An office worker inside Sule Square in downtown Yangon on the evening of July 10. (Hkun Lat | Frontier)
ရန်ကုန်မြို့လယ်ခေါင်ရှိ ဆူးလေစကွဲးယားရှိ ရုံးတစ်ရုံးတွင် အလုပ်လုပ်နေသည့် ဝန်ထမ်းတစ်ဦးကို ဇူလိုင်၁၀ရက်က တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ပြည်တွင်းလုပ်ငန်းခွင်သို့ပြန်ရန် နိုင်ငံခြားသားများ စောင့်ဆိုင်းနေ

နိုင်ငံတကာလေကြောင်းလိုင်းများပျံသန်းမှုကို မတ်လတွင် အစိုးရကရပ်ဆိုင်းလိုက်သောအခါ ပြည်ပရောက်နေသည့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများနှင့်ဝန်ထမ်းများသည် ၎င်းတို့၏ အလုပ်များကို အတတ်နိုင်ဆုံး အဝေးကစီမံကြရသည်။ သို့သော် ၎င်းတို့အတွက် မြန်မာပြည်သို့ ပြန်လာရေးမှာ မသေမချာ၊ မရေမရာ ဖြစ်နေသည်။

သောမတ်စ်ကင်း(န်) ရေးသားသည်။

မတ်လကုန်ပိုင်းက မြန်မာအစိုးရသည်နို်ငငံခြားသားများပြည်ဝင်ခွင့်ကို ပိတ်ပင်လိုက်သောအခါ သူဒုက္ခရောက်တော့မည့် အကြောင်း မစ္စတာပီတာဝစ်တန် သိလိုက်လေသည်။ ထိုအချိန်တွင် သူသည် မြန်မာပြည်ပြင်ပတစ်နေရာ ရောက်ရှိနေ၍ဖြစ်သည်။

ကံမကောင်းအကြောင်းလှစွာ Anthem Asia ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ၎င်း၏လုပ်ဖော်ကိုင်ဖက် ဒါရိုက်တာအဖွဲ့ဝင်များဖြစ်သော မစ္စဂျိုဇဖင်းပရိုက်စ်နှင့် မစ္စဂျနီဗင်းဟင်းန်ဂ်တို့သည်လည်း ပြည်ပတွင်ရောက်ရှိနေကြသည်။ Anthem Asia သည် ရန်ကုန်တီးဟောက်စ်ကို စီမံနေသည့် စားသောက်ဆိုင်လုပ်ငန်းစု RTH ကုမ္ပဏီကအစ KyoPay (ကြိုပေး)နည်းပညာကုမ္ပဏီအဆုံး မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်း အမျိုးမျိုးတွင် ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီကြီးဖြစ်သည်။

သူတို့သည် ဟောင်ကောင်နှင့်စင်ကာပူနိုင်ငံများကနေ၍ ၎င်းတို့၏ဝန်ထမ်းများ၊ ၎င်းတို့ရင်းနှီးမြှုပ်နှံထားသောကုမ္ပဏီများ၊ မိတ်ဖက်လုပ်ငန်းရှင်ဖြစ်လာနိုင်သူများနှင့် ပုံမှန်အွန်လိုင်းခေါ်ဆိုမှုများပြုလုပ်ကာ လုပ်ငန်းများကို ချောချောမွေ့မွေ့ လည်ပတ်နိုင်ရန် ကြိုးပမ်းနေရသည်။

၎င်းတို့သည် အဝေးကနေ၍ စီးပွားရေးသဘောတူညီမှုတစ်ခုကိုပင် လက်မှတ်ရေးထိုးခဲ့ကြသေးသည်။ ယင်းမှာ သာမန်အချိန်မျိုးတွင် စဉ်းတောင်မစဉ်းစားမိသည့် လုပ်ဆောင်မှုဖြစ်သည်။

သို့သော် လေးလခန့်ကြာလာပြီးနောက် အဝေးကနေ၍ လုပ်ငန်းများကို လှမ်းပြီးစီမံရသည်က အချိန်ကြလာသည်နှင့်အမျှ ထိရောက်မှုအားနည်းလာသည်။

“အဝေးကနေ ကျွန်တော်တို့ အတော်များများတော့ လုပ်နိုင်ပါတယ်။ Zoom နဲ့ Google Hangouts (အွန်လိုင်းရုပ်သံဆွေးနွေးရာတွင် အသုံးများသည့် ဆော့ဖ်ဝဲများ) တွေကနေ အလုပ်ကိစ္စတွေဆွေးနွေးတယ်။ နေ့လယ်တောင် မရောက်သေးဘူး၊ မစ္စဂျိုဇဖင်းက ဒီမနက်တင် အွန်လိုင်းဆွေးနွေးပွဲ ငါးခုလောက် တက်ပြီးနေပြီ” ဟု မစ္စတာဝစ်တန်က ဇူလိုင်၉ရက်တွင် ဟောင်ကောင်ကနေ၍ ဖရွန်းတီးယားမြန်မာ၏ ဆက်သွယ်မှုကို ပြန်လည်ဖြေကြားသည်။

“ဒါပေမဲ့ လုပ်ချင်တဲ့ဆန္ဒ ဘယ်လောက်ရှိရှိ ခင်ဗျားလုပ်နိုင်တာတွေအများကြီးက အွန်လိုင်းကနေ လုပ်လို့ရတာပဲရှိသေးတယ်။ မနေ့က ကုမ္ပဏီတစ်ခုနဲ့ ဘုတ်အဖွဲ့အစည်းအဝေးတစ်ခုလုပ်တယ်။ အချိန်တစ်နာရီခွဲလောက် ကြာသွားတယ်။ ဘယ်အစည်းအဝေးပဲဖြစ်ဖြစ် Zoom (ဆော့ဝဲလ်)နဲ့ အွန်လိုင်းမှာ မိနစ်၂၀လောက် ဆွေးနွေးလည်းပြီးရော လူတွေက အာရုံစုစည်းမှုလျော့ကျလာတော့တာပဲ” ဟု သူက ဆက်ပြောသည်။

ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုပြင်းထန်၍ ရင်းနှီးမြှုပ်နှံမှုအခြေအနေအရပ်ရပ်ကို လျော့ကျသွားသော်လည်း Anthem Asia သည် လုပ်ငန်းတိုးချဲ့လိုပြီး မတည်ငွေရင်းမရှိဖြစ်နေသော အလားအလာကောင်းသည့် ကုမ္ပဏီများစွာနှင့် အလုပ်ကိစ္စစကားပြောနေရသောကြောင့် “အလွန်အလုပ်များနေခဲ့သည်” ဟု မစ္စတာဝစ်တန်က ပြောသည်။

သို့သော်လည်း မိုင်ပေါင်း၁၂၀၀ကျော် ကွာဝေးသည့်နေရာကနေ၍  ယင်းသို့ အလားအလာရှိသော စီးပွားရေးလုပ်ငန်းများ အကောင်အထည်ပေါ်လာအောင်စီမံခန့်ခွဲရသည်က စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်လာသည်။

“တစ်ချိန်ချိန်မှာတော့ လုပ်ငန်းခွင်ကို ပြန်ဖို့လိုကိုလိုအပ်လာတယ်။ ကုမ္ပဏီစာရင်းဇယားတွေ၊ လုပ်ငန်းဘဏ္ဍာရေး အခြေအနေတွေကို အဝေးကနေချည်းပဲလှမ်းပြီး လုပ်လို့ရတာမျိုးမဟုတ်ဘူး။ လူကိုယ်တိုင်လာပြီး တခြားသူတွေနဲ့ အပြန်အလှန်ဆွေးနွေးပြောဆိုဖို့ လိုအပ်လာပြီ”ဟု သူကပြောသည်။

“ကျွန်တော်တို့လည်း တခြားသူတွေလိုပါပဲ။ ကျွန်တော်တို့တွေက လုပ်ငန်းစီမံခန့်ခွဲရတဲ့ အလုပ်ကိုလုပ်တယ်၊ ဒါပေမဲ့ ဖြစ်နိုင်ရင်တော့ ရန်ကုန်ကို မြန်မြန်ပြန်နိုင်လေ ကောင်းလေပဲဗျာ”သူက ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာဝင်ပေါက်များ (နယ်စပ်ဂိတ်နှင့်အပြည်ပြည်ဆိုင်ရာလေဆိပ်များ)ကို စတင်ပိတ်ပင်လိုက်ပြီး လေကြောင်းလိုင်းများ ပြေးဆွဲခြင်းကို ဆိုင်းငံ့လိုက်သောအခါ ပြည်ပမှ လာရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံခြားသားဝန်ထမ်းများ ထောင်နှင့်ချီ၍ (သောင်းဂဏန်းထိလည်း ဖြစ်နိုင်သည်) မြန်မာပြည်ပြင်ပတွင် ရောက်နေကြသည်။ ၎င်းတို့ထဲတွင် မစ္စတာဝစ်တန်နှင့် သူ့လုပ်ဖော်ကိုင်ဖက်များလည်း အပါအဝင်ဖြစ်သည်။

ပြည်တွင်းလုပ်ငန်းခွင်ဝင် နိုင်ငံခြားသားအချို့မှာ ကိုဗစ်-၁၉ရောဂါ ကပ်အသွင်ကူးစက်ပျံ့ပွားမှု ရုတ်တရက်ဖြစ်ပေါ်လာပါက မြန်မာနိုင်ငံ၏ကျန်းမာရေးစနစ်သည် ထိန်းချုပ်ကုသနိုင်ရန် လုံလောက်သည့် စွမ်းဆောင်ရည်မရှိဟုဆိုကာ ၎င်းတို့၏အစိုးရများက သတိပေးသည့်အတွက် မိမိဆန္ဒအလျောက် ထွက်ခွာသွားကြခြင်း ဖြစ်သည်။

သို့သော် အခြားသူများမှာမူ ရွေးချယ်ခွင့်မရှိဘဲ ၎င်းတို့အလုပ်ရှင်များက ချမှတ်ထားသော အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ စည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းမူဝါဒများကြောင့် မြန်မာပြည်အတွင်းမှ ထွက်ခွာခဲ့ကြရသည်။

အချို့ကိစ္စရပ်များတွင်မူ မြန်မာပြည်အတွင်းရှိနေသေးသည့် နိုင်ငံခြားသားများကို အာမခံကုမ္ပဏီများက ဆက်လက်နေထိုင်၍ တစ်စုံတစ်ရာဖြစ်လာပါက အာမခံကြေးတာဝန်ယူမည်မဟုတ်ဟု ဆိုလာသောကြောင့် အလုပ်ရှင်များကိုယ်တိုင် ဖိအားပေး၍ ပြည်တွင်းမှ ထွက်ခွာစေခဲ့သည်။

ဖေဖော်ဝါရီတွင် ပြည်တွင်းမှထွက်ခွာသူနိုင်ငံခြားသား အနည်းငယ်သာရှိခဲ့ရာမှ မတ်လလယ်တွင် ထွက်ခွာမှုသည် အစုလိုက်အပြုံလိုက်ဖြစ်လာသည်။ ထိုမှတစ်ပတ်တာအတွင်း နောက်ဆုံးအသုတ်လေယာဉ်များ ပြည်ပသို့ထွက်ခွာခဲ့ရာ လေယာဉ်လက်မှတ်ရရန် သူ့ထက်ငါ အပြိုင်အဆိုင်ကြိုးပမ်းခဲ့ကြသည်။

အစိုးရသည် မတ်၃၀ရက် သန်းခေါင်ယံအချိန်မှစတင်၍  နိုင်ငံတကာလေကြောင်းလိုင်းများ ဝင်ရောက်ဆင်းသက်ခွင့်ကို တရားဝင်တားမြစ်ခဲ့သည်။

သို့သော် ကိုဗစ်-၁၉ရောဂါကူးစက်မှု တည်ငြိမ်လာပြီး ဧပြီနှင့်မေတို့တွင်ချမှတ်ခဲ့သော ရောဂါထိန်းချုပ်ရန် ကန့်သတ်ချက်အချို့ဖြေလျှော့မှုနှင့်အတူ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်အသက်ဝင်လာချိန်တွင် ပြည်ပရောက်နိုင်ငံခြားသားများ ပြည်တွင်းလုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန် စိတ်အားထက်သန်လာကြပြန်သည်။

မေလကုန်ခန့်ရောက်သောအခါ မြန်မာပြည်အတွင်းသို့ မည်သို့ပြန်လည်ဝင်ရောက်နိုင်သနည်းဆိုသည့် မေးခွန်းသည် နိုင်ငံခြားကုန်သည်အသင်းများက စီစဉ်သော webinar အွန်လိုင်းဆွေးနွေးပွဲများတွင် မကြာခဏ မေးမြန်းကြသည့် မေးခွန်းဖြစ်လာသည်။ သို့သော် နိုင်ငံတကာလေကြောင်းလိုင်းများ ဆင်းသက်ခွင့်တားမြစ်ထားခြင်းနှင့် နယ်စပ်ဝင်ပေါက်များကို ပိတ်ပင်ထားခြင်းကြောင့် လုပ်ငန်းရှင်များအဖို့ မြန်မာပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် အခြားနည်းလမ်းမရှိဖြစ်နေသည်။

ဇွန်တွင် မူလက ပြည်ပရောက်မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ရန် ရည်ရွယ်ထားသော ကယ်ဆယ်ရေးလေယာဉ်များဖြင့် အစိုးရသည် ပြည်တွင်းလုပ်ငန်းခွင်များတွင် “မဖြစ်မနေလိုအပ်သူအချို့”ကိုလည်း တိတ်တဆိတ် စတင်လိုက်ပါခွင့်ပြုခဲ့သည်။

အစိုးရထုတ်ပြန်သော ကိန်းဂဏန်းများအရ လုပ်ငန်းဗီဇာကိုင်ဆောင်ပြီး နိုင်ငံအတွင်းသို့ ဝင်ရောက်လာသူဦးရေသည် မေတွင်၁၀၂ဦးသာရှိခဲ့သော်လည်း ဇွန်တွင် ၂၇၈ဦးအထိ မြင့်တက်လာခဲ့သည်။ သို့သော် ယင်းအရေအတွက်သည် ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါမတိုင်မီက မြန်မာနိုင်ငံအတွင်းသို့ လစဉ်ဝင်ရောက်သည့် လူဦးရေ ၂၅,၀၀၀ဦးနှင့် နှိုင်းယှဉ်လျှင် အလွန်နည်းပါးသည်။

ဇွန်လကုန်တွင် အစိုးရက အပြည်ပြည်ဆိုင်ရာလေဆိပ်များကို ဇူလိုင်လကုန်အထိ ပိတ်ထားဦးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုသို့ကြေညာရာတွင် “အရေးပေါ်အစိုးရတာဝန် သို့မဟုတ် မလွှဲမရှောင်သာသော ကိစ္စရပ်များ”ကြောင့် မြန်မာပြည်သို့ဝင်ရောက်လိုသည့် နိုင်ငံသားခြားများသည် “ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက်” ပြည်ပနိုင်ငံများရှိ ၎င်းတို့နှင့် အနီးဆုံး မြန်မာသံရုံးများကို ဆက်သွယ်နိုင်ကြောင်းလည်း ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့သည်။

အစိုးရသည် ရောဂါစောင့်ကြည့်ကာလအတွက် သတ်မှတ်ထားသည့် မူဝါဒကိုလည်း ဖြေလျှော့ခဲ့ပြီး “၇+၇+၇”ဟု အလွယ်မှတ်နိုင်သော စည်းမျဉ်းကို ချမှတ်ခဲ့သည်။ ယင်းစည်းမျဉ်းအရ နိုင်ငံခြားသားတစ်ဦးသည် မြန်မာနိုင်ငံသို့ ထွက်ခွာမလာမီ အိမ်တွင်းခုနှစ်ရက် အသွားအလာကန့်သတ်နေထိုင်ရမည်ဖြစ်ပြီး ကိုဗစ်-၁၉ရောဂါပိုး ကင်းရှင်းကြောင်း ဆေးစစ်ချက်ရယူရမည်ဖြစ်သည်။ မြန်မာနိုင်ငံသို့ရောက်သောအခါ အစိုးရစီစဉ်ပေးသောနေရာ သို့မဟုတ် မိမိဘာသာ ရွေးချယ်သော ဟိုတယ်တွင် ခုနှစ်ရက်အသွားအလာကန့်သတ်နေထိုင်ရမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ ထပ်မံစစ်ဆေးရမည်ဖြစ်သည်။ ပိုးမတွေ့မှသာ အိမ်တွင်ခုနှစ်ရက် အသွားအလာကန့်သတ်နေထိုင်ရမည်ဖြစ်သည်။

ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါကြောင့် မတ်၂၁ရက်ကတည်းက လေကြောင်းလိုင်းအချို့ ပျံသန်းမှုအစီအစဉ်ပယ်ဖျက်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း ကြေညာထားသည်ကို မြင်တွေ့ရစဉ်။ ယင်းနောက် ကိုးရက်အကြာတွင် အစိုးရက နိုင်ငံတကာလူစီးသီးသန့် လေကြောင်းလိုင်းများ အားလုံးကို ဆိုင်းငံ့လိုက်သည်။
(သူရဇော် | ဖရွန်းတီးယားမြန်မာ)

ထိုစဉ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သူအနည်းငယ်တွင် လမ်း၊ တံတား၊ ရထားလမ်း၊ လျှပ်စစ်ထုတ်လုပ်ရေးနှင့် ဆေးရုံစသည်တို့ တည်ဆောက်ခြင်းနှင့် ပြင်ဆင်ခြင်းအပါအဝင် ဖွံ့ဖြိုးရေးစီမံကိန်းများတွင် လုပ်ငန်းခွင်ဝင်ကြသော ဂျပန်လူမျိုး အင်ဂျင်နီယာ၂၀ဦးနှင့် အခြားတာဝန်ရှိသူများ ပါဝင်သည်။

ဇွန်၂၆ ရက်တွင် ANA လေကြောင်းလိုင်းကပြေးဆွဲသည့် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ၎င်းတို့ကို ရန်ကုန်ရောက်ရှိလာအောင် ခေါ်ဆောင်ပေးသည့်အတွက် အစိုးရကို အထူးကျေးဇူးတင်ကြောင်း ရန်ကုန်ရှိဂျပန်သံရုံးက ထုတ်ပြန်ခဲ့သည်။ “၎င်းတို့သည် မြန်မာနိုင်ငံအတွင်းက တရားဝင်ဖွံ့ဖြိုးမှုအကူအညီဖြင့်ဆောင်ရွက်သည့် စီမံကိန်းများကို ပြီးစီးအောင်ဆောင်ရွက်နိုင်ရန် မရှိမဖြစ်လိုအပ်သော သူများဖြစ်သည်” ဟု ထည့်သွင်းဖော်ပြခဲ့သည်။

သြဂုတ်လဆန်းတွင်ဂျပန်သို့ပြန်လာလိုသူ ဂျပန်လူမျိုး၅၅ဦးရှိခဲ့ပြီး မြန်မာပြည်သို့ လာရောက်ရန် စောင့်ဆိုင်းနေသူ ဂျပန်စီးပွားရေးသမား ၁,၃၀၀ မကရှိကြောင်း သံရုံးပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

အစိုးရချင်းဆောင်ရွက်သော စီမံကိန်းများတွင် မပါဝင်သည့် ဂျပန်လူမျိုးများအတွက် ကယ်ဆယ်ရေးလေယာဉ်များနှင့် လိုက်ပါနိုင်ရန်မှာ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သီးသန့်ခွင့်ပြုချက်လိုအပ်သောကြောင့် ကြီးမားသည့် အခက်အခဲတစ်ရပ် ဖြစ်ခဲ့သည်။

သံရုံးများသည် ထိုအတောအတွင်း ပြည်ဝင်ခွင့်ဗီဇာသစ်များကို ထုတ်ပေးခြင်းမရှိတော့သည့်အပြင် သွားရောက်လိုသည့် နိုင်ငံကစေလွှတ်လိုက်သော ကယ်ဆယ်ရေးလေယာဉ်များတွင် လိုက်ပါနိုင်ရန်မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့သည်။

ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လိုသော နိုင်ငံခြားသားအများစုမှာ မြန်မာနိုင်ငံအစိုးရက လူစီးလေကြောင်းလိုင်းများကို ပြန်လည်ခွင့်ပြုမည့် အချိန်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။ အထူးသဖြင့် ဒေသတွင်းနိုင်ငံများမဟုတ်သည့် နေရာများတွင် ရောက်ရှိနေသော နိုင်ငံခြားသားများအဖို့ လပေါင်းများစွာ ထပ်မံစောင့်ဆိုင်းရဖွယ်ရှိနေသည်။

အစိုးရသည် နိုင်ငံတကာလေကြောင်းလိုင်းများကို အောက်တိုဘာတွင်မှ ပြန်လည်ခွင့်ပြုမည်ဟု ခန့်မှန်းထားကြောင်း ဇူလိုင်၇ရက်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုဆိုင်ရာ အစည်းအဝေးတစ်ခုတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။ သို့သော် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနည်းသော ဒေသတွင်းနိုင်ငံများအကြား သီးသန့်သဘောတူညီမှုဖြင့် အပြန်အလှန်ခွင့်ပြုကြမည့် ခရီးသွားအစီအစဉ်များတွင် မြန်မာနိုင်ငံကပါဝင်ရန် စီစဉ်ထားကြောင်းလည်း ၎င်းကဆိုသည်။

တားမြစ်ကန့်သတ်ချက်များကို မည်သည့်အချိန်တွင် ဖယ်ရှားမည်မှန်းမသေချာခြင်းသည် လုပ်ငန်းများတိုးချဲ့ရန်နှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များကို လုပ်ကိုင်ရန်မဆိုထားနှင့် လုပ်ငန်းလည်ပတ်မှုကို ထိန်းသိမ်းထားနိုင်ရန်ပင် အခက်အခဲများဖြစ်စေကြောင်း မြန်မာနိုင်ငံဆိုင်ရာဥရောပကုန်သည်ကြီးများအသင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသို့ပြန်လာနိုင်ရန် စောင့်ဆိုင်းနေသော ဥရောပနိုင်ငံသားမည်မျှရှိသည်ကို အတိအကျပြောရန် ခက်ခဲသော်လည်း ၎င်းတို့အသင်းဝင်များအနက် ပြန်လာနိုင်ရန်နည်းလမ်းများကို စုံစမ်းသူများစွာရှိနေသည်ဟု သူကပြောသည်။ နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံခြားသားဝန်ထမ်းများမြန်မာပြည်သို့ ပြန်လည်ဝင်ရောက်ကာ အလုပ်လုပ်ကိုင်ရန် လိုအပ်သည်မှာ သိသာလှသည်ဟု ၎င်းကဆိုသည်။

“ဥရောပရင်းနှီးမြှုပ်နှံမှုတွေအတွက် မရှိမဖြစ်လိုအပ်တဲ့နိုင်ငံခြားသားဝန်ထမ်းတွေ ပြန်လာနိုင်ရေး နိုင်ငံတကာစံနှုန်းနဲ့အညီ သတ်မှတ်ထားတဲ့ အသွားအလာကန့်သတ်နေထိုင်မှု စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ခွင့်ပြုသင့်ပါတယ်” ဟု အဆိုပါပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

မြေပြင်လုပ်ငန်းခွင်တွင် စီမံအုပ်ချုပ်မှုဝန်ထမ်းများ ရှိမနေခြင်းကြောင့် “ စီးပွားရေးဆုံးဖြတ်ချက်များ ချမှတ်ရာတွင် နှေးကွေးမှုများဖြစ်နေပြီး ရောင်းဝယ်ရေးသဘောတူညီမှုအသစ်များ လျော့ကျလာသည့်အပြင် ထုတ်ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုပေးရာတွင် ရှုပ်ထွေးမှုပိုမိုများပြားလာကြောင်း” ဥရောပကုန်သည်ကြီးများအသင်းအဖွဲ့ဝင်၊ စိုက်ပျိုးရေးကဏ္ဍတွင် အဓိကမြှုပ်နှံသော နည်းပညာကုမ္ပဏီ Impact Terra တည်ထောင်သူ မစ္စတာအာဝင်ဆစ်ခ်မာက ပြောသည်။

သို့သော် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကိုတုံ့ပြန်ရာတွင် အခြားနိုင်ငံများထက် တမူထူးခြားမနေသောကြောင့် အစိုးရ၏ ကိုဗစ်-၁၉ရောဂါထိန်းချုပ်မှုနှင့်ပတ်သက်၍ သတိကြီးကြီးထားသည့် ခြေလှမ်းများကို နားလည်နိုင်သည်ဟု နိုင်ငံခြားကုန်သည်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်၊ ဝန်ထမ်းများကဆိုသည်။

“ဒေသတွင်းကနိုင်ငံတိုင်း ဒီစိန်ခေါ်မှုနဲ့ရင်ဆိုင်နေရတာပဲ။ မြန်မာတနိုင်ငံတည်း ထူးထူးခြားခြား ကြုံတွေ့နေရတာမှ မဟုတ်တာ”ဟု အကြံပေးကုမ္ပဏီ Vriens & Partners (မြန်မာပြည်)ဌာနမှူးမစ္စတာဂျရမီမြူလန်စ်က ပြောသည်။

“ဥပမာဆိုရင် စင်ကာပူမှာလည်း ပြောနေဆိုနေကြတာက ဒီကိစ္စပါပဲ။ နေရာတိုင်းမှာ ကူးလူးဆက်ဆံသွားလာမှုကို ခွင့်ပြုဖို့နဲ့ (ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကာကွယ်ရေး)ကျန်းမာရေးအစီအမံတွေ ဘယ်လိုချက်မှတ်မလဲဆိုတဲ့ အကြောင်းအရာနှစ်ခုအကြား မှန်ကန်တဲ့မျှချေရောက်အောင် ချိန်ညှိနေကြတုန်းပါပဲ”ဟု ၎င်းက ပြောသည်။

“မြန်မာနိုင်ငံသားများသာမက မြန်မာပြည်အတွင်းနေထိုင်သည့် ဘယ်သူမဆို ကျန်းမာသုခရရှိစေရန်” (ကိုဗစ်-၁၉ရောဂါ)ကာကွယ်ရေးအတွက် ခရီးသွားလာခွင့်နှင့် ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ချက်များ၊ ရောဂါကူးစက်ခြင်းရှိ၊ မရှိ အသွားအလာကန့်သတ်စောင့်ကြည့်ခြင်း အစီအမံများလိုအပ်ကြောင်း ဩစတြေးလျကုန်သည်ကြီးများအသင်း အမှုဆောင်အရာရှိချုပ်ဒေါ်ဧကရီမော်က ပြောသည်။

သြစတြေးလျနိုင်ငံသားများအတွက်မူ နိုင်ငံမှထွက်ခွာရန် ဩစတြေးလျအစိုးရ၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်ဖြစ်ရာ ၎င်းတို့သည်အများနှင့်မတူ တမူထူးသည့်အခက်အခဲများ ရင်ဆိုင်ရသည်ဟု သူက ပြောသည်။

အကြီးမားဆုံး အခက်အခဲမှာ နှစ်နိုင်ငံအကြားဆက်သွယ်ပျံသန်းသည့် လေကြောင်းလိုင်းများ မရှိခြင်းဖြစ်သည်။ နှစ်နိုင်ငံအကြား တိုက်ရိုက်ပျံသန်းသည့် လေကြောင်းလိုင်းမရှိသလို လက်ရှိအချိန်တွင်သွားလာရန်မှာ ခရီးသွားကန့်သတ်ချက်များစွာကို ကျော်ဖြတ်ရဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ တတ်နိုင်သမျှအမြန်ပြန်လာ၍ လုပ်ငန်းခွင်ဝင်လိုသော သြစတြေးလျနိုင်ငံသား အယောက် ၃၀ ကျော်ရှိကြောင်း ဒေါ်ဧကရီမော်က ပြောသည်။ ရှေ့လာမည့်လများတွင် မြန်မာနိုင်ငံသို့ ပြန်လာချင်သူဦးရေ ရာနှင့်ချီရှိနိုင်သည်ဟု သူက ဆိုသည်။

၎င်းတို့ ပြန်မလာခင်အထိ မြန်မာနိုင်ငံအတွင်းက သြစတြေးလျနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများသည် “စိန်ခေါ်မှုများ အကြီးအကျယ် ကြုံတွေ့ရဖွယ်” ရှိသည်။

“နည်းပညာအသုံးချပြီး အဝေးကနေ လှမ်းအလုပ်လုပ်ရတာက လုပ်ငန်းလည်ပတ်ဖို့တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ လုပ်ငန်းတွေကို စီမံကြီးကြပ်ဖို့နဲ့ ဆက်ပြီးလည်ပတ်ဖို့အတွက်ကျတော့ (နိုင်ငံခြားသားတွေ) မြန်မာပြည်ပြန်လာဖို့ လိုကိုလိုအပ်နေတယ်”ဟု သူက ပြောသည်။

“မြန်မာအစိုးရက ဒါကို သေသေချာချာနားလည်တယ်။ ကျွန်မတို့ဘက်ကလည်း သူတို့ဘက်က လုပ်ပေးနိုင်တာကို လုပ်နေတယ်လို့လည်း ထင်ပါတယ်”ဟု သူက ဆက်ပြောသည်။

ဇွန်လနှောင်းပိုင်းတွင် ပြည်တွင်းလုပ်ငန်းခွင်များတွင်မဖြစ်မနေလိုအပ်သူများကို ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြည်တွင်းသို့ လိုက်ပါခွင့်ပြုမည်ဟု မြန်မာနိုင်ငံအစိုးရက ကြေညာခဲ့စဉ်တွင် မစ္စတာဝစ်တန်က ဟောင်ကောင်ရှိ မြန်မာကောင်စစ်ဝန်ရုံးတွင် သူ၏ ပြည်ဝင်ခွင့်ဗီဇာကို သက်တမ်းတိုးရန် သွားရောက်လျှောက်ထားခဲ့သည်။

အခြေအနေမှာ လျှောက်ထားဆဲဖြစ်ပြီး မြန်မာသို့ ပြည်ဝင်ခွင့်ဗီဇာရရန် သူကမျှော်လင့်နေသည်။

နောက်ထပ် စိန်ခေါ်မှုတစ်ခုမှာ စီးပွားဖြစ်လေကြောင်းလိုင်းများ ပြေးဆွဲခွင့်မရသေးပါက အခါအားလျော်စွာ ရက်သတ်မှတ်၍ ပြေးဆွဲသည့်ကယ်ဆယ်ရေးလေယာဉ်များဖြင့် ထွက်ခွာလိုသည့် နိုင်ငံတစ်ခုခုသို့ သွားရောက်ရန် ဖြစ်သည်။

“အဲဒီကယ်ဆယ်ရေးလေယာဉ်တစ်စီးစီးနဲ့ လိုက်ရမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ ကျွန်တော်တို့ ကျေနပ်ပါတယ်။ ရန်ကုန်ကိုပြန်ရောက်လို့ ကွာရန်တင်း (ရောဂါကူးစက်မှုရှိ၊ မရှိစောင့်ကြည့်ရန် အသွားအလာကန့်သတ်ခြင်း) ဝင်ရလည်း ကိစ္စမရှိပါဘူး။ ဘာတွေလိုက်နာဖို့လိုအပ်သလဲဆိုတာကို ကျွန်တော်တို့နားလည်သလို အဲဒါတွေကို လိုက်နာဆောင်ရွက်ဖို့လည်း အသင့်ပါပဲ” မစ္စတာဝစ်တန်က ပြောသည်။

သူရန်ကုန်သို့ ပြန်ရောက်သောအခါပထမဆုံး လုပ်ချင်သည့်အရာကို မေးမြန်းသောအခါ “ရန်ကုန်တီးဟောက်စ်ကိုသွားပြီး မုန့်ဟင်းခါးတစ်ပွဲ သွားဆွဲပစ်လိုက်မယ်”ဟု သူက ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

Share on facebook
Share on twitter
Share on email

More stories

Related stories

Latest Issue

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters

Our fortnightly magazine is available in print, digital, or a combination beginning at $80 a year

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar