ဗြိတိသျှရုပ်သံထုတ်လွှင့်ရေးကော်ပိုရေးရှင်း(ဘီဘီစီ) သတင်းထောက်ဟောင်း ခရစ္စတိုဖာဂန်းနက်စ်သည် ရှစ်လေးလုံးအရေးတော်ပုံပေါ်ကြီးစတင်ရာတွင် အဓိကအခန်းကဏ္ဍကပါဝင်ခဲ့သည်။ စစ်အုပ်ချုပ်မှုအောက်တွင် စိတ်ထောင်းကိုယ်ကြေ ဘဝပျက်ကြရသူများအားလုံး ၎င်းတို့၏စိတ်ဒဏ်ရာများနှင့် အိပ်မက်ဆိုးများ နောက်ဆုံးတွင် ပြေငြိမ်းသွားနိုင်ရန် သူကမျှော်လင့်နေသည်။
အိုလီဗာစလိုးရေးသားသည်။
“မြင်သမျှတွေ့သမျှလူတွေ ဒေါသထွက်နေတာတွေကို ခင်ဗျားမြင်တွေ့ရမှာပါ။ ပြီးတော့ လူတွေ အလန့်တကြားဖြစ်နေတာကိုလည်းတွေ့ရမယ်။ စစ်ထောက်လှမ်းရေးတွေကတော့ နေရာတကာမှာပဲ။ ခံစားချက်မဲ့ပြီးအကြောက်အရွံ့မရှိကြသလို သူတို့ဟာဥပဒေရဲ့အထက်မှာရှိပြီး လုပ်ချင်တိုင်းလုပ်လို့ရတယ်ဆိုတာ သူတို့သိနေကြတယ်”
ယင်းမြင်ကွင်းများသည် ဘီဘီစီသတင်းထောက်ဟောင်း ခရစ္စတိုဖာဂန်းနက်စ် ၁၉၈၈၊ ဇူလိုင်တွင် ရန်ကုန်သို့ရောက်လာချိန် သူကြုံတွေ့ခဲ့ရသော မကျေနပ်ချက်များပြည့်နှက်နေပြီး ပေါက်ကွဲလုမတတ်ဖြစ်နေသည့် အခြေအနေများအနက် တစ်ခုဖြစ်သည်။ နှစ်ပေါင်း ၃ဝကျော်ကြာပြီးသည့်တိုင် မှတ်မှတ်ထင်ထင်စွဲကျန်ရစ်နေသော ပုံရိပ်အချို့ဖြစ်သည်။
၁၉၈၈တွင် မြန်မာနိုင်ငံသည် လူထုအုံကြွမှုဖြစ်လုဖြစ်ခင် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိနေသည်။ မကြုံစဖူးဆန္ဒပြပွဲများ နိုင်ငံအနှံ့ဖြစ်ပေါ်နေပြီး ၁၉၆၂ကစ၍ အာဏာသိမ်းထားသည့် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော စစ်အုပ်ချုပ်မှုကို အဆုံးသတ်ရန် ပြည်သူများကတောင်းဆိုနေကြသည်။
၎င်းမြန်မာနိုင်ငံသို့ရောက်လာပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ဆန္ဒပြပွဲများမှ တစ်နိုင်ငံလုံးပါဝင်ဆင်နွှဲသည့် လူထုအုံကြွမှုကြီးအဖြစ်သို့ပြောင်းလဲသွားသော နိုင်ငံရေးဖြစ်စဉ်တွင် အလွန်အရေးပါသော အခန်းကဏ္ဍက ပါဝင်ခဲ့မည်ဆိုသည်ကို ဂန်းနက်စ်တစ်ယောက် ထိုစဉ်ကမသိခဲ့ချေ။
လူထုအုံကြွမှုဖြစ်ပေါ်စေသည့် အဓိကအချက်မှာ နိုင်ငံ၏ဆုတ်ယုတ်ကျဆင်းနေသော စီးပွားရေးအခြေအနေအပေါ် လူထုမကျေနပ်ချက်ပင်ဖြစ်သည်။ ဗုဒ္ဓဝါဒ၊ မာတ်စ်ဝါဒနှင့် အကြောင်းမဲ့နိုင်ငံခြားသားမုန်းတီးခြင်းတို့ ပေါင်းစပ်ထားသော “မြန်မာ့နည်း၊ မြန်မာ့ဟန်ဆိုရှယ်လစ်လမ်းစဉ်”အဖြစ် လူသိများသည့် ဗိုလ်ချုပ်ကြီးနေဝင်း၏ အလွန်ဆိုးရွားသည့်မူဝါဒများသည် မြန်မာနိုင်ငံကို သယံဇာတပေါကြွယ်ဝသည့်နိုင်ငံမှ ချွတ်ခြုံမွဲပြာကျသည့် နိုင်ငံအဖြစ်သို့ရောက်ရှိစေခဲ့သည်။ သဘာဝသယံဇာတပေါကြွယ်ဝသော်လည်း ဆိုးရွားလှသည့် နိုင်ငံ့စီးပွားရေးအခြေအနေကြောင့် ၁၉၈၇၊ ဒီဇင်ဘာတွင် ကုလသမဂ္ဂက မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများစာရင်းတွင် ထည့်သွင်းလိုက်ရာ တစ်မျိုးသားလုံးအတွက် အရှက်ရစရာဖြစ်ခဲ့သည်။
နိုင်ငံ၏အလွန်ဆိုးရွားနေသော စီးပွားရေးအကျပ်အတည်းသည် စိတ်ရှိသလိုထင်တိုင်းကြဲနေသူများပါဝင်သည့် စစ်တပ်ဦးဆောင်သော ဆိုရှယ်လစ်အစိုးရ၏ ဥပဒေမဲ့လုပ်ရပ်များကြောင့်ဖြစ်သည်။ ၁၉၈၈၊ မတ်တွင် ယင်းဥပဒေမဲ့လုပ်ရပ်များ အများပြည်သူရှေ့မှောက် ကွက်ကွက်ကွင်းကွင်းပေါ်လာတော့သည်။ အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြို့တော်ရန်ကုန်တစ်ခွင်က တက္ကသိုလ်ကျောင်းသားများ၏ ဆန္ဒပြပွဲများကို ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းခဲ့သည်။
နာမည်အပျက်ဆုံးမှာ မတ်၁၆ရက်က ပြည်လမ်းပေါ်၊ အင်းလျားကန်အနီးက တံတားဖြူမှတ်တိုင်တစ်ဝိုက် ဖြစ်ပွားခဲ့သောဖြစ်စဉ်ဖြစ်သည်။ ထိုနေ့မတိုင်ခင်ကဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်း၍ ထပ်မံကန့်ကွက်ဆန္ဒပြနေသည့် ထောင်နှင့်ချီသော ကျောင်းသူကျောင်းသားများသည် တစ်ဖက်တစ်ချက်စီက ချီတက်လာနေသော စစ်တပ်နှင့်လုံထိန်းရဲတို့၏ ပိတ်ဆို့မှုကို ခံနေရသည်။ ယင်းနောက် ကျောင်းသားများကို ပစ်ခတ်နှိမ်နင်းသောအခါ ကျောင်းသူကျောင်းသားအများအပြားသေဆုံးခဲ့ပြီး အချို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်းလျားကန်အတွင်း မသေမချင်းရေနှစ်သတ်ခဲ့သည်ဟုလည်း သတင်းများကျယ်လောင်စွာ ထွက်ပေါ်ခဲ့သည်။
တံတားဖြူပေါ်တွင် ကျောင်းသားများစွာ သွေးမြေကျခဲ့ရသည့်အတွက် ယင်းအကြမ်းဖက်ဖြိုခွင်းမှုဖြစ်ရပ်ကို တံတားနီအရေးအခင်း (လူသတ်ပွဲ)အဖြစ် နောက်ပိုင်းတွင် အမှတ်ရကြသည်။
ကနဦးတွင် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သည့် ကန့်ကွက်ဆန္ဒပြပွဲများတွင် ကျောင်းသူကျောင်းသားများသာ ပါဝင်ခဲ့သည်။ သို့သော် စစ်တပ်က ကျောင်းသားများကို အကြမ်းဖက်နှိမ်နင်းသည့်သတင်းများ အများပြည်သူအကြားပျံ့နှံ့သွားရာ ပြည်သူများကလည်း ကျောင်းသားများနှင့်အတူ ဆန္ဒပြပွဲများတွင် စတင်ပူးပေါင်းပါဝင်လာကြသည်။ ထိုနှစ်၊ ဇွန်လတွင် လူထုဆန္ဒပြပွဲများ မန္တလေး၊ မော်လမြိုင်နှင့် တောင်ကြီးအပါအဝင် အခြားမြို့ကြီးများတွင်ပါ ဆက်တိုက်ပေါ်ပေါက်လာပြီး အရှိန်မြင့်တက်လာကာ သြဂုတ်၈ရက်တွင် တစ်နိုင်ငံလုံးအုံကြွပါဝင်သည့် ရှစ်လေးလုံးအရေးတော်ပုံကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
အောက်စဖို့ဒ်တက္ကသိုလ်တွင်ဘွဲ့ရပြီးနောက် ၁၉၈၂တွင် ဘီဘီစီသတင်းဌာနတွင် အလုပ်ဝင်ခဲ့သည့် ဂန်းနက်စ်သည် ထိုအချိန်က ဘီဘီစီအတွက်အာရှရေးရာသတင်းများကို ရေးသားတင်ဆက်နေသည့် သတင်းထာက်အဖြစ် လန်ဒန်တွင်အခြေချနေသည်။ ထိုစဉ်ကပင် သူသည် မြန်မာနိုင်ငံအတွင်းက ဖြစ်ပေါ်တိုးတက်မှုများကို မျက်ခြေမပျက်လေ့လာနေခဲ့သည်။ တက်သစ်စသတင်းထောက်တစ်ဦးဖြစ်ရာ သက်ရောက်မှုအလွန်ကြီးမားသည့် နိုင်ငံရေးဖြစ်စဉ်တစ်ခုခုကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်သတင်းရယူနိုင်မည့် အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေချိန်ဖြစ်သည်ဟုလည်း သူက ဝန်ခံထားသည်။ မြန်မာနိုင်ငံအတွင်းက မငြိမ်မသက်မှုသတင်းများထွက်ပေါ်လာချိန်တွင် ဝါရင့်သတင်းထောက်များ နွေရာသီအားလပ်ရက်ခွင့်ယူထားကြရာ အာရှရေးရာသတင်းအစီအစဉ်အတွက် တစ်ဦးတည်းကျန်ရှိနေသည့်ဂန်းနက်စ်ကို ဘီဘီစီကမြန်မာပြည်သို့စေလွှတ်တော့သည်။
မြန်မာပြည်အတွင်းတွင်မူ အထွေထွေအကျပ်အတည်းသည် ပိုမိုဆိုးဝါးလာသည်။ အာဏာရမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် အရေးပေါ်ညီလာခံတစ်ရပ် လကုန်တွင်ရန်ကုန်မြို့ ၌ကျင်းပမည်ဟု ၁၉၈၈၊ ဇွန်လဆန်းကကြေညာသည်။ ရန်ကုန်သို့ ခရီးသွားဧည့်သည်အဖြစ် ဟန်ဆောင်သွားရောက်ကာ မြန်မာနိုင်ငံအတွင်းကအဖြစ်အပျက်များကို သိုသိုသိပ်သိပ်သတင်းပေးပို့ရန် ဘီဘီစီသတင်းဌာနက ဂန်းနက်စ်ကို တာဝန်ပေးအပ်ခဲ့သည်။
အံ့အားသင့်မှင်တက်ခဲ့ရသည့် နိုင်ငံ
ဂန်းနက်စ်သည် ရန်ကုန်သို့ရောက်လာသောအခါ (ထိုစဉ်က မြေကြွက်များပေါများပြီး ယိုယွင်းပျက်စီးနေသည့်) ကမ်းနားဟိုတယ် (Strand Hotel)တွင် တည်းခိုခဲ့ပြီး နောက်ဆုံးပေါ်အခြေအနေကိုသိရရန် သတင်းအနံ့ခံခဲ့သည်။ ဂန်းနက်စ်ရန်ကုန်သို့ရောက်ရှိပြီး မရှေးမနှောင်းမှာပင် ဘီဘီစီမြန်မာပိုင်းအစီအစဉ်အတွက် အလုပ်လုပ်ပေးနေသည့် အလွတ်တန်းသတင်းထောက်တစ်ဦးသည် အဖမ်းခံရမည်စိုး၍ အလုပ်ထွက်သွားသည်။
သူရန်ကုန်ရောက်ပြီး ရက်အနည်းငယ်အကြာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီညီလာခံတွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် မထင်မှတ်ထားဘဲ ပါတီကရုတ်တရက်နုတ်ထွက်ခဲ့ပြီး ၎င်းအာဏာမသိမ်းခင်ကကဲ့သို့ ပါတီစုံနိုင်ငံရေးစနစ် ပြန်လည်ကျင့်သုံးရန်သင့်၊ မသင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတစ်ရပ်ကျင်းပ၍ ဆုံးဖြတ်ရန်အကြံပြုတင်ပြခဲ့ရာ တစ်တိုင်းတစ်ပြည်လုံး အံ့အားသင့်ခဲ့ရသည်။
“အဲဒီညမှာရန်ကုန်မြို့ထဲတက္ကစီနဲ့ လျှောက်သွားဖြစ်တာကျွန်တော်မှတ်မိသေးတယ်။ ဒီကြေညာချက်ကြောင့် လူတွေဟာ ဘာကိုဘယ်လိုနားလည်ရမှန်းမသိဖြစ်နေကြတယ်”ဟု ၂၀၁၉၊ နိုဝင်ဘာတွင် မန္တလေး၌ ကျင်းပသော ဧရာဝတီစာပေပွဲတော်သို့ တက်ရောက်လာသည့် ဂန်းနက်စ်က ထိုစဉ်ကအဖြစ်ကိုပြန်ပြောသည်။
“နိုင်ငံရေးငလျင်လှုပ်သွားတယ်လို့ ပြောရမလားပဲ။ အကြီးအကျယ်လှုပ်လှုပ်ခပ်ခပ်ဖြစ်သွားတယ်။ လူတွေက ဒေါသထွက်နေတယ်။ ပြီးတော့ ဘာကိုနားလည်ရမှန်းမသိ ဇဝေဇဝါလည်းဖြစ်ကြပြီးအထိတ်တလန့် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေကြတယ်” ဟု ဂန်းနက်စ်က ပြန်ပြောင်းပြောသည်။
သို့သော် စစ်မှန်သောအပြောင်းအလဲများ မဖြစ်လာနိုင်ကြောင်းကို ပြည်သူများက အနှေးနှင့်အမြန်ရိပ်မိလာကြသည်။ ဗိုလ်ချုပ်ကြီးနေဝင်းကို မဆလပါတီဥက္ကဌရာထူးက နှုတ်ထွက်ခွင့်ပြုလိုက်သော်လည်း ၎င်းသည်ပါတီဝင်အဖြစ် ဆက်ရှိနေခဲ့သည်။ ရက်အနည်းငယ်အကြာတွင် ဗိုလ်မှူးချုပ်စိန်လွင်ကို ဥက္ကဌအဖြစ် အစားထိုးခန့်အပ်မည်ဟု မဆလပါတီကကြေညာခဲ့သည်။
ဗိုလ်မှူးချုပ်စိန်လွင်သည် တံတားဖြူအရေးအခင်းအပါအဝင် အခြားဆန္ဒပြပွဲများကို ကြမ်းကြုတ်စွာဖြိုခွင်းနှိမ်နှင်းမှုများတွင် အဓိကအမိန့်ပေးစေခိုင်းခဲ့သူတစ်ဦးဖြစ်ရာ ပြည်သူအများက၎င်းကို “ရန်ကုန်မြို့က ကြမ်းကြုတ်သောလူသတ်သမား”ဟု ခေါ်ဝေါ်သမုတ်ခဲ့ကြသည်။ ဝါရင့်သတင်းစာဆရာ ဘာတေးလ်လင့်တနာက ၁၉၈၈လူထုအုံကြွမှုအကြောင်းရေးသားထားသည့် သူ၏ Outrage (“ဒေါမာန်ဟုန်” အဖြစ် မြန်မာဘာသာသို့ ပြန်ဆိုမှုရှိသည်) စာအုပ်တွင် “မဆလပါတီဥက္ကဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရချိန်တွင် ဗိုလ်မှူးချုပ်စိန်လွင်သည် မြန်မာနိုင်ငံပြည်သူများအမုန်းဆုံးလူပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပေမည်” ဟု ရေးသားဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီးနေဝင်းက ပါတီဥက္ကဌနေရာမှနှုတ်ထွက်ကြောင်း ကြေညာလိုက်သည်နှင့်တစ်ပြိုက်နက် ၎င်း၏အယ်ဒီတာက ဂန်းနက်စ်ကို ကမ္ဘာလှည့်ခရီးသွားအဖြစ်ဟန်ဆောင်နေသည်ကိုရပ်တန့်ပြီး သတင်းထောက်တစ်ဦးအဖြစ် လူအများနှင့်ဆက်သွယ်မေးမြန်းကာ မြန်မာနိုင်ငံအတွင်းက ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို စတင်သတင်းပေးပို့ရန် ညွှန်ကြားတော့သည်။ ရန်ကုန်မှ ဂန်းနက်စ်ပေးပို့လာသောသတင်းများကို ဘီဘီစီကမ္ဘာ့သတင်းအစီအစဉ်ကထုတ်လွှင့်ခဲ့ပြီး ဘီဘီစီမြန်မာပိုင်းတွင်လည်း မြန်မာဘာသာဖြင့် ထပ်မံထုတ်လွှင့်ခဲ့သည်။ သို့ဖြစ်ရာ ဘီဘီစီသည် ထိုစဉ်ကသတင်းငတ်နေသော မြန်မာပြည်သူများအတွက် နိုင်ငံအတွင်းကဖြစ်ပျက်သမျှကို တင်ဆက်ပေးသည့် အနည်းငယ်သောသတင်းဌာနများအနက်က တစ်ခုဖြစ်ခဲ့သည်။
“လူမှုကွန်ရက်တွေလည်း အဲဒီအချိန်တုန်းက မရှိသေးဘူးလေ။ အဲဒီတုန်းကဆိုရင် ဘီဘီစီမြန်မာပိုင်းအစီအစဉ်ဟာ တော်လှန်ရေးကာလရဲ့ တွစ်တာလိုလူမှုကွန်ရက်ပေါ့ဗျာ။ ကျွန်တော်ကတော့ အဲဒီတွစ်တာမှာ ပို့စ်တွေတင်ပေးတဲ့သူပေါ့” ဟု ဂန်းနက်စ်က ပြောသည်။
“ဘီဘီစီက မနက်ပိုင်းနဲ့ညနေပိုင်း နှစ်ချိန်ခွဲသတင်းလွှင့်တာကြောင့် မြန်မာနိုင်ငံသားတွေဟာ တစ်ရက်မှာနှစ်ကြိမ် လုပ်လက်စအလုပ်တွေခနရပ်ပြီး (ဘီဘီစီ)သတင်းနားထောင်ဖို့ အမြဲစောင့်ဆိုင်းနေတတ်ကြတယ်”ဟု သူက ပြောသည်။
မြန်မာနိုင်ငံအတွင်းကပေးပို့သောသတင်းများ တစ်ကမ္ဘာလုံးသို့ပျံ့နှံ့သွားပြီး မကြာမီ ဂန်းနက်စ်အတွက် အခွင့်အရေးတစ်ခု ပေါ်ပေါက်လာသည်။ တစ်ရက်ဟိုတယ်သို့ပြန်အရောက်တွင် သူ့အတွက် မည်သူပေးပို့မှန်းမသိရသည့် စာတစ်စောင်ရောက်နေသည်။ “မနက်ဖြန်မနက်၉နာရီမှာ ဆူးလေဘုရားမုခ်ဝက စောင့်နေပါ။ ခင်ဗျားကို သတင်းထူးတွေပေးဖို့ရှိတယ်”ဟု တိုတိုတုတ်တုတ် ရေးထားသော စာဖြစ်သည်။
နောက်တစ်နေ့နံနက် ချိန်းချက်ထားသောနေရာရောက်သော် အသင့်စောင့်ကြိုနေသည့်ကားတစ်စီးက သူ့ကို ရန်ကုန်မြို့၊ ဆင်ခြေဖုံးရပ်ကွက်ရှိ အိမ်တစ်အိမ်သို့ခေါ်သွားသည်။ ကျောင်းသားအုပ်စုတစ်စုနှင့် တွေ့ဆုံ၍ သိရှိလိုသည်တို့ကိုမေးမြန်းရန်ဖြစ်သည်ဟုသာ သူသိထားသည်။
“ကျွန်တော် မေးခွန်းလေးခု၊ ငါးခုလောက် မေးဖြစ်ခဲ့ပါတယ်။ ပြီးတော့ ဘီဘီစီကမြန်မာလိုလည်း အသံလွှင့်တော့ ခုနကမေးခွန်းတွေရဲ့ အဖြေတွေကို သူတို့မြန်မာလိုလည်း ဖြေစေချင်တယ်။ ပြီးတော့ သတင်းမှာခင်ဗျားတို့ရဲ့အသံနဲ့ပဲ ဖော်ပြစေချင်တယ်မဟုတ်လားလို့ ကျွန်တော်သူတို့ကိုပြောလိုက်ပါတယ်” ဟု ဂန်းနက်စ်က သူကျောင်းသားများနှင့်တွေ့ဆုံမေးမြန်းခဲ့ပုံကို ပြန်ပြောပြသည်။
“ကျွန်တော် မြန်မာလိုမပြောတတ်တာသိတော့ ကျောင်းသားတစ်ယောက်ကကြားထဲက ဘာသာပြန်ပေးတယ်။ အဲဒီလိုဘာသာပြန်ပေးနေရင်းနဲ့ အဖြေထဲမှာ အထွေထွေသပိတ်တစ်ရပ်ဆင်နွှဲဖို့ သူတို့စီစဉ်နေတဲ့အကြောင်း လွှတ်ခနဲထွက်သွားတယ်။ သူက ၁၉၈၈၊ ရှစ်လမြောက်ဖြစ်တဲ့ သြဂုတ်၈ရက်၊ မနက်၈နာရီထိုးပြီး ၈မိနစ်တိတိမှာ အထွေထွေသပိတ်ကြီးစတင်မယ်တဲ့” ဟု ဂန်းနက်စ်က ပြောသည်။
“ ကျွန်တော်ဗျာ… တော်လှန်ရေးကြီးတစ်ရပ်စတင်တော့မယ့်အကြောင်း အသံသွင်းလာခဲ့မိတာကို လုံးဝမသိခဲ့ဘူးဗျာ” ဟု ဂန်းနက်စ်က ပြောသည်။ ကက်ဆက်တိတ်ခွေနှင့် အသံဖမ်းထားသည့် အင်တာဗျူးကို သံရုံးလူကြုံကတစ်ဆင့် လန်ဒန်ရှိဘီဘီစီဌာနချုပ်သို့ ပေးပို့လိုက်သည်။
အဆိုပါအင်တာဗျူးကိုစီစဉ်ပေးခဲ့သည့် ဦးနေမင်းသည် ထိုစဉ်ကအသက်၄၂နှစ်အရွယ် လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်နေသည်ကို ဂန်းနက်စ်နောက်ပိုင်းမှ သိခဲ့ရသည်။ သူကတော့ စထရန်းဟိုတယ်က တယ်လီဖုန်းအော်ပရေတာအမျိုးသမီးနှင့် မိတ်ဆွေများဖြစ်ကြပြီး ထိုအမျိုးသမီးကပင် နိုင်ငံခြားသားသတင်းထောက်တစ်ဦး တည်းခိုနေသည့်အကြောင်း ဦးနေမင်းကို တီးတိုးသတင်းပေးခဲ့သည်။
ဦးနေမင်းသည် ဂန်းနက်စ်ကို ကျောင်းသားများနှင့်တွေ့ဆုံမေးမြန်းရန် စီစဉ်ပေးခဲ့သည့်အပြင် ချွတ်ခြုံကျနေသည့်နိုင်ငံ့စီးပွားရေးအခြေအနေအပေါ် စီးပွားရေးပညာရှင်တစ်ဦးနှင့်လည်း အင်တာဗျူးရန် ချိတ်ဆက်ပေးခဲ့သည်။ ထို့ပြင် သူကဂန်းနက်စ်ကို စစ်သားဟောင်းတစ်ဦးနှင့် အင်တာဗျူးရန်ပင် ကူညီပေးခဲ့သည်။
“ သူ(စစ်သားဟောင်း) ပြောပြတာကတော့ တိုင်းရင်းသားတွေရဲ့နယ်မြေမှာ စစ်သားတွေဥပဒေမဲ့ လက်လွတ်စပယ် ပြုမူတာတွေရှိတယ်။ (စစ်သားတွေက သူတို့ရှေ့ကနေ လူသားမိုင်းရှာဖွေရေး ကိရိယာအဖြစ်) ကလေးတွေကို အသုံးပြုခဲ့တာတွေလည်း ပြောပြပါတယ်။ သူ မပြောပြခင်က အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty Inetrnaional) က ဒီအကြောင်းအရာတွေကို အများသိအောင် ထုတ်ဖော်ပြောဆိုခဲ့တာရှိတယ်။ စစ်ဗိုလ်ချုပ်တွေကတော့ ဒါကိုဝါဒဖြန့်စွပ်စွဲတာလို့ ချေပခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်သားတစ်ယောက်ကကိုယ်တိုင်က ဒီအကြောင်းအမှန်တရားတွေကို ထုတ်ဖော်ပြောဆိုလာတာကို ကြားကြရတဲ့အခါ မြန်မာပြည်သူတွေ အရမ်းကိုထိတ်လန့်သွားကြမယ်လို့ ထင်ပါတယ်။ အဲဒီအခြေအနေမှာ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေ၊ နိုင်ငံ့စီးပွားရေးနဲ့ပတ်သက်ပြီးမကျေနပ်မှုတွေနဲ့ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပေါင်းလိုက်တော့ အကြောင်းစုံတိုက်ဆိုင်သွားတယ်” ဟု ဂန်းနက်စ်က ပြောသည်။
အင်တာဗျူးကိစ္စကူညီပေးခဲ့ရာတစ်ဆင့် သိကျွမ်းဝင်သွားသော ဦးနေမင်းနှင့် ဂန်းနက်စ်တို့နှစ်ဦးသည် နောင်ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သည်အထိ ခင်မင်ရင်းနှီးသွားခဲ့ကြသည်။ မြန်မာပြည်တွင်းက အဖြစ်အပျက်တို့ကို ကမ္ဘာသိအောင်ကူညီပေးခဲ့သည့် လူစွမ်းကောင်းများအနက် တစ်ဦးဖြစ်သည့် ဦးနေမင်းကို အလွန်လေးစားရသည်ဟု ဂန်းနက်စ်ကဆိုသည်။
“ကိုယ့်နိုင်ငံသားတွေကို ပစ်သတ်ဖို့အထိပြင်ဆင်ထားတဲ့ စစ်တပ်တစ်တပ်နဲ့မြန်မာနိုင်ငံမှာ ပြည်တွင်းကနိုင်ငံရေးအင်အားလောက်နဲ့ အပြောင်းအလဲတွေ အများကြီးလုပ်နိုင်မှာမဟုတ်ဘူးဆိုတာကို ကိုနေမင်းက သိနေတယ်။ ဒါကြောင့် ဘီဘီစီသတင်းဌာနကိုအသုံးချပြီး ကမ္ဘာ့သတင်းအစီအစဉ်ကနေ ပြည်တွင်းအခင်းအကျင်းတွေကို တစ်ကမ္ဘာလုံးသိအောင်လုပ်မယ်ဆိုရင် နိုင်ငံတကာဖိအားနဲ့ ပြည်တွင်းမှာ (စစ်အစိုးရက) အပြောင်းအလဲတွေ မဖြစ်မနေလုပ်ဆောင်ရမယ်ဆိုတာ သူကောင်းကောင်းကြီးသိနေတယ်ဗျ” ဟု ဂန်းနက်စ်ကပြောသည်။
“သူက ကျွန်တော့်လို သတင်းထောက်ပေါက်စကိုစတွေ့တော့ ဝမ်းသာအားရဖြစ်နေလောက်တယ်။ ကျွန်တော်ထင်တယ် ဒီအတွက်သူ့မှာ မဟာဗျူဟာတစ်ရပ်ရှိရုံတင်မက အသေးစိတ်အစီအစဉ် ဆွဲထားတာလည်း ရှိနေတယ်ဗျ” ဟု ဂန်းနက်စ်က ပြောသည်။
သူ့အစီအစဉ် အကောင်အထည်ပေါ်သွားခဲ့သည်။ ဦးနေမင်းစီစဉ်ပေးသည့် တွေ့ဆုံမေးမြန်းမှုများအပြီး လေး၊ ငါးရက်ခန့်အကြာတွင် တော်လှန်ရေးကြီးစတင်မည့်အကြောင်း ကျောင်းသားများနှင့် အင်တာဗျူးကို ဘီဘီစီမြန်မာပိုင်းအစီအစဉ်က အသံလွှင့်တင်ဆက်ခဲ့သည်။
“အဲဒီသတင်းကတော့ တော်လှန်ရေးတိုက်ပွဲတစ်ရပ်စတင်ဆင်နွှဲဖို့ ပထဆုံးပစ်ဖောက်လိုက်တဲ့ သေနတ်သံနဲ့အလားတူပြီး နိုင်ငံရဲ့ကံကြမ္မာကို အဆုံးအဖြတ်ပေးတဲ့အရာလည်းဖြစ်ခဲ့ပါတယ်” ဟု ဂန်းနက်စ်က ဖရွန်းတီးယားကို ပြောသည်။
တစ်နိုင်ငံလုံး အုံကြွမှုကြီး
ဆူးလေဘုရားသည် ရန်ကုန်မြို့ကဆန္ဒပြပွဲများအတွက် လူစုရပ်ဖြစ်ခဲ့သည်။ သြဂုတ်၈ရက် နံနက်၈နာရီ ထိုးပြီးသည်နှင့် သိပ်မကြာခင်မှာပင် ကုန်တင်ကုန်ချအလုပ်သမားများသည် ရန်ကုန်မြို့တဝှမ်းရှိ အခြားသူများနည်းတူ အထွေထွေသပိတ်ဆင်နွှဲရန် ဆူးလေဘုရားဘက်သို့ ချီတက်လာကြသည် ။ နိုင်ငံတဝှမ်းရှိ အခြားမြို့ကြီး၊ မြို့ငယ်အသွယ်သွယ်တွင်လည်း အလားတူချီတက်ဆန္ဒပြပွဲများ စတင်နှင့်ပြီးဖြစ်သည်။
လပေါင်းများစွာတရိပ်ရိပ်ကြီးထွားလာသော ပြည်သူတို့၏အထွေထွေမကျေနပ်ချက်များ စုပြုံလာသည်ဖြစ်ရာ အစိုးရဝန်ထမ်းများသာမက သံဃာတော်များအပါအဝင် လှည်းနေလှေအောင်း မြင်းစောင်းမကျန် အလွှာပေါင်းစုံကပြည်သူတစ်ရပ်လုံးပါဝင်သည့် နိုင်ငံ့သမိုင်းတွင်အကြီးမားဆုံး အစိုးရဆန့်ကျင်ရေးအထွေထွေသပိတ်ဖြစ်လာသည်။
မွန်းတည့်ချိန်လောက်တွင် ထောင်နှင့်ချီသောလူအုပ်ကြီးသည် ဆူးလေဘုရားတစ်ဝိုက်စုဝေးကာ ကြွေးကြော်သံများအော်ဟစ်ခဲ့ကြပြီး စိတ်ဓာတ်တက်ကြွစေသောတေးများ သီဆိုခဲ့ကြသည်။ နိုင်ငံတော်သီချင်းနှင့် စစ်ချီတေးများ သံပြိုင်သီဆိုခဲ့ကြပြီး “ဦးစိန်လွင်နှုတ်ထွက်ပေးရေးနှင့် အကြွင်းမဲ့ အာဏာရှင်စနစ်ကျဆုံးရေး” စသဖြင့် ကြွေးကြော်ခဲ့ကြသည်။
ဆန္ဒပြသူများသည် ပွဲတော်ကျင်းပနေသည့်အလား တနေကုန်စိတ်တက်ကြွနေကြပြီး ညဉ့်နက်သန်းခေါင်အထိ ဆူးလေဘုရားအနီးတွင် ဆက်လက်စုရုံးနေကြသည်။ ဆန္ဒပြပွဲများကို စောင့်ကြည့်နေသည့် စစ်သားများမှာ ထိုနေ့တစ်နေ့လုံး ရပ်ကြည့်နေခဲ့ကြသော်လည်း နောက်တစ်နေ့သို့ရက်ကူးအပြီး မနက်အစောပိုင်းတွင် အခြေအနေများရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ စစ်သားများအပြည့်တင်ဆောင်လာသည့် စစ်ကားများ ဆူးလေဘုရားမျက်နှာချင်းဆိုင်ရှိ မြို့တော်ခန်းမနောက်က ရုတ်တရက်ပေါ်ထွက်လာကြပြီး လူအုပ်အတွင်းသို့ စတင်ပစ်ခတ်တော့သည်။ ထိုသို့ ပစ်ခတ်မှုကြောင့် အရေအတွက်အတိအကျမသိရသော်လည်း ရာနှင့်ချီသော ဆန္ဒပြသူများသေဆုံးခဲ့သည်ဟု ခန့်မှန်းကြသည်။
စစ်တပ်၏ရက်စက်မှုများကို အထင်အရှားဆက်လက်တွေ့ မြင်လာရပြီး နောက်ပိုင်းရက်များတွင် ဆန္ဒပြပွဲများကို ပစ်ခတ်ဖြိုခွင်းနှိမ်နှင်းမှုများလည်း အရှိန်အဟုန်မြင့်တက်လာခဲ့သည်။ စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းခဲ့သော်လည်း ဆန္ဒပြပွဲများကို ရက်သတ္တပတ်များစွာ ဆက်လက်ကျင်းပနေကြသည်။
ဆန္ဒပြပွဲများကို ရက်ရက်စက်စက်ပစ်ခတ်ဖြိုခွင်းမှုအရှိန်ကောင်းဆဲအချိန်တွင် ဂန်းနက်စ်သည် ရန်ကုန်တွင် မရှိတော့ချေ။ ကျောင်းသားများနှင့် အင်တာဗျူးသတင်းကိုထုတ်လွှင့်ပြီး ရက်အနည်းငယ်အကြာတွင် အဖမ်းခံရကိန်းရှိသည့်အတွက် မြန်မာနိုင်ငံမှထွက်ခွာရန် ဗြိတိန်သံရုံးအရာရှိတစ်ဦးကပြောလာ၍ ဂန်းနက်စ်သည် မြန်မာနိုင်ငံအတွင်းက ထွက်ခွာခဲ့သည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒါကာတွင် တည်းခိုကာ မြန်မာပြည်အတွင်းကသတင်းများကို ဆက်လက်ပေးပို့ခဲ့သည်။
နောက်ရက်သတ္တပတ်အနည်းငယ်တွင် မြန်မာနိုင်ငံအတွင်းက အဖြစ်အပျက်များသည် သက်သေအထောက်အထား အတိအကျအခိုင်အမာပြုစုထားသော ဖြစ်စဉ်များ ဖြစ်လာခဲ့သည်။
သြဂုတ်လကုန်နှင့် စက်တင်ဘာလဆန်းပိုင်းအထိ စစ်အာဏာရှင်စနစ်အဆုံးသတ်ရန် ချီတက်ဆန္ဒပြမှုများကို နိုင်ငံတစ်ဝှမ်း ဆက်လက်ဆင်နွှဲခဲ့ကြသည်။ သို့သော် စစ်တပ်က ပြည်သူလူထုတောင်းဆိုသည့်တိုင် မလိုက်လျောဘဲ အာဏာကိုတင်းခံပြီးဆက်လက်ဆုပ်ကိုင်ထားသည်။
စက်တင်ဘာ၁၈ရက်တွင် နိုင်ငံပိုင်ရေဒီယိုကတစ်ဆင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်လာသည်။
“နိုင်ငံတဝှမ်းဖြစ်ပွားနေသည့် အဘက်ဘက်မှယိုယွင်းနေသောအခြေအနေကို အချိန်မီထိန်းသိမ်းနိုင်ရန်နှင့် ပြည်သူလူထု၏အကျိုးစီးပွားအတွက် တပ်မတော်သည်နိုင်ငံတော်အာဏာအရပ်ရပ်ကို ယနေ့မှစတင်တာဝန်ယူလိုက်သည်” ဟု စစ်တပ်က မဆလပါတီထံက အာဏာသိမ်းယူသည့်အကြောင်း သတင်းကြေငြာသူက ဖတ်ပြခဲ့သည်။
အာဏာသိမ်းပြီးနောက် ဥပဒေသမား၊ ပညာရှင်နှင့် မဆလပါတီဗဟိုကော်မတီဝင်လည်းဖြစ်ပြီး သိပ်မကြာသေးခင် သြဂုတ်လလယ်တွင် နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသော ဒေါက်တာမောင်မောင်ကို ရာထူးကဖယ်ရှားလိုက်ပြီး ဗိုလ်ချုပ်ကြီးစောမောင်က နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန်ယူလိုက်သည်။ စစ်ခေါင်းဆောင်များသည် နဝတဟုအတိုကောက်လူသိများသည့် “နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့”အမည်ရသည့် စစ်အစိုးရကိုဖွဲ့စည်းခဲ့သည်။ နဝတစစ်အစိုးရကို ဗိုလ်ချုပ်ကြီးစောမောင်က ဦးစီးခဲ့သည်။
ကန့်ကွက်ဆန္ဒပြပွဲများရပ်တန့်သွားစေရန် နဝတအစိုးရသည် ရွေးကောက်ပွဲတစ်ရပ်ကျင်းပပေးမည်ဟု ပြည်သူလူထုကို ကတိပေးခဲ့သည်။ ၁၉၉ဝပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ရာ ထိုစဉ်က စတင်ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီပါတီ)သည် ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်၄၉၂နေရာအနက် ၃၉၂နေရာ အနိုင်ရရှိခဲ့သည်။ သို့သော် စစ်အစိုးရသည် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့သည့်အပြင် အင်န်အယ်လ်ဒီပါတီဝင်များကို ထောင်ချခြင်း၊ နေအိမ်အကျယ်ချုပ်ချခြင်း စသည့် ဖိနှိပ်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ပြည်သူများက ပြင်းပြင်းထန်ထန်ဆန့်ကျင်ခြင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချခြင်းနှင့် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများ ရင်ဆိုင်ရသော်လည်း စစ်တပ်သည် မြန်မာနိုင်ငံကို နောက်ထပ်နှစ်ပေါင်း၂၀ကျော်ကြာအောင် ထပ်မံအုပ်ချုပ်ခဲ့သည်။
လျှို့ဝှက်အမည် “ရှေ့အရပ်ကကြယ်”
၁၉၈၈၊ မတ်နှင့်စက်တင်ဘာတွင် ထောင်နှင့်ချီသောဆန္ဒပြသူများ အသတ်ခံခဲ့ရသည့်အပြင် ပြည်သူအများအပြား အဖမ်းဆီးခံရပြီး ထောင်ချခံခဲ့ရသည်။
အဖမ်းခံရသူများတွင် ဂန်းနက်စ်အတွက်မရှိမဖြစ်သတင်းရင်းမြစ်ဖြစ်သော ဦးနေမင်းလည်းပါဝင်သည်။ ဗြိတိန်သံရုံးကသူ့ကို “ရှေ့အရပ်ကကြယ်” (Eastern Star) ဟု အမည်ဝှက်ပေးထားသည်။ (ဗြိတိန်ပြဇာတ်ရေးဆရာ ဂိုင်းဆလိတ်တာက “ရှေ့အရပ်ကကြယ်”အမည်ဖြင့်ပင် ဂန်းနက်စ်နှင့် ဦးနေမင်းတို့နှစ်ဦးအကြားက ခိုင်မြဲသောခင်မင်ရင်းနှီးမှုကို ဖော်ကျူး၍ စင်တင်ပြဇာတ်နှင့် ရေဒီယိုအသံလွှင့်ဇာတ်လမ်းများအဖြစ် ရေးသားတင်ဆက်ခဲ့သည်။)
စက်တင်ဘာတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ဦးနေမင်းလည်းအဖမ်းခံခဲ့ရပြီး ထောင်၁၆နှစ်ကျသွားသည်။ ဆန္ဒပြပွဲများတွင် ပါဝင်သူများနည်းတူ ဦးနေမင်းသည်လည်း အာဏာပိုင်များ၏ ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်သည့်ဒဏ်ကို ခံခဲ့ရသည်။
“ကျွန်တော်လုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး နောင်တမရသလို အဲဒီလိုလုပ်ခဲ့တာတွေအတွက်လည်း ကိုယ့်လိပ်ပြာကိုယ်လုံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေက မတရားမှုတွေ၊ မမျှတမှုတွေနဲ့ ဥပဒေမဲ့ ကျူးလွန်မှုတွေကို ခံစားခဲ့ရတာကြောင့်ပါ။ ပြီးတော့ အဲဒီအချိန်တုန်းက ဖြစ်ပျက်နေတာတွေကို ဖြေရှင်းပေးမယ့်သူ တစ်ယောက်မှမရှိဘူးလေဗျာ”ဟု ဦးနေမင်းက လူထုအုံကြွမှုတွင် ၎င်းပါဝင်ခဲ့သည့်အကြောင်း ဖရွန်းတီးယားမြန်မာ၏မေးမြန်းမှုကို အီးမေးလ်ကတဆင့် ပြန်လည်ဖြေကြားသည်။
“လူသားတစ်ယောက်အနေနဲ့ မှန်ကန်တဲ့အရာကိုလုပ်ရမှာက ကျွန်တော့်တာဝန်လို့ယူဆထားပါတယ်။ ဒါကျွန်တော့်ရဲ့ ဘဝခံယူချက်သက်သက်ပါ ။ လူစွမ်းကောင်းဖြစ်လာဖို့အတွက် ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်သလို လူစွမ်းကောင်းလည်းမဖြစ်ချင်ပါဘူးဗျာ” ဟု သူက ပြောသည်။
ဦးနေမင်းတစ်ယောက်ထောင်နန်းစံနေရပြီး ကိုယ်စိတ်နှစ်ပါးပင်ပန်းဆင်းရဲနေရချိန်တွင် ဂန်းနက်စ်ကမူ လုပ်ငန်းခွင်အောင်မြင်မှုများဆက်လက်ဆွတ်ခူးနေခဲ့သည်။ ၎င်းဘီဘီစီသတင်းဌာနမှ ထွက်ခွာသော် ကုလသမဂ္ဂ၏ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ သတင်းနှင့်ပြန်ကြားရေးညွှန်ကြားရေးမှူးအဖြစ် ဆက်လက်လုပ်ကိုင်ခဲ့ပြီး အစ္စရေးလ်တို့၏ ပါလက်စတိုင်းနယ်မြေများကို အပိုင်စီးခြင်း၊ ဂါဇာကမ်းမြောင်ဒေသကို ပိတ်ဆို့မှုနှင့် ပါလက်စတိုင်းတို့၏နယ်မြေများလက်လွတ်ဆုံးရှုံးရခြင်း စသည့်အရေးကိစ္စများတွင် ကျယ်ကျယ်လောင်လောင် ဝေဖန်ထောက်ပြခဲ့သည်။
ဘီဘီစီသတင်းထောက်အဖြစ် သတင်းရယူခဲ့ပြီး ၎င်းမြန်မာပြည်မှပြန်လည်ထွက်သွားပြီးနောက် ဦးနေမင်းကြုံတွေ့ခဲ့ရသည်တို့အတွက် မိမိကိုယ်ကို အတန်အသင့်အပြစ်မကင်းသလိုခံစားခဲ့ရသည်ဟု ဂန်းနက်စ်ကပြောသည်။ ၂၀၁၃တွင်ကျင်းပခဲ့သည့် ရှစ်လေးလုံးအရေးတော်ပုံ ၂၅နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ရန် ဂန်းနက်စ်သည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။ အစပိုင်းတွင် ဦးနေမင်းက ဂန်းနက်စ်ကို အတွေ့မခံခဲ့။ သူထောင်ကျစဉ်က ဂန်းနက်စ်က သူ့ကိုသစ္စာဖောက်၍ သူအဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု ဦးနေမင်းကို ထောင်အာဏာပိုင်များလိမ်ပြောထားခဲ့သောကြောင့်ဖြစ်သည်။
သို့သော် နောက်ဆုံးတွင် သူတို့နှစ်ဦးဆုံတွေ့ဖြစ်သွားပြီး ပြန်လည်သင့်မြတ်သွားကြသည်။
သူတို့နှစ်ဦးပြန်ဆုံသည့်အချိန်တွင် “မျက်ရည်တွေ တပေါက်ပေါက်ကျခဲ့ရတယ်”ဟု ဂန်းနက်စ်က ပြောသည်။ နောက်ပိုင်းတွင် သူတို့နှစ်ဦးအကြား ပုံမှန်အဆက်အသွယ်ရှိသည်။ သူတို့နှစ်ဦအကြားခင်မင်မှုက တူဝရီး ဆက်ဆံရေးမျိုးဟု ဦးနေမင်းက ပြောသည်။
“သူအပြစ်မကင်းသလိုခံစားနေစရာ မလိုပါဘူး။ သူဂရုစိုက်တဲ့သူတစ်ယောက်ယောက် ကြမ်းတမ်းတဲ့အခက်အခဲတွေ ရင်ဆိုင်ရတာကိုသိရတဲ့အခါမှာ သူစိတ်မကောင်းဖြစ်မိမယ်ဆိုတာ ကျွန်တော်နားလည်နိုင်ပါတယ်။ ဒါပေမဲ့ သူ့ကိုသတင်းကိစ္စကူညီတာတွေက ကျွန်တော့်ဆုံးဖြတ်ချက်နဲ့ ကျွန်တော်လုပ်ခဲ့တာပါ”ဟု ဦးနေမင်းက ပြောသည်။
ရှေ့သို့လှမ်းမျှော်ကြည့်သော်
ဂန်းနက်စ်သည် ၂၀၁၉နှောင်းပိုင်း၊ မန္တလေးမြို့တွင်ကျင်းပသည့် ဧရာဝတီစာပေပွဲတော်တက်ရောက်ရန် မြန်မာနိုင်ငံသို့ တတိယအကြိမ်ရောက်ရှိလာသည်။ ပွဲတော်အတွင်း စလိတ်တာက သူ၏အသံလွှင့်ဇာတ်လမ်း “ရှေ့အရပ်ကကြယ်” (Eastern Star) ကို ပထမဦးဆုံးအကြိမ်တင်ဆက်ခဲ့သည်။
“ကျွန်တော် အရမ်းကိုစိတ်ထိခိုက်ရပါတယ်။ ကျွန်တော်သိကျွမ်းခဲ့တဲ့ မြန်မာတော်တော်များများ သေကုန်ကြပြီ။ ၁၉၈၈မှာ ကျွန်တော်သိခဲ့တဲ့ မြန်မာမိတ်ဆွေတွေတော်တော်များများရဲ့ ဘဝတွေလုံးဝပျက်စီးသွားတာကို သိလိုက်ရတယ်။ အဲဒီထဲမှာ သမီးရည်းစားဘဝလျှောက်လှမ်းကြတော့မယ့် ကျောင်းသူကျောင်းသားတွေရှိတယ်။ မိသားစုဘဝတွေတည်ထောင်ကြတော့မယ့် ကျောင်းသူကျောင်းသားတွေလည်းရှိတယ်။ တချို့ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်ကြရတော့မယ့်သူတွေရှိတယ်။ သူတို့တွေအားလုံးဟာ ပစ်သတ်ခံရလို့ သေတဲ့သူသေ၊ ဒုက္ခိတဖြစ်တဲ့သူဖြစ်၊ နှစ်ရှည်ထောင် ၁ဝနှစ်၊ ၁၅နှစ်ကျတဲ့သူကျနဲ့ သူတို့တွေအားလုံးရဲ့ အနာဂတ်တွေဖျက်ဆီးခံခဲ့ရပါတယ်”ဟု စာပေပွဲတော်အတွင်း ဂန်းနက်စ်က ဖရွန်းတီးယားမြန်မာကို ပြောသည်။
မြန်မာ့အရေးနှစ်ရှည်လများလေ့လာသူတစ်ဦးလည်းဖြစ်သူ ဂန်းနက်စ်သည် မကြာသေးခင်က မြန်မာနိုင်ငံ အတွင်းက အဖြစ်အပျက်များအပေါ်လည်း သူ့အမြင်ကိုပြောပြပါသေးသည်။ အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနှုန်းစံတန်ဖိုးများကို လျစ်လျူရှုမှုနှင့် ရိုဟင်ဂျာများအပေါ် ထားသည့်သဘောထား၊ ၎င်းတို့ကိုဆက်ဆံပုံတို့နှင့်ပတ်သက်၍လည်း တအံ့တဩဖြစ်ရသည်ဟု ဂန်းနက်စ်ကပြောသည် ။ မြန်မာနိုင်ငံတွင် ယနေ့ရင်ဆိုင်နေရသည့် ပြဿနာများသည် ၁၉၈၈က ဖြစ်ပွားခဲ့သည့်ပြဿနာများကို ဖြေရှင်းရန်ပျက်ကွက်ခဲ့မှုနှင့် အတွင်းကျကျဆက်စပ်နေသည်ဟု သူကယူဆသည်။
“၁၉၈၈မှာ ရန်ကုန်ကိုစေလွှတ်ခဲ့တဲ့ အထူးတပ်ဖွဲ့တွေဟာ အခုရခိုင်ပြည်နယ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့ လုံခြုံးရေးတပ်ဖွဲ့တွေပါပဲ။ သူတို့ ကျူးလွန်ခဲ့တဲ့အပြစ်တွေအတွက် ပြစ်ဒဏ်ပေးမခံကြရတဲ့သူတွေပါ”ဟု ဂန်းနက်စ်က ပြောသည်။
“ ၁၉၈၈မှာ ဆန္ဒပြတဲ့သူတွေကို အများဆုံးပစ်သတ်ခဲ့တဲ့တပ်ဖွဲ့တွေထဲမှာ အမှတ်(၃၃)ခြေမြန်တပ်မဟာ အခု ရခိုင်ပြည်နယ်မှာ ဆိုးရွားတဲ့ပြစ်မှုတွေကိုကျူးလွန်ခဲ့တဲ့တပ်မပဲ”ဟု သူက ပြောသည်။
၁၉၈၈က နိုင်ငံအဝှမ်းချီတက်ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွဲမှုသည် စစ်အစိုးရကကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှု တစ်ခုတည်းတော့မဟုတ်ပေ။ ၁၉၇၄ ဦးသန့်စျာပနအရေးအခင်း၊ ၂ဝဝရ ရွှေဝါရောင်တော်လှန်ရေးနှင့် ၂၀၀၃တွင် အင်န်အယ်လ်ဒီပါတီဝင်အများအပြား လုပ်ကြံသတ်ဖြတ်ခံရသည့် ဒီပဲယင်းအရေးအခင်းတို့တွင်လည်း စစ်အစိုးရက အကြမ်းဖက်သည့်နည်းလမ်းများကို အသုံးပြုခဲ့သည်။
မြန်မာပြည်သူထောင်သောင်းများစွာ (သန်းနှင့်ချီ၍ပင် ရှိနိုင်သည်)သည် စစ်အစိုးရအုပ်ချုပ်စဉ်က ၎င်းတို့မတရားခံခဲ့ရသည့် ဖိနှိပ်မှုများအတွက် တရားမျှတမှုမရခဲ့ကြသလို အသိအမှတ်ပြုရန်ငြင်းပယ်ခံရသူများလည်းရှိသည်။
မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲအများစုမှာ ၁၉၈၈အရေးအခင်းကို ကောင်းစွာမဖြေရှင်းနိုင်ခဲ့ခြင်းနှင့် ဆက်စပ်နေသည်ဆိုသည့်အချက်ကို ဦးနေမင်းကလည်း ထောက်ခံသည်။
“ကျွန်တော်တို့ ပြည်သူတွေကတော့ ကိုယ့်ကိုလုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီးရှင်းပါတယ်။ (အကြမ်းဖက်ဖိနှိပ်မှုတွေအတွက်) တရားမျှတမှုအတွက် တွေ့ဆုံဆွေးနွေးချင်တယ်ဆိုရင် ကျွန်တော်တို့က အမြဲတံခါးဖွင့်ပေးထားပါတယ်။ ဒါပေမဲ့ စစ်တပ်ဘက်ကတော့ သူတို့လုပ်ခဲ့တာတွေအတွက် ဘာမှပြန်ပြီးတာဝန်ခံတာမျိုးမရှိဘူး” ဟု ဦးနေမင်းကပြောသည်။ ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်အုပ်ချုပ်စဉ် ကျူးလွန်ခဲ့သောရာဇဝတ်မှုများအတွက် စစ်ဗိုလ်ချုပ်ဟောင်းများအရေးယူခံရခြင်းမှ အကာအကွယ်ပေးထားသည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ကိုရည်ညွှန်း၍ သူကပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၏လက်ရှိအုပ်ချုပ်သူဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည်လည်း မည်သည့်အသွင်ကူးပြောင်းမှုဆိုင်ရာတရားမျှတမှုကိုမှ ဖော်ဆောင်ပေးရန် စိတ်ဝင်စားပုံမရချေ။
“ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို လျှောက်လှမ်းတဲ့အခါမှာ အတိတ်ကိုမမေ့နိုင်လို့၊ အတိတ်ရဲ့သားကောင်အဖြစ်က လွတ်မြောက်အောင်မရုန်းနိုင်လို့၊ ကိုယ့်ကိုယ်ကိုအတိတ်ကနေ လွတ်လပ်အောင်မလုပ်နိုင်တဲ့ကိစ္စတွေကြောင့် အထစ်အငေါ့တွေဖြစ်ပါတယ်” ဟု ၂၀၁၇၊ သြဂုတ်တွင် (နေပြည်တော်တွင်ကျင်းပခဲ့သည့် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲတွင်) ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ “အတိတ်ဆိုတာ သင်ခန်းစာယူဖို့ပါပဲ။ အရေးကြီးဆုံးကတော့ ပစ္စုပ္ပန်ပဲဖြစ်ပါတယ်” ဟု သူက ဆက်လက်ပြောကြားခဲ့သည်။
“တစ်ဦးတစ်ယောက်ချင်းအနေနဲ့ရော လူ့အဖွဲ့အစည်းတွေအနေနဲ့ပါ ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့ အမှန်တရားကိုလက်မခံဘဲ ငြိမ်းချမ်းရေးနဲ့ရင်ကြားစေ့ရေး ဘယ်လိုရနိုင်မလဲ။ ဖန်တစ်ရာတေနေတဲ့ စကားတစ်ခွန်းလည်းဖြစ်ပြီး ၁၉၈၈ကပေးတဲ့ သင်ခန်းစာတွေထဲကတစ်ခုကတော့ ‘အတိတ်ကအမှားတွေကို သင်ခန်းစာမယူနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဟာ အလားတူအမှားတွေ ထပ်ပြီးကျိန်းသေပေါက်ဆက်မှားနေဦးမှာပဲဆိုတာပါ”
ခရစ္စတိုဖာဂန်းနက်စ်
ရက်စက်ကြမ်းကြုတ်မှုများကို ကိုယ်တွေ့ခံစားခဲ့ရသူများအဖို့ ဒေါ်အောင်ဆန်းစုကြည်ကထံကထွက်လာသော ယင်းအယူအဆကို ကြားရသည်က အလွန်အံ့အားသင့်ဖွယ်ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကြောင့် ဘဝပျက်ခဲ့ရသူများက ၎င်းတို့ကြုံတွေ့ခဲ့ရသည့် ရက်စက်ကြမ်းကြုတ်သောဖိနှိပ်မှုများအကြောင်း ထုတ်ဖော်ပြောဆိုခွင့်မရရှိလျှင် မည်သူကမည်သို့မည်ပုံ အတိတ်သင်ခန်းစာယူနိုင်ပါအံ့နည်း။ အတိတ်ကနစ်နာမှုများကို လျစ်လျူရှုရန် ဒေါ်အောင်ဆန်းစုကြည်ပြောဆိုခဲ့သည့် တရားလက်လွတ်ဆောင်ရွက်မှုများကို ယခုသူ နိုင်ငံ့ခေါင်းဆောင်အဖြစ် တာဝန်ယူနေသည့်အချိန်တွင်လည်း အထူးသဖြင့်ပဋိပက္ခဖြစ်ပွားရာနယ်စပ်ဒေသများတွင် ဆက်လက်တွေ့မြင်နေရသည်။
စစ်အစိုးရလက်ထက်က ရက်စက်ယုတ်မာမှုများကို ဂန်းနက်စ်ကိုယ်တိုင် မကြုံတွေ့ခဲ့ရသော်လည်း ဘဝနှင့်ချီ၍ဝမ်းနည်းကြေကွဲစရာ အဖြစ်အပျက်တစ်ချို့က သူ့ကိုနှိပ်စက်နေခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးဖိနှိပ်မှုများကြောင့် ဘဝပျက်သွားသူများခံစားခဲ့ရသည့်ဒုက္ခများ မည်ရွေ့မည်မျှကြီးမားသည်ကို သူကောင်းကောင်းကြီးသိနေသည်။
“နှစ်၂၀ကျော်လောက်တွဲလာတဲ့ ကျွန်တော့်ဘဝလက်တွဲဖော်ဟာ ကွယ်လွန်သွားပါတယ်။ လိင်တူချစ်မှုစက်ဆုပ်တဲ့ သူ့မိသားစုဝင်တွေက ကျွန်တော့်ကိုသူ့စျာပနတက်ခွင့်မပြုဘူး။ သူ့ကိုဘယ်နေရာမှာ သင်္ဂြိုလ်ထားလဲ ကျွန်တော်သိခွင့်မရခဲ့ဘူး” ဟု လိင်တူချစ်သူတစ်ဦးဖြစ်သည့် ဂန်းနက်စ်ကပြောသည်။
“အိပ်မက်ဆိုးတွေကြောင့် ညညလန့်နိုးခဲ့ရတဲ့အချိန်တွေရှိခဲ့တယ်။ လောကကြီးထဲမရှိတော့တဲ့ ကိုယ်ချစ်မြတ်နိုးရသူတွေကို ဘယ်မှာမြေမြှုပ်သင်္ဂြိုလ်ထားမှန်းမသိပါလားဆိုတဲ့ နာကျင်ကြေကွဲမှုက နှစ်ပေါင်းများစွာ ကျွန်တော့်ကို တစ္ဆေလိုခြောက်လှန့်နေခဲ့တယ်။ အဲဒီလိုနာကျင်ကြေကွဲမှုမျိုး မြန်မာပြည်သူထောင်ပေါင်းများစွာလည်း ကြုံတွေ့ခံစားခဲ့ရပြီး အခုထက်ထိဒီခံစားချက်တွေ၊ အတွေ့အကြုံတွေက တငွေ့ငွေ့ရှိနေတုန်းပဲလို့ ထင်ပါတယ်” ဟု ဂန်းနက်စ်က ပြောပြသည်။
ဂန်းနက်စ်သည် ယခင်ရုပ်သံထုတ်လုပ်သူနှင့်ရုပ်ရှင်ဒါရိုက်တာဖြစ်ခဲ့သူခင်ပွန်းသည်၏ အကူအညီဖြင့် လွန်လေပြီးသောသူ့ချစ်သူဟောင်းကိုမြှုပ်နှံထားရာနေရာကို နောက်ဆုံးတွင်ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအခါမှသာ “သူ့ကို အဖန်ဖန်ခြောက်လှန့်နေသည့် အိပ်မက်ဆိုးများချုပ်ငြိမ်းသွားပြီး နာကျင်ကြေကွဲသည့် ဒဏ်ရာတို့ကိုမေ့ပျောက်ပစ်နိုင်ခဲ့သည်”ဟု သူကပြောပြသည်။
“နာကြည်းချက်တစ်ခုခုခံစားနေရပြီဆိုရင် လုပ်သင့်တာက ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုလက်ခံလိုက်ဖို့ပါပဲ။ ဒီကနေ့မြန်မာပြည်မှာတော့ ဖြစ်ပျက်ခဲ့တာတွေကို ပြည်သူတွေကမေ့ပျောက်ပစ်နိုင်စွမ်းရဖို့နေနေသာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုနားလည်နိုင်ဖို့တောင် အခွင့်အရေးမရကြပါဘူး”
“(အရေးတော်ပုံအတွင်း အပစ်ခတ်ခံရလို့သေဆုံးသွားတဲ့) ကိုယ့်သားသမီးတွေရဲ့ အလောင်းတွေကို ဘယ်မှာမြေမြှုပ်ထားသလဲဆိုတာ အခုထိမသိနိုင်သေးတဲ့မိဘတွေအများကြီး မြန်မာနိုင်ငံမှာရှိပါတယ်။ ဒီမိဘတွေကရော ဒီအတိတ်နာကြည်းချက်တွေကို ဘယ်လိုမေ့ပျောက်ပစ်ပြီး ဘယ်လိုရှေ့ဆက်ရမှာလဲ။ သူတို့ဘာတွေကျူးလွန်ခဲ့တယ်ဆိုတာ သူတို့ကိုယ်သူတို့မသိတဲ့သူတွေကို ပြည်သူလူထုကအတိတ်ကဖြစ်ရပ်တွေအတွက် ဘယ်လိုခွင့်လွှတ်ပေးနိုင်မှာလဲ”ဟု သူက ပြောသည်။
“တစ်ဦးတစ်ယောက်ချင်းအနေနဲ့ရော လူ့အဖွဲ့အစည်းတွေအနေနဲ့ပါ ဘာတွေဖြစ်ခဲ့တယ်ဆိုတဲ့ အမှန်တရားကိုလက်မခံဘဲ ငြိမ်းချမ်းရေးနဲ့ရင်ကြားစေ့ရေး ဘယ်လိုရနိုင်မလဲ။ ဖန်တစ်ရာတေနေတဲ့ စကားတစ်ခွန်းလည်းဖြစ်ပြီး ၁၉၈၈ကပေးတဲ့ သင်ခန်းစာတွေထဲကတစ်ခုကတော့ ‘အတိတ်ကအမှားတွေကို သင်ခန်းစာမယူနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဟာ အလားတူအမှားတွေ ထပ်ပြီးကျိန်းသေပေါက်ဆက်မှားနေဦးမှာပဲ’ဆိုတာပါ”ဟု ဂန်းနက်စ်ကပြောသည်။
ဤဆောင်းပါးသည် အိုလီဗာစလိုး၏ အသစ်ထွက်ရှိမည့်စာအုပ် “After the Junta: Why Myanmar’s military must return to the barracks” မှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်သည်။
သီရိမင်းထွန်း ဘာသာပြန်သည်။