မြန်မာနိုင်ငံ၌ အိမ်သုံးနှင့် စက်မှုလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်တက်လျက်ရှိရာ လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်ပါကလည်း ကုန်ဈေးနှုန်းများ တက်လာပြီး စားသုံးသူပြည်သူများ၏ မကျေမနပ်ဖြစ်မှုကို မလွှဲမသွေ ရင်ဆိုင်ရဖွယ်ရှိနေပြန်သည်။
စည်သူအောင်မြင့် ရေးသားသည်။
ပြီးခဲ့တဲ့ရက်ပိုင်း ရန်ကုန်နေပြည်သူတွေကို အထိတ်တလန့် ဖြစ်စေတဲ့ သတင်းတစ်ပုဒ် ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ လျှပ်စစ်မီတာခကို လက်ရှိ ကောက်ခံနေတာရဲ့ သုံးဆ တိုးပြီး ကောက်ခံမယ်ဆိုပြီး တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောတယ်ဆိုတဲ့ သတင်းပါ။
နောက်ပိုင်း ဒီလိုပြောဆိုတာ မမှန်ဘူးဆိုတဲ့အကြောင်း တိုင်းအစိုးရအဖွဲ့ဝင်တွေက ပြန်ပြီး ရှင်းလင်းကြပါတယ်။ တကယ့်တကယ် ဝန်ကြီးချုပ်ပြောတာက လျှပ်စစ်ဓာတ်အား လိုအပ်ချက်တွေ များနေတယ်၊ ဒီအတွက် လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်ဖို့ လိုနေတယ်၊ ဒါပေမဲ့ လျှပ်စစ်ဓာတ်အား တိုးပြီးထုတ်လုပ်လိုက်တိုင်း အရှုံးပေါ်နေတယ်၊ ဒါကြောင့် မီတာခကို ထိုက်သင့်သလောက် တိုးမှဖြစ်မယ်၊ ဒီပြဿနာ ပြည်သူတွေ သိအောင်၊ နားလည်အောင် အမတ်တွေက ဟောပြောစည်းရုံးပေးပါဆိုပြီး ဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား ပြဿနာဟာ ရန်ကုန်မှာ ပျံ့နှံ့ခဲ့တဲ့ အဲဒီကောလာဟလထက် အများကြီး ကျယ်ပြန့်ပြီး အင်န်အယ်လ်ဒီ အစိုးရကို အကြီးအကျယ် ခေါင်းကိုက်စေတဲ့ ပြဿနာကြီး တစ်ခုလည်း ဖြစ်နေပါတယ်။ ဒီပြဿနာကို အင်န်အယ်လ်ဒီ အစိုးရ ဖြေရှင်းနိုင်စွမ်း ရှိပါ့မလားဆိုတာ ခုတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
လက်ရှိ မြန်မာနိုင်ငံက အိမ်ထောင်စု စုစုပေါင်းရဲ့ သုံးပုံတစ်ပုံလောက်ပဲ လျှပ်စစ်မီးကို အသုံးပြုနိုင်ပါသေးတယ်။ ကျန်သုံးပုံ နှစ်ပုံ တစ်နည်း ၆၅ ရာခိုင်နှုန်းဟာ လျှပ်စစ်မီး မသုံးနိုင်ကြသေးပါဘူး။ လျှပ်စစ်မီးပြဿနာ ပြည်သူတွေချည်းပဲ ခက်ခဲနေသလားဆိုတော့ မဟုတ်သေးပါဘူး။ မြန်မာနိုင်ငံထဲလာပြီး ရင်းနှီးမြှုပ်နှံထားတဲ့၊ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေကိုလည်း ခြိမ်းခြောက်နေပါသေးတယ်။
အသေအချာ ပြင်ဆင်ပြီးမှ ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်တိုင်းက သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း(၁) မှာ ပြီးခဲ့တဲ့ သုံးလတာ ကာလအတွင်း လျှပ်စစ်မီး ၁၆ ကြိမ် ပျက်ခဲ့တယ်လို့ စီမံခန့်ခွဲရေး အစည်းအဝေးမှာ ဂျပန်လုပ်ငန်းရှင်တွေက ထောက်ပြပြောဆိုပါတယ်။
အခုဆို သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း(၂) ကိုလည်း စတင်ပါတော့မယ်။ အဲဒီအတွက် လျှပ်စစ်ဓာတ်အား လုံလောက်မှာ မဟုတ်ဘူးလို့ စီမံခန့်ခွဲသူတွေက ပြောနေကြပါပြီ။ ဒါကြောင့်လည်း ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို ရောက်လာတဲ့ ဂျပန်စီးပွားရေး လုပ်ငန်းစု JCCI အဖွဲ့ဝင်တွေဟာ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအတွက် အကြံပြုချက် အစီရင်ခံစာ တစ်စောင်ပြုစု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တွေကို ကိုယ်တိုင် တွေ့ဆုံပေးအပ်ခဲ့ပါတယ်။
အချက် ၁၀ ချက်ပါ အဲဒီ အကြံပြုချက်ထဲမှာ အရေးအကြီးဆုံး နံပတ်တစ် အချက်ကတော့ အခြေခံ အဆောက်အအုံဖြစ်တဲ့ လျှပ်စစ်ဓာတ်အား ပြဿနာ ဖြေရှင်းပေးရေးပါ။
ဒါပေမဲ့ လျှပ်စစ်ပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့ အစိုးရမှာ အတော့်ကိုကြီးမားတဲ့ အခက်အခဲကြီး နှစ်ရပ် ရင်ဆိုင်နေရပါတယ်။ ပထမ တစ်ချက်ကတော့ အစိုးရအနေနဲ့ ရေအားကနေ လျှပ်စစ်ထုတ်ထုတ်၊ ကျောက်မီးသွေးကပဲ ထုတ်ထုတ်၊ သဘာဝဓာတ်ငွေ့ကပဲ ထုတ်ထုတ် ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပါ။
အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတဲ့ ဧရာဝတီမြစ်ဆုံနဲ့ မြစ်ညာ၊ မြစ်ဝှမ်းဒေသမှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းတွေ အားလုံးနီးပါး ပြည်သူလူထုရဲ့ ဆန့်ကျင်မှုကြောင့် ရပ်ဆိုင်းခံထားရပါတယ်။
ဒါကြောင့် လက်ရှိ အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ လိုအပ်ချက်အရ မီတာခ တိုးမြှင့်ကောက်ခံမယ်ဆိုရင် ပြည်သူလူထု လက်ခံအောင် အကြီးအကျယ် စည်းရုံးရပါဦးမယ်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ထုတ်ဖို့အတွက် စက်ရုံ ၅၄ ရုံမှာ စက်တပ်ဆင်အား မဂ္ဂါဝပ် ၅,၂၀၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ နွေရာသီ အသုံးပြုဖို့ လိုအပ်တဲ့ မဂ္ဂါဝပ် ၃,၅၀၀ ဝန်းကျင်တောင် လောက်ငှအောင် ထုတ်လုပ်ပေးနိုင်တာ မဟုတ်ပါဘူး။ အဲဒီ မြစ်ဆုံနဲ့ မေခ မလိခ မြစ်နှစ်သွယ်ပေါ်က ရေအားလျှပ်စစ် စီမံကိန်းဟာ စက်တပ်ဆင်အား မဂ္ဂါဝပ် ၂၁,၆၀၀ ရှိမယ်လို့ ခန့်မှန်းထားတဲ့အတွက် အတော့်ကို ကြီးမားတဲ့ ပမာဏပါ။ လက်ရှိ တစ်နိုင်ငံလုံး စက်တပ်ဆင်အားရဲ့ လေး ဆနီးပါးတောင် ရှိနေတာပါ။ ဒါပေမဲ့ ပြည်သူလူထု ကန့်ကွက်ထားတာကြောင့် အဲဒီကနေ လျှပ်စစ်ရဖို့ သိပ်မမျှော်မှန်းနိုင်ပါဘူး။
ဒါတင်ပဲလားဆိုတော့ မကသေးပါဘူး။ မြန်မာနိုင်ငံထဲက တက်ကြွလှုပ်ရှားသူတွေဟာ ရှမ်းပြည်နယ်ဘက်မှာ တည်ဆောက်မယ့် သံလွင်မြစ်ပေါ်က ရေအားလျှပ်စစ်ထုတ် စက်ရုံတွေကိုရော တခြားစက်ရုံတွေကိုပါ ကန့်ကွက်နေကြပါတယ်။
ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်ယူဖို့ကျတော့ ပိုတောင် ဆိုးပါသေးတယ်။ လက်ရှိ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ တနင်္သာရီတိုင်းမှာ တည်ဆောက်မယ့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေကိစ္စ တိုင်းရင်းသား ပြည်သူတွေရဲ့ ကန့်ကွက်တာ အကြီးအကျယ် ခံနေရပါတယ်။ သဘာဝဓာတ်ငွေ့ကနေ ထုတ်ယူဖို့ ဆိုတာကလည်း မသေချာ မရေရာတော့ပြန်ပါဘူး။
ခန့်မှန်းချက်အရ လာမယ့် ၂၀၂၁ ခုနှစ်မှာ ရတနာ ကမ်းလွန်လုပ်ကွက်၊ ၂၀၂၇ ခုနှစ်မှာ ရွှေ ကမ်းလွန်လုပ်ကွက်၊ ၂၀၂၃ ခုနှစ်မှာ ဇောတိက ကမ်းလွန်လုပ်ကွက်တွေဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့ရရှိမှုက သဘာဝအလျောက် လျော့နည်းလာမှာဖြစ်တဲ့အတွက် သဘာဝဓာတ်ငွေ့ကို အမှီပြုပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ဖို့ကလည်း အလှမ်းဝေးနေပြန်ပါသေးတယ်။ ဒါက ပြဿနာကြီးတစ်ခုပါ။
နောက်ပြဿနာကြီးတစ်ခုကတော့ လျှပ်စစ်ဓာတ်အားတွေ တိုးပြီး ထုတ်လုပ်လိုက်တိုင်း၊ အစိုးရအနေနဲ့ တိုးပြီး အရှုံးပေါ်နေတာပါ။ လက်ရှိ မြန်မာနိုင်ငံက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးမှာ အစိုးရကချည်းပဲ ရင်းနှီးမြှုပ်နှံနေရင် အောင်မြင်မှာ မဟုတ်ဘူး၊ ပုဂ္ဂလိကပိုင်းကိုပါ ရင်းနှီးမြှုပ်နှံစေသင့်တယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက အကြံပြုထားပါတယ်။
ဒါပေမဲ့လည်း အရှုံးခံရမယ့် လုပ်ငန်းအတွက် ဘယ်သူကမှ ရင်းနှီးမြှုပ်နှံချင်ကြမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ မတ်လ ၁ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ လျှပ်စစ် ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က လျှပ်စစ် တစ်ယူနစ် ထုတ်လုပ်ရောင်းချလိုက်တိုင်း ပျမ်းမျှ ၂၃ ကျပ် အစိုးရက အရှုံးပေါ်နေတယ်ဆိုပြီး ပြောခဲ့ပါတယ်။ အခုနှစ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုဟာ ယူနစ်သန်းပေါင်း ၁၉,၀၀၀ ကျော် ဖြစ်လာမှာမို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာကနေ ကျပ်ငွေ ဘီလျံ ၄၅၀ ကျော် (အမေရိကန်ဒေါ်လာ သန်း ၃၃၀ ကျော်) အရှုံးခံရမယ့်သဘော ဖြစ်နေတာပါ။ လက်ရှိ လျှပ်စစ်ဓာတ်အား သုံးစွဲခကို အစိုးရက တစ်ယူနစ် ၃၅ ကျပ်ကနေ စီးပွားရေး လုပ်ငန်းသုံး ကျပ် ၁၅၀ အထိ အဆင့်အမျိုးမျိုးနဲ့ ကောက်ခံနေပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်ဖို့ဆိုရင် လျှပ်စစ်မီတာခတွေကို သဘာဝကျကျ တိုးမြှင့်ကောက်ခံရပါလိမ့်မယ်။
တကယ်တော့ ဒါလည်း လွယ်ကူတဲ့ကိစ္စတစ်ခု မဟုတ်ပြန်ပါဘူး။ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တုန်းက မီတာခ တိုးမြှင့်ကောက်ခံဖို့ စီစဉ်ခဲ့ပါတယ်။ ရန်ကုန်နဲ့ နယ်မြို့တွေမှာ လူအများအပြား ဆန္ဒပြ ကန့်ကွက်ခဲ့ကြသလို၊ လွှတ်တော်ဘက်ကလည်း အစိုးရက တင်ပြတဲ့ နှုန်းထားအတိုင်း တိုးမြှင့်ကောက်ခံဖို့ သဘောမတူခဲ့ပါဘူး။
ဒီလိုနည်းနဲ့ ၂၀၁၄ ဧပြီ ၁ ရက်ကစပြီး လက်ရှိကောက်ခံတဲ့နှုန်းထား ဖြစ်လာတာပါ။ ဒါကြောင့် လက်ရှိ အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ လိုအပ်ချက်အရ မီတာခ တိုးမြှင့်ကောက်ခံမယ်ဆိုရင် ပြည်သူလူထု လက်ခံအောင် အကြီးအကျယ် စည်းရုံးရပါဦးမယ်။
အားလုံးကို ခြုံငုံသုံးသပ်ရရင် မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်ဖို့ကိစ္စဟာ တကယ်မလွယ်ပါဘူး။ ဒီပြဿနာဟာ အရင်စစ်အာဏာရှင်တွေ လက်ထက်ကတည်းက မဖြေရှင်းခဲ့တဲ့ အမွေဆိုးကြီးလည်း ဖြစ်ပါတယ်။ အခု ဒီပြဿနာ ပြေလည်ဖို့၊ တိုင်းပြည်ထဲ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာစေဖို့၊ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိမှုကနေ ကုန်ထုတ်လုပ်မှု တိုးတက်လာအောင်နဲ့ ပြည်သူလူထု လူနေမှုဘဝ မြှင့်တင်ရေး လုပ်နိုင်ဖို့ အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ ခက်ခက်ခဲခဲ ကြိုးစား ကျော်ဖြတ်ရမှာ ဖြစ်ကြောင်းပါ။