မြန်မာနိုင်ငံ၏ အနာဂတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလုပ်များ ဖန်တီးပေးခြင်းသည် အဓိကကျနေသည်
၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ကို မြန်မာနိုင်ငံ၏ သမိုင်းဝင်နေ့အဖြစ် အမှတ်ရနေကြမည် ဖြစ်သည်။ မဲပေးပိုင်ခွင့်ရှိသော လူဦးေရေ သန်း ၃၀ ထဲမှ ၈၀ ရာခိုင်နှုန်း ဆန္ဒမဲ ပေးခဲ့ကြသည်။ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) သည် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မဲ အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ အင်န်အယ်လ်ဒီက မဲ ၇၈ ရာခိုင်နှုန်းကို အနိုင်ရရှိခဲ့သည်။ အင်န်အယ်လ်ဒီ အနိုင်ရရှိသည်ကို မည်သူကမှ အံ့အားသင့်ကြမည်ဟု ကျွန်တော် မထင်ပေ။ သို့သော် အနိုင်ရရှိမှု အတိုင်းအတာသည် မျှော်လင့်ထားသည်ထက် များစွာ ပိုမိုနေခြင်း ဖြစ်သည်။ ပယ်ဖျက်ခံခဲ့ရသော ၁၉၉၀ ရွေးကောက်ပွဲ၏ အောင်မြင်မှုကို ထပ်မံ ရရှိခဲ့ခြင်း ဖြစ်ကာ ခါးသီးချိုမြိန်လှသည့် အောင်ပွဲပင် ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီသည် ၎င်းတို့၏ ရှုံးနိမ့်မှုကြောင့် အနည်းငယ် နောက်တွန့် သွားပုံရသည်။ အထူးသဖြင့် ၎င်းတို့၏ အမာခံဒေသဟု ယူဆသော ဧရာဝတီတိုင်းဒေသကြီးတွင် ဖြစ်သည်။
ရွေးကောက်ပွဲ၏ အခြေအနေကလည်း အမျိုးမျိုး ပြောင်းလဲသွားနိုင်သည့် အခြေအနေများ ရှိခဲ့သည်။ လူအများအပြားကလည်း အကြမ်းဖက်မှုများ ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ အချို့လူများက ဆန်၊ ဆီနှင့် ရေများကိုပင် စုဆောင်းနေကြသည်။ သို့သော် နိုဝင်ဘာလ ၈ ရက်နေ့ နံနက်တွင် ကျွန်တော် မဲသွားပေးသောအခါ အားလုံးသည်တည်ငြိမ်အေးချမ်းစွာပင် ရှိနေခဲ့သည်။ ကျွန်တော် မဲပေးရန် တန်းစီနေစဉ်တွင် အပြုံးများနှင့် ငြိမ်ချမ်းမှုများကို တွေ့ခဲ့ရသည်။ တန်းစီနေသော လူများအားလုံးသည် နိုင်ငံအတွက် တာဝန်တစ်ခုကို လုပ်ဆောင်နေသည်ဟူသော ခံစားချက်များ ကိုယ်စီရှိနေကြသည်။
မြန်မာနိုင်ငံသားများသည် ထိုရွေးကောက်ပွဲနေ့အတွက် ဂုဏ်ယူကြရမည်ဖြစ်သည်။ ရွေးကောက်ပွဲနေ့တွင် ပုံမှန်မဟုတ်မှုများ အနည်းငယ်မျှသာ တွေ့ခဲ့ရပြီး နည်းပညာပိုင်း ဆိုင်ရာ အမှားအယွင်းလည်း အနည်းငယ်မျှသာ ရှိခဲ့သည်။ ဖြစ်ပေါ်နေသော နိုင်ငံရေးရာသီဥတုအရ မဖြစ်နိုင်သော အလုပ်တစ်ခုကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး လွတ်လပ်မျှတမှုရှိသော ရွေးကောက်ပွဲကို ကျင်းပပေးနိုင်ခဲ့သဖြင့် မြန်မာနိုင်ငံလည်း ချီးကျူးခံခဲ့ရသည်။ သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ဦးစလုံးကလည်း ဒေါ်အောင်ဆန်းစုကြည်အား ၎င်း၏ ပါတီအနိုင်ရမှုအတွက် ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။ ထိုသို့ တစ်ဦးပေါ်တစ်ဦး ယုံကြည်သော ရဲဘော်ရဲဘက် စိတ်ထားမျိုးကို မည်သူကမျှ မမျှော်လင့်ခဲ့ကြပေ။
အနာဂတ်တွင် လျှောက်လှမ်းရမည့် လမ်းနှင့်ပတ်သက်ပြီး သံသယများ ရှိမနေသင့်ပါ။ အင်န်အယ်လ်ဒီကလည်း ၎င်း၏ အောင်မြင်မှုနှင့် ပတ်သက်ပြီး နှစ်ထောင်းအားရပင် ဖြစ်မနေနိုင်ပါ။ အင်န်အယ်လ်ဒီတွင် နိုင်ငံရေး အလားအလာကောင်းများနှင့် ရင်းမြစ်များစွာ ရှိနေပါသည်။ ၎င်းတို့ကို အလဟဿ ဖြုန်းတီး မပစ်သင့်ပေ။ မြန်မာနိုင်ငံသမိုင်းတွင် အနာဂတ်နှင့်ပတ်သက်ပြီး အကောင်းမြင်မှု၊ တစ်ဦးနှင့် တစ်ဦး စည်းစည်း လုံးလုံးရှိမှုမျိုး ယခင်က ရှိခဲ့ဖူးမည် မထင်ပါ။ သမ္မတ ဦးသိန်းစိန်ကလည်း ချောမွေ့စွာ အာဏာလွှဲပြောင်းပေးရေးကို ကတိပြုထားပြီး တပ်မတော်ကလည်း ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုမည်ဟု သဘော တူညီခဲ့သည်။ သူတို့ကို ကျွန်တော်ယုံပါသည်။ စစ်တပ်သည် တိုက်ခိုက်နေရမှုများကြောင့် ပင်ပန်းနေပြီ ဖြစ်သည်။ ၎င်းတို့ထဲမှ အများစုသည် ရှေ့တန်းတွင် တိုက်ခိုက်သကဲ့သို့ နေလာခဲ့ရသည်မှာ ကြာပြီဖြစ်သဖြင့် စစ်တန်းလျားသို့ ပြန်ကာ အနားယူချင်ကြပြီ ဖြစ်သည်။
လွှတ်တော်သစ်သည် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စတင်ကာ ဥက္ကဌသစ် တစ်ဦးကို ခန့်အပ်မည်ဖြစ်သည်။ ထို့နောက် သမ္မတသစ်တစ်ဦးကို ရွေးချယ်ကြမည် ဖြစ်သည်။ သမ္မတသစ်ကို မရွေးချယ်မီတွင် အင်န်အယ်လ်ဒီသည် ၎င်း၏ အဖွဲ့ဝင်များထံ ကင်းမဲ့နေသော နည်း ပညာ ပိုင်းဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုများကို တည်ဆောက်မည်ဟု မျှော်လင့် ရပါသည်။ ဒီမိုကရက်တစ်ဆန်သော အစိုးရ၏ လုပ်ဆောင်နိုင်စွမ်းများကို ကူညီတည်ဆောက်ပေးရန် အချိန်နှင့် နည်းပညာများကိုပါ ပေးလိုသော ပညာရှင်များလည်း အများအပြား ရှိနေပါသည်။ ထို့ပြင် အာဏာရ အစိုးရထဲတွင် အုပ်ချုပ်ရေးစနစ်ကို ကောင်းမွန်စွာသိသော ဘေးဖယ်မထားသင့်သော စစ်တပ်မှ ပုဂ္ဂိုလ်များလည်း ရှိနေပါသည်။ အပြောင်းအလဲအတွက် သူတို့ကလည်း အတူတကွ အလုပ်လုပ်ချင်သည် ဆိုပါက အစိုးရသစ် ဖွဲ့စည်းရာတွင် ၎င်းတို့လည်း ပါဝင်သင့်ပါသည်။
စီးပွားရေးသမား တစ်ဦးအနေဖြင့် အစိုးရသစ်နှင့် သွားရမည့် စီးပွားရေး လမ်းကြောင်းနှင့် ပတ်သက်ပြီး ကျွန်တော် သိပ်ပြီး စိတ်မပူပါ။ အင်န်အယ်လ်ဒီသည် အုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး အတွေ့အကြုံ မရှိဟု အချို့က ဝေဖန်ကြသည်။ သို့သော် အင်န်အယ်လ်ဒီက ဖွံ့ဖြိုးမှုနှင့် စီးပွားရေးကို ထောက်ခံအားပေးမည်ဟု ကျွန်တော် ယုံကြည်ထားသည်။ သူတို့၏ လိုအပ်ချက်များကို သူတို့ လက်ခံထားပြီး အကြံဉာဏ်များကို နားထောင် လိုကြသည်။ ပါတီက ကြေညာစာတမ်း နှစ်ခုကို ထုတ်ပြန်ကြေငြာ ထားပြီး ဖြစ်သည်။ တစ်ခုမှာ စီးပွားရေးနှင့် ပတ်သက်ပြီး ကျန်တစ်ခုမှာ အထွေထွေ ဖြစ်သည်။ ထိုကြေညာစာတမ်းများတွင် ၎င်းတို့၏ အစီအစဉ်များကို ဖော်ပြထားသည်။ ထိုအထဲတွင် စိုက်ပျိုးရေး၊ အခွန်ကောက်ခံခြင်းနှင့် အခြေခံ အဆောက်အအုံဆိုင်ရာတို့ ပါဝင်သည်။
ရှေ့ဆက်သွားရမည့် ခရီးလမ်းတွင် စိန်ခေါ်မှုများ ရှိနေသော်လည်း ကျွန်တော်သည် အစိုးရသစ်အတွက် အကောင်းများကို မျှော်မှန်းထားပြီး စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်မှန်းထားသည်
အင်န်အယ်ဒီ မည်မျှ အောင်မြင်နိုင်မည်ကို ကျွန်တော် မခန့်နိုင်သေးပါ။ သို့သော် သင့်တော်သော ဝန်ကြီးများ ခန့်အပ်ပြီး မူဝါဒကောင်းများ ချမှတ်နိုင်ပါက အင်န်အယ်လ်ဒီ အောင်မြင်နိုင်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။ ဝန်ကြီးဌာနများတွင် မည်သူတို့ကို ရွေးချယ်မည်ဆိုသည်ကို စိတ်လှုပ်ရှားစွာဖြင့် ကျွန်တော်တို့ စောင့်ကြည့်နေကြပါသည်။
မည်သို့ပင်ဖြစ်စေ စီးပွားရေးလုပ်ငန်းများကလည်း ဆက်လက်လုပ်ဆောင်နေကြမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေသည် အောက်ဆုံးတွင် ရောက်ရှိနေပြီးသား ဖြစ်သဖြင့် ထိုနေရာမှ ဆက်လက် တိုးတက်ရန်သာ ရှိသည်။ ပြီးခဲ့သော ငါးနှစ်အတွင်း မြန်မာနိုင်ငံသည် နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံရှိ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ ညံ့ဖျင်းမှုကြောင့် ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားသည် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ရှားပါးမှုကို ရင်ဆိုင်နေရသည်။ မြန်မာနိုင်ငံတွင်မူ ပြဿ နာမှာ ပြောင်းပြန်ဖြစ်နေသည်။
အစိုးရသည် နိုင်ငံအတွင်းတွင် ရှိနေပြီးသော ရင်းနှီးမြုပ်နှံသူများကို အထောက်အပံ့ပေးရန်ပင် ပျက်ကွက်လျက်ရှိသည်။ ငါးနှစ်ကြာပြီးနောက်တွင်လည်း ကျွန်တော်တို့သည် အခြေခံ အဆောက်အအုံ ဆိုင်ရာအရ၊ စွမ်းအင်ဆိုင်ရာအရ၊ လူသားအရင်းအမြစ်ဆိုင်ရာအရ အားနည်းလျက်ပင်ရှိနေသေးသည်။
ကျွန်တော်တို့သည် ပြည်သူများကို ဆင်းရဲတွင်းမှ ဆွဲထုတ်နိုင်ရန် အလုပ်အကိုင် သန်းပေါင်းများစွာကို ဖန်တီးပေးရမည်ဖြစ်သည်။ အစဦးအနေဖြင့် အလုပ်အကိုင် နှစ်သန်းမှ သုံးသန်းအထိ ဖန်တီးရန် ကျွန်တော်က အကြံပြုလိုပါသည်။ ထိုသို့ ပြုလုပ်နိုင်ရန် လုပ်သားပေါင်း ၂,၀၀၀ မှ ၃,၀၀၀ ခန့်အထိ ခန့်ထားနိုင်သော စက်ရုံအလုပ်ရုံပေါင်း ၁,၀၀၀ ခန့် လိုအပ်မည် ဖြစ်သည်။ အလုပ်အကိုင်များ မဖန်တီးပေးပဲ ငြိမ်းချမ်းရေး ရရှိနိုင်မည် မဟုတ်ပေ။ အလုပ်အကိုင်မရှိပဲ ဖွံ့ဖြိုးတိုးတက်မှုလည်း ရရှိနိုင်မည် မဟုတ်ပေ။ ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက် ပို့ကုန် အဓိက အားထားသော လုပ်အားအခြေပြု စီးပွားရေးကို ဖန်တီးရမည် ဖြစ်သည်။
ကမ္ဘာ့နိုင်ငံများက လိုအပ်သော ကုန်စည်များကို ထုတ်လုပ် တင်ပို့ခြင်း သည် နိုင်ငံ၏ အရင်းအနှီးများကို မြှင့်တင်ပေးရန်နှင့် ကုန်သွယ်ရေး လိုငွေပြမှုကို ချေဖျက်ရန် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး လိုငွေပြမှုသည် ၂၀၁၄-၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၄ ဒသမ ၉ ဘီလျံ ရှိပြီး ၎င်းမှာ GDP ၏ ၃ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်သည်။ မြန်မာနိုင်ငံသည် ဒေါ်လာ ၁၆ ဘီလျံ တန်ဖိုးရှိသော ကုန်စည်များကို တင်သွင်းပြီ ၁၁ ဘီလျံ တန်ဖိုးရှိသော ကုန်စည်များကို တင်ပို့နေပါသည်။ သို့သော် ၎င်းမှာ ရေတိုတွင် စိုးရိမ်ဖွယ်ရာ မရှိပေ။ အဘယ့်ကြောင့်ဆိုသော် ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားသည် နိုင်ငံခြားရင်းနှီး မြုပ်နှံမှုများ၏ ရလဒ်အနေဖြင့် လိုငွေပြမှုကို တွေ့ကြုံရတတ်သောကြောင့် ဖြစ်သည်။ ထုတ်ကုန် အဓိကထားသော စီးပွားရေးကို ဖန်တီးပေးခြင်း သည် ရေရှည်တွင် နိုင်ငံစီးပွားရေးကို တစ်စိတ်တစ်ပိုင်း တည်ငြိမ်စေနိုင်မည်ဖြစ်သော နိုင်ငံခြားငွေများကို ရရှိမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်လိုသော၊ ခိုင်မာသော စီးပွားရေး အခြေခံကို မည်သို့ ကူညီတည်ဆောက်ပေးရမည်ကို သိရှိသော ကုမ္ဗဏီများကို ဖိတ်ခေါ်ရမည် ဖြစ်သည်။
ထုတ်ကုန်အဓိကထားသော စီးပွားရေးသည် နိုင်ငံ၏ အလုပ်အကိုင် ဖန်တီးနိုင်စွမ်းကိုလည်း မြင့်တင် ပေးနိုင်မည်။ ကမ္ဘာ့ဘဏ်၏ အဆိုအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အလုပ်သမားအင်အား အများဆုံးရှိသော နိုင်ငံများထဲတွင် ပါဝင်သည်။ မြန်မာနိုင်ငံတွင် အလုပ်လုပ်နိုင်သော လူဦးရေ သန်း ၃၀ ခန့် ရှိသည်။ သို့သော် အစိုးရသစ်နှင့် ပြည်သူများသည် နိုင်ငံ၏ လုပ်သားအင်အား ပေါများစွာ ရှိနေမှုကို လက်တွေ့အသုံးချရမည် ဖြစ်သည်။ ကျွန်တော့်အနေဖြင့် အင်န်အယ်လ်ဒီကို သတင်းစကားတစ်ခု ပေးရမည်ဆိုပါက နည်းပညာဖွံ့ဖြိုးသော စီးပွားရေးကို ရှောင်ရှားရန် မှာကြားလိုသည်။ အဘယ်ကြောင့်ဆိုသော် ထိုအတွက် ကျွန်တော်တို့သည် အဆင်သင့် မဖြစ်သေးပေ။ အလုပ်အကိုင် ရရှိသည်ဆိုရုံဖြစ်သော အလုပ်များသည် မခမ်းနားသော်လည်း လက်တွေ့ကျပြီး အောင်မြင်နိုင်မည့် ပန်းတိုင်ဖြစ်သည်။ ဒေသတွင်းမှ စီးပွားရေး အင်အားကြီး နိုင်ငံများသည် ကုန်ထုတ်လုပ်မှုမှ နည်းပညာ ပိုမိုမြင့်မားသော စီးပွားရေးလုပ်ငန်းများဆီသို့ ကူးပြောင်းနေစဉ်တွင် ဒေသတွင်းမှ လုပ်အား လိုအပ်ချက်ကို အမြတ်ထုတ်ရယူနိုင်ရန်မှာ မြန်မာနိုင်ငံအတွက် အခွင့်အလမ်းတစ်ခု ဖြစ်သည်။
အလုပ်အကိုင် ဖန်တီးပေးနိုင်ရန်နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် အစိုးရ၏ ပွင့်လင်းမြင်သာမှု ရှိခြင်းသည် အရေးတကြီး လိုအပ်လှသည်
ရန်ကုန်မြို့၏ တောင်ဘက် ၂၅ ကီလိုမီတာ အကွာတွင် တည်ရှိသော သီလဝါ အထူးစီးပွားရေးဇုန်သည် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများနှင့် ကုန်ထုတ်လုပ်မှုပမာဏကို ကောင်းမွန်မှန်ကန်စွာ အသုံးချနေသော ဥပမာတစ်ခု ဖြစ်သည်။ အစိုးရသည် ကုပ္မဏီကြီးများအတွက် ကုန်ထုတ်လုပ်ရေး အချက်အချာတစ်ခု ဖန်တီးနိုင်ရန် အခွန်ဆိုင်ရာ မက်လုံးများပေးခြင်း၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးခြင်း၊ မြေယာဈေးနှုန်းများ ထိန်းချုပ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးထားသည်။ သို့သော် သီလဝါစီးပွားရေးဇုန်သည် သေးငယ်လွန်းလှ သည်။ ၆,၂၀၀ ဧကသာ ကျယ်ဝန်းပြီး အလုပ်သမား ၂၀၀,၀၀၀ ခန့်ကိုသာ အလုပ်ပေးထားနိုင်သည်။ ၎င်းစီးပွားရေးဇုန်ကို ကြီးမားအောင် လုပ်ဆောင်ရမည်ဖြစ်သည်။နိုင်ငံတွင်းရှိ သေးငယ်သော နေရာလေး တစ်ခုထဲအတွက်သာမက တစ်နိုင်ငံလုံးရှိ များပြားလှသော လုပ်သားအင်အားများ အလုပ်ပေးနိုင်မည့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများရှိသော စီးပွားရေးဇုန်မျိုး လိုအပ်သည်။
အလုပ်အကိုင် ဖန်တီးပေးနိုင်ရန်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနှင့် အစိုးရ၏ ပွင့်လင်းမြင်သာမှုရှိခြင်းသည် အရေးတကြီး လိုအပ်လှသည်။ ဤအချက် နှစ်ချက်ကို ဖြေရှင်းပေးနိုင်လျှင် ပိုမိုကောင်းမွန်သော လူမှုရေးနှင့် စီးပွားရေး တည်ငြိမ်မှုလည်း ရရှိလာမည် ဖြစ်သည်။ အင်န်အယ်လ်ဒီ၏ ကြေညာစာတမ်းတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးက အဓိက ပါဝင်နေသည်။ နေပြည်တော်တွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး သဘောတူ စာချုပ်(NCA) သည် အစကောင်းတစ်ခု ဖြစ်သည်။ သို့သော် အဖွဲ့အစည်း ရှစ်ခုကသာ လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းမှာ ဖိတ်ခေါ်ထားသော အဖွဲ့အစည်းများအားလုံး၏ ထက်ဝက်ခန့်သာ ဖြစ်သည်။ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ထွန်းဦးသည် ရှမ်းအဖွဲ့များနှင့် တပ်မတော်တို့အကြား ဖြစ်ပွားနေသော တိုက်ခိုက်မှုများကို ဒေါ်အောင်ဆန်းစုကြည်က ကူညီဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်ချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ခဲ့သည်။ ရခိုင်အမျိုးသားပါတီ (Arakan National Party) ကလည်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အင်န်အယ်လ်ဒီ နှင့် ပူးပေါင်းလုပ်ဆောင်လိုသည်ဟု ပွင့် လင်းစွာ ပြောကြားထားသည်။ NCA လက်မှတ်ရေးထိုးထားသော အကြီးဆုံး လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံးက လက်နက်များ ပြန်လည်အပ်နှံရခြင်းမှာ ကရင်ပြည်သူများ ဖွံ့ဖြိုး တိုးတက်လာမည်ဟု မျှော်လင့်ထားသောကြောင့် ဖြစ်ကြောင်း ပွင့်လင်းစွာပင် ထုတ်ဖော် ပြောကြားထားသည်။ ယင်းအချက်များသည် တိုင်းရင်းသားများအကြား ပေါင်းကူးတံတား ထိုးပေးနိုင်ရန်အတွက် အင်န်အယ်လ်ဒီ၏ အခွင့်အလမ်းတစ်ခုပင် ဖြစ်သည်။ ထိုသို့သော အခွင့်အလမ်းမျိုးကို နိုင်ငံတွင်းရှိ မည်သည့်ပါတီမှ မရရှိနိုင်သေးပေ။
ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ပေးခြင်းနှင့် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ပေးခြင်းသည် အရေးပါလှသည်။ အကျင့်ပျက်ခြစားမှုသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြီးမားဆုံး အတားအဆီး ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ လုပ်ဆောင်နိုင်စွမ်းကို နှောင့်နှေးစေနိုင်သည်။ အကျင့်ပျက် ခြစားမှုသည် နိုင်ငံ၏ တစ်ဦးချင်း ကုန်ထုတ်လုပ်မှုတန်ဖိုး နိမ့်ကျခြင်း၊ ရင်းနှိးမြှပ်နှံမှုများ နည်းပါးခြင်း၊ နိုင်ငံဖွံ့ဖြိုးမှုနှုန်း နည်းပါးခြင်း တို့နှင့် ဆက်နွယ်နေသည်ဟု လက်ခံထားကြသည်။ အကျင့်ပျက်ခြစားမှုကြောင့် မြန်မာနိုင်ငံသည် ရင်းနှီးမြုပ်နှံမှုနှင့် ပြည်တွင်းဝင်ငွေများ ဘီလျံနှင့်ချီ မဟုတ်လျှင်ပင် သန်းနှင့်ချီပြီး ဆုံးရှုံးခဲ့သည်ဟု ပြောလျှင် လျှော့ပြောခြင်း ဟုတ်မည်မထင်ပေ။ မသေချာ မရေရာသော နိုင်ငံတစ်ခုတွင် မည်သူမျှ အလုပ်လုပ်ချင်မည် မဟုတ်ပေ။ ထို့ပြင် အကျင့်ပျက်ခြစားမှုသည် လက်ရှိနိုင်ငံ၏ စီးပွားရေးတွင်လည်း မတည်ငြိမ်မှုကို ဖြစ်ပွားစေသော အဓိက အကြောင်းရင်း ဖြစ်သည်။ စီးပွားရေး လုပ်ငန်းများအတွက် သင့်တော်မှုမရှိဘဲ ရေရည် စီမံကိန်းများ ချမှတ်ရာတွင်လည်း အကျိုးဖြစ်ထွန်းမှု မရှိနိုင်ပေ။
ရှေ့ဆက်သွားရမည့် ခရီးလမ်းတွင် စိန်ခေါ်မှုများ ရှိနေသော်လည်း ကျွန်တော်သည် အစိုးရသစ်အတွက် အကောင်းများကို မျှော်မှန်းထားပြီး စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်မှန်းထားသည်။ လက်ရှိ သယံဇာတရင်းမြစ်များ၊ ပြည်သူများ၏ ကျွမ်းကျင်မှုများအရ မိမိတို့နိုင်ငံအနေဖြင့် မည်သည်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည်ဆိုသည်ကို လက်တွေ့ကျကျ သုံးသပ်ရန်သာ အရေးကြီးကြောင်း အကြံပေးလိုပါသည်။
(ဤဆောင်းပါးသည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဘန်ကောက်ဘဏ်မှ အထက်တန်း အမှုဆောင်အရာရှိများကို ပြောကြားခဲ့သော မိန့်ခွန်းကို အခြေခံ၍ ရေးသားထားခြင်း ဖြစ်သည်။)
ဖြိုးဝင်းကိုကို ဘာသာပြန်သည်။