ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်ကို ပြည့်မီစေမည့် အိမ်ခြံမြေခွန်

အိမ်ရှင်အိမ်ငှားများထံမှ စည်ပင်သာယာက ကောက်ခံသော အခွန်များမှာ စည်းကြပ်ပုံစနစ်ပိုင်း ခိုင်မာပြီး ဖြောင့်မတ်စွာ စီမံခန့်ခွဲမှုရှိသော်လည်း မြန်မာနိုင်ငံတွင် ယင်းတို့၏ အခန်းကဏ္ဍမှာ မြင့်မားသင့်သလောက် မြင့်မားမှု မရှိသည်ကိုတွေ့ရသည်။

လက်ခ်လန် မက်ဒေါ်နယ် ရေးသားသည်။

အခွန်အကောက်ဝင်ငွေသည် မြန်မာနိုင်ငံ၏ ရေရှည်နှင့်အလုံးစုံ ဖွံ့ဖြိုးရေးအတွက် အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ အခွန်ဖြင့် အများပြည်သူ ဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများကို ဘဏ္ဍာငွေ ထောက်ပံ့ပေးလျက်ရှိသည့်အပြင် လူနေမှုအဆင့်အတန်း တိုးတက်ရေးနှင့် စီးပွားရေး အခွင့်အလမ်းများ ဖန်တီးရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည်။

လမ်းများ၊ ဆေးရုံများ၊ ကျောင်းများနှင့် အမှိုက်သိမ်းလုပ်ငန်းများအတွက် ကောင်းစွာစီမံခန့်ခွဲကာ ပြည်သူအတွက် သုံးစွဲမှုများက အားလုံးအတွက် အကျိုးရှိစေသည်မှာ မှန်သော်လည်း ယင်းဝန်ဆောင်မှုများကို  ထူးထူးကဲကဲ ပိုမိုမှီခိုလျက်ရှိသော ဆင်းရဲသားများကို အထူးအခွင့်အရေးများ မမျှမတ ပေးနေသည့်အသွင်ကို ဆောင်နေပေသည်။

အခွန်အကောက်များက အစိုးရနှင့် ပြည်သူတို့ အပြန်အလှန်ထားရှိသော လူမှုပဋိညာဉ်ကိုလည်း ပိုမိုခိုင်မာစေသည်။ ပြည်သူက အခွန်ဆောင်သည်။ အပြန်အလှန်အားဖြင့် အစိုးရက ဝန်ဆောင်မှုများပေးပြီး တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းပေးကာ “ညှိယူမှုသဘော” ကိုလည်း ဖော်ဆောင်ပေးလျက်ရှိသည်။ ဤသို့ အခွန်ပေးဆောင်ခြင်းဖြင့် အခွန်စနစ်၏ ပြည့်စုံခိုင်မာမှုနှင့် မည်သို့အခွန်အကောက်သုံးစွဲမည်ကို အစိုးရက တာဝန်ယူ၊ တာဝန်ခံလာအောင် ဆောင်ရွက်ရာတွင် နိုင်ငံသားများ၏ စိတ်ပါဝင်စားမှုကို ပိုမိုမြင့်မားလာစေသည်။ ယင်းသို့ညှိယူမှုကို ခိုင်မာအောင် ဆောင်ရွက်ရေးမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အရေးပါလှပေသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၌ အခွန်ကောက်ယူမှုပမာဏ အနည်းဆုံးဖြစ်ပြီး ကမ္ဘာတွင်လည်း အနည်းဆုံးနိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ပါဝင်လျက်ရှိသည်။ အခွန်ရငွေမှာ လောလောဆယ်တွင် ဂျီဒီပီ၏ ခြောက်ရာခိုင်နှုန်းမှ ခုနစ်ရာခိုင်နှုန်းဝန်းကျင် ရှိသည်။ ယင်းပမာဏမှာ ဝင်ငွေအဆင့်တူညီသော အလားတူနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာနည်းပါးနေသည်။  ဥပမာအားဖြင့် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှာ ၁၃ ရာခိုင်နှုန်းနှင့် ၁၄ ရာခိုင်နှုန်းအသီးသီး ရှိကြသည်။

အခွန်ကြောင့်ရနိုင်သည့် လူမှုရေးနှင့် စီးပွားရေး အကျိုးခံစားခွင့်များကို ပြည်ထောင်စုအစိုးရကလည်း နားလည်သဘောပေါက်ထားပြီးဖြစ်သည်။ လူတိုင်းက မျှတသောအခွန်များ ပေးဆောင်ပြီး အစိုးရဘတ်ဂျက် တိုးတက်ရရှိစေရေးအတွက် အခွန်ထမ်းဆောင်မှုများ တိုးတက်လာစေရန်နှင့် အခွန်သက်သာခွင့်များ ဖယ်ရှားရန် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လျက်ရှိသည်။

ဝန်ဆောင်မှုပေးခြင်းနှင့် အခွန်ထမ်းဆောင်ခြင်း နှစ်ခုစလုံးတွင် သမိုင်းနှင့်ချီ၍ အားနည်းခဲ့သောနိုင်ငံ၌ အခွန်ကောက်ခံမှု ပြုပြင်ပြောင်းလဲရေးမှာ သူ့ပင်ကိုယ်အရပင် အခက်အခဲတွေ့မည့် အလားအလာများ ရှိနေသည်။ ယင်းသို့ဖြင့် ယခုထိ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများက အဓိကထားသည်မှာ အခွန်ထမ်းကြီးများပေးသော ဝင်ငွေခွန်နှင့် ရောင်းခွန်များနည်းတူ အခွန်အများအပြား ရနိုင်သည့် အိမ်နှင့်ကားကဲ့သို့သော ပစ္စည်းများအပေါ် အခွန်ကောက်ခံရေးသာ ဖြစ်သည်။             

ယင်းသို့ဆောင်ရွက်ရာတွင် အခွန်ကောက်ခံမှု ပြုပြင်ပြောင်းလဲရေးကို အစိုးရ၏ အောက်ခြေအဆင့်များ၌ အလေးပေး၍ ဆောင်ရွက်သင့်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ကောက်ခံလျက်ရှိသော အခွန်များမှာ ပြည်ထောင်စုအစိုးရသို့ ပေးဆောင်ရသည်ထက် နည်းပါးသော်လည်း ယင်းအခွန်များက လုပ်ငန်းဆောင်ရွက်ရာ၌ အရေးပါနေဆဲဖြစ်သည်။

အထူးသဖြင့် ရန်ကုန်အခြေစိုက် မူဝါဒဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်နေသည့် အတိုင်ပင်ခံလုပ်ငန်း တစ်ခုဖြစ်သော Renaissance Institute ၏ သုတေသနပြုချက်အရ စည်ပင်သာယာရေးအဖွဲ့များက ကောက်ခံနေသော အိမ်ခြံမြေခွန်များမှာ ပြုပြင်ပြောင်းလဲရေးအတွက် အဓိကကျကြောင်း ပြသလျက်ရှိသည်။ ယင်းတို့သည် အခွန်စည်းကြပ်ပုံစနစ်အရ ခိုင်မာပြီး ဖြောင့်မတ်စွာ စီမံခန့်ခွဲမှုရှိသော်လည်း မြန်မာနိုင်ငံ၌ ယင်းတို့၏ အခန်းကဏ္ဍမှာ မြင့်မားသင့်သလောက် မမြင့်မားသေးသည်ကို တွေ့ရသည်။ အိမ်ခွန်မြေခွန်များမှာ အိမ်ခြံမြေ၏ ခန့်မှန်းတန်ဖိုးကို အခြေခံလျက် အိမ်ရှင်၊ သို့မဟုတ် နေထိုင်သူက မဖြစ်မနေ မှန်မှန်ပေးသွင်းရသောအခွန်ဖြစ်သည်။ ယေဘုယျအားဖြင့် မြို့နေလူထုက မြို့ပြဆိုင်ရာ ဝန်ဆောင်မှုများကို အကျိုးခံစားသည့်အတွက် ပေးရသော အဖိုးအခအဖြစ် မှတ်ယူကြသည်။

ကမ္ဘာတဝန်းလုံးရှိ စည်ပင်သာယာအဖွဲ့များသည် မြို့ပြဝန်ဆောင်မှုများကို ဘဏ္ဍာငွေထောက်ပံံ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် အိမ်ခွန်မြေခွန်များအပေါ် မှီခိုနေရသည်။ မြေနှင့် အဆောက်အအုံများမှာ လွယ်ကူစွာ သတ်မှတ်ဖော်ထုတ်နိုင်သဖြင့် အခွန်တိမ်းရှောင်ရန်ခက်ခဲသည်။ မြို့ပြဝန်ဆောင်မှု အကျိုးစီးပွားကို တိုက်ရိုက်ခံစားရသော မြို့နေလူထုကသာ အခွန်ပေးဆောင်ရပြီး တန်ဖိုးပိုမိုကြီးမားစွာ ပိုင်ဆိုင်သူများက အခွန်ပိုမိုပေးဆောင်ရသည်။ အချိန်ကာလအလျောက် အိမ်ခြံမြေတန်ဖိုးက မြင့်တက်လာသဖြင့် စည်ပင်သာယာအဖွဲ့များ အခွန်ဘဏ္ဍာ မှန်မှန်ရရှိရေးအတွက် ယင်းတို့က မူလရင်းမြစ် ဖြစ်လာသည်။

မြန်မာနိုင်ငံတဝန်း၌ အိမ်ခြံမြေခွန်ကို မြို့နေလူထုကသာ စည်ပင်သာယာရေးအဖွဲ့များထံ ခြောက်လတစ်ကြိမ် ပေးသွင်းရသည်။ ယင်းအခွန်အခများမှာ ပြည်ထောင်စုအစိုးရက ကောက်ခံသည့်၊ သို့မဟုတ် အိမ်ခြံမြေကို လွှဲပြောင်းသောအခါ ကောက်ခံသည့် တံဆိပ်ခေါင်းခွန်နှင့် အမြတ်ခွန်တို့ကဲ့သို့သော အခွန်အခများနှင့် ကွဲပြားခြားနားမှုရှိသည်။

အိမ်ခြံမြေခွန် တိုးတက်ရရှိမှသာ အမှိုက်သိမ်းသည့်ကိစ္စမျိုးလို စည်ပင်သာယာ လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှု ပေးနိုင်လာမည်ဖြစ်သည်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

အိမ်ခြံမြေခွန် တိုးတက်ရရှိမှသာ အမှိုက်သိမ်းသည့်ကိစ္စမျိုးလို စည်ပင်သာယာ လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှု ပေးနိုင်လာမည်ဖြစ်သည်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

အခွန်စည်းကြပ်ပုံအရ မြန်မာနိုင်ငံ၌ တည်ဆဲအိမ်ခြံမြေခွန်စနစ်သည် ကိုလိုနီခေတ်နှင့်သော်လည်းကောင်း၊ ဒေသတွင်း အခြားနိုင်ငံများနှင့်သော်လည်းကောင်း တူညီသည်။ မြို့ပြဝန်ဆောင်မှုများအတွက် အသုံးပြုရန် စည်ပင်သာယာထံ ပေးဆောင်ရသော အိမ်ခြံမြေခွန်အားလုံးနီးပါးကို သုံးစွဲရာတွင် ဥပဒေရေးရာမူဘောင်မှာ ရှင်းလင်းသည်။ ယင်းလုပ်ငန်းများထဲတွင် အမှိုက်သိမ်းခြင်း၊ မြို့ပေါ်လမ်းနှင့် အခြေခံ အဆောက်အအုံများအတွက် စီစဉ်ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။

သို့ရာတွင် အိမ်ခြံမြေခွန် ကောက်ခံမှုမှာ စွမ်းဆောင်ရည် ကျဆင်းလျက်ရှိသည်။ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာနိမ့်ကျပြီး ပုဂ္ဂလိကတစ်ဦးချင်းပိုင်ရှင်၊ သို့မဟုတ် နေထိုင်သူတို့က ခြောက်လတစ်ကြိမ် ပေးဆောင်ရသော အခွန်ငွေမှာ နည်းပါးကာ လက်ဖက်ရည်ဖိုးလောက်သာရှိသည်။ (တခါတရံ လက်ဖက်ရည်ဖိုးထက်ပင် နည်းသေးသည်။) ယင်းအခြေအနေက စည်ပင်သာယာဘတ်ဂျက်နှင့် မြို့ပြဝန်ဆောင်မှုကို နည်းပါးစေပြီး ပြည်သူလူထုက မျှော်မှန်းထားသည့်အဆင့်သို့ မရောက်ရှိခဲ့ပေ။ ပဲခူး၊ ဖားအံ၊ တောင်ကြီးနှင့် ရန်ကုန်တို့မှာပင် အဆမတန် ကြီးထွားလာသော လူဦးရေ၏ဒဏ်ကို ခါးစည်းခံနေရသည့် အကြောင်းရင်းများအနက် ယင်းအချက်ကလည်း တစ်ခုအဖြစ် ပါဝင်နေသည်။

တည်ဆဲအိမ်ခြံမြေခွန်မှာလည်း မျှတမှုမရှိပေ။ အခွန်စည်းကြပ်ထိုက်သော မြို့ပြအိမ်ခြံမြေများ၏ သုံးပုံတစ်ပုံမှာ မှတ်တမ်းမရှိသဖြင့် အိမ်ခြံမြေခွန်ကို ပေးဆောင်ခြင်းမရှိပေ။ အုပ်ချုပ်ရေးစနစ်များမှာလည်း မြို့များပေါ်သို့ လူအမြောက်အမြား လျင်မြန်စွာ ရောက်ရှိမှုကြောင့် ဖြစ်ပေါ်ရသော မြေပြင်အခြေအနေများကို တုံ့ပြန်ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။ လက်ရှိအကဲဖြတ်ချက်များအရ လူချမ်းသာများပေးရသော အခွန်အခမှာ လူဆင်းရဲများပေးရသော အခွန်အခနှင့် ကိုက်ညီနေသည်။ ရန်ကုန်မြို့တွင် ကောက်ခံသော အိမ်ခြံမြေခွန်မှာ စီးပွားရေးလုပ်ငန်းများပေါ်သာ ကျရောက်လျက်ရှိသည်။ ခရီးသွားလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအပေါ် ဝန်ထုတ်ဝန်ပိုး အဆမတန် စုပြုံကျရောက်နေပြီး နေထိုင်သူအများစုမှာ အခွန်မပေးဆောင်ရသလောက် ဖြစ်နေသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေခွန်ကို ခိုင်မာမှုနှင့် တရားမျှတမှု နှစ်မျိုးစလုံးရှိအောင် ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည်မှာ ထင်ရှားလှကြောင်း ကျွနု်ပ်တို့၏ သုတေသနက ပြသလျက်ရှိသည်။ အခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲရန် မလိုသေးသည့်ပြင် အခွန်စနစ်သစ်များ၊ သို့မဟုတ် အမျိုးသားဥပဒေများ ပြဋ္ဌာန်းရန်လည်း မလိုသေးပေ။ အမှန်တကယ် လိုအပ်နေသည်မှာ လက်ရှိကျင့်သုံးနေသောစနစ်ကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်သာဖြစ်သည်။

အမှန်စင်စစ် အဓိကသော့ချက်မှာ ပြုပြင်ပြောင်းလဲရေးကို မှန်မှန်ကန်ကန် ဆောင်ရွက်ရန်ဖြစ်သည်။ ယင်းတို့ကို ဆောင်ရွက်ရန် ခိုင်မာသော အထောက်အထားကို အခြေပြုရမည်၊ တကယ့်ပြဿနာကိုသာ ပစ်မှတ်ထားရမည်၊ အစီအစဉ်တကျ ဆောင်ရွက်ရမည်ဖြစ်သည်။ ကျွနု်ပ်တို့၏ သုတေသနစာတမ်းတွင် လုပ်ငန်းသဘောအရနှင့် နိုင်ငံရေးအရ ဖြစ်နိုင်ခြေရှိပြီး နှစ်ပေါင်းများစွာ စီမံကိန်းချမှတ် ဆောင်ရွက်သင့်သော အောက်ပါ ပြုပြင်ပြောင်းလဲရေး အဆင့်သုံးဆင့်ကို ဖော်ပြထားသည်။

ပထမအဆင့်မှာ စည်ပင်သာယာ အုပ်ချုပ်မှုကို ကျယ်ကျယ်ပြန့်ပြန့်နှင့် အထူးသဖြင့် အိမ်ခြံမြေခွန်အကြောင်း အစိုးရအဖွဲ့အဆင့်ဆင့်၊ စည်ပင်သာယာ အဖွဲ့အစည်းများအတွင်းနှင့် အများပြည်သူတို့ သိမြင်နားလည်အောင် ဆောင်ရွက်ရန်ဖြစ်သည်။ အဆုံးစွန်အားဖြင့် အိမ်ခြံမြေခွန် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် ပြုပြင်ပြောင်းလဲရေးအတွက် အများပြည်သူတို့၏ ထောက်ခံမှုမရှိပါက မအောင်မြင်နိုင်ပေ။

ဒုတိယအဆင့်မှာ အခွန်အခြေခံစနစ်ကို ကျယ်ပြန့်အောင်တိုးချဲ့ပြီး အခွန်ပေးဆောင်မှုများ တိုးတက်လာစေရန် အုပ်ချုပ်မှုစနစ်များကို ပိုမိုခိုင်မာအောင် တည်ဆောက်ရန်ဖြစ်သည်။ ထိရောက်သော မှတ်တမ်းထိန်းသိမ်းရေး၊ အခွန်လက်ကျန် ကွာဟချက်များ လျော့နည်းအောင် ဆောင်ရွက်ရေးနှင့် မှတ်တမ်းမှတ်ရာများကို အချိန်နှင့်တပြေးညီ ထိန်းသိမ်းရေးတို့မှာ အခွန်စနစ်ကို တရားမျှတစွာနှင့် ရှေ့နောက်ညီညွတ်စွာ ကျင့်သုံးရာတွင် အရေးပါသောအချက်များ ဖြစ်သည်။

တတိယအချက်မှာ အိမ်ခြံမြေခွန်စနစ်၏ တန်းတူညီမျှမှုနှင့် ထိရောက်မှုများ တိုးတက်ကောင်းမွန်စေရန် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များတွင် အခွန်မူဝါဒကို ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်သည်။ ယင်းလုပ်ငန်းများ၌ အိမ်ခြံမြေရာဖြတ်စနစ် ပြုပြင်ပြောင်းလဲမှုများ၊ စည်ပင်သာယာအဖွဲ့များက လိုက်နာနိုင်မည့် အကောင်းဆုံး အလေ့အကျင့်များကို အခြေခံသည့် စံချိန်မီ လုပ်ငန်းဖော်ဆောင်မှု လုပ်ထုံးလုပ်နည်းများ ပါဝင်သည်။

ကောင်းမွန်သောမူဝါဒ ပြောင်းလဲမှုသည် အထောက်အထားခိုင်မာမှု၊ အများပြည်သူ ပါဝင်မှုနှင့် တောင့်တင်းသည့် အုပ်ချုပ်မှုစနစ်တို့အပေါ် အခြေခံတည်ဆောက်ပါက အကျိုးစီးပွားကို အမြင့်ဆုံး ခံစားရမည်ဖြစ်သည်။ ပြည်ထောင်စုအစိုးရသည် မဟာဗျူဟာမြောက် မူဝါဒရေးဆွဲရာတွင် အရေးပါသောအခန်းမှ ပါဝင်သည့်တိုင် ပြုပြင်ပြောင်းလဲရေးနှင့် အကောင်အထည်ဖော်မှုပိုင်းကို ပြည်နယ်နှင့်တိုင်းဒေသကြီးတို့ကိုသာ ဆောင်ရွက်စေသင့်သည်။

အိမ်ခြံမြေခွန်များသည် မြန်မာနိုင်ငံ၏ အခွန်ပြုပြင်ပြောင်းလဲရေး၌ သေးငယ်သော်လည်း အပင်နိမ့်နိမ့်တွင် သီးနေသော ချိုမြိန်သည့်အသီးနှင့် တူပေသည်။ ယင်းတို့သည် ဝင်ငွေခွန်ကဲ့သို့ အဓိကကျသည့် အစိုးရအခွန်ဘဏ္ဍာရင်းမြစ်အဖြစ် မည်သည့်အခါမှ မရောက်ရှိနိုင်ပေ။ သို့ရာတွင် မြို့ကြီးများအတွက်မှာမူ ယင်းတို့သည် အရေးပါသည့်ကဏ္ဍမှ ပါဝင်လျက်ရှိသည်။ မြို့ကြီးများမှာ ဆက်လက်ဖွံ့ဖြိုးလျက်ရှိရာ စည်ပင်သာယာရေးအဖွဲ့များက အရေးပါသော မြို့ပြဝန်ဆောင်မှု ပေးရာတွင် လိုအပ်သည့် အရင်းအမြစ်များကို ခိုင်မာသော အခွန်စနစ်ကသာ ပေးစွမ်းနိုင်ပေသည်။ ယင်းက ရေရှည်တည်တံ့ပြီး အလုံးစုံပါဝင်သော စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေသည်။

ယင်းအချက်မှာ အလွန်မှန်ကန်လှသည်။ အဘယ့်ကြောင့်ဆိုသော် လောလောဆယ်တွင် အိမ်ခြံမြေခွန်မှာ အလွန်သေးငယ်ပြီး အောက်ခြေမှအစပြု၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်သော ပြည်နယ်နှင့် တိုင်းဒေသကြီးတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာအတွင်း ကျရောက်နေသောကြောင့်ဖြစ်သည်။ အခွန်ထမ်းကြီးများအပေါ် အကျိုးသက်ရောက်မှုရှိသော လက်ရှိဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေးများနှင့်မတူဘဲ အိမ်ခြံမြေခွန် ပြုပြင်ပြောင်းလဲမှုသည် မြန်မာနိုင်ငံအတွင်းရှိ မြို့နေနိုင်ငံသား အများစုကြီးကို ကျယ်ကျယ်ပြန့်ပြန့် အကျိုးသက်ရောက်မှုရှိနိုင်သည်။

သို့ဖြစ်ရာ အိမ်ခြံမြေခွန် ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံသားများနှင့် သူတို့၏အစိုးရအကြား ညှိနှိုင်းပွဲကြီးကို အားကောင်းလာစေပြီး အစိုးရ၏ တာဝန်ခံမှု၊ တာဝန်ယူမှုကို တိုးတက်အားကောင်းစေကာ ပြည်သူလူထု၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရာ၌ အရေးပါသောလုပ်ရပ်ကို စတင်ဆောင်ရွက်ရာဖြစ်ပေသည်။ အဆုံးစွန်အားဖြင့် ယင်းအချက်များမှာ ပိုမိုငြိမ်းချမ်း၍ သာယာဝပြောပြီး ဒီမိုကရေစီဆန်သော မြန်မာနိုင်ငံကို တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်များ ဖြစ်ပေတော့သည်။

ဉာဏ်တင် ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Related stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar