ပြဒါးအန္တရာယ်

မြန်မာနိုင်ငံမြောက်ဖျားတွင် တနိုင်တပိုင် ရွှေတူးသမားများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အဆိပ်သင့်မှု မြင့်မားသည့် ဓာတ်ပစ္စည်းဖြစ်သော ပြဒါးများကို ရန်ကုန်မြစ်တွင်း စီးဝင်သည့် မြစ်ကြောင်း၌ တွေ့ရှိရပြီဖြစ်သည်။ 

စာသားနှင့် ဓာတ်ပုံ – ဗစ်တိုးရီးယား မီလ်ကို

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့၏မြောက်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာမှ တရားမဝင် ရွှေတူးသူ သုံးဦးသည် လွန်ခဲ့သော သီတင်းပတ်အနည်းငယ်ခန့်က သတိပေးမှု တစ်စုံတစ်ရာမရှိ ပိတ်ပင်ခံခဲ့ရသည့် ရွှေမှော်တစ်ခုမှ ဒူးအထိမြုပ်သော ရွှံ့ထဲ၌ ရပ်နေခဲ့ကြသည်။ ထိုအမျိုးသားများမှာ ကျောက်စရစ်ခဲများကို ဖယ်ရှားတူးယူကာ ကျောက်ခဲများ ဖယ်ရှားရန် ယင်းသဲမြေများကို ဆန်ကာစိမ်းများပေါ်သို့ ဂေါ်ဖြင့် ပစ်တင်နေကြသည်။ ထို့နောက် ကျန်နေသော သဲများကို ဆန်ခါဖြင့် ဂရုတစိုက် စစ်ချနေကြလေတော့သည်။

ထိုသူသုံးဦးသည် ၎င်းတို့ဘဝများနှင့် လုပ်ငန်းဆိုင်ရာ အန္တရာယ်များကို အမှုမထားနိုင်ဘဲ အကာအကွယ် မရှိသော လက်များနှင့် တစ်ခုတည်းသော ဥယျာဉ်ခြံသုံး ပေါက်တူးကို  အသုံးပြုကာ မရပ်မနား အလုပ်လုပ်လျက်ရှိသည်။

“ဒီသတ္တုက အဆိပ်အတောက်ဖြစ်စေပြီး ခင်ဗျားတို့ကို ဖြည်းဖြည်းချင်း သေစေနိုင်တယ်ဆိုတာ ခင်ဗျားတို့ သိနေပေမဲ့ ခင်ဗျားတို့က ဒါကို လက်ဗလာနဲ့ အသုံးပြုနေတာပဲလား” ဟု ၎င်းတို့အား မေးမြန်းကြည့်ခဲ့သည်။

ရွှေတူးသူများက ခြောက်ကပ်ကပ် ရယ်မောကာ အလုပ်ဆက်လုပ်နေကြသည်။

“သိတော့ သိတာပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ရွေးစရာမှ မရှိတာ”ဟု ပြန်ဖြေကြသည်။

ကောင်းကောင်း မသိဘဲ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲ

အဆိပ်သင့်မှု မြင့်မားသည့် ဓာတုဗေဒပစ္စည်းတစ်မျိုးဖြစ်သော ပြဒါးမှာ မြန်မာနှင့် ကမ္ဘာ့အခြားနေရာများရှိ တနိုင်တပိုင်နှင့် လုပ်ငန်းအသေးစား ရွှေတူးသမားများ၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်များလှသော်လည်း ၎င်းတို့သည် ယင်းဓာတုပစ္စည်းကို လွန်ခဲ့သော နှစ်ကာလများစွာကတည်းကပင် အသုံးပြုလာခဲ့ကြသည်။

အခန်းအပူချိန်တွင် အရည်အဖြစ်ရှိနေသော ယင်းဓာတုပစ္စည်းကို နိုင်ငံအများစုက အန္တရာယ်နည်းပါးသော ရွှေသန့်စင် ထုတ်လုပ်မှုနည်းပညာဖြင့် အစားထိုး မသုံးစွဲမီအထိ ရွှေတူးဖော်သော လုပ်ငန်းများတွင် ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပြီးဖြစ်သည်။ 

မကြာမီက ပိတ်ပစ်သည့် ရွှေတွင်း၌ ရွှေရှာနေကြသူများကို တွေ့ရစဉ်။ ၎င်းတို့က ရွှေမှုန်စုရန် ပြဒါးကို သုံးကြသည်။ ဓာတ်ပုံ - ဗစ်တိုရီးယား မီလ်ကို

မကြာမီက ပိတ်ပစ်သည့် ရွှေတွင်း၌ ရွှေရှာနေကြသူများကို တွေ့ရစဉ်။ ၎င်းတို့က ရွှေမှုန်စုရန် ပြဒါးကို သုံးကြသည်။ ဓာတ်ပုံ – ဗစ်တိုရီးယား မီလ်ကို

ကချင်ပြည်နယ်မှ တနိုင်တပိုင်နှင့် လုပ်ငန်းအသေးစား ရွှေတူးသူများသည် မြေပြင်ပေါ်တွင် ဖျာကြမ်းများခင်း၍ ယာယီမြောင်းဖော်ကာ ရွှေတွင်း၊ သို့မဟုတ် အခြားသတ္တုတွင်းတို့မှ မှုတ်ယူသည့် သတ္တုရောရာရွှံ့ပစ်ရည်များကို စစ်ထုတ်လေ့ရှိသည်။ ကျောက်တုံးနှင့် သဲကြမ်းများကို နှုန်းမြေများအတွင်းမှ ဖယ်ရှားကာ ယင်းတို့ကို မြောင်းဖော်ဖျာများပေါ်မှ ထပ်မံရေဆေးချကြသည်။ ရလာသောအမှုန်လေးများထဲကို ပြဒါးထည့်၍ လက်ဖြင့်နယ်ပေးလိုက်ရာ ပြဒါးသည် ရွှေမှုန်များနှင့်တွဲကာ ပြဒါးသတ္တုစပ်ဖြစ်သွားသည်။ ပြဒါးကို မီးရှို့လိုက်သော် ရွှေတုံးအခဲလေးများကို ရရှိလေသည်။

“ပြဒါးက ဈေးသက်သာပြီး အလွယ်တကူ ရနိုင်သလို မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ သုံးနိုင်တဲ့အပြင် သတ္တုရိုင်းနည်းနည်းပါးပါးကို သန့်စင်ရာမှာ ကောင်းတာမို့ ရွှေတူးသူတွေက အသုံးပြုနေကြတာပါ”ဟု ထုတ်ဝေဖြန့်ချိခြင်း မပြုရသေးသည့် “မြန်မာနိုင်ငံအတွင်းရှိ တနိုင်တပိုင်နှင့် လုပ်ငန်းအသေးစား  ရွှေတူးသူများနှင့် ပြဒါးအသုံးပြုမှု – လက်ငင်းပြဿနာရပ်များနှင့် အနာဂတ်အစီအစဉ်”Artisanal and Small Scale Gold Mining and Mercury Use in Myanmar: Current Issues and Ways Forward ဟူသော အစီရင်ခံစာတွင် မစ္စတာ ဂျက် ဂျင်န်ကင်နှင့် ဒေါ်မေဇင်သော်တို့က ရေးသားထားသည်။ ၎င်းတို့နှစ်ဦးသည် ယင်းကို ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်သည့်၊ အကျိုးအမြတ်မယူဘဲ ဗဟုသုတမျှဝေသော Spectrum အဖွဲ့အတွက် အလုပ်လုပ်နေစဉ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။

ဒေါ်မေဇင်သော်က ယင်းအစီရင်ခံစာကို ဧပြီလ ၂၅ ရက်တွင် Spectrum သို့ ပေးပို့ခဲ့ပြီး ဖြစ်သော်လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာန၏ ဖိအားပေးမှုကြောင့် မထုတ်ဝေရသေးပေ။ 

အစိုးရက ပိတ်ပစ်သည့် ရွှေတွင်း၌ ရွှေရှာသူတစ်ဦးက ရွှေမှုန်စုနေစဉ်။ ဓာတ်ပုံ - ဗစ်တိုရီးယား မီလ်ကို

အစိုးရက ပိတ်ပစ်သည့် ရွှေတွင်း၌ ရွှေရှာသူတစ်ဦးက ရွှေမှုန်စုနေစဉ်။ ဓာတ်ပုံ – ဗစ်တိုရီးယား မီလ်ကို

ဧရာဝတီမြစ်ဖျား မေခနှင့် မလိခမြစ်ဆုံရာရှိ ရွှေတူးသောဒေသနှင့်အနီးဆုံး ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ပြဒါးရောင်းရန်ရှိကြောင်း ကြေညာထားသည်များ အတွေ့ရနည်းသော်လည်း ရတနာဆိုင်များနှင့် လျှပ်စစ်ပစ္စည်းဆိုင်များတွင် အိတ်ငယ်ကလေးများဖြင့် ရောင်းချလျက်ရှိသည်။ မြောက်ဘက် ကီလိုမီတာ ၅၀ အကွာရှိ မေခ-မလိခ မြစ်ဆုံသို့ သွားရာလမ်းတစ်လျှောက်မှ ဆိုင်များတွင်လည်း ပြဒါးများ ရောင်းချနေပြီး မြစ်ကြီးနားမြို့ထက်ပင် ဈေးသက်သာလေ့ရှိသည်။ ပြဒါးဈေးမှာ ရွှေဈေးနှင့်အပြိုင် အတက်အကျရှိသော်လည်း ယခုလအစောပိုင်းက အချိုရည်ပုလင်းဖုံး နှစ်ဖုံးစာ ၁၀ မီလီမီတာကို ကျပ် ၂,၀၀၀ ဖြင့် ရောင်းချလျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အဆိုအရ ပြဒါးမှာ အများပြည်သူကျန်းမာရေး ပြဿနာရပ်ကြီးများ ဖြစ်ပွားစေသည့် ဓာတုဗေဒပစ္စည်း ဆယ်မျိုးတွင် ပါဝင်ပြီး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြဒါးကို ကိုင်တွယ်သုံးစွဲခြင်းကြောင့် ကျန်းမာရေးပြဿနာများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားရသည်ဟု သိရသည်။

ပြဒါးကို တိုက်ရိုက်ကိုင်တွယ်ခြင်းသည် “အရေပြား၊ မျက်လုံးနှင့် အူလမ်းကြောင်းများ ပျက်စီးမှု”ကို ဖြစ်စေနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။ တွေ့ရှိနိုင်ခြေရှိသော အခြားရောဂါလက္ခဏာများတွင် “တုန်တုန်ယင်ယင်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ အာရုံကြောကြွက်သား ထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သိမြင်နိုင်မှုနှင့် ကြွက်သားများ ကမောက်ကမဖြစ်ခြင်း”တို့ ပါဝင်သည်ဟုလည်း ဖြည့်စွက်ဖော်ပြထားသည်။ ပန်းတိမ်သမားများနှင့် ရွှေတူးသူများ ပြုလုပ်လေ့ရှိသည့် ပြဒါးကို မီးရှို့ရာမှ ထွက်လာသော မီးခိုးငွေ့များသည် အဆိပ်သင့်မှု မြင့်မားပြီး အာရုံကြောစနစ်၊ အစာခြေစနစ်နှင့် ကိုယ်ခံအားစနစ်တို့ကို ပျက်စီးစေနိုင်သကဲ့သို့ အဆုတ်နှင့် အသည်းကိုလည်း ပျက်စီးစေနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ပြထားသည်။ 

သြဂုတ်လလယ်က ပိတ်ပစ်သည့် ရွှေတွင်း၌ မိုးကာလ ရေလျှံနေစဉ်။ ယင်းနေရာများသို့ တနိုင်တပိုင် ရွှေရှာသူများ လာရောက်လုပ်ကိုင်တတ်ကြသည်။ ဓာတ်ပုံ - ဗစ်တိုရီးယား မီလ်ကို

သြဂုတ်လလယ်က ပိတ်ပစ်သည့် ရွှေတွင်း၌ မိုးကာလ ရေလျှံနေစဉ်။ ယင်းနေရာများသို့ တနိုင်တပိုင် ရွှေရှာသူများ လာရောက်လုပ်ကိုင်တတ်ကြသည်။ ဓာတ်ပုံ – ဗစ်တိုရီးယား မီလ်ကို

ပြဒါးငွေ့ ရှူရှိုက်မိသည့် ကလေးငယ်များမှာလည်း ကြီးထွားနှုန်း ရပ်တန့်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု အားနည်းခြင်း အပါအဝင် ပြင်းထန်သော ကျန်းမာရေးဆိုးကျိုးများကို အထူးတလည် ခံစားရနိုင်ပေသည်။

တနိုင်တပိုင်နှင့် လုပ်ငန်းငယ် ရွှေတူးသူများက မည်သည့်အတွက် ပြဒါးကို အသုံးပြုနေရသနည်းဟူသော သိသာထင်ရှားသည့်မေးခွန်းသည် ပြဒါးအသုံးပြုခြင်းကြောင့် ပေါ်ပေါက်ရသည့် ဆိုးရွားသော ကျန်းမာရေး အန္တရာယ်များမှ ထွက်ပေါ်လာစေခဲ့သည်။

