ရေနံနှင့် သဘာဝဓါတ်ငွေ့ ဈေးနှုန်းများ ကျဆင်းနေခြင်း၊ ကမ်းလွန် ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေရေးတွင် ကုန်ကျစားရိတ်များ တိုးမြင့်လာခြင်းတို့ကြောင့် အချို့သော စွမ်းအင်ကုမ္ပဏီများက ၂၀၁၄ ခုနှစ်တွင် ၎င်းတို့ ရရှိထားသော တင်ဒါများကို ပြန်လည် အပ်နှံရမလို ဖြစ်နေသည်။ ထိုသို့ဖြစ်လာပါက လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ပြည့်မီနိုင်ရန် ခဲယဉ်းသွားပေလိမ့်မည်။
သောမတ်စ် ကင်း(န်) ရေးသားသည်။
ရေနံနှင့် သဘာဝဓါတ်ငွေ့ဈေးနှုန်းများ ကျဆင်းနေသောကြောင့် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံထားသည့် စွမ်းအင်ကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ငန်းများကို လျှော့ချပြီး မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာရန် စီစဉ်လျှက်ရှိကြသည်။ အဆုပါ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီများသည် မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအပြီး ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
ကုမ္ပဏီများမှ အရာရှိများ၊ လုပ်ငန်းအတွင်းမှ သတင်းရင်းမြစ်များနှင့် တွေ့ဆုံမေးမြန်းမှုများအရ ၂၀၁၄ ခုနှစ်တွင် ရရှိခဲ့သော တင်ဒါအားလုံး၏ ထက်ဝက်နီးပါးကို ပြန်လည်အပ်နှံပြီး ဖြစ်သည်ဟု ဆိုကြသည်။
Shell၊ Reliance Industries နှင့် နော်ဝေနိုင်ငံ၏ Statoil တို့ အားလုံးက လုပ်ကွက်များကို မြန်မာအစိုးရထံ ပြန်အပ်ခဲ့ပြီး ပိုမို အလားအလာကောင်းသော လုပ်ကွက်များကိုသာ ရေရှည်အတွက် ချန်လှပ်ထားကြသည်ဟု ဆိုသည်။
လက်ရှိအချိန်တွင ဩစတြေးလျနိုင်ငံမှ Woodside ကုမ္ပဏီတစ်ခုတည်းကသာ ယခုနှစ်အတွင်းတွင် ရေနံတူးဖော်သည့် လုပ်ငန်းကို စတင်မည်ဟု အတည်ပြုထားသည်။ ပြင်သစ်နိုင်ငံမှ Total နှင့် အီတလီနိုင်ငံမှ Eni တို့ကမူ ၎င်းတို့၏ လုပ်ကွက်အတွင်း ဆိုက်စမစ် အချက်အလက်များ (seismic data) များကို စမ်းသပ်နေကြသည်။
လုပ်ငန်းများကို လျှော့ချခြင်းက မြန်မာနိုင်ငံ၏ စွမ်းအင်ဖူလုံမှုအပေါ် ကာလအလတ်အပိုင်းအခြားတစ်ခုတွင် အကျိုးသက်ရောက်မှု ရှိလာနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် နောက်လာမည့် ငါးနှစ်မှ ၁၀ နှစ်အတွင်းတွင် ကမ်းလွန် ရေနံနှင့် သဘာဝဓါတ်ငွေ့သိုက်အသစ်များ ထုတ်လုပ် လုပ်ကိုင်နိုင်မည့် အလားအလာ မရှိတော့သောကြောင့် ဖြစ်သည်။
ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေတူးဖော်မှုများကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းသည် မြန်မာနိုင်ငံ၏ ပိုက်လိုင်းဧရိယာ ဖြန့်ကျက်မှုကို လျော့ကျသွားစေနိုင်သည်ဟု Myanmar Energy Monitor အဖွဲ့မှ သုတေသန ဒါရိုက်တာ Mr Jeremy Mullins က ပြောကြားသည်။ “မြန်မာနိုင်ငံက လျှပ်စစ်ထုတ်လုပ်ဖို့အတွက် သဘာဝဓါတ်ငွေ့တွေ လိုအပ်ပါတယ်။ ကမ်းလွန် သဘာဝဓါတ်ငွေ့သိုက်တွေ တူးဖော်မှုကို နှောင့်နှေးစေခြင်းက မြန်မာနိုင်ငံရဲ့ လျှပ်စစ်ထုတ်လုပ်မှုကို အကျိုးသက်ရောက်နိုင်ပါတယ်” ဟု ၎င်းကဆိုသည်။
စွမ်းအင်ကုမ္ပဏီများ၏ ထုတ်လုပ်မှုခွဲဝေရေးစာချုပ် (production sharing contract) အရ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် ၎င်းတို့ တင်ဒါရရှိခဲ့သော လုပ်ကွက်များကို ပြန်လည်သုံးသပ်သွားနိုင်သည်။ ယင်းကန်ထရိုက်များအရ ကုမ္ပဏီများအနေဖြင့် နှစ်နှစ်မှ သုံးနှစ်အတွင်း ၎င်းတို့၏ စူးစမ်းရှာဖွေရေး ကာလကို တိုးမြင့်သွားရန် ဆုံးဖြတ်ဖွယ်ရှိသည်။ ၎င်းကို ထိုလုပ်ငန်းနယ်ပယ်တွင် drill or drop deadline ဟု ခေါ်ဆိုကြသည်။ တင်ဒါ၏ လုပ်ငန်းစဉ်များအရ လေလံအောင်သူများသည် စစ်တမ်းကောက်ယူခြင်း၊ ဆိုက်စမစ် စမ်းသပ်ခြင်းနှင့် အချက်အလက် သုံးသပ်ခြင်းများကို လုပ်ဆောင်နိုင်ကြသည်။
လက်ရှိ သဘာဝဓါတ်ငွေ့ ပေါက်ဈေးမှာ ဒီဇင်ဘာလတွင် British Thermal Units တစ်သန်းလျှင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၀ ခန့်သာ ရှိနေသည်။ ၎င်းမှာ တင်ဒါ စတင်ခေါ်ယူသော ၂၀၁၃ ခုနှစ်၊ ဧပြီလတွင် ဒေါ်လာ ၄ ဒသမ ၂၀ ရှိခဲ့ခဲ့ရာမှ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။ စူးစမ်း ရှာဖွေရေး ကုန်ကျစားရိတ်များကြောင့် လုပ်ကွက်ပိုင်ဆိုင်သူများ လက်တွန့်သွားကြသည်။ ရေနက်ပိုင်း ရေနံနှင့် သဘာဝဓါတ်ငွေ့တွင်း တစ်ခုကို တူးဖော်ရန် အမေရိကန်ဒေါ်လာ သန်း ၅၀ နှင့်အထက် ကုန်ကျနိုင်သည်။
မြန်မာအစိုးရနှင့် Production sharing Contract PSC ကို နောက်ဆုံး လေလံအောင်ထားသည့် ဩစတြေးလျနိုင်ငံ Tap Oil ကုမ္ပဏီသည် ပထမဆုံး ထွက်ခွာမည့်သူများ စာရင်းတွင် ပါဝင်နေသည်။ ၎င်းက လုပ်ပိုင်ခွင့် ရရှိထားသော M-7 လုပ်ကွက်ကို ပြန်လည်အပ်နှံရန် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးထားပြီး ဖြစ်သည်ဟု ၂၀၁၇ ခုနှစ် အစောပိုင်းက ကြေညာခဲ့သည်။ အိန္ဒိယနိုင်ငံ၏ Reliance Industries ကုမ္ပဏီကလည်း ၎င်း၏ M-17 နှင့် M-18 လုပ်ကွက်များကို ပြန်လည်အပ်နှံမည်ဟု ကြေညာခဲ့သည်။ Oil India ကုမ္ပဏီကလည်း ၎င်း၏ M-4 လုပ်ကွက်ကို ရပ်ဆိုင်းမည်ဟု ပြီးခဲ့သောနှစ်က အသိပေးထားခဲ့သည်။
Statoil ကမူ ၂၀၁၆ ခုနှစ်တွင် ၎င်း၏ AD- 10 လုပ်ကွက်၌ 2D seismic စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးချိန်တွင် ၎င်း၏ လိုင်စင်ကို ပြန်အပ်ပြီး ရန်ကုန်မြို့မှ ၎င်း၏ ရုံးချုပ်ကို ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။ စီးပွားရေးအရ တွက်ခြေမကိုက်နိုင်ကြောင်း တွေ့ရှိရသောကြောင့် ဖြစ်သည်။ ၎င်းသည် ConocoPhillips ကုမ္ပဏီနှင့် ပူးပေါင်းပြီး ၉၀,၀၀ စတုရန်း ကီလိုမီတာ အကျယ်အဝန်းရှိသော လုပ်ကွက်ကို ရရှိခဲ့သူဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အမေရိကန် ကုမ္ပဏီဖြစ်သော ConocoPhillips က မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီးနောက် ပိုင်ဆိုင်မှု အပြည့်အဝကို ရရှိခဲ့သူ ဖြစ်သည်။
typeof=
အင်္ဂလန်နှင့် နယ်သာလန်ပိုင် Shell ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့အနေဖြင့် ရေနက်ပိုင်း လုပ်ကွက် သုံးခုဖြစ်သော AD- 9 ၊ AD- 11 နှင့် MD- 5 တို့ကို ပြန်လည်အပ်နှံလိုက်ပြီဟု ပြောကြားသည်။ အဘယ်ကြောင့်ဆိုသော် 3D seismic သုံးသပ်ချက်များအရ ဆက်လက်လုပ်ကိုင်ပါက စီးပွားရေးအရ တွက်ချေ မကိုက်နိုင်သောကြောင့်ဟု ဆိုသည်။ Ms Hanke Verspaget ၏အဆိုအရ Shell အနေဖြင့် အခြား လုပ်ကွက် နှစ်ခုဖြစ်သည့် A- 4 နှင့် AD- 2 များအတွက်လည်း စူးစမ်းလေ့လာရေးကာလကို ပိုမို တိုးမြင့်လိုက်သည်ဟု ဆိုသည်။ ၎င်းမှာ အလားအလာကို သုံးသပ်နိုင်ရန် ရရှိထားသော အချက်အလက်များကို သေချာစွာ စစ်ဆေးရန် လိုအပ်နေသောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ စူးစမ်းလေ့လာရေးကာလ တိုးမြှင့်ခွင့်ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
ရေတိမ်ပိုင်းလုပ်ကွက်ဖြစ်သည့် A-5 ကို ၂၀၁၄ ခုနှစ်တွင် ရရှိခဲ့သည့် Chevron ကလည်း မြန်မာနိုင်ငံမှ ဒေါ်လာတစ်ဘီလျံတန်သည့် သယံဇာတကို ဝယ်ယူမည့်သူအား လိုက်လံရှာဖွေနေရဆဲ ဖြစ်သည်။ ထိုအထဲတွင် ရတနာစီမံကိန်း၏ ရှယ်ယာများလည်း ပါဝင်သည်။
ထိုရေစီးကြောင်းတွင် ငွေကြေးအများအပြား သုံးစွဲနေသူမှာ ဩစတြေးလျနိုင်ငံမှ Woodside ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံ၏ သယံဇာတအပေါ်တွင် ပုံအောကာ လောင်းကြေး ထပ်ထားသူဖြစ်သည်။ Woodside က ရခိုင်ကမ်းလွန် ချိုင့်ဝှမ်းတွင် လုပ်ကွက်ကိုးခုကို ရယူထားပြီး ခုနစ်ခုတွင် စတင်တူးဖော်နေပြီ ဖြစ်သည်။ ၎င်းသည် ၂၀၁၅ ခုနှစ်ကတည်းက စတုရန်း ကီလိုမီတာ ၃၀,၀၀၀ ခန့်အား seismic data များ စမ်းသပ်ထားပြီး ဖြစ်သည်။
Woodside သည် ၂၀၁၄ ခုနှစ်က ရရှိထားသော လုပ်ကွက် လေးခုတွင်လည်း ရှယ်ယာများ ရယူထားသည်။ ၎င်းတို့ထဲမှ နှစ်ခုမှာ Shell က လေ့လာရေး ကာလတိုးမြင့်ထားသော လုပ်ကွက် နှစ်ခု ဖြစ်သည်။ ထို့ပြင် Woodside သည် A-7 နှင့် AD- 5 တို့တွင်လည်း စူးစမ်းလေ့လာမှုများ ပါဝင်လုပ်ကိုင်နေသည်။ ထို့ပြင် ၂၀၁၈ ခုနှစ် အလယ်ပိုင်းလောက်တွင် ထပ်မံစတင်မည့် တူးဖေါ်ရေး လုပ်ငန်းများလည်း ရှိနေသည်။
“ဒီလုပ်ဆောင်ချက်တွေက ကျွန်တော်တို့ ကုမ္ပဏီရဲ့ မဟာဗျူဟာနဲ့ ကိုက်ညီအောင် လုပ်ဆောင်တာပါ။ နိုင်ငံရပ်ခြား အစွန်အဖျားဒေသတွေမှာ လုပ်ငန်းတိုးချဲ့မှုကို လုပ်ဆောင်ရန်နဲ့ ရေနက်ပိုင်း စွမ်းဆောင်ရည်တွေကို မြင့်တင်ဖို့ပါ” ဟု ၎င်းက ဆိုသည်။
Woodside က မြန်မာနိုင်ငံရှိ ၎င်း၏ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားရုံတင် မကပဲ တရုတ်နိုင်ငံ CNPC က ဆယ်စုနှစ်တစ်ခုကြာ ရယူထားသော လုပ်ကိုင်ခွင့်များကို ၂၀၁၇ ခုနှစ်တွင် လွှဲပြောင်းရယူပြီး မြန်မာနိုင်ငံရှိ ပိုင်ဆိုင်မှုကို နှစ်ဆတိုးမြင့်ခဲ့သည်။ ၎င်းတို့မှာ AD- 1 ၊ AD- 2 နှင့် AD- 8 တို့ ဖြစ်ကြသည်။
အခြားသော ကုမ္ပဏီတစ်ချို့ကလည်း ၎င်းတို့၏ လုပ်ဆောင်မှုများကို တိုးချဲ့လာကြသည်များ ရှိနေသည်။
သမုဒ္ဒရာ ကြမ်းပြင် ဘူမိရူပဝန်ဆောင်မှု ကုမ္ပဏီဖြစ်သော Shearwater က ဇန်နဝါရီ ၁၈ ရက်နေ့တွင် ပြောကြားချက်အရ Total နှင့် Eni ကုမ္ပဏီတို့က YWB နှင့် MD- 4 လုပ်ကွက် နှစ်ခုတွင် စတုရန်း ကီလိုမီတာ ၁၀,၀၀၀ ခန့်ကို seismic data များ စမ်းသပ်ပေးရန် လာရောက်အပ်နှံခဲ့သည်ဟု ဆိုသည်။ လေ့လာမှုများမှာ ယခုနှစ်လယ်ခန့်အထိ ကြာမြင်နိုင်သည်ဟု ဆိုသည်။
သို့သော် Eni ၏ အခြားလုပ်ကွက်တစ်ခုဖြစ်သော MD- 2 ၏ အနာဂတ်မှာမူ မသေချာသေးပေ။ တခြား ကုမ္ပဏီ အသေးလေးများဖြစ်သည့် Ophir Energy၊ Canadian Foresight နှင့် Berlanga တို့၏ အနာဂတ်မှာလည်း မသေချာလှပေ။ ၎င်းတို့သည် ၂၀၁၄ ခုနှစ်က တင်ဒါခေါ်ယူခဲ့ရာတွင် တင်ဒါ အောင်မြင်ခဲ့သူများ ဖြစ်သည်။ Ophir က ၂၀၁၇ ခုနှစ်၊ ဇွန် ၃၀ ရက်တွင် နှစ်ဝက်ပိုင်း ရလဒ်ကို ကြေညာရာတွင် AD- 3 လုပ်ကွက်တွင် တူးဖော်မှုကို ၂၀၁၈- ၁၉ ခုနှစ်တွင် စတင်ကောင်း စတင်နိုင်မည်ဟု ပြောကြားခဲ့သည်။ Canadian Foresight ကမူ စူးစမ်းလေ့လာရေးများကို ငွေကြေးထောက်ပံ့နိုင်မည့် ရင်းနှီးမြုပ်နှံမည့်သူကို ရှာဖွေနေသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အရာရှိတစ်ဦး၏ အဆိုအရ ၂၀၁၄ ခုနှစ်တွင် တင်ဒါအောင်မြင်ခဲ့သူ အချို့က အစိုးရထံ လုပ်ကွက်များ ပြန်လည်အပ်နှံရေးအတွက် ပြင်ဆင်နေသည်ကို သိရှိပြီးဖြစ်ကြောင်း အတည်ပြုသော်လည်း လုပ်ကွက်မည်မျှကို ပြန်လည်အပ်နှံပြီး ဖြစ်သည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ စွမ်းအင် စီမံကိန်းဦးစီဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ၎င်းက ပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် ထိုကုမ္ပဏီအများစုထံမှ တရားဝင် အသိပေးစာ မရရှိသေးဟု ဆိုသည်။ Woodside တစ်ခုတည်းကသာ ၂၀၁၈ ခုနှစ်တွင် တူးဖော်မည်ဟု အတည်ပြုထားပြီး တခြား လုပ်ကိုင်ခွင့်ပိုင်ဆိုင်သူ အများစုက PSCs ကန်ထရိုက်အရ လိုအပ်မည့် seismic data များကို ဝန်ကြီးဌာနထံ တင်ပြခြင်း မရှိသေးဟု ဆိုသည်။
ပြန်လည်အပ်နှံခြင်း ခံရသော လုပ်ကွက်များကို ယခင် ၂၀၁၄ ခုနှစ် တင်ဒါတွင် ကျန်ရစ်ခဲ့သည့် လုပ်ကွက် ၁၀ ကွက်နှင့်အတူ ယခုနှစ်တွင် ပြန်လည်တင်ဒါခေါ်ယူသွားမည်ဟု ၎င်းအရာရှိက ဆိုသည်။ “၂၀၁၈ ခုနှစ်မှာ တင်ဒါတစ်ခု ထပ်လုပ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ ရက်စွဲ အတိအကျနဲ့ အစီအစဉ်ကိုတော့ အတည်မပြုရသေးပါဘူး။ လာမယ့် တင်ဒါမှာ အနည်းဆုံး လုပ်ကွက် ၁၀ ကွက်နှင့်အထက် ပါဝင်နိုင်ပါမယ်” ဟု ၎င်းက ဆိုသည်။
ထိုကဲ့သို့ တင်ဒါတစ်ခု ထပ်မံခေါ်ယူပါက ၂၀၁၃ ခုနှစ်က ခေါ်ယူခဲ့သော တင်ဒါလောက် လေလံဆွဲသူများကို ဆွဲဆောင်နိုင်မည် မဟုတ်ပေ။
Fitch Group ၏ အဖွဲ့ခွဲ တစ်ခုဖြစ်သော BMI Research က မကြာသေးမီက အစီရင်ခံရာတွင် ရေတိုကာလတွင် မြန်မာနိုင်ငံ ကမ်းလွန်ဒေသတွင် အမှန်တကယ် စိတ်ဝင်စားသော တူးဖော်ရေး စူးစမ်း လေ့လာမှုများ ရှိလာနိုင်သည်ဟု ဆိုသည်။ ၎င်းမှာ နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီအများစုသည် ရင်းနှီးမြုပ်နှံမှုကို အကျဉ်းချုံးလိုပြီး ကုန်ကျစားရိတ်ကို လျှော့ချကာ ရှယ်ယာ အမြတ်ငွေကို ပိုမို မျှော်လင့်လာသောကြောင့် ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခများကလည်း ကုမ္ပဏီအချို့ကို လက်တွန့်သွားစေသည်။ အစီရင်ခံစာ၏ အဆိုအရ စွမ်းအင်ကုမ္ပဏီအများစုသည် ကြိုတင်မမြင်နိုင်သော အနာဂတ်များကြောင့် မြန်မာနိုင်ငံတွင် ခပ်လျှိုလျှိုသာ လှုပ်ရှားကြမည်ဖြစ်ပြီး ၎င်းတို့၏ လုပ်ကွက်များကို ထိန်းသိမ်းထားနိုင်ရန်လောက်သာ လှုပ်ရှားကြမည်ဟု BMI Research က ဆိုသည်။
Myanmar Energy Monitor မှ Mullins က ကမ်းလွန် ရေနံရှာဖွေရေးလုပ်ငန်းများကို စိတ်ဝင်စားမှု လျှောကျစေသည့် အကြောင်းအချက်များ များစွာရှိနေသည်ဟု ဆိုသည်။ ယခင်က အလားအလာ ကောင်းသည်ဟု ယူဆထားသော လုပ်ကွက်များက တွက်ခြေမကိုက်နိုင်တော့ကြောင်း ကုမ္ပဏီအချို့က တွေ့ရှိလာရသည်။ မြန်မာနိုင်ငံ၏ အခွန်စနစ်ကလည်း အတားအဆီးတစ်ခု ဖြစ်နေသည်။ အဓိက အကြောင်းချက်မှာမူ ရေနံနှင့် သဘာဝဓါတ်ငွေ့ဈေးများ ကျဆင်းနေခြင်း ဖြစ်သည်ဟု ဆိုသည်။
“ကမ်းလွန် ရေနံရှာဖွေရေး လုပ်ငန်းဆိုတာက ငွေအကုန်အကျ များတယ်။ စွန့်စားရတယ်။ ယခင် သုံးလေးနှစ်လောက်က အလားအလာကောင်းတဲ့ လုပ်ကွက်တွေ အခု တွက်ခြေမကိုက်တော့ရင် ဒေါ်လာ သန်းရာပေါင်းများစွာကို ရင်းနှီးဖို့ဆိုတာ ခက်ခဲပါတယ်” ဟု ၎င်းက ဆိုသည်။
ကျော်လင်းထွန်း ပူးပေါင်းရေးသားသည်။
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။