ပြည်တွင်းစစ် ပဋိပက္ခမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ဘက်က ရပ်တည်နေသလား

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တချို့က ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ဘက်က ရပ်တည်တယ်ဆိုကာ ဝေဖန်နေကြပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရက ငြိမ်းချမ်းရေးရရှိရေးအတွက် ဘယ်ဘက်မှမယိမ်းဘဲ ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

၂၀၁၇ ဇန်နဝါရီလ ၄ ရက်မှာ ကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေးနေ့က နေပြည်တော်မှာ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်တဲ့ အခမ်းအနား တစ်ရပ် ကျင်းပခဲ့ပြီး တပ်မတော်သား အရာရှိ စစ်သည်တွေနဲ့ ကျဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဘွဲ့တံဆိပ်တွေ ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။

ဘွဲ့တံဆိပ် ချီးမြှင့်ခံရသူတွေဟာ ပြီးခဲ့တဲ့ကာလ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ထူးထူးချွန်ချွန်ပါဝင်ခဲ့သူူ တချို့နဲ့ ကျဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေ ဖြစ်ကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး တိုင်းရင်းသား အခွင့်အရေး လှှုပ်ရှားသူတွေနဲ့ အဖွဲ့အစည်း တချို့က ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတ တစ်ယောက်အနေနဲ့ ခုလို ပြည်တွင်းစစ်မှာ တိုက်ပွဲဝင်ခဲ့တဲ့၊ ဒါမှမဟုတ် ကျဆုံးသွားတဲ့ တပ်မတော်သားတွေကို ဂုဏ်ပြုဘွဲ့တံဆိပ် ချီးမြှင့်တာမျိုး မလုပ်သင့်ဘူး၊ ဒါဟာ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ပဋိပက္ခ ပြဿနာမှာ တပ်မတော်ဘက်က ရပ်တည်ပြလိုက်သလို ဖြစ်သွားစေတယ်၊ ဒီလုပ်ရပ်ကို တိုင်းရင်းသားတွေ ဘက်က အမြင်ကြည်လင်မှာ မဟုတ်ဘူး၊ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း အဟန့်အတား အနှောင့်အယှက် ဖြစ်စေနိုင်တယ်ဆိုပြီး ဝေဖန်ကြပါတယ်။ တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းစစ်ပြဿနာမှာ တပ်မတော်ဘက်ကနေ ရပ်တည်နေသလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အလားတူ ဝေဖန်မှုမျိုး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ကေအိုင်အေနဲ့ သူ့ရဲ့ မဟာမိတ်တပ်ဖွဲ့တွေ ရှမ်းပြည်မြောက်ပိုင်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နဲ့ မူဆယ်ဧရိယာကို ဝင်ရောက်တိုက်ခိုက်ချိန်တုန်းကလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်အနေနဲ့ နယ်မြေ အေးချမ်းတည်ငြိမ်အောင်၊ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ပေးဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အဲဒီအချိန်တုန်းကလည်း တိုင်းရင်းသား ခေါင်းဆောင်တချို့နဲ့ အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်တချို့က ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကနေ တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်တွေ ဆင်နေတုန်းကတော့ ဘာမှ မပြောဘူး၊ ရေငုံနှုတ်ပိတ်နေတယ်၊ အခု လက်နက်ကိုင် တိုင်းရင်းသားတွေက မူဆယ်ဧရိယာကို စစ်ဆင်တိုက်ခိုက်တော့မှ တပ်မတော်ဘက်က ရပ်တည်ပြောဆိုတယ်ဆိုပြီး ဝေဖန်ခဲ့ကြပါသေးတယ်။

အခုနောက်ပိုင်း ကေအိုင်အေလို လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ တာဝန်ရှိသူတချို့ကလည်း အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ဟာ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကြား ပဋိပက္ခမှာ ကြားမနေဘူး၊ တပ်မတော်ဘက်က ရပ်တည်နေတယ် ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေကိုလည်း ခပ်စိပ်စိပ် လုပ်လာတာ တွေ့ကြရပါတယ်။

တကယ်တော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ ရပ်တည်ချက်မှာ အပိုင်းနှစ်ပိုင်း ရှိပါတယ်။ ပထမတစ်ပိုင်းက ငြိမ်းချမ်းရေးကို ဘယ်လိုနည်းနဲ့ အဆင့်ဆင့် တည်ဆောက်သွားမလဲ ဆိုတာပါ။ နောက်တစ်ဆင့်ကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဘယ်လို တည်ထောင်ကြမလဲဆိုတဲ့ သဘောထားပါ။

အခုနောက်ပိုင်း ကေအိုင်အေလို လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ တာဝန်ရှိသူတချို့ကလည်း အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ဟာ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကြား ပဋိပက္ခမှာ ကြားမနေဘူး၊ တပ်မတော်ဘက်က ရပ်တည်နေတယ် ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေကိုလည်း ခပ်စိပ်စိပ် လုပ်လာတာ တွေ့ကြရပါတယ်။

ပထမပိုင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရဘက်က လက်ခံထားတာဟာ ပထမအဆင့် တစ်ဖက်နဲ့ တစ်ဖက် အပစ်အခတ်တွေ ရပ်စဲကြမယ်၊ ပြီးရင် အားလုံးပါဝင်မယ့် ဒုတိယ ပင်လုံညီလာခံတွေကနေ နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေး အဖြေရှာကြမယ်၊ ဆွေးနွေးပွဲတွေကနေ ရလာတဲ့ သဘောတူညီချက်တွေကို လွှတ်တော်က အတည်ပြု၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီး ပြည်ထောင်စု တည်ဆောက်သွားမယ် ဆိုတဲ့ သဘောထားပါ။

ဒီလမ်းပြမြေပုံအရ ပထမအဆင့် တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးရမယ်လို့ သဘောထားရပ်တည်ထားတာ ဖြစ်ပါတယ်။ ဒီအချက်နဲ့ပတ်သက်ရင် အရင်သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ရော၊ တပ်မတော်နဲ့ပါ သဘောထားချင်း အတူတူပါပဲ၊ ဘာမှ ကွဲလွဲမှု မရှိပါဘူး။ ဒါပေမဲ့ ကေအိုင်အေလို အဖွဲ့မျိုးနဲ့ကတော့ သဘောထားချင်း ခြားနားပါတယ်။

ကေအိုင်အေရဲ့ သဘောထားကတော့ အပစ်အခတ် ရပ်စဲစရာ မလိုဘူး၊ စစ်ပွဲတွေ ဆိုတာဟာ နိုင်ငံရေး ပြဿနာကြောင့် ပေါ်ပေါက်လာတာဖြစ်လို့၊ နိုင်ငံရေးပြဿနာတွေကို ဆွေးနွေးဖြေရှင်းပြီးသွားရင် စစ်ပွဲတွေ အလိုလို ရပ်စဲသွားလိမ့်မယ်ဆိုတဲ့ သဘောထားမျိုး ဖြစ်နေလို့ပါပဲ။ ဒါကြောင့် ကေအိုင်အေဟာ အစိုးရနဲ့ တစ်ဖွဲ့ချင်း အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးသလို၊ NCA မှာလည်း လက်မှတ်မထိုးပါဘူး။ အလားတူ သဘောထားမျိုး ရှိတာက ဝ လက်နက်ကိုင်အဖွဲ့ပါ။ သူကလည်း NCA ကို လက်မှတ်ထိုးစရာ မလိုဘူးလို့ ပြောထားတာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ NCA လက်မှတ်ထိုးပြီးရင် အားလုံးပါဝင်မယ့် ညီလာခံတွေ လုပ်ပြီး နိုင်ငံရေး ဆွေးနွေးကြဖို့ပါ။ ဒီအချက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ခေါင်းဆောင်တွေ သဘောထားချင်း တူညီကြပါတယ်။ ဒါနဲ့ပတ်သက်ရင် ကေအိုင်အေ က NCA ကို လက်မှတ် မထိုးချင်ပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာတော့ ပါဝင်လိုတဲ့သဘော တွေ့ရပါတယ်။

ထူးခြားတာက ဝ အဖွဲ့ပါ။ သူကတော့ သူ့တောင်းဆိုချက်တွေနဲ့ ပတ်သက်ရင် အစိုးရ၊ တပ်မတော်နဲ့ နှစ်ဘက်ဆွေးနွေးတာမျိုးကိုပဲ လိုချင်တယ်ဆိုတဲ့သဘော၊ ဒုတိယ ပင်လုံလို အားလုံးဝင်ဆွေးနွေးကြမယ့် ညီလာခံမျိုးကို တက်ချင်စိတ် မရှိတဲ့သဘော ဖော်ပြနေပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လို တည်ဆောက်ကြမလဲ ဆိုတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ တပ်မတော်ဟာ တိုင်းပြည်ကာကွယ်ရေးတာဝန်ကိုပဲ ထမ်းဆောင်တဲ့၊ နိုင်ငံရေးမှာ ပါဝင် ပတ်သက် လွှမ်းမိုးမှု မရှိတဲ့ တိုင်းပြည်မျိုး တည်ဆောက်ချင်တာပါ။ ဒီအချက်နဲ့ ပတ်သက်ရင် တပ်မတော်ခေါင်းဆောင်တွေရဲ့ ဒီကနေ့ ရပ်တည်ချက်နဲ့ ကွဲလွဲနေပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေကတော့ ဒီအချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တသဘောတည်း ရှိနေတာ ဖြစ်ပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဟာ နောင်အနာဂတ်မှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ် ဆိုတာဟာ သက်ဆိုင်ရာ တိုင်းရင်းသား ပြည်နယ်အသီးသီးမှာ အဲဒီက ပြည်သူတွေ ရွေးကောက်တင်မြှောက်လိုက်တဲ့ ဒေသန္တရ အစိုးရက အုပ်ချုပ်ဖို့ ဆိုတာပဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်ကို ကေအိုင်အိုက အုပ်ချုပ်ပြီး ကရင်ပြည်နယ်ကို ကေအင်န်ယူက အုပ်ချုပ်ဖို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ ဒီအချက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တချို့ သဘောကွဲလွဲကောင်း ကွဲလွဲနိုင်ပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် လက်ရှိ ပြည်တွင်းစစ် ပဋိပက္ခမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရဟာ တပ်မတော်ဘက်က ရပ်တည်နေတာမျိုး မဟုတ်ဘဲ တချို့နေရာတွေမှာ တပ်မတော်နဲ့ သဘောထားတူညီပြီး တချို့နေရာတွေမှာ သဘောထား ကွဲလွဲပါတယ်။

အလားတူ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ပတ်သက်ရင်လည်း တချို့နေရာတွေမှာ သဘောထား တူညီပြီး တချို့နေရာတွေမှာ သဘောထား ကွဲလွဲနေခြင်းသာ ဖြစ်ပါကြောင်း၊ တစ်ဖက်ဖက်ကို ဘက်လိုက် ရပ်တည်ခြင်းမျိုး မရှိပါကြောင်း တင်ပြလိုက်ရပါတယ်။

Share on facebook
Share on twitter
Share on email

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar