ဆင်းရဲမွဲတေမှုနှင့် စစ်ဘေးဒဏ်များမှ လွတ်မြောက်ရန် ပြည်ပသို့ ထွက်ခွာသွားကြသော မြန်မာနိုင်ငံသား သိန်းပေါင်းများစွာအား ပြည်တွင်းသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် လုပ်ဆောင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၄ ရက်နေ့က ပြောကြားလိုက်သည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ပထဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိနေစဉ် ၎င်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား အများအပြားသည် ပင်ပန်းပြီး လုပ်ခလစာ အနည်းငယ်သာ ရရှိသော အလုပ်အကိုင်များကို လုပ်ကိုင်နေကြရသည်။
မြန်မာတပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ဒုက္ခသည် တစ်သိန်းကျော်မှာ ထိုင်းနိုင်ငံနှင့် နယ်စပ်တစ်လျောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြရဆဲ ဖြစ်သည်။
“ကျွန်မတို့ ဘာကို လိုလားသလဲဆိုတော့ နေရပ်က တိမ်းရှောင်နေရတဲ့ လူတွေအားလုံး ကျွန်မတို့ နိုင်ငံကို ပြန်လာဖို့ ဖြစ်ပါတယ်။ သူတို့ ပြန်လည်ထွက်မသွားတော့တဲ့ အခြေအနေမျိုးဆီကို ပြန်လာကြဖို့ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဘန်ကောက်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“ဒီအတွက် ကျွန်မတို့ အလုပ်တွေ အများကြီး လုပ်ကြဖို့လိုတယ်” ဟု ၎င်းက သတိပေးလိုက်သည်။ ဆယ်စုနှစ် ငါးခုကျော်မ ျှ အုပ်စိုးသွားခဲ့သည့် ယခင် စစ်အာဏာရှင်များကြောင့် ပျက်စီးယိုယွင်းနေသည့် တိုင်းပြည်စီးပွားရေးကို ပြန်လည်ထူထောင်ရန် အတွက်လည်း အချိန်ယူရမည်ဟု ၎င်းက ပြောကြားသည်။
“အလုပ်အကိုင်ဖန်တီးပေးရေးက ကျွန်မတို့ တိုင်းပြည်အတွက် အရေးအကြီးဆုံး ဖြစ်ပါတယ်။ ကျွန်မမြန်မာနိုင်ငံထဲမှာ ဘယ်နေရာသွားသွား လူတွေက သူတို့ အလုပ်အကိုင်လိုအပ်နေတာကိုပဲ ပြောကြပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာနှင့်အတူ ပူးတွဲ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခြင်း ဖြစ်သည်။ ပရာယုဒ်က “သင့်တော်သည့် အခြေအနေ” သို့ ရောက်ရှိချိန်တွင် ဒုက္ခသည်များ နေရင်းဒေသသို့ ပြန်နိုင်ရေးအတွက် နှစ်နိုင်ငံအစိုးရများ ပူးတွဲဆောင်ရွက်သွားမည်ဟု ပြောကြားသည်။
ဒုက္ခသည်အများစုမှာ ကရင်လူမျိုးများဖြစ်ကြပြီး မြန်မာအစိုးရတပ်မတော်နှင့် နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည့် စစ်ပွဲများကြောင့် ထွက်ပြေးလာကြခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ်အတွင် အပစ်အခတ် ရပ်ဆဲနိုင်ခဲ့ပြီးနောက် တိုက်ပွဲများ ပြီးဆုံးသွားသော်လည်း အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်မူ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။
ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အခွင့်အရေးများ ပိုမိုရရှိစေရေးအတွက် သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ခေါင်းဆောင်နှစ်ဦးက ပြောကြားခဲ့ကြခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရတ်ချာဘူရီခရိုင်ရှိ ဒုက္ခသည်စခန်းသို့ သွားရောက်ရန် မူလက စီစဉ်ထားခဲ့သော်လည်း နောက်ပိုင်းတွင် ထိုအစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။
သတင်း- အေအက်ဖ်ပီ