ပြည်သူကို မျက်နှာမူတဲ့ နိုင်ငံပိုင် မီဒီယာတွေ ဖြစ်လာဖို့ဆိုတာက အဓိက – ဦးဖေမြင့်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်ဟာ စာနယ်ဇင်းကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးဖေမြင့်ကို ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပါတယ်။ သူဟာ ဦးသိန်းစိန် တာဝန်ယူခဲ့တဲ့ မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကနဦးကာလအတွင်း မီဒီယာလောက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ အစိုးရနဲ့ အတိုက်အခံအဖြစ် ရပ်တည်ခဲ့သူတွေထဲက တစ်ဦးပါ။

ဒါကြောင့် ဦးဖေမြင့် ဝန်ကြီးအဖြစ် တာဝန်ယူချိန်မှာ မြန်မာ့မီဒီယာလောက ဒီထက်ပို တိုးတက်လာဖို့ ဘာတွေလုပ်မှာပါလဲ။ ရင်းနှီးမြှပ်နှံနိုင်မှု၊ သတင်းရယူခွင့်၊ သတင်းသိပိုင်ခွင့်တွေမှာ အစိုးရနဲ့ ပုဂ္ဂလိက မီဒီယာတွေအကြား မျှခြေမရှိသေးတဲ့ အခြေအနေကို သူဘယ်လိုဖြေရှင်းမှာလဲ။ အရင်က ကိုယ်တိုင် အတိုက်အခံလုပ်ခဲ့တဲ့ မီဒီယာကဏ္ဍဆိုင်ရာ ဥပဒေတွေ ပြင်ဆင်ဖို့ ဘယ်လို ကိုင်တွယ် ဆောင်ရွက်မှာပါလဲ။ ဒီမိုကရေစီနိုင်ငံမှာ ပြန်ကြားရေးဝန်ကြီးဌာနဆိုတာ ရှိကိုမရှိသင့်ဘူးလို့ ထုတ်ဖော် ပြောဆိုနေကြသူတွေ နေထိုင်တဲ့ နိုင်ငံမှာ ဒီဌာနကို ဦးဆောင်မယ့် ဝန်ကြီးသစ် ဦးဖေဖြင့်ရဲ့ သဘောထားတွေကို Frontier က ဉာဏ်လှိုင်လင်းက နေပြည်တော်မှာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဓာတ်ပုံ- ရဲအောင်သူ

ဓာတ်ပုံ- ရဲအောင်သူ

အစိုးရအဖွဲ့သစ်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူဖို့ ဆုံးဖြတ်ဖြစ်တဲ့ အကြောင်းက ဘာဖြစ်မလဲ။

အစိုးရသစ်ထဲမှာ ဝန်ကြီးနေရာကနေပါဝင်ပြီးတော့ ဆောင်ရွက်နိုင်မလားလို့ ကမ်းလှမ်းတယ်။ သဘောတူ လက်ခံလိုက်တဲ့ ရည်ရွယ်ချက်ကတော့ ဒီမိုကရေစီအစိုးရသစ်၊ ဒီမိုကရေစီလိုလားတဲ့ အစိုးရသစ်ရဲ့ သဘောချင်း တူညီတဲ့ မူဝါဒတွေ အကောင်အထည်ဖော်မယ့် အစိုးရအဖွဲ့၊ ဒီအဖွဲ့ထဲမှာ ပါဝင်ဖို့ လိုလားကြတယ်ဆိုတော့ ကိုယ်ကလည်း တတပ်တအား ပါဝင်ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးရတယ်ဆိုပြီးတော့ လုပ်ဖို့ လက်ခံလိုက်တာပဲ။

ပြန်ကြားရေးဝန်ကြီးဌာနကို ကိုယ့်လက်ထက်မှာ ဘာတွေပြောင်းမယ်လို့ စိတ်ကူးထားလဲ။

ပထမဆုံးတော့ ပြန်ကြားရေးဝန်ကြီးဌာနရှိရတဲ့ အကြောင်းအရင်းပေ့ါ။ အစိုးရ တစ်ရပ်အနေနဲ့ ကိုယ်လုပ်ကိုင် ဆောင်ရွက်တဲ့ ကိစ္စတွေကို အများပြည်သူသိရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်ကတစ်ခု၊ ဒါကို ဆောင်ရွက်တဲ့နေရာမှာ ဒီမိုကရေစီအစိုးရဆိုတော့ အများပြည်သူကို အစီရင်ခံတယ်ဆိုတဲ့ သဘောမျိုး၊ အများပြည်သူကနေ ရွေးကောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူ့ကိုယ်စားလှယ်တွေကမှ ဒီအစိုးရအဖွဲ့ကို ရွေးချယ် ခန့်အပ်တာကိုး။ သမ္မတကြီး ခန့်မယ်။ အစိုးရအဖွဲ့ကို ခန့်မယ်။ သဘောက ပြည်သူကနေ ရွေးချယ်တင်မြှောက် လိုက်တဲ့ အစိုးရအဖွဲ့ဖြစ်တယ်ဆိုတော့ သူ့ကို ရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ ပြည်သူကို လုပ်ကိုင်ဆောင် ရွက်တဲ့ ကိစ္စတွေကို အစီရင်ခံဖို့ လိုတယ်။ ဒါကြောင့်မို့ ဒီဟာရှိရတာပေ့ါ။

တစ်ချိန်တည်းမှာ ဘာရှိလည်းဆိုတော့ အရင်တုန်းက ပြန်ကြားရေးဝန်ကြီးဌာန ရှိသင့်သလား၊ မရှိသင့်ဘူးလားဆိုပြီး ပြောတာဆိုတာ တွေရှိတာပေ့ါ။ ဘာကြောင့် မရှိသင့်ဘူး၊ မကျေနပ်ဘူးဆိုတာဖြစ်ရသလဲဆိုရင် ပြန်ကြားရေးသည် အစိုးရပြောချင်တာတွေကို တစ်ဖတ်သက်ပြောတယ်။ အစိုးရအင်အားစုနဲ့ ဆန့်ကျင်ဘက် အင်အားစုတွေကို နှိပ်ကွပ်တဲ့ အလုပ်မျိုးတွေလုပ် တယ်။ စာပေစိစစ်ရေး ဆင်ဆာအလုပ်ပေ့ါ။ နောက်တစ်ခုက အစိုးရမီဒီယာတွေကနေ သူတို့နဲ့ သဘောမတူတဲ့ သူတွေကို အပြစ်တင်ဝေဖန်တယ်။ ဒါတွေကို အကြောင်းပြုပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာနကို မနှစ်သက်ဘူး ဆိုတဲ့ သဘောရှိတာပေ့ါ။ သို့သော် အစိုးရတစ်ရပ်အနေနဲ့ကတော့ အများပြည်သူကို အသိပေးတဲ့ အလုပ်လုပ်ဖို့ လိုအပ်တယ်။ ဒီမိုကရေစီအစိုးရ ဖြစ်လာတဲ့အခါကျတော့ အများပြည်သူကို တစ်ဖက်သတ် အသိပေးနေတာမျိုး မဟုတ်ဘဲနဲ့ ပြည်သူ့ဖက်က ပြန်လည်ပြောဆိုတာမျိုးတွေ၊ ဝေဖန်ထောက်ပြချင်တာတွေ၊ ဒါတော့ လိုအပ်တယ် ဆိုပြီး ဖြည့်စွက်ပြောချင်တာတွေကိုလည်းပဲ ဒီပြန်ကြားရေး၊ အစိုးရရဲ့ မီဒီယာတွေပေ့ါ၊ အဲဒါတွေပေါ် ဖော်ပြသင့်တယ်လို့ မြင်တယ်။ အဲဒီတော့ ပြန်ကြားရေးကို ဘယ်လိုပြောင်းလဲမလဲလို့ ပြောလို့ရှိရင် အရင်တုန်းက အသင့်အတင့်ပေ့ါ။ ပြည်သူ့ဝန်ဆောင်မှုမီဒီယာဆိုတဲ့ သဘောမျိုးဖြစ်အောင် ပြောင်းဖို့ ဆိုတဲ့ သဘောမှာရှိတယ်။ အခုကတော့ တစ်ဖက်သတ် ပြောတာမျိုးမဟုတ်ဘဲနဲ့ အများပြည်သူဖက်က ပြောဆိုတာတွေ ပါလာမယ်။

နောက်တစ်ခုက အများပြည်သူက ပြောတယ်ဆိုတဲ့နေရာမှာ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ အများပြည်သူတွေက ကိုယ့်ရပ်ရွာကိစ္စ၊ ကိုယ့်ရပ်ရွာမှာ ဌာနဆိုင်ရာတွေလုပ်တဲ့ အပေါ်မှာ လက်မခံနိုင်တဲ့ ကိစ္စ၊ မကျေနပ်တဲ့ကိစ္စ ဖော်ပြရုံတင်မကပဲနဲ့ အစိုးရမဟုတ်လို့ မူဝါဒချမှတ်တာမလုပ်နိုင်ပေမယ့်လို့ အစိုးရရဲ့ မူဝါဒတွေကို ဝေဖန် သုံးသပ်နိုင်တဲ့ အဆင့်အထိရှိတဲ့ ပညာရှင်တွေရှိတယ်။ ဒီမူဝါဒကလွဲမှားနေတယ်ဆိုတဲ့ မတူတဲ့ အယူအဆ အမြင်တွေ ရှိတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပိုင်းတွေမှာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ သဘောထားအမြင်တွေကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မီဒီယာတွေကတစ်ဆင့် ဖော်ပြဖို့ စိတ်ကူးရှိတယ်။ အဲဒီ တော့ ပြောင်းလဲမယ်ဆိုရင် ဘယ်လိုပြောင်းလဲသွားမလဲဆိုရင် အစိုးရဖက်က အဓိက ပြောတာတင်မဟုတ်ဘဲ အများပြည်သူကြားထဲက အတွေးအခေါ်အမြင်ရှိတဲ့ အတွေးအမြင် ခေါင်းဆောင်တွေဆိုပါတော့။ အဲဒီလို ပုဂ္ဂိုလ် တွေရဲ့ ပြောဆိုချက်တွေ ရေးသားချက်တွေပါလာတဲ့ အနေအထားကို ပြောင်းလဲသွားမှာပေ့ါ။

စပြီးတာဝန်ယူတဲ့ ပထမဆုံးရက်မှာ ဒီသတင်းစာတွေ ထင်သာမြင်သာ ပြောင်းလဲသွားတာ တွေ့ပါတယ်။ အဲဒီလို အပြောင်းအလဲကြောင့် ပုဂ္ဂလိက သတင်းမီဒီယာပိုင်းက စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ဝန်ကြီးရဲ့ ကနဦးအင်တာဗျူးမှာ ပုဂ္ဂလိကကို ဈေးကွက်မယှဉ်ဖို့ အစီအစဉ်တွေ ချမယ်လို့ ပြောထားတယ်။ အဲဒါ ဘာတွေများ ဖြစ်မလဲ၊ ဘယ်လိုကိုင်တွယ်မှာလဲ။

ဈေးကွက်အရ ယှဉ်ပြိုင်မှာ မဟုတ်ဘူးဆိုတာက ဥပမာ အဓိကကတော့ ကြော်ငြာ။ ကြော်ငြာတွေကို အစိုးရ မီဒီယာတွေထဲမှာ ရှိသင့်သလောက်တော့ ရှိဖို့လိုအပ်တာပေ့ါ။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံဘဏ္ဍာငွေ သုံးစွဲ ပြီး ဒီအလုပ်တွေလုပ်တာမျိုး မဟုတ်ပဲ သင့်တင့်လျောက်ပတ်စွာနဲ့ ဒီကပြန်ပြီး အထောက်အပံ့ဖြစ်အောင် လုပ် ရမှာပေ့ါ။ သို့သော် ပုဂ္ဂလိက ပြင်ပမီဒီယာတွေကို အင်အားနဲ့ ပြိုင်ဆိုင်မယ်ဆိုတဲ့ အနေအထားမဖြစ်အောင်တော့ ထိန်းသိမ်းသွားမယ်။ အဲဒါတွေကိုတော့ ဘယ်ကဏ္ဍတွေမှာ ဘယ်လိုလုပ်မယ်၊ ဘယ်ကဏ္ဍတွေမှာ ဘယ်လိုလုပ်မယ်ဆိုတာက တစ်ဖြည်းဖြည်းနဲ့ ထင်သာမြင်သာတော့ ဖြစ်လာလိမ့်မယ်။

ဆိုလိုချင်တာက ဘယ်လိုလဲမသိဘူးခင်ဗျ။

ပုဂ္ဂလိကနဲ့ ကဏ္ဍခွဲပြီးလုပ်မယ်ဆိုတာက တစ်ခုတော့ ရှိတယ်၊ ဥပမာ တိတိကျကျပြောမယ်ဆိုရင် ကြော်ငြာ စာမျက်နှာနဲ့ ကျန်တဲ့ ကြော်ငြာမဟုတ်တဲ့ စာမျက်နှာတွေရဲ့  အချိုးအစားကို သင့်တင့်လျောက်ပတ်အောင် ထားမယ်။ ရုပ်သံတို့ ဘာတို့မှာဆိုရင်လည်းပဲ ကြော်ငြာတွေချည်းပဲ အများကြီးဆိုတဲ့ အနေအထားမျိုး မဟုတ်ပဲနဲ့ သင့်တင့်လျောက်ပတ်ရုံ ဒီလိုလုပ်မယ်။ သို့သော် တစ်ဖက်မှာ ဘာလည်းဆိုတဲ့ ကိုယ်လုပ်လိုက်တဲ့ ပုံနှိပ်မီဒီယာဖြစ်ဖြစ်၊ ရုပ်သံမီဒီယာဖြစ်ဖြစ် အများပြည်သူဆီကိုလည်း ပြန့်နှံ့ဖို့တော့ လိုတယ်။ အဲဒီလိုဆိုတော့ အများပြည်သူ စိတ်ဝင်စားမယ့် အဆင်အပြင်မျိုး၊ အကြောင်းအရာဖော်ပြမှုမျိုးကို လုပ်ဖို့တော့ လိုအပ်တယ်။ တစ် နည်းပြောရရင် အများပြည်သူကို ဆက်သွယ်ပြန်ကြားတဲ့ အလုပ်ကိုလည်း အောင်မြင်အောင်တော့ လုပ်ရဖို့ရှိတယ်။ ဆိုတဲ့အခါကျတော့ အဲဒါသည် ပုဂ္ဂလိက ပြင်ပတွေကို ပြိုင်ဆိုင်တဲ့သဘော၊ ဒီလိုမဟုတ်ဘူး။ ကိုယ့်အလုပ်ကိုယ် အောင်မြင်အောင် လုပ်ရတာပေ့ါ။ ဒီအစိတ်အပိုင်းတော့ ရှိလိမ့်မယ်။ အဲဒီတော့ ပြနိုင်တာက စီးပွားရေးအရ မပြိုင်ဆိုင်ဘူးဆိုတာကို အဓိကပြနိုင်တယ်။ စောစောကပြောတဲ့ အပိုင်းမျိုးမှာဖြစ်လိမ့်မယ်။

နိုင်ငံပိုင်သတင်းစာဆိုတာမရှိသင့်ဘူးလို့ ပုဂ္ဂလိကပိုင်းက သဘောထားရှိတာသိမှာပါ။ အခုဝန်ကြီးဖြစ်တဲ့ အချိန် မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုစဉ်းစားထားလဲ။

တစ်ခုက ကုမ္ပဏီတွေ၊ အခြားလုပ်ငန်းတွေ၊ အသင်းအဖွဲ့တွေရှိတယ်။ သူတို့ အသင်းအဖွဲ့တွေ လုပ်ငန်းတွေဟာလည်းပဲ သူတို့ရဲ့  အလုပ်အကိုင်အကြောင်း၊ လုပ်ငန်းအကြောင်း၊ အသင်းအဖွဲ့အကြောင်း သူနဲ့ စပ်ဆက်နေတဲ့၊ စပ်ဆက်ချင်တဲ့ ပရိသတ်ကို သူဆက်သွယ်နိုင်ဖို့ ဒီဆက်သွယ်ပြန်ကြားတဲ့ အလုပ်ကိုလုပ်မယ်။ လုပ်တဲ့အခါမှာ စာရွက်စာတမ်းတွေနဲ့ လုပ်တာရှိမယ်။ တစ်ချို့နေရာကတော့ တစ်ခြားမီဒီယာတွေ သုံးစွဲပြီး လုပ်တာတွေရှိမယ်။ အဲဒီတော့ အစိုးရတစ်ရပ်ကလည်း ထိုနည်းလည်းကောင်းပဲ။ ဒါတွေကလုပ်ဖို့ လိုအပ်တယ်။ လိုအပ်တဲ့ အခါကျတော့ ပုံနှိပ်အနေနဲ့ဆိုလို့ရှိရင် သတင်းစာတို့၊ ပြန်တမ်းတို့ အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်တို့ ဘာတို့ အဲဒီလိုရှိတာပေ့ါ။ အများသိသင့်တာတွေကို ကျွန်တော်တို့ ထုတ်ပြန်ဖို့ ကျပြန်တော့လည်း ဒီသတင်းစာလိုဟာမျိုးကတော့ သုံးရမှာပေ့ါ။ ရုပ်သံလည်း ဒီလိုပဲသုံးစွဲနေရမှာပေ့ါ။

ဒီငါးနှစ်သက်တမ်းမှာတော့ နိုင်ငံပိုင်သတင်းစာတွေ ဆက်ရှိမယ်ဆိုတဲ့ သဘောများလား။

ဒါက ငါးနှစ်လုံးလုံး ဒီအတိုင်းသွားမယ်လို့တော့ ပြောလို့မရဘူး။ လတ်တလောမှာ လိုအပ်နေတဲ့ အတွက်ကြောင့် လုပ်တယ်။ နောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ လိုအပ်ချက်နဲ့ အညီ၊ အသွင်အပြင် ပြောင်းတာတို့၊ ပုံသဏ္ဍာန်ပြောင်းတာတို့အပြင် ဒီမီဒီယာကို ဆက်ထားတာ မထားတာက အစပေ့ါ။ ထားရင်ရော ဘယ်လိုပုံစံ သွားမလဲဆိုတာတွေကတော့ ခေတ်အနေအထားနဲ့ ပြောင်းလဲလာတဲ့ နည်းပညာပေါ်မူတည်ပြီးတော့ ရှိတော့ရှိရမှာပေ့ါ။ ရှိတော့ရှိမယ်။ ဒီပုံစံအတိုင်းရှိမရှိ မသေချာဘူး။ ဘာကြောင့်လည်းဆိုတော့ ဆက်သွယ်ပြန်ကြားတဲ့ အလုပ်ကတော့ လုပ်နေရမှာပဲ။ လောလောဆယ် ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဆိုရင် သူလုပ်တာသည် သတင်းအချက်အလက် ထုတ်ပေးတာရှိတယ်၊ အသိပညာပေးတာ လုပ်တယ်၊ ပြီးတဲ့နောက် ဖျော်ဖြေမှု လုပ်တယ်။ ဒါက အစိုးရတစ်ရပ်ရဲ့ တာဝန်တွေလို့ ယုံကြည်ပြီးတော့၊ ယူဆပြီးတော့ လုပ်တာဆိုတော့ အဲဒီလုပ်ထုံးလုပ်နည်းက ဆက်ပြီးတော့ လုပ်ရမယ်။ ဒါပေမယ့် ဘာကွာခြားမလဲဆိုတော့ သဘောထား မူဝါဒတွေမှာ အရင်လုပ်ခဲ့တာတွေနဲ့ မတူတာတွေ လုပ်ရမှာပေ့ါ။

ပုဂ္ဂလိကနဲ့ နိုင်ငံပိုင်မီဒီယာကဏ္ဍမှာ သတင်းရယူနိုင်မှု မျှခြေမရှိတဲ့ အခြေအနေကို ဘယ်လိုပြုပြင်ပြောင်းလဲ မယ်လို့ စဉ်းစားထားပါသလဲ။

ပုဂ္ဂလိကမီဒီယာတွေ သတင်းရယူခွင့် ပိုရှိလာအောင်တော့ ဒါလည်း တိုးတက်ပြီးလုပ်ပေးရမှာဘဲ။ လုပ်ဖို့လည်း အစီအစဉ်ရှိပါတယ်။ အဲဒီတော့ ဝန်ကြီးဌာနတွေ မီဒီယာတွေနဲ့ ဆက်ဆံပြီးဖြေကြားမယ့်သူတွေ၊ တာဝန်ခံပြီး ဖြေကြားမယ့်သူတွေ စသဖြင့် အဲဒီလိုမျိုးတွေ ထားရှိဖို့လုပ်မှာပါ။ ပြန်ကြးရေးဝန်ကြီးဌာနကလည်း ကျန်တဲ့ ဝန်ကြီးဌာနတွေကို ဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲ သဘောမျိုးကို ပုံမှန်လုပ်ဖို့ စဉ်းစားထားရှိတယ်။ ဒါကတော့ ကျန်တဲ့ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး လုပ်ရမှာပေ့ါ။ သတင်းရယူခွင့်ကတော့ တိုးတက်လာ မယ်လို့ မြင်တယ်။ ဒီလိုရှင်းလင်းပွဲတွေမှာ မေးမြန်းခြင်းအားဖြင့် ရတာရှိမယ်။ နောက်တစ်ခါ ဒီလိုတွေ့ဆုံမှုတွေ များလာတဲ့အခါကျတော့ ဆက်သွယ်မှုတွေ ပိုမြန်လာပြီးတော့  ဒီသတင်းစာရှင်းလင်းပွဲမှ မဟုတ်ဘူး။ ကျန်တဲ့ အချိန်အခါတွေမှာလည်းပဲ ဆက်သွယ်လို့ရနိုင်ခြင်းအားဖြင့် အစိုးရဌာနဆိုင်ရာတွေနဲ့ မီဒီယာသမားတွေ ပိုပြီး ထိတွေ့မှုများလာလိမ့်မယ်လို့ ထင်တယ်။ သတင်းယူခွင့် ပိုမိုတိုးတက်လာမှာပါ။

ဓာတ်ပုံ- အောင်ရှိုင်းဦး

ဓာတ်ပုံ- အောင်ရှိုင်းဦး

ပုဂ္ဂလိက မီဒီယာတွေ ဒီနေ့ရင်ဆိုင်နေရတဲ့ ရင်းနှီးမြှပ်နှံမှု အခက်အခဲတို့ အခွန်ဆိုင်ရာကိစ္စမျိုးစသဖြင့်ပေ့ါ။ ဒါတွေမှာ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ မူဝါဒတစ်ခုခုချပြီး အကူအညီပေးဖို့ရောရှိလာမလား။

အဲဒါတွေကတော့ ဒီဌာနအနေနဲ့ အဲဒီအစိတ်အပိုင်းတွေကို ဆောင်ရွက်နိုင်မလဲ ဆိုတာကတော့  ဒီမီဒီယာ လောကထဲက ပုဂ္ဂိုလ်တွေနဲ့ပဲ မေးမြန်းဆွေးနွေးပြီးတော့ လုပ်ရမှာပေါ့လေ။

ဥပဒေပိုင်းကိစ္စတွေမေးချင်ပါတယ်။ ရှေ့ပိုင်းမှာ သတင်းမီဒီယာဥပဒေပေ့ါ ပြင်ဖို့လိုတာတွေလည်း ရှိနေပါတယ်။

သတင်းမီဒီယာလောကက တစ်ဦးချင်းမိတ်ဆွေတွေ၊ ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းပြီးလုပ်ရမှာပေ့ါ။ ကောင်းတာကတော့ သတင်းမီဒီယာသမားတွေကပဲ ဒီမီဒီယာဥပဒေတွေမှာ ဘာတွေဟာ ပြောင်းလဲပြင်ဆင်သင့်တယ်ဆိုတာ ဆွေးနွေးသုံးသပ်ပြီးတော့ ဒါကို ပြင်သင့်တယ်၊ စပြီးပြင်မယ်ဆိုတာမျိုးကို စတင်ဆောင်ရွက်လို့ရှိရင် မြန်မြန်ဆန်ဆန် ပြီးစီးအောင် အတတ်နိုင်ဆုံးကူညီပြီး လုပ်မှာပေ့ါ။

နောက်တစ်ခု ထွက်တော့ ထွက်ပြီးပြီ အသက်မဝင်သေးတဲ့ ရုပ်မြင်သံကြားဥပဒေပေါ့။ ဒီကာလအတွင်းမှာလဲ ပုဂ္ဂလိက မီဒီယာအဖွဲ့အစည်းတွေ ဦးဆောင်ပြီးတော့ ဒီမှာ ပြင်စရာအချက်တွေရှိနေတယ်လို့ ပြောနေကြတာလဲ ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ရော။

ဟုတ်ပါတယ်။ စောစောက ဥပဒေရော နည်းဥပဒေရော ထွက်ပြီးသားတွေမှာလည်း စိတ်တိုင်းမကျတာတွေရှိ တယ်၊ ပိုကောင်းအောင်ပြင်ဆင်သင့်တယ်လို့ ထင်တဲ့ ဟာတွေရှိတယ်၊ ဒါတွေဟာ ပြင်ဆင်ရမှာပဲ။ နောက်ဆုံး ပြေတဲ့ ရုပ်သံဥပဒေလိုဟာမျိုးမှာ မကြိုက်တဲ့ဟာတွေ သဘောမတူတာတွေ ဝေဖန်ထောက်ပြတာတွေ အများကြီးရှိပါတယ်။ ဒါတွေကို ပြန်လည်သုံးသပ်ရမှာပေ့ါ၊ သုံးသပ်ချက်တွေနဲ့ ပြန်တင်မလား။ ပုဂ္ဂလိက မီဒီယာလောကဆိုတာ နဂိုမူလကတည်းက လုပ်ဖော်ကိုင်ဖက်တွေချည်းပါပဲ။ အဲဒီတော့ သူတို့ စတင်ပြီး လုပ်မယ်ဆိုလို့ရှိရင်တော့ ပါဝင်မှာပေ့ါ။

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဥပဒေပြဋ္ဌာန်းဖို့ လွှတ်တော်ကို တင်လို့ရတယ်ဆိုတော့ သတင်းအချက် အလက် ရယူခွင့်၊ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေမျိုးပြဋ္ဌာန်းနိုင်ဖို့ လုပ်ဖို့ ရှိလား။

ဥပဒေတွေကသုံးသပ်ရမှာပေ့ါ။ ဥပဒေကြမ်းတွေတင်လာတဲ့အခါမှာ ဝေဖန်ထောက်ပြတာတွေ အမျိုးမျိုးရှိတာ ပေ့ါ။ ဒီရည်ရွယ်ချက်က တစ်ခုသွားတယ် သို့သော်မထင်တဲ့ဘက်မှာ သက်ရောက်မှုတွေအမျိုးမျိုးရှိချင်ရှိ နိုင်တယ်။ အဲဒီအခါကျတော့ ပြန်သုံးသပ်ပြီးလုပ်ရမှာပေါ့။ မဖြစ်သင့်တာကို မဖြစ်အောင်၊ ဖြစ်သင့်တဲ့ဟာကို မြန်မြန်ဖြစ်အောင်လုပ်ပေးရမှာပေါ့။ အဲဒီတော့ ဒီ Rights to Information ဆိုတာကလည်း သတင်းသမား တွေအတွက် သတင်းရယူခွင့်နဲ့ ဆိုင်သလို အများပြည်သူရဲ့သိပိုင်ခွင့် ဆိုတော့ ဒီမိုကရေစီနိုင်ငံမှာ ရှိသင့်တဲ့ ဒီမိုကရေစီ နိုင်ငံသားတွေရသင့်တဲ့ အခွင့်အရေးပေ့ါ။ ဒါတွေကို စနစ်တကျပေးနိုင်အောင် ကိုယ့်တိုင်းပြည်မှာ အဲဒါကို တစ်ကယ်လက်တွေ့ကျင့်သုံးဆောင်ရွက်နိုင်တဲ့ အတိုင်းအတာအနေအထားတွေကို ချိန်ဆပြီးတော့ ကြည့်ပြီးတော့ လုပ်ကြရမယ်လို့ထင်တယ်။

ကလေးစာပေနဲ့ မြန်မာစာပေကို ဝန်ကြီးမဖြစ်ခင်ကတည်းက မြှင့်တင်ဖို့လုပ်ခဲ့တယ်ဆိုတော့ အခု ပျောက်ကွယ်လုနီးပါးဖြစ်နေ တဲ့ ဒီကဏ္ဍကို အထောက်အပံ့ပေးတဲ့အစီအစဉ်တွေများလုပ်ဖို့ရှိမလား။

စာပေနဲ့ ပတ်သက်လို့ ကတော့ အရင်တုန်းက လုပ်ခဲ့တယ်ဆိုတာလည်တစ်ဦးတည်းမဟုတ်ဘူး။ စာပေ မိတ်ဆွေတွေ အသင်းအဖွဲ့တွေ ဒါတွေနဲ့ ပူးတွဲပြီးလုပ်ခဲ့တယ်။ ဒီအလုပ်ကတော့ ဆက်လုပ်ကြမှာ ပေ့ါနော်။ ကိုယ်က ဘယ်အပိုင်းကူညီနိုင်မလဲ၊ ကူညီတယ်ဆိုတာထက် ဘယ်အတိုင်းအထိပါဝင်နိုင်သလဲ အဲဒီ အတိုင်း ပါဝင်နိုင်ဖို့လုပ်မှာပေ့ါ။ ဒါစာပေကတော့ နဂိုမူလ လာတဲ့နေရာဖြစ်တယ်၊ စိတ်ဝင်စားဆုံးအကြောင်းအရာလည်း ဖြစ်တယ်၊ စောစောကရှိခဲ့တဲ့ စာပေပွဲတော်လိုဟာတွေအပြင်ကို စာပေဖွံ့ဖြိုးတိုးတက်ဖို့။ ကလေးစာပေအပါအဝင်ပေ့ါနော်။ လုပ်နိုင်မယ့် နည်းလမ်းတွေရှိတယ်၊ အခြားနေရာဌာတွေရှိတယ် လုပ်ဖို့ရည်ရွယ်ထားပါတယ်။

ဝန်ကြီးသက်တမ်းအတွင်းမှာ ပြန်ကြားရေးနဲ့ ပတ်သက်ပြီး အဓိက မဖြစ်မနေပြောင်းလဲဖို့လိုတယ်လို့ စိတ်ပိုင်း ဖြတ်ထားတဲ့ ကိစ္စက ဘာဖြစ်မလဲ။ ဘာက ဦးစားပေးဖြစ်မလဲ။

စောစောကပြောတဲ့ မီဒီယာတွေက ပြည်သူကို မျက်နှာမူတဲ့ မီဒီယာတွေဖြစ်လာဖို့ဆိုတာက အဓိက တစ်ချက်။

နိုင်ငံပိုင် မီဒီယာတွေကို ပြောတာလားခင်ဗျာ။

ဟုတ်တယ်။ ဟုတ်တယ်။ ပြီးတဲ့နောက် မီဒီယာလောက တစ်ရပ်လုံးအနေနဲ့ ဆိုရင်လည်း လွတ်လပ်စွာ ရေးသားခွင့်၊ သတင်းအချက်အလက်ရပိုင်ခွင့် ဒီလိုအပိုင်းတွေမှာ တိုးတက်အောင်၊ အဲဒါတွေကို ကျင့်သုံး ဆောင်ရွက်တဲ့အခါမှာ အနှောက်အယှက်အဟန့်အတားတွေ ဖြစ်တယ်ဆိုလို့ရှိရင် အဲဒါတွေကို ဘယ်လို တားဆီးကာကွယ်နိုင်သလဲ အဲဒါတွေလုပ်ဖို့၊ ပြီးတဲ့နောက်မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိက ကဏ္ဍနဲ့ ပူးတွဲပြီးတော့ ဘယ်လောက်လုပ်ပေးနိုင်မလဲ အဲဒါတွေကို ထိထိရောက်ရောက်လုပ်ပေးဖို့ လောလောဆယ် စဉ်းစားထားတာပေ့ါ။

အရင်ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အဓိကခြားနားသွားမယ့်အချက်က ဘာဖြစ်လာမလဲ။

ဘာဖြစ်မလဲဆိုတော့၊ အရင်အစိုးရနဲ့ အခုအစိုးရနဲ့ မူဝါဒကွာခြားမှု အတိုင်းအတာပေါ့နော်။ ဒီအစိုးရရဲ့ မူဝါဒထဲ က တစ်ခုအနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ပြည်သူကိုမျက်နှာမူမယ်လို့ ပြောတယ်။ အဲဒီတော့ လုပ်ကိုင်ဆောင်ရွက် တဲ့ လုပ်ငန်းတိုင်းမှာ ပြည်သူကို အလေးထားတဲ့ ပြည်သူရဲ့ ဆန္ဒသဘောထားတွေကို လေးစားလိုက်နာတဲ့ သဘောမျိုး အရင်တုန်းကထက်စာရင်ရှိသွားမှာပေ့ါ။ အဲဒီသဘောက ပိုထင်ရှားမယ်။ နေရာအသီးသီးမှာ လုပ်ရမှာပေါ့။

အရင်ပြန်ကြားရေးဝန်ကြီးက သမ္မတရဲ့ ပြောရေးဆိုခွင့်သူအဖြစ် တာဝန်ယူခဲ့ဖူးတယ်ဆိုတော့ အခုရော အဲဒီလို တာဝန်မျိုးထမ်းဆောင်ဖို့ရှိလာမလား။

အခုတော့ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူဆိုပြီးတော့ ဦးဇော်ဌေးကို ခန့်အပ်ထားတာရှိတယ်။ အဲဒါက အရင်တုန်းက သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူဆိုတာနဲ့ တူတော့မတူဘူးပေ့ါ။ သို့သော် ဒီဟာတစ်ခုရှိတယ်။ ကျွန်တော်ထင်တယ် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူဆိုတာမျိုး နောက်ထပ် လိုချင်မှလိုလိမ့်မယ်။

Frontier

Frontier

In-depth, unbiased coverage of Myanmar in an era of transition. Our fortnightly English language print magazine is published every other Thursday, with daily news updates online.
Share on facebook
Share on twitter
Share on email

More stories

မြန်မာနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့် ကျဆင်းသွားသည်ဟု ပြောကြားမှုများကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မေးခွန်းထုတ်လိုက်ပြီး သုတေသနပြုလုပ်မှသာ အခြေအနေမှန်ကို သိနိုင်မည်ဟု ပြောကြားသည်

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar