာဖြစ်ဖြစ်၊ ထုတ်ပယ်ခံကြရတာဖြစ်ဖြစ်၊ ဒါမှမဟုတ်ပင်စင်ယူတာပဲဖြစ်ဖြစ် ဖြစ်လာခဲ့ရာ သူတို့အများစုမှာ နေစရာ ကိုယ်ပိုင်အိမ်မရှိကြတဲ့အတွက် ရဲတပ်ဖွဲ့ထဲကအကြောင်းအမျိုးမျိုးနဲ့ထွက်ခွာကြရမှာကို အစိုးရိမ်ဆုံးပဲလို့ ရဲတပ်သားတွေက ဆိုပါတယ်။

ဒါကြောင့် အနည်းဆုံး အာဆီယံအဆင့်မှီတဲ့ ရဲတပ်ဖွဲ့ ဖြစ်လာစေဖို့၊ ပြည်သူတွေကို ထိထိရောက်ရောက် ကာကွယ်မှု တွေ ပေးနိုင်စေဖို့နဲ့ တရားဥပဒေစိုးမိုးရေး အောင်မြင်စေဖို့ ရဲတပ်ဖွဲ့တွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေကို ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။ 

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar