အစိုးရမဟုတ်သော နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများအား တွေ့ဆုံရန်ရှိပါက အတည်ပြုချက်ယူကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကပန်ကြားချက် ထုတ်ပြန်ချက်သည့်အပေါ် အမတ်များအကြား သဘောထားကွဲနေကြသည်။
ဇူလိုင် ၂၂ ရက်စွဲဖြင့် ဖြန့်ဝေလိုက်သည့် ပန်ကြားစာတွင် အမတ်တစ်ဦးချင်းဖြစ်စေ၊ ကော်မတီ ခေါင်းစဉ်ဖြင့်ဖြစ်စေ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများနှင့် လေ့လာရေးခရီးစဉ်များ တက်ရောက်ရန် ဖိတ်ကြားလာပါက မပျက်မကွက် အကြောင်းကြားရန်နှင့် ဖိတ်ကြားသူကိုလည်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌထံမှတစ်ဆင့် ဖိတ်ကြားပေးစေလိုကြောင်း ပြန်လည်ပြောကြားပေးရန်တို့ ပါဝင်သည်။
‘‘ဒါက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လှုပ်ရှားဆောင်ရွက်မှု၊ လေ့လာမှုတွေ ချုပ်ကိုင်လိုတဲ့ သဘောပဲ” ဟု ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက Frontier ကို ပြောကြားသည်။ ၎င်းသည် ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြု၍ ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများတွင် အနိုင်ရကာ ပြည်သူ့လွှတ်တော် အမတ်အဖြစ် နှစ်ကြိမ်ဆက် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
၎င်းကဲ့သို့ပင် လွှတ်တော်တွင် နှစ်ကြိမ်ဆက် ရွေးကောက်ခံရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးသိန်းထွန်းကမူ ထိုပန်ကြားချက်သည် လုပ်ရိုးလုပ်စဉ် ရုံးလုပ်ငန်းဖြစ်၍ မကျေနပ်ရန်မရှိဟု ဆိုသည်။
“သူရဦးရွှေမန်း လက်ထက်တုန်းကလည်း တရားဝင် စာမထုတ်တာပဲရှိတာပါ။ ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက် ယူရတာပါပဲ” ဟု ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်အမတ်ဖြစ်သူ ၎င်းက Frontier ကို ပြောသည်။
ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေး ကော်မတီကလည်း အဆိုပါ အကြောင်းကြားစာကြောင့် အမတ်တို့၏ အခွင့်အရေးများ ဆုံးရှုံးမည်မဟုတ်ဟု ယုံကြည်ထားသည်။
“အဲဒါက ရုံးလုပ်ငန်း လုပ်ထုံးလုပ်နည်း လွဲမှာစိုးလို့ အသိပေးတာလို့ပဲ ယူဆပါတယ်။ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင်ပေ့ါ” ဟု ကော်မတီ၊ အတွင်းရေးမှူး ဒေါက်တာလှမိုးက Frontier ကို ပြောသည်။
ဦးဝင်းမြင့်၏ ပန်ကြားချက်တွင် ပြည်သူ့လွှတ်တော်အမတ်များ၏ ကိုယ်ရေးအရာရှိများ အစည်းအဝေးခန်းမအတွင်းသို့ ဝင်ရောက်ခြင်းမပြုရန်လည်း ပါဝင်သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများကို ဇူလိုင် ၂၅ ရက်နေ့တွင် စတင်နေခြင်းဖြစ်သည်။
သတင်း-ဉာဏ်လှိုင်လင်း