အဖြေတစ်ရပ်ကို ချင်းမိုင်အခြေစိုက် Images Asia and the Pan Kachin Development Society မှ ၂၀၀၄ ခုနှစ်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သည့် “ကချင်ပြည်နယ်ရှိ ရွှေတူးဖော်ရေးလုပ်ငန်းများကို မည်မျှစတေး၍ ဆောင်ရွက်နေသနည်း”ဟူသော အစီရင်ခံစာတွင် ဖော်ပြထားသည်။ “ရွှေတူးသူများနှင့် ဒေသခံပြည်သူများမှာ ရွှေတူးသော လုပ်ငန်းများကြောင့် ပေါ်ပေါက်ရသည့် ၎င်းတို့ဘဝများနှင့် ကျန်းမာရေး ခြိမ်းခြောက်မှုများဆိုင်ရာ သတင်းအချက်အလက်များကို ရယူကြည့်ရှုရန် လုံလောက်သော ပညာအခြေခံ မရှိကြပေ။ ထို့ကြောင့် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် အန္တရာယ်များလွန်းသော ဓာတုပစ္စည်းကို ကိုင်တွယ်အသုံးပြုခြင်းမှာ မြင်တွေ့နေကျ အဖြစ်အပျက်ပင် ဖြစ်ပါသည်” ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာ ထုတ်ပြန်ခဲ့သည်မှာ ဆယ်စုနှစ် တစ်စုကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ရွှေတူးဖော်သူများနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းကဏ္ဍကို စောင့်ကြည့်နေသည့် အစိုးရမဟုတ်သည့်အဖွဲ့များ NGOs အဆိုအရ သတ္တုတူးဖော်သောနေရာများတွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အသိပညာများ တိုးမြင့်လာစေရန် မဆောင်ရွက်သလောက်ပင် ဖြစ်ကြောင်း သိရသည်။ 

မြစ်ဆုံဒေသသို့ သင်္ဘောစင်းလုံးငှားလာရောက်ပြီး မြစ်ကြောင်းတလျှောက်မှ ရွှေရှာသူများအား အစားအသောက်၊ ရေသန့်နှင့် ပြဒါးတို့ကို ရောင်းချတတ်ကြသည်။ ဓာတ်ပုံ - ဗစ်တိုရီးယား မီလ်ကို

မြစ်ဆုံဒေသသို့ သင်္ဘောစင်းလုံးငှားလာရောက်ပြီး မြစ်ကြောင်းတလျှောက်မှ ရွှေရှာသူများအား အစားအသောက်၊ ရေသန့်နှင့် ပြဒါးတို့ကို ရောင်းချတတ်ကြသည်။ ဓာတ်ပုံ – ဗစ်တိုရီးယား မီလ်ကို

“ပြဒါးအသုံးပြုတာကနေ ဆိုးကျိုးတွေ ရရှိတယ်ဆိုတာကို လူများစု မသိကြပါဘူး”ဟု ဦးထွန်းထွန်းက ဆိုသည်။ ကချင်ပြည်နယ်တွင် တစ်နိုင်တစ်ပိုင် ရွှေတူးသူအဖြစ် ခုနစ်နှစ်ကြာမျှ အလုပ်လုပ်ကိုင်ခဲ့သူ ဦးထွန်းထွန်းအဆိုအရ ယင်းဓာတုဗေဒပစ္စည်းကို အသုံးပြုခြင်းကြောင့် ရရှိသည့် ဆိုးရွားသော ကျန်းမာရေး အန္တရာယ်နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ထုတ်ပြန်ပေးခဲ့ဖူးခြင်း မရှိကြောင်း သိရသည်။

ပြဒါးအသုံးပြုခြင်း၏ ဘေးထွက်ဆိုးကျိုးများအကြောင်းကို မိမိသိသော်လည်း အနည်းငယ်မျှသာ သိရှိထားသည်ဟု ကချင်ပြည်နယ်တွင် လုပ်ငန်းငယ် ရွှေတူးသူအဖြစ် နှစ်နှစ်ကြာ လုပ်ကိုင်ခဲ့သူ ဦးလာဆန်းက Frontier ကို ပြောသည်။  

“အန္တရာယ်ရှိတဲ့အကြောင်းကိုတော့ နည်းနည်းပါးပါး သိပါတယ်။ အဲဒါ အငွေ့ပျံတဲ့အချိန်မှာ ရှူရှိုက်မိရင် အသက်ရှူကျပ်တတ်တယ်”ဟု ဦးလာဆန်းက ဆိုသည်။ အခြားဘေးထွက်ဆိုးကျိုးများအကြောင်း သိ မသိ မေးမြန်းသောအခါ ၎င်းက ခေါင်းကိုသာ ခါယမ်းပြခဲ့သည်။ “တခြားဟာတွေကိုတော့ မကြားမိဖူးပါဘူး”ဟုသာ ပြန်ဖြေခဲ့သည်။

ရွှေတူးသူများက ၎င်းတို့သည် ကျန်းမာရေးထိခိုက်နိုင်ကြောင်း သတိပြုမိသော်လည်း စားဝတ်နေရေး လိုအပ်ချက်ကြောင့် ပြဒါးကို အကာအကွယ်ပေးသော ဝတ်ရုံမပါဘဲ၊ သို့မဟုတ် အကာအကွယ် အနည်းငယ်သာယူ၍ ဆက်လက်ကိုင်တွယ်သုံးစွဲနေကြကြောင်း ပြောသည်။

မေခ-မလိခ မြစ်ဆုံဒေသရှိ ရွှေတူးသူများအဆိုအရ ယင်းဒေသတွင် ရွှေတူးခြင်းကို မကြာသေးမီက အစိုးရက ပိတ်ပင်ခဲ့ကြောင်း သိရသည်။ အငြင်းပွားဖွယ်ရာ မြစ်ဆုံစီမံကိန်းနှင့် ဆက်စပ်လိမ့်မည်ဟု ၎င်းတို့က ယုံကြည်လျက်ရှိပြီး စားဝတ်နေရေးအတွက် ယင်းဒေသတွင် တရားမဝင် ဆက်လက်လုပ်ကိုင်နေကြသည်။

“ကျွန်တော်တို့က ပိုက်ဆံရှာရဦးမယ်လေ။ ဒါကြောင့် ဘေးကင်းလုံခြုံမှု မရှိတဲ့အရာကို အသုံးပြုရမယ် ဆိုရင်တောင် ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ဆက်တူးနေဦးမှာပါ” ဟု တရားမဝင် ရွှေတူးသူတစ်ဦးက Frontier ကို ပြောသည်။ 

သဘာဝပတ်ဝန်းကျင် ထိုးနှက်ချက်

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်အထက်ပိုင်းတစ်လျှောက်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတို့မှ တနိုင်တပိုင်နှင့် လုပ်ငန်းအသေးစား ရွှေတူးသူများ၏ ပြဒါးအသုံးပြုမှုသည် သဘာဝပတ်ဝန်းကျင်ကိုသာမက ကျန်းမာရေးကိုလည်း ဆိုးရွားစွာ အန္တရာယ်ပေးလျက်ရှိသည်။

ရံဖန်ရံခါ ရွှေတူးသူများက မြစ်များထဲသို့ ပြဒါးများ တိုက်ရိုက်စွန့်ပစ်ခြင်းကိုလည်း ဖြေရှင်းမပေးနိုင်ခဲ့ချေ။

“တခါတလေ ရေစပ်မှာ ပြဒါးအပုံလိုက် တဝဲလည်လည် ဖြစ်နေတာ ခင်ဗျားမြင်နိုင်ပါတယ်”ဟု မြစ်ကြီးနားနှင့် ရန်ကုန်မြို့တို့၌ ရုံးစိုက်ထားပြီး ကချင်ပြည်နယ်ရှိ သတ္တုတူးလုပ်ငန်းများကို မှတ်တမ်းတင်နေသည့် ငြိမ်း (ရှာလွန်း) ဖောင်ဒေးရှင်းမှ စီမံကိန်းတာဝန်ခံ ဦးခွန်မြတ်က ဆိုသည်။ “ဘယ်လို စွန့်ပစ်ရမယ်ဆိုတာကို လာရှင်းပြတဲ့သူ မရှိပါဘူး။ ဒါ့ကြောင့် မြစ်ထဲမှာပဲ စွန့်ပစ်ခဲ့ကြတာပါ” ဟု ၎င်းက ဆိုသည်။ 

ပိတ်ပစ်သည့် ရွှေတူးလုပ်ငန်းမှ ပစ္စည်းများကို အလုပ်သမားများ သိမ်းဆည်းနေကြစဉ်။ မြစ်ဆုံစီမံကိန်းနှင့် နီးသဖြင့် ရွှေတူးလုပ်ငန်းများကို ပိတ်ပစ်သည်ဟု ရွှေတူးသူများက ယူဆကြသည်။ ဓာတ်ပုံ - ဗစ်တိုရီးယား မီလ်ကို

ပိတ်ပစ်သည့် ရွှေတူးလုပ်ငန်းမှ ပစ္စည်းများကို အလုပ်သမားများ သိမ်းဆည်းနေကြစဉ်။ မြစ်ဆုံစီမံကိန်းနှင့် နီးသဖြင့် ရွှေတူးလုပ်ငန်းများကို ပိတ်ပစ်သည်ဟု ရွှေတူးသူများက ယူဆကြသည်။ ဓာတ်ပုံ – ဗစ်တိုရီးယား မီလ်ကို

သဘာဝပတ်ဝန်းကျင်အတွင်းသို့ ပြဒါးများ ပျော်ဝင်သွားသည့်အခါ ယင်းသည် လူသားများနှင့် တောရိုင်းတိရစ္ဆာန်ကမ္ဘာအတွက် အလွန်ဆိုးရွားသော ကျန်းမာရေးပြဿနာရပ်များ ပေါ်ပေါက်စေသည့် အသွင်ကူးပြောင်းမှုတစ်ခု ဖြစ်သွားတတ်သည်။

“‘မီသိုင်းမာကျူရီ’အဖြစ် လူသိများသော သဘာဝပြဒါးကို ရေနေဂေဟစနစ်အတွင်း နေထိုင်သည့် အောက်ဆီဂျင်မဲ့ အဏုဇီဝပိုးမွှားက ဓာတ်ပြုဖြိုခွင်းပြီး ပထမအဆင့် ပြဒါးအဖြစ် ထုတ်ပေးလိုက်သည်”ဟု ဂျင်န်ကင်နှင့် ဒေါ်မေဇင်သော်တို့က ၎င်းတို့အစီရင်ခံစာတွင် ဖော်ပြထားသည်။ “ထို့နောက် မီသိုင်းမာကျူရီများသည် အစာကွင်းဆက်အတွင်း ဝင်ရောက်ကာ ပြဿနာများ ပိုမိုဖြစ်ပွားစေသောကြောင့် လူသားများနှင့် တိရစ္ဆာန်ကမ္ဘာကို ကြီးမားသော အန္တရာယ်တွင်းသို့ တွန်းပို့ပေးသည်”ဟုလည်း ထပ်လောင်းရှင်းပြထားသည်။

မြန်မာနိုင်ငံရှိ မြစ်ချောင်းများအတွင်း ပြဒါးကြောင့် ပေါ်ပေါက်ရသည့် စိုးရိမ်ပူပန်ဖွယ် အဆိပ်အတောက်များကို  ဂျပန်သုတေသီများ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြပြီးဖြစ်သည်။ နိုင်ငံအနှံ့ စမ်းသပ်ခဲ့သော ရေနမူနာများတွင် ဝေးလွန်းလှသည့် တောင်ဘက်စွန်းရှိ ရန်ကုန်ငမိုးရိပ်ချောင်းမှာပင် ပြဒါးပါဝင်မှု မြင့်မားနေသည်ကို တွေ့ရှိခဲ့ရသည်။

“ငမိုးရိပ်ဝန်းကျင်တွင် ပြဒါးသုံး ရွှေတူးလုပ်ငန်းများ မရှိသည့်အလျောက် အထက်ပိုင်းမှ မျောလာသော ပြဒါးများမှာ ယင်းဒေသ၌ လာရောက်စုစည်းနေကြောင်း သုံးသပ်နိုင်ပေသည်”ဟု ယမန်နှစ်က ထုတ်ဝေခဲ့သည့် ‘မြန်မာနိုင်ငံရှိ တနိုင်တပိုင်နှင့် လုပ်ငန်းအသေးစား ရွှေတူးလုပ်ငန်း – သဘာဝပတ်ဝန်းကျင် ပြဒါးအဆိပ်သင့်မှုဆိုင်ရာ ကနဦးသုတေသန’ဟူသောအစီရင်ခံစာတွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံက တနိုင်တပိုင်နှင့် လုပ်ငန်းအသေးစား ရွှေတူးလုပ်ငန်းတွေကို ကျွန်တော်တို့ လေ့လာရာမှာ ဒီနိုင်ငံရဲ့ မြစ်ကြောင်းတစ်လျှောက် အနယ်ထိုင်နေတဲ့ နုန်းတွေထဲမှာ ပြဒါးကြောင့် ညစ်ညမ်းနေတယ် ဆိုတာကို တွေ့ရှိခဲ့ပါတယ်”ဟု ဂျပန်အနုမြူအေဂျင်စီ၏ ကွမ်တမ်လျှပ်စစ်လှိုင်းတန်း သိပ္ပံစင်တာမှ လေ့လာရေးစာတမ်း ပြုစုသူများဖြစ်ကြသည့် မစ္စတာ တကာဟီတို အိုဆာဝါနှင့် မစ္စတာ ယူချ ဟာဆူကာဝါတို့က တင်ပြထားသည်။

အများပြည်သူ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ပြဒါးအန္တရာယ် ကျရောက်စေမှုက တနိုင်တပိုင်နှင့် လုပ်ငန်းအသေးစား ရွှေတူးလုပ်ငန်းများတွင် ပြဒါးသုံးသဖြင့် ပေါ်ပေါက်လာသော အကျိုးဆက်များကို ဥပဒေဖြင့် ထိန်းကျောင်းရန်၊ သို့မဟုတ် လျော့ပါးသက်သာစေရန် မည်သို့ဆောင်ရွက်နိုင်သနည်းဟူသော မေးခွန်းကို ပေါ်ပေါက်စေသည်။ 

တနိုင်တပိုင် ရွှေရှာသူများ ရရှိလာသည့် ရွှေစများကို မြစ်အနီးမှ ရွှေဆိုင်၌ ချိန်တွယ်နေစဉ်။ ဓာတ်ပုံ - ဗစ်တိုရီးယား မီလ်ကို

တနိုင်တပိုင် ရွှေရှာသူများ ရရှိလာသည့် ရွှေစများကို မြစ်အနီးမှ ရွှေဆိုင်၌ ချိန်တွယ်နေစဉ်။ ဓာတ်ပုံ – ဗစ်တိုရီးယား မီလ်ကို

ပြဒါးအသုံးပြုမှုကို လုံးဝဥဿုံပိတ်ပစ်လိုက်ခြင်းက ရွှေတူးလုပ်ငန်းဖြင့် မှီခိုဝမ်းကျောင်းနေသူများအတွက် အနှုတ်သဘောဆောင် စီးပွားရေးအကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်သည်ဆိုခြင်းကိုမူ ဂျင်န်ကင်နှင့် ဒေါ်မေဇင်သော်တို့က ထောက်ခံသဘောတူထားသည်။

“တနိုင်တပိုင်နဲ့ လုပ်ငန်းငယ် ရွှေတူးတာတွေက အတော်သေးငယ်တဲ့ ဒေသဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ရိုးလုပ်စဉ်တစ်ခုပါ”ဟု ဒေါ်မေဇင်သော်က ဆိုသည်။ “အမှန်တကယ် ဒေသခံလုပ်ငန်းဖြစ်တဲ့ ဒေသန္တရ စီးပွားရေးနဲ့ ဒေသခံတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုက အထူးသဖြင့် ရွှေတူးတာလို သတ္တုတွင်းလုပ်ငန်းတွေပေါ်မှာ အများကြီး မှီခိုနေတာပါ”

၎င်းတို့သည် အခြားအစားထိုး ရွှေတူးဖော်သည့် နည်းလမ်းသုံးရန် ထောက်ခံထားကြပြီး ဖိလစ်ပိုင်၊ မွန်ဂိုလီးယားနှင့် မိုဇမ်ဘစ်ကဲ့သို့ နိုင်ငံများရှိ တနိုင်တပိုင်နှင့် လုပ်ငန်းငယ် ရွှေတူးဖော်သူများ အောင်မြင်စွာ အသုံးပြုသည့် လက်ချား၊ သို့မဟုတ် သံလိုက်အသုံးပြုခြင်း၊ သို့မဟုတ် တိုက်ရိုက်အရည်ကျိုခြင်းကဲ့သို့ နည်းလမ်းများကို အသုံးပြုရန် ၎င်းတို့အစီရင်ခံစာတွင် ထည့်သွင်း အကြံပြုထားသည်။

“တခြားသတ္တုမရောတဲ့ ရွှေစင်မျိုးဆိုရင်တော့ ပြဒါးအစား တိုက်ရိုက်အရည်ကျိုတဲ့နည်းကို အစားထိုးသုံးနိုင်ပါတယ်”ဟု ဂျင်န်ကင်က ဆိုသည်။ “လက်ချားကတော့ အရည်ကျိုရာမှာ သုံးတဲ့ ဓာတ်ကူပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သံလိုက်တွေကတော့ ရွှေစတွေ စုစည်းမှု ကောင်းလာအောင် အထောက်အကူ ဖြစ်ပါတယ်။ ဒါက တိုက်ရိုက်အရည်ကျိုတဲ့အခါ စုစည်းမှုကောင်းဖို့ လိုအပ်တာမို့ တကယ့်ကို အသုံးဝင်ပါတယ်”

ပိုမိုဘေးကင်းလုံခြုံသော သန့်စင်မှုနည်းလမ်းများကို ပြောင်းလဲအသုံးပြုရန် တူးဖော်သူများအား တိုက်တွန်းခြင်းအပြင် အသုံးပြုပြီးနောက် ပြဒါးများ စနစ်တကျ စွန့်ပစ်ခြင်းဆိုင်ရာ မွမ်းမံသင်တန်းများသို့ ၎င်းတို့ တက်ရောက်သင်ယူကြစေရေး ဆောင်ရွက်ကြရန်ကိုလည်း သုတေသီများက တိုက်တွန်းထားသည်။

“မြေအောက်တွင် ကျန်ရစ်ခဲ့သော သတ္တုစပ်ပြဒါးများသည် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို အစဉ်သဖြင့် ဖြစ်ပေါ်စေသော်လည်း ပြဒါးကြွင်းများမှာ ကျယ်ပြန့်လွန်းသော ဧရိယာတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသောကြောင့် ပြဒါးများကို ကုန်စင်အောင် စုဆောင်းရန်မှာလည်း မဖြစ်နိုင်သလောက်ပင် ဖြစ်သည်” ဟု အိုဆာဝါနှင့် ဟတ်ဆူကာဝါတို့က ၎င်းတို့၏ လေ့လာမှုစာတမ်းတွင် ဖော်ပြခဲ့သည်။ “ညစ်ညမ်းနေသော ပြဒါးကြွင်းများကို စွန့်ပစ်ကန်ကဲ့သို့ သတ်မှတ်နေရာတစ်ခုအတွင်း ထားရှိပါက ယင်းတို့ကို လွယ်ကူသော နည်းလမ်းဖြင့် ပြန်လည်ရှာဖွေနိုင်သည်”ဟုလည်း ဖြည့်စွက်ဖော်ပြထားသည်။  

ကြော်ငြာချိတ်ဆွဲခြင်းမရှိသည့်တိုင် မြစ်ကြီးနားမြို့မှ ရွှေနှင့် လျှပ်စစ်ပစ္စည်းဆိုင်များက ပြဒါးကို ရောင်းချလေ့ရှိသည်။ ဓာတ်ပုံ - ဗစ်တိုရီးယား မီလ်ကို

ကြော်ငြာချိတ်ဆွဲခြင်းမရှိသည့်တိုင် မြစ်ကြီးနားမြို့မှ ရွှေနှင့် လျှပ်စစ်ပစ္စည်းဆိုင်များက ပြဒါးကို ရောင်းချလေ့ရှိသည်။ ဓာတ်ပုံ – ဗစ်တိုရီးယား မီလ်ကို

တနိုင်တပိုင်နှင့် လုပ်ငန်းငယ် ရွှေတူးလုပ်ငန်းများတွင် ပြဒါးအသုံးပြုမှု လျော့ကျစေမည့် နည်းဥပဒေများကို မြန်မာ့သတ္တုတွင်းဥပဒေကို ပြင်ဆင်သော ဥပဒေတွင် ထည့်သွင်းရန် အကြံပေးမှုများလည်း ရှိနှင့်ပြီးဖြစ်သည်။ ဥပဒေသစ်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော်လည်း နည်းဥပဒေမူကြမ်းကိုမူ ရေးဆွဲရခြင်း မရှိသေးသဖြင့် ယင်းနည်းဥပဒေ ထည့်သွင်းရေးဆွဲရန် အခွင့်အလမ်းများ ရှိနေပေသည်။  

ဂျင်န်ကင်နှင့် ဒေါ်မေဇင်သော်တို့ကလည်း ၎င်းတို့အစီရင်ခံစာတွင် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းနှင့်မပတ်သက်သည့် အဖွဲ့အစည်းများ၊ လုပ်ငန်းငယ် သတ္တုတူးသည့် အဖွဲ့အစည်းများ၊ သတ္တုတွင်းကုမ္ပဏီကြီးများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအပါအဝင် အဓိကသက်ဆိုင်သူအားလုံး ပါဝင်စေရန် ရွှေတူးဖော်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ရေးဆွဲရန် တောင်းဆိုထားသည်။

“တနိုင်တပိုင်နှင့် လုပ်ငန်းငယ် ရွှေတူးလုပ်ငန်းများကို တရားဝင်ပြုလုပ်ပေးခြင်းမှာ ၎င်းတို့က ပိုမိုသန့်စင်သော ရွှေထုတ်နည်းများကို ပြောင်းလဲအသုံးပြုရာမှာ ကြုံရဖွယ်ရှိသည့် အခက်အခဲများဖယ်ရှားရန် အထောက်အကူ ဖြစ်စေလိမ့်မည်”ဟု ဂျင်န်ကင်နှင့် ဒေါ်မေဇင်သော်တို့က ဖော်ပြထားသည်။ “သတ္တုတူးဖော်ခြင်းများကို တရားဝင်ခွင့်ပြုလိုက်သည်နှင့် သတ္တုတွင်းလုပ်သားများမှာ ဝန်ဆောင်မှုပေးခြင်းနှင့် နည်းပညာ အကူအညီများ ရယူနိုင်သော အခွင့်အလမ်းများ တိုးလာမည်ဖြစ်ပြီး အစိုးရသည်လည်း သတ္တုတူးလုပ်ငန်းများကို  ပိုမိုကောင်းမွန်စွာ စည်းကြပ်ထိန်းကျောင်းနိုင်ပေလိမ့်မည်။”

ရွှေတူးလုပ်ငန်းတွင် ပါဝင်ပတ်သက်သူအားလုံးက ယခုကဲ့သို့ ယုံကြည်မှုမျိုး မရှိကြပေ။

“ဥပဒေတွေ လိုက်နာခြင်း ရှိ၊ မရှိ လာစစ်တဲ့သူရယ်လို့ ကျွန်တော် တစ်ခါမှ မတွေ့ဖူးပါဘူး”ဟု မြစ်ဆုံဒေသ ရွှေတွင်းများအကြောင်း ဦးထွန်းထွန်းက ပြောပြသည်။ “ကျွန်တော်တို့ လုပ်နေကျအတိုင်း ဆက်လုပ်ဖို့ပဲ ရှိပါတယ်။ ဘယ်သူကများ ဂရုစိုက်လို့တုန်း”ဟုလည်း ထပ်လောင်းပြောကြားသည်။ 

အောင်မင်း ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar